News @ M-Media
Tag: thai
  • ထိုင်းနိုင်ငံတွင် ဆန္ဒပြလူအုပ် အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံး
    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
    M-Media
    thai-unrest
    နိုင်ငံရေးမငြိမ်သက်ဖြစ်နေသည့် ထိုင်းနိုင်ငံအရှေ့ဘက် ပြည်နယ်တစ်ခုရှိ အစိုးရ ဆန့်ကျင်ဆန္ဒပြနေသော လူအုပ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
    ယမန်နေ့ ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအရှေ့ပိုင်း Trat ပြည်နယ် Khao Saming ခရိုင်ရှိ ဈေးတစ်ခုတွင် စခန်းချထားသော ဆန္ဒပြလူအုပ်အတွင်းသို့ ပစ်ကပ်ကား ၂ စီးဖြင့် လာရောက်သော သေနတ်သမားများက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရဲအရာရှိ Thanaphum Naewanit က ပြောကြားခဲ့သည်။
    “အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦး သေနတ်မှန်ခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အခြား လူ ၃၀ လည်း ဒဏ်ရာရခဲ့ပါတယ်” ဟု ၎င်းကဆိုပြီး ပစ်ခတ်မှုမှာ ဆန္ဒပြမှုများကို ရပ်တန့်သွားစေရန် ရည်ရွယ်ခြင်းဟု ယုံကြည်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ပစ်ခတ်မှုကြောင့် လူများထွက်ပြေးသွားခဲ့ပြီး လမ်းမပေါ်ရှိ လူမရှိသော ဈေးဆိုင်များနှင့် ပြောင်းပြန်လန်နေသော ပလတ်စတစ်ခုံများအား ရုပ်သံမှ ထုတ်လွှင့်ပြသသွားခဲ့သည်။
    ဆန္ဒပြသူများက အဓိက နေရာများကို ပိတ်ဆို့နေကြသည့် မြို့တော်ဘန်ကောက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီး၊ သောကြောနေ့ကလည်း ဘန်ကောက်မြို့ရှိဆန္ဒပြလူစုအတွင်း ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦးဒဏ်ရာရခဲ့သည်။ ထိုင်းနိုင်ငံတွင် လအတော်ကြာ ဖြစ်ပွားနေခဲ့သည့် နိုင်ငံရေး မငြိမ်သက်မှုအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများနှင့် ဗုံးခွဲမှုများကြောင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ရသည်။
    ဓါတ်ပုံ အညွှန်း- ထိုင်းနိုင်ငံမှ ဆန္ဒပြပွဲမြင်ကွင်းတခု Photo-AP
    Ref: CNA
  • ဘန်ကောက် စားသောက်ဆိုင်တွင် ကျွန်ပြုခံနေရသော မြန်မာသုံးဦး လွတ်မြောက်လာ
    ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၄
    M-Media
    Untitled
    ဘန်ကောက် ပင်လယ်စာ စားသောက်ဆိုင်တစ်ခု၌ ကျွန်ပြုထားသည်ဟု ယူဆဖွယ်ရာရှိသည့် မြန်မာလူငယ်သုံးဦးကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့သည်။
    ထိုသူတို့မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ အသက် ၁၈ နှင့် ၂၀ နှစ်အတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ကာ အလုပ်ပွဲစား တစ်ဦးထံမှတဆင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
    Pratunam ဈေးမှ Feel Pratunam ပင်လယ်စာ စားသောက်ဆိုင်တွင် သုံးလတိုင်တိုင် လစာမဲ့ဖြင့် အဓမ္မစေခိုင်းခံ ခဲ့ရသည်ဟု မသင်ဇာနိုင်က ပြောပြသည်။
    “ နေ့စဉ်အလုပ်ပြီးရင် အလုပ်ရှင်က ကျွန်မတို့ကို အခန်းထဲ သော့ခတ် ပိတ်လှောင်ထားတယ်။ စားကြွင်းစားကျန်တွေကို ရေခဲသေတ္တာတစ်ခုထဲ ထည့်ပေးထားတယ်။ နောက်တစ်နေ့ညနေ ငါးနာရီအချိန် သူပြန်ရောက်လာတဲ့အထိ ကျွန်မတို့ကို နံနက်စာစားခွင့်တောင် မပေးခဲ့ပါဘူး ”။
    သူတို့၏အရေးအရာများကို ထိုင်းနိုင်ငံရှိ မြန်မာ အဖွဲ့အစည်းနှင့် ရဲတပ်ဖွဲ့မှ ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။
    Ref: DVB English
  • ထိုင်းတွင် သပိတ် စခန်းများ ရှင်းလင်းရာ ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ ရဲအရာရှိတစ်ဦး ပစ်သတ်ခံရ
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄
    M-Media
