News @ M-Media
Tag: thai
  • ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် ၁ သိန်းကျော် နေရပ်ပြန်ပို့မည်
    ဇူလိုင် ၁၃ ၊ ၂၀၁၄
    M-Media
    – ထိုင်းနိုင်ငံတွင် သွားရောက်ခိုလှုံနေရသည့် မြန်မာနိုင်ငံသား ဒုက္ခသည်  ၁ သိန်း ၃ သောင်းကျော်ကို နေရပ်ပြန်ပို့ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ ငြိမ်ဝပ်ပိပြားရေးကောင်စီမှ တာဝန်ရှိသူ ပရာယွတ် အိုချာက ပြောကြားလိုက်သည်။
    country-tha-400
    ယမန်နေ့က ပြုလုပ်ခဲ့သည့် Return Happiness to the People တီဗွီအစီအစဉ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ်က လာရောက်လည်ပတ်ခဲ့သည့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် မြန်မာဒုက္ခသည်များအား လူသားချင်းစာနာသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေး ထိုင်းနှင့် မြန်မာနှစ်နိုင်ငံတို့မှာ အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာပြောင်းရွှေ့အခြေချသူများကို နိုင်ငံသား ဖြစ်၊ မဖြစ် စစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ နီးပါး ရှည်ကြာခဲ့သည့် အာဏာရှင်စနစ်ကြောင့် တိုင်းရင်းသားများအပါအ၀င် မြန်မာနိုင်ငံသား ၅ သိန်းကျော်မှာ ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံတွင် ခိုလှုံနေရသည်။
    Ref: UNHCR and Bangkok Post
  • ၀န်ကြီးချုပ် ယင်းလပ် ရာထူးမှဆင်းပေးရန် ထိုင်း အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက အမိန့်ချမှတ်
    မေ ၇ ၊ ၂၀၁၄
    M-Media
    Thai PM found guilty of abuse of power
    – ၀န်းကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ်အတွင်း အာဏာအလွဲသုံးစားလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့၍ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာအား ရာထူးမှဆင်းပေးရန် အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ယနေ့တွင် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
    ၂၀၁၁ ခုနှစ်က လုံခြုံရေးအကြီးအကဲတစ်ဦးအား ပြောင်းရွှေ့ခန့်ထားရာတွင် ယင်းလပ်က ၎င်း၏ အာဏာကို အလွဲသုံးစားလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ တရားရုံးက ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
    ထိုပြောင်းရွှေ့မှုမှာ ယင်းလပ်မိသားစု၏ နိုင်ငံရေးအသိုင်းအ၀ိုင်းကို အကျိုးရှိစေခဲ့သည့် လျှို့ဝှက်စီမံမှုဖြစ်သည်ဟု တရားရုံးက ဖော်ပြခဲ့ပြီး၊ အာဏာ အလွဲသုံးစားလုပ်မှုတွင် ကတ်ဘိနတ်ဝန်ကြီး ၉ ဦးလည်း ကြံရာပါဖြစ်သည်ဟုဆိုသည်။
    ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့မှုမှာ ကာလကြာရှည်ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံရေးအကြပ်အတည်းတွင် မမျှော်လင့်သော အဖြစ်အပျက်လည်းဖြစ်သည်။ ယင်းလပ်အား ထောက်ခံသူများကမူ လာမည့် စနေနေ့တွင် အကြီးအကျယ်ဆန္ဒပြရန်စီစဉ်ထားပြီး အကြမ်းဖက်မှုများဖြစ်ပွားနိုင်သည့်အတွက်  အများစုက စိုးရိမ်နေကြသည်။
    Agencies
  • ဖေဖော်ဝါရီ ရွေးကောက်ပွဲ တရားမ၀င်ဟု ထိုင်းတရားရုံးကြေညာ
    မတ် ၂၁၊ ၂၀၁၄
    M-Media
    – နိုင်ငံရေး မတည်ငြိမ်မှု ပိုမိုဆိုးရွားစေခဲ့သည့် ဖေဖော်ဝါရီရွေးကောက်ပွဲအား တရားမ၀င်ဟု ထိုင်း အခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာခဲ့သည်ဟု သိရသည်။
    Thai_court_rules_February_polls_invalid_-_Asia-Pacific_-_Al_Jazeera_English_-_2014-03-21_21.39.09
