News @ M-Media

Tag: SaudiArabia

  • ​ကာတာနှင့် ဆော်ဒီ ပြန်လည်သင့်မြတ်ပြီး အာရပ်ကမ္ဘာ စည်းလုံးမှုလမ်းကြောင်းပေါ် ရောက်လာ

    ​ကာတာနှင့် ဆော်ဒီ ပြန်လည်သင့်မြတ်ပြီး အာရပ်ကမ္ဘာ စည်းလုံးမှုလမ်းကြောင်းပေါ် ရောက်လာ

    ဇန်နဝါရီ ၅၊ ၂၀၂၁
    M-Media

    -ကာတာနိုင်ငံအ​ပေါ် ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ပင်ထားမှုကို ​​ဆော်ဒီအာရေဗျက ဒီကနေ့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။

    ​ကာတာဟာ အီရန်နဲ့ အဆက်အသွယ်ရှိပြီး ဒေသတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က သံတမန်အဆက်အသွယ် ဖြတ်တောက်ကာ ​ကုန်း၊ ရေ၊ လေ လမ်းကြောင်းတွေကို ပိတ်ဆို့ခဲ့တာပါ။

    ဒီအကြပ်အတည်း ပြေလည်ဖို့ ဆော်ဒီနဲ့ ကာတာတို့ဟာ ပြီးခဲ့တဲ့လတွေအတွင်း ပိုမိုကြိုးစားလာခဲ့ကြပြီး ကူဝိတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အခုလို ပြေလည်မှုလမ်းကြောင်းပေါ် ရောက်လာတာ ဖြစ်ပါတယ်။

    ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး အဟ်မဒ် နဆာရ် အလ်-ဆာဘာက ကူဝိတ်အုပ်စိုးသူ ရှိခ်နာ၀ပ်ဖ်ရဲ့ စေ့စပ်ပေးမှုကြောင့် ဆော်ဒီနဲ့ ကူဝိတ်တို့ဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေ အပြန်အလှန် ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီနေ့မှာတော့ အီဂျစ်နိုင်ငံကလည်း ကတာအတွက် ​လေပိုင်နက်ကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။

    ဒါဟာ ကာတာနဲ့ ဆော်ဒီဦးဆောင်တဲ့ ၄ နိုင်ငံအကြား သံတမန်အကြပ်အတည်း ပြေလည်ဖို့ လမ်းစဖြစ်ပြီး ဒီကနေ့ ဆော်ဒီမှာ စတင်မယ့် ပင်လယ်ကွေ့နိုင်ငံများအဖွဲ့ (GCC) ထိပ်သီးအစည်းအဝေးမှာ သ​ဘောတူညီချက်တွေ လက်မှတ်ရေးထိုးသွားဖို့ ရှိနေပါတယ်။

    ကာတာနိုင်ငံက အုပ်စိုးသူ ရှိခ် သာမင် ဘင် ဟာမဒ် အလ်သာနီဟာ GCC ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က GCC ထိပ်သီးအစည်းအဝေးဟာ ပိုမိုပြည့်စုံတဲ့အစည်းအဝေး ဖြစ်လာမှာဖြစ်ပြီး ဒေသတွင်း စိန်ခေါ်မှုတွေကို တွန်းလှန်နိုင်မယ့် စည်းလုံးညီညွတ်မှုမျိုး ရရှိစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းအကြံပေး ဂျရဒ် ကက်ရှ်နာလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းအတွက် ဆော်ဒီအာရေဗျနှင့် အဇာဘိုင်ဂျန်တို့ ပူးပေါင်း

    ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းအတွက် ဆော်ဒီအာရေဗျနှင့် အဇာဘိုင်ဂျန်တို့ ပူးပေါင်း

    ဒီဇင်ဘာ ၃၀၊ ၂၀၂၀
    M-Media

    -မကြာသေးခင်က အာမေးနီးယားကို စစ်နိုင်ခဲ့တဲ့ အဇာဘိုင်ဂျန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ ကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိမယ့် ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေ ဖော်ဆောင်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

    စွမ်းအင်စီမံကိန်း ၃ ခု ပါဝင်တဲ့ ဒီသဘောတူညီချက်က နှစ်နိုင်ငံအကြား သမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။

    အဇာဘိုင်ဂျန်ရဲ့ ပထမဆုံး လေစွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းကို
    ဆော်ဒီ ထိပ်တန်း စွမ်းအင်ကုမ္ပဏီ ACWA Power က ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်း တည်ဆောက်ပေးမှာပါ။