    140218135159-thai-protests-police-story-top
    – ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၏ အဓိကနေရာများကို သိမ်းပိုက်ထားသော အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ၏ စခန်းများကို စတင် ရှင်းလင်းခဲ့ပြီးနောက် ရဲများနှင့် ဆန္ဒပြသူများ အကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တစ်ဦး သေဆုံးခဲ့ကာ လူအများအပြား ဒဏ်ရာရခဲ့သည်ဟု သိရသည်။
    ယနေ့နံနက်ပိုင်း အစိုးရ အိမ်တော်နားရှိ စခန်းများအား ဘူဒိုဇာများဖြင့် ရှင်းလင်းရာတွင် ဆန္ဒပြသူများက ပြန်လည် ခုခံခဲ့သောကြောင့် မျက်ရည်ယိုဗုံးများပါ အသုံးပြုခဲ့ရပြီး၊ “ဘန်ကောက်ငြိမ်းချမ်းရေး” ဟု အမည်တပ်ထားသည့် အဆိုပါ စစ်ဆင်ရေး အတွက် အဓိကရုန်းနှိမ်နင်းရေး တပ်ဖွဲ့ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာတို့အား မြို့တော်တစ်ဝှမ်းတွင် တပ်ဖြန့်ချထားသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
    “ရဲအရာရှိ တစ်ယောက်သေဆုံးပြီး အခြား ၁၄ ဦးဒဏ်ရာရပါတယ်။ ခေါင်းကို အပစ်ခံရတဲ့ အဲဒီ ရဲအရာရှိဟာ ဆေးရုံပို့နေစဉ် အတွင်းမှာပဲ သေဆုံးခဲ့တာပါ” ဟု ရဲချုပ် Adul Saengsingkaew က ပြောကြားခဲ့သည်။
    သို့သော်လည်း ဒဏ်ရာရသူများမှာ အနည်းဆုံး ၄၂ ဦးရှိပြီး ရဲ သို့မဟုတ် ဆန္ဒပြသူ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြား၍ မရသေးဟု Erawan အရေးပေါ် ဌာန၏ ပြောကြားချက်ကိုကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။
    ဆန္ဒပြသူများမှာ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်းလပ် ရုံးမတက်နိုင်ရန်အတွက် ဘန်ကောက်မြို့လယ်ရှိ အစိုးရ အိမ်တော်တစ်ဝိုက်ကို ၀ိုင်းထားပြီး၊ ၀န်ကြီးချုပ်နှုတ်ထွက်ရန်နှင့် ပြည်သူ့ကောင်စီဖွဲ့စည်းကာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။
    ယမန်နှစ် နှစ်ကုန်ပိုင်း ကတည်းက ပြုလုပ်နေခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က ခုခံခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်လည်း မိမိတို့ အနေဖြင့် ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် နေရာ ၅ ခုအား ပြန်လည် သိမ်းပိုက်မည်ဟု လုံခြုံရေး အထူးညွှန်ကြားမှု စင်တာက ယမန်နေ့တွင် ကြေညာခဲ့သည်။
    ဆန္ဒပြခေါင်းဆောင် Rawee Matchamadon ကမူ ရဲတပ်ဖွဲ့ဝင်များမှာ ဘန်ကောက်မြောက်ပိုင်း စွမ်းအင် ၀န်ကြီးဌာနရုံးရှိ ဆန္ဒပြသူများအား ၀န်းရံကာ လူ ၁၀၀ ခန့်ကို ထရပ်ကားများနှင့် တင်ဆောင်၍ စစ်မေးရန် အတွက် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: aljazeera
  • ထိုင်းသို့ ပြေးဝင် ခိုလှုံလာသည့် ရိုဟင်ဂျာ ၁၃၀၀ ခန့် ပြန်လက်ခံရန် မြန်မာ သဘောတူခဲ့
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    595256
    – ၂၀၁၃ ခုနှစ် ဇန်န၀ါရီကကတည်းက ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများနှင့် ယာယီ ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းထားသော ရိုဟင်ဂျာ ၁၃၀၀ခန့်အား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။
    မြန်မာနှင့် ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ပို့ဆောင်မှုများတွင် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ကိုင်နေသော အစိုးရ မဟုတ်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ဟု လူဝင်မှုကြီးကြပ်ရေးမှ လက်ထောက်ရဲချုပ် Pharnu Kerdlarpphon က ဆိုသည်။
