News @ M-Media

Tag: SaudiArabia

  • နိုင်ငံအတွင်း ရှိနေသူအားလုံးကို ဆော်ဒီက ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်

    နိုင်ငံအတွင်း ရှိနေသူအားလုံးကို ဆော်ဒီက ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်

    နိုဝင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်း နေထိုင်သူအားလုံးအတွက် ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ ထိုးပေးသွားမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာလိုက်ပါတယ်။

    “ဆော်ဒီအာရေဗျမှာ နေထိုင်သူအားလုံး Covid-19 ကာကွယ်ဆေးကို အခမဲ့ ရရှိမှာပါ။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်အတွက် လိုအပ်တဲ့ကာကွယ်ဆေး ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အဘ်ဒူလာ အလ်-အဆီရီက ပြောပါတယ်။

    ဆော်ဒီဟာ အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးရတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံတွေထဲမှာ ပါဝင်မယ်လို့ ဆော်ဒီ လူသားချင်းစာနာထောက်ထားမှုနဲ့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူ အဘ်ဒူလာ အလ် ရာဘီယာက ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း စျေးသက်သာတဲ့ ကိုဗစ်ကာကွယ်ဆေး တစ်ပြေးညီရရှိရေးအတွက် COVAX ဆိုတဲ့ စီမံကိန်းတစ်ခုကို ကမ္ဘာ့နိုင်ငံတွေက ပူးပေါင်းလုပ်ဆောင်နေပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေထဲမှာ ဆော်ဒီဟာ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်း ကူးစက်သူ ၃ သိန်း ၅ သောင်းကျော် သေဆုံးသူ ၅၈၁၁ ဦး ရှိနေပါတယ်။

    Ref: Saudigazette

  • အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဆော်ဒီသို့ လျှို့ဝှက်သွားရောက်ခဲ့

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဆော်ဒီသို့ လျှို့ဝှက်သွားရောက်ခဲ့

    နိုဝင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုဟာ မနေ့က ဆော်ဒီအာရေဗျကို တိတ်တဆိတ် သွားရောက်ခဲ့ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၊ ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။

    အစ္စရေးအစိုးရအဖွဲ့ရဲ့ ပညာရေးဝန်ကြီးက ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒါဟာ အံ့ဩလောက်ဖွယ် အောင်မြင်မှုတစ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့ ပုံမှန်ဆက်ဆံမှုတည်ဆောက်ရေး အမေရိကန်က ကြိုးပမ်းအားထုတ်နေစဉ်မှာ ဆော်ဒီနဲ့ အစ္စရေးအစိုးရတို့က ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ ပထမဆုံးအကြိမ် သတင်းထွက်လာတာပါ။

    အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်ရဲ့ အကြီးအကဲ ယိုဆီကိုဟင်လည်း ​ဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ရေဒီယိုက ဖော်ပြပါတယ်။

    တွေ့ဆုံဆွေးနွေးပွဲဟာ ပင်လယ်နီနားက ကမ်းရိုးတမ်းမြို့ နီအွမ်မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးမီဒီယာတွေက နေတန်ယာဟု ပြည်ပခရီးစဉ်တွေမှာ ပုံမှန်အသုံးပြုလေ့ရှိတဲ့ ပုဂ္ဂလိက ဂျက်လေယာဉ် ပျံသန်းမှုအချက်အလက်တွေကို ကိုးကားပြီး ဒီလိုဖော်ပြတာ ဖြစ်ပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်ရုံးနဲ့ အမေရိကန်သံရုံးတို့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ယူ​အေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့ဟာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးတည်ဆောက်ခဲ့ပါတယ်။ အမေရိကန်က အာရပ်နဲ့ မွတ်စလင်ကမ္ဘာက အခြားနိုင်ငံတွေလည်း ဒီလမ်းစဉ်ကို လိုက်ဖို့ မျှော်လင့်တယ်လို့ ပြောကြားထားပါတယ်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်က အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာကို အရင်ကတည်းက ထောက်ခံအားပေးပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးရဖို့က ပထမဦးစားပေးဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ဂိတ်ပေါက်၀ကို ကားဖြင့်ဝင်တိုက်မှုဖြစ်

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ ဂိတ်ပေါက်၀ကို ကားဖြင့်ဝင်တိုက်မှုဖြစ်

