News @ M-Media

Tag: SaudiArabia

  • ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီပြော

    ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီပြော

    ဩဂုတ် ၂၂၊ ၂၀၂၀
    M-Media

    ဆော်ဒီမင်းသား တာကီ အလ်-ဖိုင်ဆဲလ်

    -ဂျေရုစလင်ကို မြို့တော်အဖြစ်ထားတဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှသာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်သွားမယ်လို့ ဆော်ဒီအာ​ရေဗျက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ဩဂုတ်လ ၁၃ ရက်နေ့မှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေး ထူထောင်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် ဆော်ဒီအပါအဝင် အခြား ပင်လယ်ကွေ့နိုင်ငံတွေလည်း ယူအေအီးလမ်းစဉ်ကို လိုက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူအေအီးနဲ့ အစ္စရေးတို့ရရှိခဲ့တဲ့ သဘောတူညီချက်မှာ ဆော်ဒီပါဝင်လာဖို့ မျှော်လင့်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်သလို ပင်လယ်ကွေ့ဒေသမှာ အစ္စရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေကို ဦးဆောင်ချမှတ်သူလည်း ဖြစ်ပါတယ်။

    အမေရိကန်ဆိုင်ရာ ဆော်ဒီသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ဆော်ဒီထောက်လှမ်းရေးအကြီးအကဲဟောင်းလည်းဖြစ်တဲ့ မင်းသား တာကီ အလ်-ဖိုင်ဆဲလ်က လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ မပေါ်လာမချင်း အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ယူအေအီးလမ်းစဉ်လိုက်လိုတဲ့ ဘယ်အာရပ်နိုင်ငံမဆို တောင်းဆိုမှု ကြီးကြီးမားမား လုပ်ဆောင်သင့်ပါတယ်။ အစ္စရေးနဲ့ အာရပ်တွေအကြား ငြိမ်းချမ်းရေးအတွက် ဆော်ဒီအာရေဗျက တောင်းဆိုမှုတစ်ခု သတ်မှတ်ထားပါတယ်။ ဒါကတော့ ကွယ်လွန်သွားတဲ့ ဘုရင်အဘ်ဒူလာ မိတ်ဆက်ခဲ့တဲ့ ဂျေရုစလင်ကို မြို့တော်ထားပြီး အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေးပါ”

    ယူအေအီးဟာ အီဂျစ်နဲ့ ဂျော်ဒန်ပြီးနောက် အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ တတိယမြောက် အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေကို ပိုက်နက်ထဲထည့်သွင်းရေး အစ္စ​ရေးရဲ့ အစီအစဉ်ကို ရပ်တန့်ရမယ်ဆိုတဲ့ တောင်းဆိုမှုနဲ့ သံတမန်ဆက်ဆံရေးတည်ဆောက်ခဲ့တဲ့ ယူအေအီးရဲ့ လုပ်ဆောင်ချက်ကို နားလည်တယ်လို့လည်း မင်းသား တာကီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာရပ်လိဂ်ရဲ့ ၂၀၀၂ ခုနှစ် ကမ်းလှမ်းချက်ထဲမှာ ၁၉၆၇ ခုနှစ်က ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေက အစ္စရေးတပ်တွေ ရုပ်သိမ်းပေးရင် အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်သွားမယ်ဆိုတဲ့ အချက်တစ်ခု ပါဝင်ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဆေးရုံကို ဆော်ဒီအာရေဗျတွင် ဖွင့်လှစ်

    ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဆေးရုံကို ဆော်ဒီအာရေဗျတွင် ဖွင့်လှစ်

    ဇူလိုင် ၈၊ ၂၀၂၀
    M-Media

    -ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဆေးရုံနဲ့ ကုလားအုတ်ဆိုင်ရာ သုတေသနစင်တာကို ဆော်ဒီအာရေဗျနိုင်ငံ အလယ်ပိုင်း ကာဆင်ဒေသမှာ အခုတစ်ပတ်အစောပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