    အတိုက်အခံများက လက်မခံသည့် အဆိုပါရွေးကောက်ပွဲမှာ တစ်ရက်ထဲတွင် မပြီးခြင်း၊ အခြေခံဥပဒေတွင် ဖေါ်ပြထားသည့် အပိုဒ်တစ်ခုအား ချိုးဖောက်ခြင်းတို့ကြောင့် ထိုရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးက ယနေ့တွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပယ်ဖျက်ရန်တွက် တရားသူကြီးများက ၆ မဲ ၃ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ရွေးကောက်ပွဲအသစ်ကို ပြန်လည်ပြုလုပ်မည်ဟု အဆိုပါတရားရုံးက ကြေညာခဲ့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်မည်ဆိုသည်ကို ရှင်းလင်းစွာ ပြောကြားသွားခြင်း မရှိပေ။ အစိုးရနှုတ်ထွက်ရန် အတွက် အတိုက်အခံများ၏ ဆန္ဒပြမှုကြောင့် ပါလီမန်အား ဖျက်သိမ်းကာ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ထိုင်းအိမ်စောင့် အစိုးရက ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း ယခုကဲ့သို့ တရားမ၀င်ဟု ကြေညာလိုက်ခြင်းမှာ နှုတ်ထွက်ရန် ဖိအားပေးခြင်း ခံနေရသည့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ အတွက် ဥပဒေရေးရာ စိန်ခေါ်မှု တစ်ခုလည်းဖြစ်သည်။
    ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံရေး မငြိမ်သက်မှုမှာ ယခုဆိုလျှင် ၅ လအထိ ရှိသွားပြီဖြစ်ပြီး အတိုက်အခံများက အစိုးရအဆောက်အဦးများနှင့် ဘန်ကောက်မြို့ရှိ အချက်အချာကြသော နေရာများအား ပိတ်ဆို့ကာ ဆန္ဒပြလျက်ပင် ရှိနေသေးသည်။ ထိုဆန္ဒပြမှုအတွင်း လူ ၂၃ ဦးသေဆုံးခဲ့ကာ ရာချီ၍ ဒဏ်ရာရရှိခဲ့သည်။
    Al Jazeera and agencies
  • ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရ
    ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရ
    မတ် ၇ ၊ ၂၀၁၄
    M-Media
    – အစိုးရဆန့်ကျင်ဆန္ဒပြသူများ၏ အဓိကအခြေစိုက်ရာ နေရာတစ်ခုဖြစ်သည့် ဘန်ကောက်မြို့ရှိ လူပီနီပန်းခြံတွင် ယနေ့နံနက် အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
    ထိုပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သောကြောင့် ဆေးရုံသို့ တင်ပို့ခဲ့ရပြီး အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးမှာ ဆေးရုံမှ ပြန်လည်ဆင်းသွားပြီဟု သိရသည်။ ပြီးခဲ့သည့် တစ်ပတ် သောကြာနေ့တွင် အတိုက်အခံခေါင်းဆောင် ဆွန်သပ်သောင်ဆူဘန်က အစိုးရကို အခက်တွေ့စေမည့် ကာလကြာရှည် ဆန္ဒပြမှုများအားလုံးကို ရုပ်သိမ်းပြီး လူပီနီပန်းခြံ တစ်ခုတည်းတွင် စုစည်းရန် ကြေညာခဲ့ပြီးနောက် ပထမဆုံးဖြစ်ပေါ်လာသည့် သွေးထွက် သံယိုမှုလည်းဖြစ်သည်။
    သောင်ဆူဘန်က ထိုကဲ့သို့ ကြေညာခဲ့သော်လည်း အချို့သော ဆန္ဒပြသူများမှာ အစိုးရ အဆောက်အအုံအချို့ အနီးနှင့် အစိုးရအိမ်တော်အနီးတို့တွင် ဆက်လက် စခန်းချ ဆန္ဒပြလျက်ရှိကြသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃၀ ရက်နေ့မှ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ထိုင်းနိုင်ငံတစ်ဝှမ်းဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင် ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ကာ ၇၆၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဘန်ကောက်ရှိ အရေးပေါ်ကုသရေးဌာန၏ မှတ်တမ်းများအရ သိရသည်။ ဘန်ကောက်မြို့ တစ်ခုတည်းတွင်ပင် သေဆုံးသူ ၂၀နှင့် ဒဏ်ရာရသူ ၇၂၅ ဦး ရှိသည်။
  • ဘန်ကောက်ရှိ ဆောက်လုပ်ရေးဆိုဒ်တွင် မတော်တဆဖြစ်၊ မြန်မာတစ်ဦး အပါအ၀င် လူ ၁၁ ဦးသေဆုံး
    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
    M-Media