    အောက်တိုဘာ ၃၁၊ ၂၀၂၀
    M-Media

    ကားဖြင့်ဝင်တိုက်မှု မြင်ကွင်း

    -မက္ကာမြို့က မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို ကားနဲ့ ဝင်တိုက်မှု မနေ့က ဖြစ်ပွားခဲ့ပြီး ဆောဒီအာဏာပိုင်တွေက ကျူးလွန်သူကို ဖမ်းဆီးထားပါတယ်။

    ညပိုင်း ၁၀ နာရီ ခွဲလောက်က အမျိုးသားတစ်ဦးဟာ ကားကို အရှိန်နဲ့မောင်းလာပြီး ဗလီဝတ်ကျောင်းတော်ရဲ့ တောင်ဘက်ဂိတ်ပေါက်ကို ဝင်တိုက်ခဲ့တာပါ။ ဒီအဖြစ်အပျက်အတွင်း ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။

    ကျူးလွန်သူဟာ ဆော်ဒီနိုင်ငံသားဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးမှာ ရှိနေတယ်လို့ မက္ကာအစိုးရ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ဆောင်တာလည်းဆိုတာကိုတော့ ထုတ်ဖော်​ေပြာဆိုခြင်းမရှိပါဘူး။

    အစ္စလာမ်ဘာသာမှာ အမြင့်မြတ်ဆုံးဗလီဝတ်ကျောင်းတော်တွေအဖြစ် သတ်မှတ်ထားတဲ့ မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီ၀တ်ကျောင်းတော်နဲ့ မဒီနာမြို့က မတ်စ်ဂျစ်ဒ်နဗဝီ ဗလီဝတ်ကျောင်းတော်တို့ဟာ အရင်က အစွန်းရောက်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ကြုံရဖူးပါတယ်။

    ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ အစွန်းရောက်တွေက မတ်စ်ဂျစ်ဒ်ဟရမ်ဗလီကို ဗုံးခွဲဖို့ကြိုးစားမှုကို ဆော်ဒီလုံခြုံရေးတပ်ဖွဲ့တွေက ကြိုတင်ဟန့်တားခဲ့ရပါတယ်။ မက္ကာမြို့က ဒီစစ်ဆင်ရေးအတွင်း အသေခံဗုံးခွဲသမားက ဗုံးဖောက်လိုက်တာကြောင့် အဆောက်အဦးတစ်ခု ပျက်ဆီးကာ အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်ကလည်း မတ်စ်ဂျစ်ဒ်နဗဝီဗလီရဲ့ ဂိတ်ပေါက်မှာ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို IS အကြမ်းဖက်အဖွဲ့က ပြုလုပ်တာဖြစ်ပါတယ်။

    Ref: Arab News

  • ဆူဒန်က အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်ရန် ဆော်ဒီ၊ ယူအေအီးတို့ ဒေါ်လာသန်းချီသုံးခဲ့

    ဆူဒန်က အစ္စရေးနှင့် ဆက်ဆံရေးတည်ဆောက်ရန် ဆော်ဒီ၊ ယူအေအီးတို့ ဒေါ်လာသန်းချီသုံးခဲ့

    အောက်တိုဘာ ၂၉၊ ၂၀၂၀
    M-Media

    -ဆူဒန်နဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့အတွက် ဆော်ဒီက အမေရိကန်ကို ဒေါ်လာသန်းရာချီ ပေးခဲ့ပြီး ယူအေအီးကလည်း ဆူဒန်ကို ထောက်ပံ့မှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့အတွက် ဆူဒန်ဟာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါ့ကြောင့် အာရပ်နဲ့ မွတ်စလင်ကမ္ဘာက အခုနှစ်အတွင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ နိုင်ငံအရေအတွက်ဟာ ယူအေအီးနဲ့ ဘာရိန်းတို့အပါအဝင် ၃ နိုင်ငံ ဖြစ်လာတာပါ။

