News @ M-Media

Tag: US Muslims

  • တူရကီ၏ လူသားချင်းစာနာထောက်ထားမှုကို အမေရိကန် ထိပ်တန်းမွတ်စလင်အဖွဲ့ ဂုဏ်ပြု

    တူရကီ၏ လူသားချင်းစာနာထောက်ထားမှုကို အမေရိကန် ထိပ်တန်းမွတ်စလင်အဖွဲ့ ဂုဏ်ပြု

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    – ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုလျက် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှာ တူရကီမှ နှစ်စဉ် သန်းနှင့်ချီသော ဒုက္ခသည်များကို တံခါးဖွင့်ပေးမှုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    “ဒုက္ခသည်ကိစ္စနဲ့စပ်လျဉ်းပြီး သာဓကတစ်ခု ဖြစ်စေဖို့ပါပဲ။ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ တူရကီဟာ ဒုက္ခသည်တွေကို အမေရိကန်က နှစ် ၃၀ လက်ခံခဲ့တဲ့ အရေအတွက်ထက် ပိုပြီး လက်ခံခဲ့ပါတယ်” ဟု အမေရိကန်ဆိုင်ရာ တူရကီသံအမတ်ကြီး ဆာဒါရ် ကီလစ်က အောက်တိုဘာ ၁၈ ရက်နေ့တွင် Anadolu သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    CAIR ၏ ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ကီလစ်က လက်ခံရယူခဲ့သည်။

    တူရကီနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှစ၍ ဆီးရီးယား ဒုက္ခသည် ၂.၂ သန်းနှင့် အီရတ်ဒုက္ခသည် ၂ သိန်းခန့်ကို နိုင်ငံအတွင်း လက်ခံထားသည်။ ကီလစ်ကမူ မိမိတို့မှာ ဒုက္ခသည်များအား လူမျိုးနှင့် ဘာသာတရား မခွဲခြားဘဲ လက်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၄ နှစ်ကျော် ဆီးရီးယားတွင် စစ်ပွဲများ စဖြစ်ကတည်း ဒုက္ခသည်များအတွက် တူရကီက ကန်ဒေါ်လာ ၇.၆ ဘီလီယံကို သီးသန့်ဖယ်ကာ သုံးစွဲခဲ့သည်။

    “သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေရတဲ့ ဆီးရီးယားပြည်သူတွေကို တူရကီမှာရော၊ ဥရောပမှာပါ နိုင်ငံတကာအသိုင်းအ၀ိုင်းက မကူညီနိုင်ခဲ့ပါဘူး” ဟု သံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် မြင့်တက်လာသော ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

    ယခုကဲ့သို့ CAIR ၏ ဂုဏ်ပြုခံရမှုအတွက် ကျေးဇူးတင်မိကြောင်း၊ တူရကီနိုင်ငံနှင့် ပြည်သူများအပေါ် CAIR ၏ သဘောထားက ယခုဆုကို ပို၍ တန်ဖိုးတက်စေခဲ့ကြောင်း တူရကီဆိုင်ရာ အမေရိကန်သံအမတ် ကီလစ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • ကမ္ဘာ့ ဘာသာတရားများ ပါလီမန်ကို အမေရိကန်တွင် ကျင်းပ

    ကမ္ဘာ့ ဘာသာတရားများ ပါလီမန်ကို အမေရိကန်တွင် ကျင်းပ

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    us

    – ကမ္ဘာ့ဘာသာတရားများ ပါလီမန်ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ယူတာပြည်နယ် ဆော့လ်တ်လိတ်မြို့ရှိ Salt Palace ကွန်ဗန်းရှင်းစင်တာတွင် ကြာသာပတေးနေ့ ညနေပိုင်းက စတင်ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ဘာသာဝင်များ တက်ရောက်ခဲ့ကြသည်။

