အစ္စရေးနဲ့ အာရပ်နိုင်ငံတွေ ဘာ့ကြောင့် မိတ်ဆွေဖွဲ့လာကြတာလဲ (မြန်မာစာတမ်းထိုး) Video Source – Aljazeera
Tag: SaudiArabia
-
ဘာရိန်းညီလာခံတွင် ဆော်ဒီက အစ္စရေးကို ပြင်းပြင်းထန်ထန်ဝေဖန်
ဒီဇင်ဘာ ၇၊ ၂၀၂၀
M-Mediaအစ္စရေးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် ဆော်ဒီမင်းသား တာကီ ဘင် ဖိုင်ဆယ် -ဘာရိန်းနိုင်ငံမှာ အွန်လိုင်းကနေတစ်ဆင့် မနေ့က ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဆော်ဒီဘုရင့်မိသားစုက ဩဇာရှိတဲ့ မင်းသားတစ်ပါးဟာ အစ္စရေးကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပါတယ်။
Manama Dialogue လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကနာဇီ တက်ရောက်ခဲ့တာပါ။
ဆော်ဒီမင်းသား တာကီ ဘင် ဖိုင်ဆယ်က အဖွင့်မိန့်ခွန်းမှာပဲ အစ္စရေးကို တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။
အစ္စရေးဟာ “ငြိမ်းချမ်ရေးကို လိုလားပြီး ကိုယ့်ကျင့်သိက္ခာပြည့်၀တဲ့ နိုင်ငံတစ်ခုအဖြစ်” ကျွေးကြော်ကာ ဟန်ဆောင်နေပြီး၊ အခြားတစ်ဖက်မှာတော့ ‘အနောက်နိုင်ငံတွေအားကိုးတဲ့ ကိုလိုနီနိုင်ငံလက်အောက်မှာ ပါလက်စတိုင်းတွေရဲ့ လက်တွေ့ဘ၀တွေ’ ဟာ နစ်မွန်းသထက် နစ်မွန်းလာကြောင်း မင်းသားက ပြောကြားခဲ့ပါတယ်။
“လုံခြုံရေးဆိုတဲ့ လုပ်ဇာတ်အောက်မှာ အစ္စရေးဟာ ပါလက်စတိုင်းတွေကို အကျဉ်းစခန်းတွေထဲ ပိတ်လှောင်ထားတယ်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ တရားမျှတမှုရဲ့ မျက်နှာသာပေးခြင်း မခံရဘဲ ဘ၀တွေ ဆုံးပါးနေကြပါတယ်။ စိတ်ထင်တိုင်း ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေကို သူတို့ ဖျက်ဆီးတယ်။ သတ်ချင်တဲ့သူကိုလည်း သတ်ပါတယ်”
နျူလက်နက်ပိုင်ဆိုင်ထားမှုကို လူသိရှင်ကြား အစ္စရေးက ထုတ်မပြောတာကိုလည်း မင်းသား တာကီက ဝေဖန်ခဲ့ပါတယ်။ ဒါအပြင် အစ္စရေးအစိုးရဟာ ‘အခြားနိုင်ငံတွေက သူတို့ရဲ့ နိုင်ငံရေးလက်ပါးစေတွေ၊ မီဒီယာတွေကို အသုံးပြုပြီး ဆော်ဒီအာရေဗျကို မကောင်းဆိုးဝါးသဏ္ဍာန် ပုံဖော်နေတယ်’ လို့လည်း မင်းသားက ဆိုပါတယ်။
’မိမိတို့တည်ရှိမှုကို အမြစ်ဖြုတ်ချင်တဲ့ သွေးဆာနေတဲ့ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို အမြဲမပြတ်ခံနေရတဲ့ နိုင်ငံငယ်လေးအဖြစ်’ အစ္စရေးက သူတို့ကိုယ်သူတို့ ပုံဖော်မှုကိုလည်း ဆော်ဒီမင်းသားက ရှုတ်ချခဲ့ပါတယ်။
“ဒီလိုမျိုးပြောပြီး ဆော်ဒီအာရေဗျနဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့ ဆိုသေးတယ်”
ယူအေအီး၊ ဘာရိန်းတို့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အစ္စရေးနဲ့ ဆက်ဆံရေး ထူထောင်ပြီးတဲ့နောက်ပိုင်း ဆော်ဒီကလည်း ဒီလမ်းကြောင်းကို လိုက်မယ်လို့ သတင်းတွေ ထွက်နေတာပါ။
ဒါပေမယ့် ပါလက်စတိုင်းနိုင်ငံ မပေါ်မချင်း အစ္စရေးနဲ့ အဆက်အသွယ်လုပ်မှာမဟုတ်ဘူးလို့ ဆော်ဒီအာဏာပိုင်တွေက ပြောကြားထားပြီး မနေ့က ဘာရိန်းဆွေးနွေးပွဲမှာလည်း မင်းသား တာကီက ဒီရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
၁၉၆၇ ခုနှစ် အစ္စရေးက ပါလက်စတိုင်းဒေသတွေကို ထပ်မံကျူးကျော်မသိမ်းပိုက်ခင်မှာ ရှိခဲ့တဲ့ နယ်စပ်စည်းအတိုင်း ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှ အစ္စရေးနိုင်ငံနဲ့ အဆက်အသွယ်လုပ်မယ်ဆိုတဲ့ ၂၀၀၂ ခုနှစ် အာရပ်ငြိမ်ချမ်းရေး အဆိုပြုချက်ကို အကောင်အထည်ဖော်ဖို့ မင်းသား တာကီ ဘင် ဖိုက်ဆဲလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“အနာကို ပျောက်အောင်မကုဘဲ အကိုက်အခဲပျောက်ဆေ းပေးနေလို့ မရပါဘူး”