    ဒီလိုသဘောတူညီချက်တွေရရှိအောင် အမေရိကန်က ကြားဝင်စေ့စပ်ပေးတာ ဖြစ်ပါတယ်။ ဆူဒန်ဟာ အကြမ်းဖက်အားပေးတဲ့နိုင်ငံတစ်ခုအဖြစ် အမေရိကန်ရဲ့ အကြမ်းဖက်စာရင်းမှာ ပါဝင်နေတာပါ။ ဒီစာရင်းကနေ ဖယ်ရှားဖို့အတွက် ကန်ဒေါ်လာ ၃၃၅ သန်း အမေရိကန်က တောင်းခံခဲ့ပြီး ဒါကို ဆော်ဒီက ပေးချေခဲ့ပါတယ်။

    ဆူဒန်က ဒီငွေတွေပေးကြောင်း ​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter စာမျက်နှာမှာ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ် အရှေ့အာဖရိကမှာ အမေရိကန်သံရုံး ဗုံးခွဲခံရမှု၊ ၂၀၀၀ ခုနှစ် ယီမင်ကမ်းလွန်မှာ ဒုံးခွင်းသင်္ဘော USS Cole တိုက်ခိုက်ခံရမှုမှာ ထိခိုက်ခံစားရသူတွေအတွက် လျော်ကြေးရတာဖြစ်ပြီး အမေရိကန်ပြည်သူတွေအတွက် တရားမျှတမှုကို ရလိုက်တာဖြစ်သလို၊ ဆူဒန်အတွက် ကြီးမားတဲ့ ခြေလျမ်းတစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    အစ္စရေးနဲ့ သဘောတူညီချက် ရပြီးပြီးချင်းမှာပဲ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)က ဆူဒန်ကို ကန်ဒေါ်လာ ၅၅၆ သန်းကျော် ထောက်ပံ့ခဲ့ပြီး ဆူ​ဒန်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး ၁.၅ ၁.၆ ဘီလီယံ အကူအညီထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူအေအီး၊ ဘာရိန်းတို့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မှုဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ပါလက်စတိုင်းခေါင်းဆောင်တွေက ပြောခဲ့သလို၊ ဆူဒန်ရဲ့ဆောင်ရွက်မှုကလည်း နိုင်ငံရေးပြစ်မှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    Ref: Press TV, Middle East Monitor, Alarabiya

  • မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် နေ့စဉ်ဝတ်ပြုမှုကို ​ပြန်လည်ခွင့်ပြု

    မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် နေ့စဉ်ဝတ်ပြုမှုကို ​ပြန်လည်ခွင့်ပြု

    အောက်တိုဘာ ၁၉၊ ၂၀၂၀
    M-Media

    -အစ္စလာမ်သာသနာမှာ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် သတ်မှတ်ထားတဲ့ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီမှာ နေ့စဉ် ဝတ်ပြုခွင့်ကို ဆော်ဒီအာရေဗျ အစိုးရက ပြန့်ဖွင့်ပေးလိုက်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် မတ်စ်ဂျစ်ဒ်ဟရမ်မှာ နေ့စဉ်ဝတ်ပြုမှုတွေကို လွန်ခဲ့တဲ့ ၇ လလောက်ကတည်းက ပိတ်ထားခဲ့တာပါ။ ဆော်ဒီနိုင်ငံသားတွေ၊ နိုင်ငံအတွင်းနေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ မနေ့ကစတင်ကာ နေ့စဉ် ၅ ကြိမ် လာ​ရောက်ဝတ်ပြုခွင့် ပြန်ရခဲ့ပြီး ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကို၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

    ​လက်ရှိအချိန်ကနေ ကပ်ရောဂါပြီးသွားတဲ့အထိ တစ်နေ့ကို လူ ၂ သောင်း အွမ္မရာဟ်ပြုခွင့်ပေးဖို့ ဆော်ဒီက စီစဉ်ခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့က ဒီပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို စတင်ခွင့်ပြုခဲ့ပါတယ်။ မနေ့မှာ ၇၅ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာတော့ နိုင်ငံခြားသားတွေအပါအဝင် ၁၀၀ ရာခိုင်နှုန်းအထိ ခွင့်ပြုမှာ ဖြစ်ပါတယ်။

    ဆော်ဒီဟာ ဇူလိုင်လကလည်း ဟဂျ်ဘုရားဖူးခရီးစဉ်ကို လူ ၁ သောင်းနဲ့ အကျဉ်းရုံးကျင်းပခဲ့ပြီး နည်းပညာကို အောင်မြင်စွာအသုံးချနိုင်တာကြောင့် ကိုဗစ်ကူးစက်မှု မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera