News @ M-Media

Tag: SaudiArabia

  • နည်းပညာအားသာချက်ကြောင့် ယခုနှစ် ကိုဗစ်ဟဂျ် အောင်မြင်ခဲ့သည်ဟု ဆော်ဒီပြော

    နည်းပညာအားသာချက်ကြောင့် ယခုနှစ် ကိုဗစ်ဟဂျ် အောင်မြင်ခဲ့သည်ဟု ဆော်ဒီပြော

    အောက်တိုဘာ ၁၇၊ ၂၀၂၀
    M-Media

    ယခုနှစ် ဟဂျ်မြင်ကွင်း

    -အခုနှစ် ဟဂျ်ဘုရားဖူးကာလမှာ ကိုဗစ်ကူးစက်မှု လုံး၀မရှိအောင် ဆောင်ရွက်နိုင်ခဲ့တာဟာ နည်းပညာကို အကောင်းဆုံး အသုံးချနိုင်မှုကြောင့် ဖြစ်တယ်လို့ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာဟ်ရေးရာ ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

    နှစ်စဉ် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီလာရောက်ကြတဲ့ ဟဂျ်ဘုရားဖူးအစီအစဉ်ကို ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် လူ ၁ သောင်းသာ ခွင့်ပြုခဲ့ပါတယ်။ ဟဂျ်ပြုမယ့်သူတွေကို ကျန်းမာရေးဆိုင်ရာ ကြိုတင်စစ်ဆေးမှုတွေ အသေးစိတ်လုပ်ခဲ့သလို ဟဂျ်ဘုရားဖူးကာလအတွင်း ကိုဗစ်ကန့်သတ်ချက်တွေကို ချွင်းချက်မရှိ လိုက်နာနိုင်အောင်လည်း ဆော်ဒီအစိုးရက စီစဉ်ပေးခဲ့ပါတယ်။

    ဘုရားဖူးတွေကို စောင့်ကြည့်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုခဲ့ပါတယ်။

    ဟဂျ်နှင့် အွမ္မရာရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မိုဟာမက် ဆာလေ ဘင် တာဟာရ် ဘန်တန်က မိမိတို့ဟာ နှစ်စဉ်နှစ်တိုင်း ဟဂျ်ဘုရားဖူးကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး အခုနှစ် ဟဂျ်ကာလဟာ မကြုံစူး စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တစ်ကမ္ဘာလုံးက ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်နေတဲ့ ဒီနှစ်ဟဂျ်ကာလဟာ နည်းနည်း ထူးခြားပါတယ်။ ၂၀၂၀ ဟဂျ်ဘုရားဖူကာလမှာ ဆော်ဒီအစိုးရဟာ မကြုံစဖူး စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဘုရားသခင် အလိုတော်နဲ့ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါတယ်”

    ကိုဗစ်ကန့်သတ်ချက်တွေနဲ့ ကိုက်ညီဖို့အတွက် မြင့်မြတ်ရာဗလီနှစ်လုံး၊ ဟဂျ်နဲ့သက်ဆိုင်တဲ့ အခြေခံအဆောက်အဦးတွေကို အဆင့်မြှင့်တင်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အွမ္မရာဟ် ဘုရားဖူးခရီးစဉ်ကို မတ်လကတည်းက ပိတ်ထားရာကနေ ပြီးခဲ့တဲ့လမှာ ဆော်ဒီက ကန့်သတ်ချက်နဲ့ ပြန်ဖွင့်ပေးခဲ့ပါတယ်။

    Ref: Arab News

  • ဆော်ဒီနှင့် ကာတာတို့အကြား တင်းမာမှုအတွက် အဖြေရှာတော့မည်

    ဆော်ဒီနှင့် ကာတာတို့အကြား တင်းမာမှုအတွက် အဖြေရှာတော့မည်

    အောက်တိုဘာ ၁၆၊ ၂၀၂၀
    M-Media

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး (ဝဲ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး (ယာ)

    -၃ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ကာတာနဲ့ တင်းမာမှုကို ဖြေရှင်းရေး နည်းလမ်းရှာ ဆောင်ရွက်သွားမယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန်က ပြောကြားလိုက်ပါတယ်။

    ကာတာဟာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးနေပြီး၊ မိမိတို့ရဲ့ ပြည်တွင်းရေးကို နှစ်ပေါင်းများစွာ ဝင်ရောက်စွက်ဖက်တယ်လို့ဆိုကာ ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့ဟာ ၂၀၁၇ ခုနှစ်မှာ ကာတာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး၊ ကုန်၊ ရေ၊ လေ ပိတ်ဆို့မှုတွေလည်း လုပ်ခဲ့ပါတယ်။

    ကာတာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။

    ဒီမကျေလည်မှုကို ဖြေရှင်းရေး အရင်က ကြိုးပမ်းမှုတွေ ရှိ​ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကာတာအပေါ် ပိတ်ဆို့မှုကို ပြန်ဖွင့်ပေးရေး အမေရိကန်ကလည်း ဆော်ဒီကို လက်ရှိမှာ တွန်းအားပေးနေပါတယ်။

    “အဖြေတစ်ခုရှာဖို့အတွက် ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကာတာက ညီနောင်တွေနဲ့ ဆက်လက်ဆွေးနွေးဖို့လည်း ကျွန်တော်တို့မှာ ဆန္ဒရှိပါတယ်။ ဒီအတွက် သူတို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” လို့ မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုနဲ့ တွေ့ဆုံပြီးတဲ့နောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖာရ်ဟန်က ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စကိုမှာ မိမိတို့ ၄ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို ဖြေရှင်းဖို့လိုအပ်ပြီး သိပ်မကြာခင်အချိန်အတွင်း အဖြေရမယ့် လမ်းကြောင်းတစ်ခု ရှိနေပြီလို့လည်း ဖာရ်ဟန်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဦးဆောင်တဲ့အဖွဲ့ရဲ့ အရင်ကတောင်းဆိုမှုတွေထဲမှာ ဒိုဟာအခြေစိုက် အလ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပေးရေး၊ ဒေသတွင်း အစ္စလာမ့်မစ်အဖွဲ့တွေနဲ့ ဆက်ဆံရေးထားရှိမှုကို ရပ်ဆိုင်းရေး၊ အီရန်နဲ့ပတ်သက်မှု ကန့်သတ်ရေး၊ ကာတာနိုင်ငံအတွင်း တူရကီတပ်ဖွဲ့တွေကို ဖယ်ရှားရေး စတာတွေ ပါဝင်ပါတယ်။

    ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက တင်းမာမှုလျော့ချရေး ဆွေးနွေးဖို့ အဆင်သင့်ရှိပေမယ့် မိမိတို့ရဲ့ အချုပ်အခြာကို လေးစားတဲ့ အဖြေမျိုးသာ ဖြစ်ရမယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • လူအကန့်အသတ်ဖြင့် အွမ္မရာပြုခွင့်ပေးရန် ဆော်ဒီ စီစဉ်နေ

    လူအကန့်အသတ်ဖြင့် အွမ္မရာပြုခွင့်ပေးရန် ဆော်ဒီ စီစဉ်နေ

    စက်တင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    ဇူလိုင်လက ဟဂျ်မြင်ကွင်း

    -နိုင်ငံအတွင်းမှာ နေထိုင်တဲ့သူတွေအတွက် အွမ္မရာဟ် ဘုရားဖူးခွင့်ကို ဆော်ဒီအာရေဗျက လာမယ့် အောက်တိုဘာလမှာ ပြန်လည်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

    Covid-19 ကပ်ရောဂါကြောင့် ဆော်ဒီဟာ အွမ္မရာ ဘုရားဖူးခွင့်ကို မတ်လကတည်းက ပိတ်ထားခဲ့တာပါ။ ဇူလိုင်လက ကျရောက်ခဲ့တဲ့ ဟဂျ်ဘုရားဖူးကာလမှာလည်း နိုင်ငံအတွင်းက လူ တစ်သောင်းကိုသာ ခွင့်ပြုခဲ့ပါတယ်။

    ကိုဗစ်ကာလအတွင်း တစ်ရက်ကို အများဆုံး လူနှစ်သောင်းသာ အွမ္မရာပြုခွင့်ပေးဖို့ ဆော်ဒီက ပြင်ဆင်နေပါတယ်။

    အောက်တိုဘာ ၄ ရက်နေ့ကစတင်ပြီး ဒီပမာဏာရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ တစ်ရက်ကို လူ ၆၀၀၀ အွမ္မရာပြုခွင့် ပေးမှာဖြစ်ပြီး နိုင်ငံသားတွေနဲ့ နိုင်ငံအတွင်းနေထိုင်သူ နိုင်ငံခြားသားတွေ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

    အောက်တိုဘာ ၁၈ ရက်နေ့နောက်ပိုင်းမှာ ဒီပမာဏရဲ့ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွင့်ပြုမှာပါ။

    နိုဝင်ဘာ ၁ ရက်နေ့နောက်ပိုင်းကျရင် ဆော်ဒီကို လာရောက်အွမ္မရာပြုဖို့ အန္တရာယ်ကင်းတဲ့ တစ်ချို့တိုင်းပြည်တွေက လူတွေအပါအဝင် တစ်ရက်ကို လူ ၂ သောင်းခွင့်ပြုမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ အဆုံးသတ်သွားတဲ့အချိန်အထိ ဒီပမာဏအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

    ဒီလို အွမ္မရာပြုခွင့်ပြုရာမှာ ကိုဗစ်တားဆီးရေးအတွက် လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းအားလုံးကို ဆေင်ရွက်သွားမယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာန SPA က ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။

    လက်ရှိမှာ ဆော်ဒီ ဟဂျ်နှင့် အွမ္မရာ ဝန်ကြီးဌာနဟာ မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးနေပြီး အခုလနှောင်းပိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အွမ္မရာပြုလုပ်လိုသူတွေအနေနဲ့ ဒီ အက်ပလီကေးရှင်းမှာ မှတ်ပုံတင်နိုင်မှာဖြစ်ပြီး၊ အက်ပလီကေးရှင်းမှာ ဖော်ပြထားတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

    ဇူလိုင်လက လူတစ်သောင်းကို ဟဂျ်ပြုခွင့်ပေးခဲ့ရာမှာ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ကိုဗစ်ကူးစက်မှု မရှိခဲ့ဘူးလို့ ဆော်ဒီအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    Ref: Aljazeera

  • ကျောင်းသားများအား အီလက်ထရောနစ်ပစ္စည်း ထောက်ပံ့မည့်အစီအစဥ်ကို မဒီနာအစိုးရ စတင်

    ကျောင်းသားများအား အီလက်ထရောနစ်ပစ္စည်း ထောက်ပံ့မည့်အစီအစဥ်ကို မဒီနာအစိုးရ စတင်

    စက်တင်ဘာ ၂၀၊ ၂၀၂၀
    M-Media

    ဒေသတွင်းက လိုအပ်နေတဲ့ကျောင်းသားတွေကို ပညာရေး အထောက်အကူပြုပစ္စည်းတွေ ပေးအပ်မယ့်အစီအစဥ်တစ်ခုကို ဆော်ဒီအာရေဗျမှာရှိတဲ့ မဒီနာဒေသ အစိုးရက စတင်လိုက်ပါတယ်။

    ဒီအစီအစဥ်ကို Good City လို့ အမည်ပေးထားပြီး ပညာရေး၀န်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တာပါ။

    ပထမအဆင့်မှာ တက်ဘလက်အပါအ၀င် အီလက်ထရောနစ်ပစ္စည်း ၆ ထောင်လောက်ကို ကျောင်းသားတွေထံ မျှ၀ေပေးသွားမှာ ဖြစ်ပါတယ်။

    မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုက်ဆဲလ် ဘင် ဆလ်မန်က ကိုဗစ်ကပ်ရောဂါကာလမှာ လူငယ်တွေ ပညာရေးရည်မှန်းချက် ပြည့်၀စေရေး လိုအပ်နေတဲ့ ကျောင်းသားတွေကို ကူညီပေးဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    မဒီနာဒေသအစိုးရဟာ ပညာရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံကိန်းအများအပြားကို ဆောင်ရွက်နေပြီး အဲဒီအထဲမှာ ဆရာ၊ ဆရာမတွေကို စွမ်းအားမြှင့်တင်ပေးရေး ဆောင်ရွက်မှုလည်း ပါ၀င်ပါတယ်။

    Ref : Arab News

  • ဆော်ဒီတွင် ပုဂ္ဂလိကလုပ်ငန်းများ၌ အမျိုးသား၊ အမျိုးသမီး တန်းတူလစာပေးရန် သတ်မှတ်

    ဆော်ဒီတွင် ပုဂ္ဂလိကလုပ်ငန်းများ၌ အမျိုးသား၊ အမျိုးသမီး တန်းတူလစာပေးရန် သတ်မှတ်

    စက်တင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်းက ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ လုပ်ခလစာ ပေးရမှာဖြစ်ပြီး လစာပေးရာမှာ ကျား၊ မ ခွဲခြားတာမျိုး လက်ခံမှာ မဟုတ်ဘူးလို့ ဆော်ဒီအာရေဗျ အစိုးရက ပြောကြားလိုက်ပါတယ်။

    “ပုဂ္ဂလိကလုပ်ငန်းတွေမှာ တူညီတဲ့တာဝန်တွေအတွက် အလုပ်ခန့်ထားရမှာ လုပ်ငန်းရှင်တွေက ကျား၊ မ၊ အသက်အရွယ်၊ မသန်စွမ်းမှု​တွေကို အခြေခံပြီး ခွဲခြားတာမျိုးကို လုံး၀ ခွင့်မပြုပါဘူး” လို့ ဆော်ဒီ လူ့စွမ်းအားအရင်းမြစ်နှင့် လူမှု့ ဖွဲ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနရဲ့ အခုတစ်ပတ်အစောပိုင်းက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒါဟာ အမျိုးသမီးတွေ အလုပ်အကိုင် ပိုမိုရရှိရေးအတွက် အခွင့်အလမ်း​တွေ ပိုမိုဖန်တီးပေးဖို့ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

    ဆော်ဒီဟာ စီးပွားရေးပြုပြင်ပြောင်းလဲဖို့အတွက် ၂၀၃၀ ရည်မှန်းချက်ကို ချမှတ်ထားပြီး တိုင်းပြည်မှာ အမျိုးသမီးလုပ်အား တိုးမြှင့်ရေးဟာ ဒီရည်မှန်းချက်ရဲ့ အဓိကကဏ္ဍ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဆော်ဒီမှာ အလုပ်လက်မဲ့ အမျိုးသမီးအရေအတွက်ဟာ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။

    ဆော်ဒီအာရေဗျရဲ့ ၂၀၃၀ ရည်မှန်းချက်မှာ လာမယ့် ၁၀ စုနှစ်တစ်ခုအတွင်း အမျိုးသမီး ၁ သန်းလောက်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့လည်း ပါဝင်ပါတယ်။

    Ref: Alarabiya