    စကွဲယားမီတာ ၇ သောင်း ကျယ်ဝန်းတဲ့ ​အဲဒီဆေးရုံကို ကန်ဒေါ်လာ ၂၆.၇ သန်း အကုန်ကျခံ တည်ဆောက်ခဲ့တာပါ။ ဒေသ အုပ်ချုပ်ရေးမှူး မင်းသား ဒေါက်တာ ဖိုက်ဆဲလ် ဘင် မီရှာအာလ်က တနင်္လာနေ့မှာ ဒီဆေးရုံကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းဒေသမှာ အရင်က ကုလားအုတ်ဆေးရုံ ၂ ခုသာရှိပြီး ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့နဲ့ ကာတာနိုင်ငံ ဒိုဟာမြို့တွေမှာ ဖြစ်ပါတယ်။ ကာတာက ကုလားအုတ်ဆေးရုံကို ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ဒူဘိုင်းက ဆေးရုံကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ကာ ၂၀၁၉ ခုနှစ်မှာ အကောင် ၃၀ ကို တစ်ပြိုင်တည်းကုသနိုင်အောင် ထပ်မံတိုးချဲ့ခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းမှာ ကုလားအုတ်ပြိုင်ပွဲ၊ အလှပြပွဲတော်တွေဟာ ရေပန်းစားပြီး ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝှမ်းက လူထောင်သောင်းချီ လာရောက်ကြည့်ရှုကြတဲ့ ပွဲတော်တွေ ဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ် စာရင်းတွေအရ အာရေဗျကျွန်းဆွယ်မှာ ကုလားအုတ်ကောင်ရေ ၁.၆ သန်း ရှိပြီး ၅၃ ရာခိုင်နှုန်းက ဆော်ဒီအာရေဗျမှာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ယခုနှစ်ဟဂျ်ကို လူအကန့်အသတ်ဖြင့် ခွင့်ပြုမည်ဟု ဆော်ဒီကြေငြာ

    ယခုနှစ်ဟဂျ်ကို လူအကန့်အသတ်ဖြင့် ခွင့်ပြုမည်ဟု ဆော်ဒီကြေငြာ

    ဇွန် ၂၃၊ ၂၀၂၀
    M-Media

    -ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေမှုကြောင့် အခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို လူအကန့်အသတ်နဲ့သာ ခွင့်ပြုသွားမယ်လို့ ဆော်ဒီအာရေဗျက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာတစ်ကြိမ် ဆော်ဒီအာရေဗျကို သွားရောက်ပြီး ဟဂျ်ဘုရားဖူးဖို့ဟာ မလုပ်မနေရ ဘာသာရေးတာဝန် ဖြစ်ပါတယ်။ အခုနှစ် ဟဂျ်ကာလကဇူလိုင်လမှာ ကျရောက်မှာ ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ဆော်ဒီဟာ အွမ္မရာဘုရားဖူးခရီးစဉ် ခွင့်ပြုမှုကို မတ်လမှာ ရပ်ဆိုင်းခဲ့ပြီး ဟဂျ်ခရီးစဉ်အတွက် ပြင်ဆင်မှုကို ရပ်ဆိုင်းထားဖို့လည်း ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ဆော်ဒီ ဟဂျ်နဲ့ အွမ္မရာဟ်ဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အခုနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို လူအကန့်အသတ်နဲ့ ခွင့်ပြုသွားမယ်လို့ ဖော်ပြထားပြီး ဆော်ဒီအာရေဗျမှာ နေထိုင်သူတွေသာ ဟဂျ်ပြုခွင့် ရမှာ ဖြစ်ပါတယ်။

    “ဆော်ဒီအာရဗျမှာ နေထိုင်နေတဲ့ နိုင်ငံသားပေါင်းစုံကို အရေအတွက်အကန့်အသတ်နဲ့ ဟဂျ်လုပ်ဖို့ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေး အန္တရာယ်ကင်းစေဖို့အတွက် ဒီလိုစီစဉ်တာဖြစ်ပြီး ကြိုတင်ကာကွယ်ရေးနဲ့ ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းစည်းကမ်းတွေအားလုံးကို လိုက်နာရမှာ ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့နှစ် ဟဂျ်ဘုရားဖူးကာလမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၁.၈ သန်းလောက် ဆော်ဒီအာရေဗျကို လာရောက်ခဲ့ကြပါတယ်။

    ဆော်ဒီ အစ္စလာမ့်သာသနာ့ပညာရှင်များကောင်စီကလည်း အစိုးရရဲ့ ဒီဆောင်ရွက်ချက်ကို ထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Arab News