    BN-BR195_thaico_G_20140225082647
    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆင်ခြေဖုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအတွင်း ယက်မတန်းကြီး တစ်ခုပြုတ်ကျခဲ့သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦး အပါအ၀င် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    ဘန်ကောက်မြို့ အရှေ့တောင်ပိုင်း Bangpli ခရိုင်ရှိ ဆေးရုံသစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  လုပ်ငန်းခွင်ရှိ အလုပ်သမား ၂၇ ဦးမှာ နေ့လည်အားလပ်ချိန်အတွင်း  အချို့မှာ ထမင်းစားနေကြပြီး၊ အချို့မှာ အနားယူနေကြစဉ် ကွန်ကရစ် ယက်မတန်းကြီး ကျိုးကြခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး  Somchai Piakhan က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားမှုအတွင်း တစ်ဒါဇင်ကျော်ခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ခဲ့ရကာ တစ်ဦးမှာ အပျက်အစီးများအကြား ပိတ်မိနေဆဲဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ကယ်ဆယ်ရေးအဖွဲ့မှာ သံချောင်းများ ကွန်ကရစ်တုံးများကို ဖယ်ရှား၍ အနံ့ခံခွေးများအသုံးပြုကာ ပိတ်မိနေသူအား ကယ်ဆယ်ခဲ့သည်ဟု သိရသည်။
    ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီ ITD မှ တည်ဆောက်သည့် အဆိုပါဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးသူများမှာ ထိုင်းနိုင်ငံသား ၄ ဦး ကမ္ဘောဒီးယားမှ ၅ ဦးနှင့်၊ အသက် ၂၉ နှစ်အရွယ် ကေခိုင်ဆိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးတို့ဖြစ်ကြသည်ဟု အလုပ်သမားရေးရာ သံမှူး ကျော်ကျော်လွင်က ဆိုသည်။
    ကွယ်လွန်သွားသူ၏ အမျိုးသားဖြစ်သူ သက်မောင်မောင်မှာလည်း အဆိုပါ လုပ်ငန်းခွင်တွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ITD မှ ပေးအပ်သည့် နစ်နာကြေး ကန်ဒေါ်လာ ၃၀၀၀ ကို ရရှိမည်ဟု ကျော်ကျော်လွင်က ဆိုသည်။
    သို့သော်လည်း သက်မောင်မောင်ကမူ အဆိုပါကုမ္ပဏီမှ နစ်နာကြေး၊ သဂြိုဟ်စားရိတ် စသည်တို့နှင့်ပတ်သက်၍ မည်သည်ကိုမျှ မကြားမိကြောင်း၊ ဇနီးသည်၏ ရုပ်အလောင်းမှာ ရဲစခန်းတွင်ဖြစ်ပြီး မြန်မာသံရုံးမှ အကူအညီအချို့ကို ရရှိကြောင်းပြောကြားခဲ့သည်။
    “ရဲတွေက သူမ(ကွယ်လွန်သူ)မှာ အထောက်အထား မရှိဘူးလို့ ထင်ကြပြီး၊ ကျွန်တော်က အဲဒီအထောက်အထားတွေကိုပေးမှ သူတို့က အလောင်းပြန်ပေးမှာပါ။ သဂြိုဟ်စားရိတ် ကာမိဖို့အတွက် လခကြိုထုတ်ပေးဖို့ ကုမ္ပဏီကိုပြောထားပေမယ့် ကုမ္ပဏီက မထုတ်ပေးပါဘူး။ သူတို့ သဂြိုဟ်ပြီး ကျွန်တော့်ကို အရိုးပြာ ပြန်ပေးမယ်လို့ ထင်ပါတယ်” ဟု သက်မောင်မောင်က ဆိုသည်။
    ဇနီးဖြစ်သူမှာ ပဲခူးတိုင်းမှဖြစ်ကြပြီး ဇနီးဖြစ်သူမှာ လွန်ခဲ့သည့် ၁ နှစ်ခန့်ကမှ ၎င်း၏နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်ကာ၊ အလုပ်ဝင်သည်မှာ လေးလခန့်ပင် ရှိသေးကြောင်း၊ ထိုဆေးရုံသစ်ဆောက်လုပ်မှုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ ၆၀၀ ခန့်ရှိသည့်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ဖိနှိပ်ခံရခြင်းနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ထိုင်းနိုင်ငံသို့ပြောင်းရွှေ့လာကြသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂ သန်းခန့်ရှိပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များနှင့် စက်ရုံများတွင် လခအနည်းငယ်ဖြင့် လုပ်ကိုင်နေကြရသည်။
    Ref: CNN And Irrawaddy
    Photo-European Pressphoto Agency