News @ M-Media
Tag: thailand
  • တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း တရားစွဲခံရမည်
    တော်ဝင်အသိုင်းအ၀ိုင်းကို စော်ကားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း တရားစွဲခံရမည်
    အောက်တိုဘာ ၇၊ ၂၀၁၇
    M-Media
    – ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို တော်ဝင်မိသားစုအား စော်ကားမှု၊ ကွန်ပျူတာရာဇ၀တ်မှုများဖြင့် တရားစွဲဆိုသွားမည်ဟု ထိုင်းရှေ့နေချုပ်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး၊ တရားရုံးမှ ၎င်း၏ညီဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ကို ဒုတိယအကြိမ်ဖမ်းဝရမ်းထုတ်ပြီး နောက်တစ်ရက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
    ရှေ့နေချုပ် Khemchai Chutiwon က သက်ဆင်အနေဖြင့် တော်ဝင်အသိုင်းအ၀ိုင်းအား မည်ကဲ့သို့ စော်ကားခဲ့သည်ကို အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိချေ။
    “ဒီကိစ္စဟာ ရာဇ၀တ်မှုဖြစ်ပါတယ်။ အခုအချိန်မှာ ရှာဖွေဖမ်းဆီးဖို့ပဲ ကျန်ပါတော့တယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
    ၂၀၁၅ ခုနှစ် တောင်ကိုရီးယားမီဒီယာနှင့် အင်တာဗျူးတွင် သက်ဆင်၏ ဖြေကြားမှုအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး ရှေ့နေချုပ်၏ ယခုပြောကြားမှုမှာ ထိုကိစ္စအား ရည်ညွှန်းခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
    သက်ဆင်မှာ ထိုင်းနိုင်ငံရေးလောကကို ၁၀ စုနှစ်တစ်ခုကြာ ဦးဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြုတ်ကျပြီးနောက်ပိုင်း ထောင်ဒဏ်ကျခံရမည်ကို ရှောင်ရှားရန်အတွက် နိုင်ငံခြားတွင် နေထိုင်ခဲ့သည်။
    ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်ထရာမှာ သက်ဆင်၏နောက်ပိုင်းတွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဖြုတ်ချခြင်းခံခဲ့ရသည်။
    ထိုင်းတရားရုံးချုပ်မှာ ယင်းလပ်အား ၎င်းဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်စဉ် စပါးအမတော်ကြေး ကိစ္စအတွက် တရားစွဲဆိုကာ ပြီးခဲ့သည့်လတွင် ထောင်ဒဏ်ချမှတ်ခဲ့သည်။ သို့သော်လည်း ယင်းလပ်မှာ အမိန့်မချခင် ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီး လက်ရှိ ဒူဘိုင်းတွင် ရှိနေသည်ဟု သတင်းထွက်နေသည်။
    Ref : CNA
  • နတ်ရွာစံဘုရင် ဘူမိဘောအား ထိုင်းပြည်သူ ၁၂ သန်း လာရောက်ဂါရ၀ပြု
    နတ်ရွာစံဘုရင် ဘူမိဘောအား ထိုင်းပြည်သူ ၁၂ သန်း လာရောက်ဂါရ၀ပြု
    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media
    – ယမန်နှစ် အောက်တိုဘာလက ကံတော်ကုန်သွားခဲ့သည့် ထိုင်းဘုရင်ဘူမိဘော အဒူယာဒက်ကို အရိုအသေပေးရန်အတွက် ဘန်ကောက်ရှိ ဘုရင့်နန်းတော်သို့ နိုင်ငံ့လူဦးရေ၏ ၆ ပုံ ၁ ပုံဖြစ်သော လူ ၁၂ သန်းနီးပါး လာရောက်ခဲ့ကြသည်ဟု သိရသည်။
    အောက်တိုဘာ ၂၆ ရက်နေ့တွင် မီးသဂြိုဟ်မည်ဖြစ်သည့် ဘုရင်ကြီး၏ ရုပ်ကလပ်ကို ယမန်နေ့က နောက်ဆုံး ဂါရ၀ပြုခွင့် ပေးခဲ့ပြီး နန်းတော်အတွင်းဝင်ရောက်ရန် ချောင်ဖရာယာ မြစ်အနီး ဘန်ကောက်၏ သမိုင်းဝင်နေရာ လမ်းမပေါ်များ၌ လူထောင်ပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
    လူတန်းမှာ ၂ ကီလိုမီတာအထိ ရှည်လျားကြောင်း၊ ဗုဒ္ဓဟူးနေ့ကတည်းက တန်းစီနေခဲ့တာ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    “ကျွန်တော် ဒီကို ညနေ ၆ နာရီကတည်းက ရောက်နေတာပါ၊ မနက် ၇ နာရီလောက်မှာ ဂါရပြုခွင့် ရခဲ့ပါတယ်။ မနေ့ညက မိုးရေထဲမှာ စောင့်ခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဖခင်ကြီးကို မဖြစ်မနေ ဂါရ၀ပြုရမှာပါ” ဟု အသက် ၃၃ နှစ်အရွယ်ရှိသူ ဘန်ကောက်မြို့နေ Tossapon Thongmak က ပြောကြားခဲ့သည်။
    သက်တော် ၈၈ နှစ် ရှိသူ ထိုင်းဘုရင် ဘူမိဘောသည် ယမန်နှစ် အောက်တိုဘာက ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကို ဘုရင့်နန်းတော်ရှိ ရွှေခန်းမထဲ၌ ထားရှိသည်။
    Source : Reuters
  • ရခိုင်အရေး အနီးကပ်စောင့်ကြည့်နေပြီး အကူအညီများ ပေးပို့မည်ဟု ထိုင်းပြော
    ရခိုင်အရေး အနီးကပ်စောင့်ကြည့်နေပြီး အကူအညီများ ပေးပို့မည်ဟု ထိုင်းပြော
    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media
    ရခိုင်ပြည်နယ် မတည်ငြိမ်မှုကြောင့် ထွက်ပြေးလာရသူများ
    – ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို အကူအညီပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    မြန်မာနိုင်ငံတဲ့ပတ်သက်လို့ ရှားရှားပါးပါးထုတ်ပြန်တဲ့ ကြေငြာချက်ဖြစ်ပြီး ဒီကိစ္စတွေအတွက် စိုးရိမ်မိတယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ လောက်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ် မတည်ငြိမ်မှုတွေမှာ ရိုဟင်ဂျာ ၄ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ နေအိမ် မီးရှို့မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်နေပြီး ကုလ တာဝန်ရှိသူတွေက ‘လူမျိုးစုလိုက် သုတ်သင်မှု’ လို့တောင် စွပ်စွဲထားကြပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေ အားလုံးကို ပယ်ချထားပါတယ်။
    “ထိုင်းနိုင်ငံဟာ ရခိုင်ပြည်နယ်က အခြေအနေကို စိုးရိမ်မှုနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ တော်ဝင် ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကာကွယ်စောင့်ရှောက်ရေး အမြဲတမ်း အရေးတယူ ဆောင်ရွက်ခဲ့ပါတယ်” လို့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံသား တစ်သိန်းလောက် စခန်း ၉ ခုမှာ နေထိုင်မှုကို ရည်ညွှန်းပြီး ၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက မေးခွန်ထုတ်လာမှုကို တုန့်ပြန်တဲ့အနေနဲ့ ဒီလို ကြေငြာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
    အပြစ်မဲ့အရပ်သားတွေ သေဆုံးရတဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအားလုံးကို ရှုတ်ချတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပြီးခဲ့တဲ့တစ်ပတ်က ကြေငြာချက်ကို ထိုင်းနိုင်ငံကလည်း ထောက်ခံထားပါတယ်။
    ရခိုင်ပြည်နယ်က မတည်ငြိမ်မှု နောက်ဆက်တွဲကြောင့် ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တွေ မရှိသေးဘူးလို့ မနေ့က ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
    Ref: Reuters
  • တိုင်းပြည်မှပျောက်သွားသည့် ယင်းလပ် ဒူဘိုင်းတွင်ရှိဟု ထိုင်းပြော
    တိုင်းပြည်မှပျောက်သွားသည့် ယင်းလပ် ဒူဘိုင်းတွင်ရှိဟု ထိုင်းပြော
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    – ယခင်ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာမှာ လက်ရှိတွင် ဒူဘိုင်း၌ ခိုလှုံနေသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယနေ့တွင် ပြောကြားလိုက်သည်။
    ထိုင်း ဗဟိုတရားရုံးချုပ်က ယမန်နေ့တွင် ယင်းလပ်အား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
    ယင်းလပ် ပျောက်သွားကတည်းက သူမမှာ ဒူဘိုင်းသို့ ထွက်ပြေးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ၀န်ကြီးချုပ်က ယနေ့တွင် အတည်ပြုခဲ့သည်။
    “သူမ ဒူဘိုင်းမှာပါ။ လက်ရှိမှာ ရဲတပ်ဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) တို့နဲ့ ဆယ်သွယ်ကာ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ပရာယွတ်က ပြောကြားခဲ့သည်။
    ယင်းလပ်၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာမှာ ဒူဘိုင်းတွင် အိမ်ပိုင်ဆိုင်ထားသည်။
    Ref: CNA
  • မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးကို ထိုင်းဖမ်းဆီး
    မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးကို ထိုင်းဖမ်းဆီး
    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media
    မွတ်စလင်ဆန့်ကျင်ရေးဘုန်းကြီး Apichart Punnajanto
    – အစ္စလာမ်သာသနာကို စော်ကားတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
    ထိုင်းတောင်ပိုင်း ဆွန်ခလာပြည်နယ်က ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး ဒူဆစ် ပရွမ်ဆင်က ဘုန်းကြီးတစ်ပါးဖြစ်တဲ့ Apichart Punnajanto ကို ရာဇ၀တ်မှုနှိမ်နှင်းရေး ဌာနက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
    ဌာန တာဝန်ရှိသူတွေကတော့ ဒီလိုဖမ်းဆီးမှုဟာ အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုကြောင့် ဖြစ်တယ်လို့ ဆိုပြီး အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
    Apichart Punnajanto ဟာ မွတ်စလင်ဆန့်ကျင်ရေး စကားတွေ တော်တော်များများ ပြောဆိုသူဖြစ်ပြီး နိုင်ငံတောင်ပိုင်းမှာ မွတ်စလင်ခွဲထွက်ရေးသမားတွေက ဘုန်းကြီးတစ်ပါးကိုသတ်ရင် ဗလီတစ်လုံး ဖြိုရမယ်လို့ ပြောဆိုမှုကြောင့် သူ့ကို လူသိများလာတာဖြစ်ပါတယ်။
    Ref : Bangkokpost