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကနာဇီက မင်းသား တာကီရဲ့ မှတ်ချက်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဒီမှတ်ချက်ကြည့်ရင် လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို ဆော်ဒီက သတိမပြုမိဘူးလို့ ယုံကြည်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်တာ မိမိတို့ကြောင့် မဟုတ်ဘဲ ပါလက်စတိုင်းတွေကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အစ္စရေးအစိုးရရဲ့ ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မင်းသား တာကီ ဘင် ဖိုက်ဆဲလ်ဟာ ဆော်ဒီထောက်လှမ်းရေးအဖွဲ့ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ကိုင်တွယ်ခဲ့ပြီး၊ အမေရိကန်နဲ့ ယူကေဆိုင်ရာ ဆော်ဒီသံအမတ်ဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိ ဆော်ဒီအစိုးရမှာ ရာထူးမယူထားပေမယ့် သူ့ရဲ့ ရပ်တည်ချက်ဟာ ဘုရင်ဆလ်မန်ရဲ့ ရပ်တည်ချက်နဲ့ ထပ်တူကျတယ်လို့ မှတ်ယူခံရပါတယ်။
အီရန်ရဲ့ ရန်ကြောင့် ဆော်ဒီဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစ္စရေးနဲ့ လျှို့ဝှက် ဆက်ဆံနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဆော်ဒီအာရေဗျကို သွားရောက်ကာ ဆော်ဒီတာဝန်ရှိသူတွေနဲ့ လျှို့ဝှက် ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တယ်လို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Ref: Aljazeera
-
အိန္ဒိစစ်တပ်အကြီးအကဲ ဆော်ဒီအာရေဗျသို့ သမိုင်းဝင်ခရီး သွားမည်
ဒီဇင်ဘာ ၆၊ ၂၀၂၀
M-Mediaအိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် မာနွဂျ် မူကွန်ဒ် နာရာဗာနီ -အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ် မာနွဂျ် မူကွန်ဒ် နာရာဗာနီဟာ ဒီကနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်သွားရှိနေပြီး ဒါဟာ အိန္ဒိယ စစ်တပ်အကြီးအကဲတစ်ဦးရဲ့ ပထမဆုံး သမိုင်းဝင် ခရီးစဉ် ဖြစ်ပါတယ်။
ရန်ဘက် ပါကစ္စတန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျတို့အကြား ဆက်ဆံရေး အနိမ့်ဆုံးအဆင့် ရောက်နေတဲ့အချိန်မှာ ဒီခရီးစဉ် ပေါ်ပေါက်လာတာပါ။
၄ ရက်တာကြာမြင့်မယ့် ဗိုလ်ချုပ် နာရာဗာနီရဲ့ ခရီးစဉ်မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီစစ်တပ်အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ရှိသလို၊ ဆော်ဒီအမျိုးသား ကာကွယ်ရေးကောလိပ်မှာ မိန့်ခွန်းပြောကြားမှာပါ။
အိန္ဒိယဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ဆော်ဒီကို ဝေဖန်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းခဲ့မှုကို ပယ်ဖျက်ရေး တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဆော်ဒီဦးဆောင်တဲ့ OIC အဖွဲ့က ထုတ်ပြန်ခဲ့လို့ ဖြစ်ပါတယ်။
G20 အဖွဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခြင်းအထိမ်းအမှတ်အနေနဲ့ ထုတ်တဲ့ ငွေစက္ကူမှာ ကက်ရှ်မီးယားကို လွတ်လပ်တဲ့ ဒေသတစ်ခုအဖြစ် ဆော်ဒီက ဖော်ပြထားမှုအတွက်လည်း အိန္ဒိယက ပြီးခဲ့တဲ့လမှာ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။
ဆော်ဒီ၊ ယူအေအီးနဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တိုးတက်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ် အောက်တိုဘာလက ဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ ဆော်ဒီခရီးစဉ်အတွင်း ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သလို၊ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။
Ref: The Hindu, Middel East Eye
-
အီရန်သိပ္ပံပညာရှင် လုပ်ကြံခံရခြင်းက မွတ်စလင်ကမ္ဘာအတွက် ဆုံးရှုံးမှုဟာ ဆော်ဒီပြော