    “ဒီနေရာရဲ့ မူလပိုင်ရှင်တွေဖြစ်ကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ခွင့်ပြုမှု၊ ကျွန်တော့်ရဲ့နှလုံးသားက ထွက်ပေါ်လာတဲ့ မေတ္တာ၊ သနားကြင်နာမှု၊ ကျွန်တော်တို့ရဲ့ လူသားဆန်တဲ့ စိတ်ဓာတ်တွေကို ထင်ဟင်စေတဲ့ မျက်နှာပေါ်က အပြုံးတွေနဲ့အတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကို ဖွင့်လှစ်ကြောင်း ကြေငြာအပ်ပါတယ်” ဟု ပါလီမန်ကျင်းပရေး ဘုတ်အဖွဲ့ဥက္ကဌ အီမာမ် အဘ်ဒူလ်မာလစ် မူဂျာဟစ်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ကမ္ဘာပေါ်တွင် အကြီးဆုံး ဘာသာပေါင်းစုံဆွေးနွေးပွဲကြီးဖြစ်သော အဆိုပါ အခမ်းအနားသို့ နိုင်ငံပေါင်း ၈၀ ရှိ မတူညီသော ဘာသာတရား ၅၀ မှ ဘာသာရေးခေါင်းများနှင့် ဘာသာဝင် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

    ပါလီမန်၏ ခေါင်းစဉ်မှာ Reclaiming the Heart of Our Humanity (မိမိတို့၏ လူသားဆန်မှုနှလုံးသားအား ပြန်လည်ဖော်ထုတ်ခြင်း) ဟု အမည်ရပြီး ထိုပါလီမန်တွင် အမုန်းစကားများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများမှ အစပြုကာ စီးပွားရေး မညီမျှမှုများ၊ ဖြုန်းတီးမှုကို ဖြစ်စေသော နေထိုင်မှုများ၊ ရာသီဥတုပြောင်းလဲမှုများအထိ ဆွေးနွေးသွားမည်ဖြစ်သည်။

    ၁၈၉၃ ခုနှစ် ပါလီမန်စတင်ကျင်းပစဉ်က အမျိုးသမီး အနည်းငယ်သာ ပါဝင်ခဲ့သော်လည်း ယနေ့တွင်မှု ဟောပြောတင်ပြမည့်သူ အများစုမှာ အမျိုးသမီးများဖြစ်သည်ဟု အီမာမ် မူဂျာဟစ်က ဂုဏ်ပြုပြောကြားခဲ့သည်။

    တရားဝင်ကြိုဆိုမှု

    အဆိုပါ ပါလီမန်ကို ယူတာပြည်နယ် အုပ်ချုပ်ရေးမှူး ဂါရီ ဟာဘာ့တ်က တက်ရောက်လာသည့် ကိုယ်စားလှယ်များကို နှုတ်ဆက်ခဲ့ပြီး အဖွင့်မိန့်ခွန်းလည်း ပြောကြားခဲ့သည်။

    “ဒီကိုရောက်ရှိနေတဲ့သူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကြီးကျယ်တဲ့ ယူတာပြည်နယ်က အုပ်ချုပ်ရေးမှူးအဖြစ် ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကို ရောက်လာတဲ့ ခင်ဗျားတို့ကိုကြိုဆိုရတာ အလွန်ဝမ်းမြောက်မိပါတယ်။ ပြီးတော့ ဂုဏ်လည်းယူပါတယ်” ဟု ဟာဘာ့ဂ်က ပြောကြားခဲ့သည်။

    “ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှုအတွက် ကမ္ဘာကြီးက အတူတကွ လုပ်နိုင်တယ်ဆိုတာ ဒါက သာဓကပါပဲ။ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာအဖြစ် ပြုလုပ်ဖို့ ကြိုးစားကြတဲ့ ဘာသာပေါင်းစုံကလူတွေရဲ့ လုပ်ရပ်တွေကိုလည်း ကျွန်တော် လေးစားအားကျမိပါတယ်။ ပြီးတော့ ကမ္ဘာ့ဘာသာတရားများပါလီမန်ရဲ့ ရှုမြင်မှုကိုလည်း ကျွန်တော်တို့ သဘောကျပါတယ်”

    အဆိုပါ ပါလီမန်တွင် ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားကျော်ကြားသည့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

    ပထမဆုံး ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကို ၁၈၉၃ ခုနှစ်တွင် ချီကာဂို၌ ကျင်းပပြုလုပ်ခဲ့ပြီး အရှေ့နှင့် အနောက်မှ ဘာသာတရားများအကြား ပထမဆုံး တရားဝင်တွေ့ဆုံမှု ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့ဘာသာတရားများ ပါလီမန် ကောင်စီ CPWR ကို ဖွဲ့စည်းခဲ့ပြီး ၁၉၉၃ ခုနှစ်တွင်မူ ချီကာဂို၊ ကိပ်တောင်း၊ ဘာစီလိုနာနှင့် ၂၀၀၉ ခုနှစ်တွင် မဲလ်ဘုန်း၊ သြစတေးလျတို့၌ ပါလီမန်များ ကျင်းပခဲ့သည်။