    အွန်လိုင်းကနေပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ဆော်ဒီ စွမ်းအင်ဝန်ကြီး မင်းသား အဘ်ဒူလ် အဇစ် ဘင် ဆလ်မန်က မိမိတို့ နှစ်နိုင်ငံအကြားက သံတမန်နဲ့ စီးပွားရေး ဆက်ဆံမှု ပိုမိုအားကောင်းတာကို ဒီသဘောတူညီချက်က ပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လေအားလျှပ်စစ် စီမံကိန်းကို အဇာဘိုင်ဂျန်က အဘ်ရှီရွန် ကျွန်းဆွယ်နဲ့ ခီဇီပြည်နယ်တွေမှာ ဖော်ဆောင်မှာပါ။ နှစ်စဉ် ဓာတ်အား ၁ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်မှာဖြစ်ပြီး စီမံကိန်းကြောင့် တစ်နှစ်ကို သဘာ၀ဓာတ်ငွေ့ ၂၂၀ ကျုဘစ်မီတာ ချွေတာနိုင်ပြီး ကာဘွန်ထုတ်လွှတ်မှု တန် ၄၀၀ လောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    “ACWA ကုမ္ပဏီလိုပဲ ဆော်ဒီအာရေဗျက အခြားကုမ္ပဏီတွေလည်း အဇာဘိုင်ဂျန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ အဇာဘိုင်ဂျန် စွမ်းအင်ဝန်ကြီး ပါရ်ဗစ်ဇ် ရှာဘာဇော့ဗ်က ပြောကြားခဲ့ပါတယ်။

    ACWA Powerဟာ ဆော်ဒီအစိုးရ တစ်ဝက်ပိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းနဲ့ ရေဆိုးသန့်စင်ရေးမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီလည်း ဖြစ်ပါတယ်။

    Ref: Arab News

  • ဆော်ဒီမှဗလီတစ်လုံး ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆု ရရှိ

    ဆော်ဒီမှဗလီတစ်လုံး ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆု ရရှိ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    -ဆော်ဒီအာရဗျနိုင်ငံ ရီယာ့ဒ်မြို့ ကင်းအဘ်ဒူလာဘဏ္ဍာရေးရပ်ကွက်မှာရှိတဲ့ ဂျာမေဗလီ KAFD Grand Mosque ဟာ ၂၀၂၀ ခုနှစ်အတွက် ဗိသုကာလက်ရာမြောက် ဘာသာရေးအဆောက်အဦးဆုကို ရရှိသွားပါတယ်။

    အမေရိကန်ပြည်ထောင်စု ချီကာဂိုအခြေစိုက်Athenaeum ဗိသုကာပြတိုက်က ဒီဆုကို ရွေးချယ် ချီးမြှင့်တာပါ။ ကမ္ဘာတစ်ဝှမ်းက ဗိသုကာလက်ရာမြောက် အဆောက်အဦးတွေကို ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုဟာ ဗိသုကာနယ်ပယ်မှာ ဂုဏ်သိက္ခာရှိတဲ့ ဆုလည်း ဖြစ်ပါတယ်။

    ကန္တာရနှင်းဆီသဏ္ဍာန် အဆောက်အဦးကို အလယ်ထောက်တိုင် လုံး၀မပါဘဲ တည်ဆောက်ထားတဲ့ အင်ဂျင်နီယာဆိုင်ရာ တီထွင်ဆန်းသစ်မှုကြောင့် ဒီလိုချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

    ကမ္ဘာတစ်ဝှမ်းက အင်ဂျင်နီယာနဲ့ ဗိသုကာလက်ရာမှာ ထူးခြားဆန်းသစ်တဲ့ ခေတ်ပေါ်အဆောက်အဦးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီကာဂိုက ဗိသုကာအဖွဲ့ Athenaeum of Architecture နဲ့ ဥရောပ ဗိသုကာနဲ့ အနုပညာဆိုင်ရာအဖွဲ့ Center for Architecture Art Design တို့ ပူးပေါင်းကာ ၂၀၀၄ ခုနှစ်ကစပြီး ဒီဆုကို ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