  • မက္ကာမှဗလီများ ဇွန် ၂၁ ရက်နေ့တွင် ပြန်ဖွင့်မည်

    မက္ကာမှဗလီများ ဇွန် ၂၁ ရက်နေ့တွင် ပြန်ဖွင့်မည်

    ဇွန် ၂၀၊ ၂၀၂၀
    M-Media

    မက္ကာမြို့ မြင်ကွင်း

    -ကိုဗစ်​ကြောင့် မက္ကာမြို့မှာ ပိတ်ထားရတဲ့ဗလီတွေအားလုံးကို ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဖွင့်ပေးတော့မယ်လို့ ဆော်ဒီအာရေဗျက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    Covid-19 ပြန့်နှံ့မှုကြောင့် မတ်လကစလို့ ဝတ်ပြုရာနေရာတွေပိတ်တာ၊ လူစုလူဝေးတားမြစ်တာကို ဆော်ဒီက နိုင်ငံတစ်ဝှမ်းမှာ လုပ်ဆောင်ခဲ့တာပါ။ မေလနှောင်းပိုင်းမှာတော့ မက္ကာမြို့ကလွဲလို့ ကျန်ဒေသတွေက ဗလီတွေကို အာဏာပိုင်တွေက ပြန်ဖွင့်ခွင့် ပေးခဲ့ပါတယ်။

    မက္ကာဟာ အစ္စလာမ်ဘာသာရဲ့ အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော် ‘မတ်စ်ဂျစ်ဒ်ဟရမ်’ ရှိရာ မြို့လည်း ဖြစ်ပါတယ်။

    မြို့တွင်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀၀ လောက်ကို ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်တွေနဲ့ ဇွန်လ ၂၁ ရက်နေ့က စတင်ကာ ဖွင့်ပေးတော့မယ်လို့ ဆော်ဒီ နိုင်ငံပိုင်သတင်းဌာနက မနေ့မှာ ကြေငြာခဲ့ပါတယ်။

    အာဏာပိုင်တွေက ဗလီတွေကို သန့်ရှင်းတာ၊ ပိုးသတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဝတ်ပြုသူတွေဟာ ဝတ်ပြုဖို့အခင်းတွေကို ကိုယ်တိုင်ယူလာရမှာဖြစ်သလို၊ ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

    ဆော်ဒီမှာ Covid-19 ကူးစက်သူအရေအတွက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သိသိသာသာ မြင့်တက်လာပြီး မြို့တော်ဂျစ်ဒါမှာ ကန့်သတ်မှုတွေ ပြန်လည်ပြုလုပ်ထားရပါတယ်။

    Ref: Alarabiya

  • မဒီနာမှ ‘မတ်စ်ဂျစ်ဒ် နဗဝီ’ ဗလီ အဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်မည်

    မဒီနာမှ ‘မတ်စ်ဂျစ်ဒ် နဗဝီ’ ဗလီ အဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်မည်

    ဇွန် ၁၁၊ ၂၀၂၀
    M-Media

    -တမန်တော် မုဟမ္မဒ် ဆောက်လုပ်ခဲ့တဲ့ မဒီနာက ‘မတ်စ်ဂျစ်ဒ် နဗဝီ’ ဗလီဝတ်ကျောင်းတော် အဆင့်မြှင့်တင်ရေးလုပ်ငန်း လုပ်ဆောင်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က အတည်ပြုလိုက်ပါတယ်။

    မတ်စ်ဂျစ်ဒ် နဗဝီ ဗလီဝတ်ကျောင်းတော်ဟာ အစ္စလာမ်သာသနာမှာ ဒုတိယအမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်ပါတယ်။

    အခုစီမံကိန်းသစ်မှာ ဗလီနဲ့ ဗလီပရဝုဏ်အတွင်းက အသံစနစ်၊ လျှပ်စစ်စနစ်တွေ​နဲ့ အခြားအစိတ်အပိုင်း အဆင့်မြှင့်တင်တာတွေ ပါဝင်မှာဖြစ်ပါတယ်။ မဒီနာမြို့ အုပ်ချုပ်ရေးမှူးက အခု အဆင့်မြှင့်တင်မယ့် လုပ်ငန်းမှာ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုသွားမယ်လို့ Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။

    Ref: Saudigazeete