    “ကမ္ဘာ့ဘာသာတရားများ ပါလီမန်ကောင်စီဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာရေးလူ့အဖွဲ့အစည်းတွေကြားထဲမှာ သဟဇာတဖြစ်မှုကို ဖန်တီးဖို့၊ တရားမျှတမှု၊ ငြိမ်းချမ်းပြီး၊ တည်ငြိမ်တဲ့ ကမ္ဘာကြီး ထူထောင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပါလီမန်၏ ရည်ရွယ်ချက်များကို ဖော်ပြရာ၌ ထည့်သွင်ပြောကြားခဲ့သည်။

    Ref: Onislam

  • လျှို့ဝှက်စောင့်ကြည့်မှု အစီအစဉ်အတွက် နယူးယောက်ရဲတပ်ဖွဲ့အား မွတ်စလင်များ တရားစွဲခွင့် ပြန်ရ

    လျှို့ဝှက်စောင့်ကြည့်မှု အစီအစဉ်အတွက် နယူးယောက်ရဲတပ်ဖွဲ့အား မွတ်စလင်များ တရားစွဲခွင့် ပြန်ရ

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    – ရာဇ၀တ်မှုဆိုင်ရာ သံသယဖြစ်ခြင်း မရှိဘဲ မွတ်စလင်များကို နယူးယောက် ရဲတပ်ဖွဲ့က လျှို့ဝှက် စောင့်ကြည့်မှုနှင့် ပတ်သက်၍ လူ့ခွင့်အရေးရှုထောင့်မှ မွတ်စလင်အသင်းအဖွဲ့များက တရားစွဲဆိုခြင်းမှာ မှန်ကန်သည်ဟု အမေရိကန် အယူခံရုံးက ယမန်နေ့တွင် ဆုံးဖြတ်လိုက်သည်။

    ၉/၁၁ တိုက်ခိုက်မှုပြီးနောက် နယူးယောက်ဒေသတစ်ဝှမ်း၌ ရဲတပ်ဖွဲ့ဝင်များမှာ မွတ်စလင်အသင်းအဖွဲ့များကို လျှို့ဝှက်စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် နယူးဂျာစီမှ အီမာမ်များ၊ စီးပွာရေးလုပ်ငန်းရှင်များနှင့် ကျောင်းသားများက ထိုကဲ့သို့ ထောက်လှမ်းခြင်းမှာ မိမိတို့အား ခွဲခြားခြင်း၊ အလုပ်အကိုင်များကို ခြိမ်းခြောက်ခြင်းနှင့် ဘာသာရေး ကျင့်သုံးမှုများကို ထိခိုက်စေခြင်းတို့ အပါဝင် အခြားသော ဆိုးကျိုးများ ရှိခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည်ဟုဆိုကာ နယူးယောက်ရဲတပ်ဖွဲ့အား ၂၀၁၂ ခုနှစ်တွင် တရားစွဲဆိုခဲ့သည်။

    သို့သော်လည်း နယူးဂျာစီပြည်နယ် နယူးအာ့က်မြို့မှ ခရိုင်တရားသူကြီး ၀ီလီယံ မာတီနီက ၂၀၁၄ ခုနှစ်တွင် အဆိုပါ တရားစွဲဆိုမှုကို ပယ်ချခဲ့ပြီး ထိုထောက်လှမ်းရေးအစီအစဉ်မှာ အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်းဖြစ်ကာ မွတ်စလင်ဆန့်ကျင်ရေးမဟုတ်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဖီလာဒဲလ်ဖီးယားရှိ အယူခံခုံရုံးကမူ ထိုအမှုအား ပြန်လည်ဆန်းစစ်ခဲ့ပြီး အကြမ်းဖက်တန်ပြန်ရေး အစီအစဉ်မှာ ၎င်းတို့၏ အခွင့်အရေးများကို ချိုးဖောက်သည်ဟု မှတ်ယူပါက တရားလိုများမှာ တရားစွဲဆိုခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