    ရိုဟင်ဂျာများအား ထိုင်းနိုင်ငံ ရနောင်းရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းထားပြီးနောက် စက်လှေဖြင့် ကော့သောင်းဘက်သို့ လွန်ခဲ့သည့် ၃ လက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရများက ရှင်းလင်းစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အထောက်အထားများလည်း ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံတွင်ရှိနေစဉ်အတွင်း ရိုဟင်ဂျာများအား လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေး အပ်ခဲ့ပြီး နိုင်ငံတကာ ရွှေ့ပြောင်း လုပ်သားများအဖွဲ့ IOM မှ ဆရာဝန်များကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်ဟုသိရသည်။
    သို့သော်လည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ကိုယ်စားလှယ် Sunai Pasuk ကမူ မြန်မာအစိုးရက ရိုဟင်ဂျာများအား မြန်မာနိုင်ငံသားများ အဖြစ် အသိအမှတ် မပြုသောကြောင့် ၎င်းတို့၏ လုံခြုံရေးအား စိုးရိမ်မိကြောင်း၊ ဒုက္ခသည်များအား ထိုကဲ့သို့ ပြန်လည် ပို့ဆောင်ခြင်းမှာ နိုင်ငံတကာ ဥပဒေအား ချိုးဖောက်ခြင်းပြီး၊  ရိုဟင်ဂျာများ မြန်မာနိုင်ငံတွင် ဒုက္ခနှင့် ကြုံတွေ့မည်ကို ထိုင်း အာဏာပိုင်များက သိသော်လည်း ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    ပြီးခဲ့သည့် ဇန်န၀ါရီလကတည်းက ရိုဟင်ဂျာ ၁၃၀၀ ခန့်မှာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း၊ အများစုမှာ မလေးရှားသို့သွားရောက် အလုပ်လုပ်ကိုင် လိုပြီး ထို့နောက် သြစတေးလျသို့ သွားရောက်ရန် မျှော်လင့်နေကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
    ဓါတ်ပုံအညွှန်း- ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၃ ဇူလိုင်လက  ထိန်းသိမ်းရေးစခန်းတခုတွင်တွေ့ရစဉ်  (Bangkok Post file photo)
    ကိုးကား- ဘန်ကောက်ပိုစ့်
  • ထိုင်းအာဏာပိုင်တွေက ဘုန်းတော်ကြီး တစ်ပါးကို အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ အတွက် ဖမ်းဆီးဖို့ ပြင်ဆင်
    ဖေဖော်ဝါရီ ၆၊ ၂၀၁၄
    M-Media
    THAILAND-POLITICS-PROTEST-RELIGION-BUDDHISM
    ထိုင်းရဲတွေက ဘုန်းတော်ကြီး လုအန်ပုဣသရ ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ရာဇ၀တ်တရားရုံးကို ဖေဖော်ဝါရီ ၄ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။ ပုဒ်မ တွေကတော့ ဘန်ကောက်၊ လတ်စီရှိ အစိုးရရုံးများကို ပိတ်ဆို့ ၀ိုင်းရံခဲ့မှုနဲ့  ပြီးခဲ့တဲ့ ရက် သတ္တပတ်အတွင်း ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို အနှောင့်အယှက်ပေးခဲ့မှု စတာတွေနဲ့ ဆွဲချက်တင်ထားတာပါ။
    အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းတော်ကြီး လုအန်ပုဣသရကတော့ ၀ါအော်နွိုင်းဘုန်းကြီးကျောင်းကဖြစ်ပြီး ထိုင်းနိုင်ငံ အစိုးရကို ဆန္ဒပြဆန့်ကျင်တဲ့ People’s Democratic Reform Committee ကို ဦးဆောင်သူလည်းဖြစ်ပါတယ်။
    ရဲတွေကတော့ ဘုန်းတော်ကြီး လုအန်ပုဣသရက ဇန်န၀ါရီ ၂၅-၂၆ နဲ့ ဇန်န၀ါရီ ၃၁ ကနေ ဖေဖော်ဝါရီ ၂ နေ့များမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက် ပွဲပျက်ပြားအောင် ပြုလုပ်ခဲ့တယ်လို့ တရားရုံးကို ပြောပြထားပါတယ်။ ထိုင်းဝန်ကြီးချုပ်ရုံးလက်အောက်မှာရှိတဲ့ အမျိုးသားဗုဒ္ဓဘာသာရုံးကလည်း ဘုန်းတော်ကြီး လုအန်ပုဣသရက ၀ိနည်းကိုဖောက်ဖျက်ပြီး ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါရုံးက အကယ်၍ ဘုန်းကြီး တစ်ပါးပါး ဟာ ရာဇ၀တ်မှုနဲ့ တရားအစွဲခံရရင်၊ တရားရုံးကလည်း အာမခံပေးဖို့ ငြင်းဆိုခဲ့တယ်ဆိုရင် အဲဒီဘုန်းကြီးကို လူဝတ်လဲစေဖို့ ဆောင်ရွက်ရမယ်အကြောင်း ဥပဒေပြဌာန်းထားတယ်လို့လည်း ဆိုပါတယ်။
    ထိုင်းနိုင်ငံဟာ အိမ်နီးချင်းမြန်မာနိုင်ငံနည်းတူ ထေရ၀ါဒဗုဒ္ဓဘာသာကိုးကွယ်သူအများစုရှိနေပြီး လူဦးရေရဲ့ ၉၅ ရာနှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။
    Ref: Huff Post Religion