    KAFD Grand Mosque ဗလီကို ဆော်ဒီဗီသုကာကုမ္ပဏီ Omrania and Associates က တည်ဆောက်ပြီး ၂၀၁၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂ ထပ်အဆောက်အဦးအဖြစ်ကာ တစ်ကြိမ်တည်း လူ ၁၅၀၀ လောက် ဝတ်ပြုနိုင်ပါတယ်။

    ဒီဗလီဟာ ခေတ်သစ်အစ္စလာမ်ဗိသုကာလက်ရာ ထိပ်တန်းအဆောက်အဦး ၁၀ ခုစာရင်းမှာ ပါဝင်ပြီး ကမ္ဘာ့ဗိသုကာလက်ရာဆိုင်ရာ ဆုအချို့မှာလည်း အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။

    Ref: Saudi Gazette

  • ဆော်ဒီအာရေဗျက ခရစ္စမတ်ပွဲတော် (မြန်မာစာတမ်းထိုး)

    ဆော်ဒီအာရေဗျက ခရစ္စမတ်ပွဲတော် (မြန်မာစာတမ်းထိုး)

    ဒီဇင်ဘာ ၂၅၊ ၂၀၂၀

    M-Media

    -ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့နိုင်ဖို့ ပြီးခဲ့တဲ့နှစ်အနည်းက စတင်ကြိုးစားလာတဲ့ ဆော်ဒီအာရေဗျမှာ ခရစ္စမတ်ပွဲတော်ကို လူသိရှင်ကြား ကျင်းပနိုင်ပြီဖြစ်ပါတယ်။ အနောက်တိုင်း ဓလေ့ထုံးတမ်းတွေဟာ အစ္စလာမ့်သွန်သင်မှုနဲ့ ဆန့်ကျင်တယ်လို့ ယူဆကာ နိုင်ငံရပ်ခြားပွဲတော်တွေကို မိမိတို့ နေအိမ်အတွင်းမှာပဲ ကျင်းပဖို့ အရင်က ဆော်ဒီအာဏာပိုင်တွေ အမိန့်ထုတ်ထားတာပါ။ အခုတော့ ဒီအခြေအနေက ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ Video Source – Gravitas M-Media မှ ဘာသာပြန်ဆို စာတမ်းထိုး တင်ဆက်ပါသည်။

  • မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ကြီးကြပ်ရေးအဖွဲ့တွင် အမျိုးသမီးဝန်ထမ်း တစ်ထောင်ကျော် ထပ်မံခန့်အပ်

    မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ကြီးကြပ်ရေးအဖွဲ့တွင် အမျိုးသမီးဝန်ထမ်း တစ်ထောင်ကျော် ထပ်မံခန့်အပ်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    -ဘုရားဖူးလာကြတဲ့ အမျိုးသမီးတွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးဖို့အတွက် မက္ကာမြို့က မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှာ အမျိုးသမီးဝန်ထမ်း နောက်ထပ် ၁၅၀၀ ကို ဆော်ဒီအစိုးရက ခန့်အပ်လိုက်ပါတယ်။

    လက်ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီမှာ အမျိုးသမီးဝန်ထမ်း ၆၀၀ လောက်ရှိပြီး စီမံခန့်ခွဲမှုအပိုင်းနဲ့ ဝန်ဆောင်မှုပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတာပါ။

    အခု ထပ်မံခန့်အပ်လိုက်တဲ့ အမျိုးသမီးဝန်ထမ်းတွေဟာ နည်းပညာဌာန၊ ဇမ်ဇမ်ရေ စီမံခန့်ခွဲရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ မီဒီယာနဲ့ ဆက်သွယ်ရေးဌာန၊ လမ်းညွှန်ဌာနနဲ့ စာရင်းစစ်ဌာနတို့မှာ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။

    ဒီဆောင်ရွက်ချက်ဟာ မြင့်မြတ်ရာဝတ်ကျောင်းတော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးစီမံကိန်း (၂၀၂၄) အရ ဆောင်ရွက်တာဖြစ်တယ်လို့ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယ ဥက္ကဌ ဒေါက်တာ အလ်-အာနွဒ် ဘင်သီ ခါလဒ် အလ်-အာဘွဒ်က ပြောကြားခဲ့ပါတယ်။

    ဆော်ဒီရဲ့ ၂၀၃၀ စီမံကိန်းမှာလည်း နိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးနဲ့ ဘုရားဖူးလာရောက်ကြတဲ့ အမျိုးသမီးတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ပါဝင်တယ်လို့ သူမက ဆိုပါတယ်။

    Ref: Arab News