ဒီဇင်ဘာ ၂၊ ၂၀၂၀
M-Media-အီရန်ရဲ့ ထိပ်တန်းနျူသိပ္ပံပညာရှင် မိုဆန် ဖက္ကရီဇာဒါ လုပ်ကြံခံရမှုဟာ မွတ်စလင်ကမ္ဘာအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ ကုလဆိုင်ရာ ဆော်ဒီသံအမတ် အဘ်ဒူလာ အလ်-မူအဲလီမီက ပြောကြားလိုက်ပါတယ်။
အီရန် ဒုံးကျည်စီမံကိန်းနဲ့ အရက်ဖက် နျူစီမံကိန်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ ဖက္ကရီဇာဒါဟာ သောကြာနေ့က မြို့တော်တီဟီရန်အနီးမှာ လုပ်ကြံခံလိုက်ရတာပါ။ အီရန်ကတော့ ဒါဟာ အစ္စရေးလက်ချက်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန်တာဝန်ရှိသူတစ်ချို့ကလည်း အစ္စရေးက လုပ်ကြံတာဖြစ်ကြောင်း ပြီးခဲ့တဲ့တစ်ပတ်က နယူးယောက်တိုင်းမ်စ်သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။
ရုရှားသတင်းဌာန RT နဲ့ အင်္ဂါနေ့က အင်တာဗျူးမှာ ကုလက ဆော်ဒီအမြဲတမ်းသံတမန် အလ်-မူအဲလီမီဟာ ဒီလုပ်ကြံမှုကို ရှုတ်ချခဲ့ပါတယ်။
“မွတ်စလင် သိပ္ပံပညာရှင်တစ်ယောက်ကို ဆုံးရှုံးတာဟာ မွတ်စလင်ကမ္ဘာအတွက် ဆုံးရှုံးမှုတစ်ခုပါ”
အီရန်အနေနဲ့ စိတ်ခံစားမှုကို ဦးစားပေးပြီး အလျင်စလို လက်တုန့်ပြန်မှုတွေ မလုပ်ဖို့လည်း အလ်-မူအဲလီမီက တိုက်တွန်းခဲ့ပါတယ်။
ဖက္ကရီဇာဒါ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယူအေအီး၊ ဘာရိန်းတို့အပါအဝင် ပင်လယ်ကွေ့နိုင်ငံအားလုံးက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်။ ဒီရှုတ်ချမှုထဲမှာ ဆော်ဒီအာရေဗျ မပါဝင်တဲ့အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ခဲ့ပြီးတဲ့နောက် အလ်-မူအဲလီမီရဲ့ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref: Alaraby
-
ကာတာ-ဆော်ဒီ အကြပ်အတည်းအတွက် အမေရိကန်က ကြားဝင်ရှင်းပေးမည်
နိုဝင်ဘာ ၃၀၊ ၂၀၂၀
M-Media-ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ နိုင်ငံတွေနဲ့ ကာတာနိုင်ငံတို့အကြား ဖြစ်ပေါ်နေတဲ့ သံတမန်အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေး ဂျရဒ် ကက်ရှ်နာနဲ့အဖွဲ့ဟာ အခုတစ်ပတ်အတွင်း အရှေ့အလယ်ပိုင်းကို သွားရောက်ဖို့ ရှိနေပါတယ်။
ကာတာဟာ ဒေသတွင်းက အကြမ်းဖက်တွေကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲကာ ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်းနဲ့ ယူအေအီးတို့က သံတမန်နဲ့ ကူးလူးဆက်ဆံမှု အားလုံးကို ၂၀၁၇ ခုနှစ်မှာ ဖြတ်တောက်ခဲ့ပြီး အချက် ၁၃ ချက်ကို တောင်းဆိုခဲ့ပါတယ်။
ကာတာကတော့ စွပ်စွဲချက်တွေကို ပယ်ချသလို၊ တောင်းဆိုချက်တွေကိုလည်း လက်မခံပါဘူး။ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ရဲ့ တိုက်တွန်းမှုနဲ့ ဒီပြဿနာကို အဖြေရှာဖို့ ကြိုးစားနေပြီး တိုးတက်မှုတွေ ရရှိနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကာတာရော၊ ဆော်ဒီပါ ထုတ်ပြန်ခဲ့ပါတယ်။
အခု အိမ်ဖြူတော်အကြံပေးရဲ့ ခရီးစဉ်အတွင်း ဆော်ဒီက နီအွန်မြို့မှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၊ ကာတာအုပ်ချုပ်သူ ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီတို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အခြားတာဝန်ရှိသူတွေလည်း ပါဝင်မှာပါ။
ကက်ရှ်နာဟာ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့ အစ္စရေးတို့အကြား ပြီးခဲ့တဲ့လက ဆက်ဆံရေး တည်ဆောက်မှုမှာလည်း ကြားဝင်ဆွေးနွေးပေးခဲ့ပါတယ်။ အခု ဆွေးနွေးမှုမှာ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက် ဆော်ဒီကို နားချဖို့လည်း ရှိနေပါတယ်။
Ref: Aljazeera