    “တစ်ခါတစ်လေမှာ အပ်နှင်းခြင်းခံထားရတဲ့အခွင့်ရေး အတင်းအကျပ်ပြုခံရပုံ ပေါ်လာတဲ့ အတွေ့အကြုံမျိုးကနေ ကျွန်တော်တို့ နားလည်ခဲ့တာက ကျွန်တော်တို့ဟာ အခြေခံဥပေဒက ပြဌာန်းထားတဲ့ အခွင့်အရေးအပေါ် ပိုပြီး အာရုံစိုက်ရမယ် ဆိုတာပါပဲ” ဟု အယူခံခုံရုံးမှ တရားသူကြီး သောမတ်စ် အမ်ဘရိုက တရားသူကြီး ၃ ဦး အဖွဲ့ထံ ပေးပို့သည့်စာတွင် ဖော်ပြထားပြီး ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်-ဂျပန်များ အကျယ်ချုပ် ခံထားရမှုကိုလည်း ထောက်ပြခဲ့သည်။

    နယူးယောက်မြို့ ဥပဒေရေးရာဌာနကမူ ထို ဆုံးဖြတ်ချက်အား သုံးသပ်နေသည်ဟု ပြောကြားခဲ့သည်။ အယူခံခုံရုံး၏ ဆုံးဖြတ်ချက်က အမှု၏ အကျိုးသတ်ရောက်မှုကို မဖြေရှင်းနိုင်သော်လည်း ပယ်ချခဲ့သည့် တရားသူကြီး မာတီနီထံသို့ အမှုအား ထပ်မံတင်သွင်းခွင့် ရမည်ဖြစ်သည်။

    “အခြေခံဥပဒေက မွတ်စလင်တွေကို ချွင်းချက်မထားပါဘူး” ဟု အခြေခံဥပဒေ အခွင့်အရေးဆိုင်ရာ စင်တာမှ ဥပဒေရေးရာ ဒါရိုက်တာ ဘဟာရ် အဇ်မီက ပြောကြားခဲ့သည်။

    ထိုအမှုမှာ နယူးယောက်ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ တရားစွဲဆိုထားသည့် အမှုများထဲမှ တစ်ခုလည်း ဖြစ်သည်။

    နယူးယောက် ပြည်သူ့လွတ်မြောက်ရေးသမဂ္ဂကလည်း ၂၀၁၃ ခုနှစ်တွင် နယူးယောက်ရဲတပ်ဖွဲ့အား ထိုအမှုဖြင့် တရားစွဲဆိုခဲ့ဖူးသည်။ ထို့ပြင် ထိုကဲ့သို့ လျှို့ဝှက်ထောက်လှမ်းမှုမှာ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုကို မည်ကဲ့သို့ စောင့်ကြည့်ရမည်ဆိုသည့် တရားရုံး၏ ကန့်သတ်ထားမှုအား ဖောက်ဖျက်သည်ဟုဆိုကာ လူ့အခွင့်အရေး ရှေ့နေများကလည်း မန်ဟက်တန် ဖက်ဒရယ်တရားရုံးတွင် နယူးယောက်ရဲတပ်ဖွဲ့အား တရားစွဲဆိုခဲ့သည်။

    တရားရုံးများ၏ မှတ်တမ်းများအရ ထိုတရားစွဲဆိုမှုနှစ်ခုစလုံးကို ဖြေရှင်းပြီးပြီဟု သိရသည်။

    Ref: Aljazeera

  • ၂၀၁၅ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး မွတ်စလင် ၅၀၀ တွင် အမေရိကန်မွတ်စလင်များ ပိုမိုပါဝင်

    ၂၀၁၅ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး မွတ်စလင် ၅၀၀ တွင် အမေရိကန်မွတ်စလင်များ ပိုမိုပါဝင်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    world

    – ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် သြဇာအလွှမ်းမိုးဆုံး မွတ်စလင် ၅၀၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ အမေရိကန်မှ မွတ်စလင်များမှာ အခြားနိုင်ငံများထက် ထိပ်ပိုင်းတွင် ပိုမိုပါဝင်နေပြီး အမေရိကန်မွတ်စလင်များ၏ အောင်မြင်မှုကို ထင်ဟပ်နေခြင်းလည်း ဖြစ်သည်။

    “ဒီစာရင်းဟာ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ယနေ့ရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့ ရှေ့ဆောင်အောင်မြင်မှုတွေအပေါ် မီးမောင်းထိုးပြဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” ဟု ထို ထုတ်ပြန်မှု၏ နိဒါန်းတွင် ဖော်ပြထားသည်။

    ၂၀၁၂ ခုနှစ်မှစ၍ ထိုစာရင်းတွင် အမေရိကန်မွတ်စလင်များမှာ အခြား မွတ်စလင်အများစုရှိရာ နိုင်ငံများထက် ပိုမို၍ ပါဝင်လေ့ရှိပြီး ပါကစ္စတန်မှ ၃၃ ဦး၊ ဆော်ဒီမှ ၃၂ ဦး၊ အီဂျစ်မှ ၂၇ ဦးနှင့် ယူကေမှ ၂၇ ဦးရှိနေချိန်တွင် အမေရိကန်က အနည်းဆုံး ၄၀ ဦးခန့် ပါဝင်နေတတ်သည်။

    သို့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့ထိပ်တန်း မွတ်စလင် ၅၀ စာရင်းတွင် Zaytona ကောလိပ်ကို ပူးတွဲတည်ထောင်သူ ရှိခ် ဟမ်ဇာ ယူစွဖ် ဟန်ဆန်၊ ဂျော့ဝါရှန်တန်တက္ကသိုလ်မှ အစ္စလာမ့်ရေးရာပါမောက္ခ ဆယဒ် ဟိုစိန် နဆာရ်တို့ကဲ့သို့ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ထားသော အမေရိကန်မွတ်စလင်များသာ ပါဝင်လေ့ရှိကြသည်။

    ဂျော်ဒန် တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Royal Islamic Strategic Studies Center မှ ၇ ကြိမ်မြောက်ထုတ်ပြန်သည့် ယခုနှစ်စာရင်း၏ ထိပ်ဆုံး ၅၀ နေရာတွင်မူ အမေရိကန်မွတ်စလင်များက ၇ ဦးအထိ ရှိလာခဲ့ပြီး မျက်နှာသစ် ၃၃ ဦး ပါဝင်လာသည်။

    သြဇာလွှမ်းမိုးသော မွတ်စလင်အဖြစ် ရွေးချယ်ရာတွင် ထိုစင်တာမှာ မွတ်စလင်ကမ္ဘာအတွက် ထူးခြားသည့် အကျိုးသက်ရောက်မှုကို ဆောင်ရွက်ပေးနိုင်သောသူဟူသော စံဖြင့် သတ်မှတ်ခြင်းဖြစ်သည်။

    Notre Dame တက္ကသိုလ်မှ အစ္စလာမ့်ရေးရာ ပါမောက္ခ အီဗရာဟင်မ် မူဆာကမူ ၎င်းမှာ ထိုစာရင်းတွင် ၅ နှစ်ကြာ ကင်းကွာနေရာမှ ယခုကြိမ်တွင် ပြန်လည်ပါဝင်လာခဲ့သည်ဟု ပြောကြားခဲ့သည်။

    “အမေရိကန်မွတ်စလင်တွေက ပိုပြီး သြဇာသက်ရောက်မှုရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေက အမေရိကန်မွတ်စလင်တွေရဲ့ အောင်မြင်မှုကို ကြည့်ကြတာပါ” ဟု ပါမောက္ခ မူဆာက ဆိုသည်။

    Royal Islamic Strategic Studies Center ရှိရာ The Royal Aal al-Bayt Institute for Islamic Thought အဖွဲ့မှာ အစိုးရမဟုတ်သည့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ဂျော်ဒန်ဘုရင့်နိုင်ငံမြို့တော် အမ်နန်တွင် ရုံးစိုက်သည်။

    သြဇာလွှမ်းမိုးသော မွတ်စလင်များစာရင်းကို နှစ်စဉ်ထုတ်ပြန်ခြင်းမှာ မွတ်စလင်ကမ္ဘာအား ဦးဆောင်နေကြသူများနှင့် ကိုင်လှုပ်နေကြသူများကို မြင်လာစေရန်၊ မွတ်စလင်များ၏ ကမ္ဘာကြီးအား အကျိုးပြုမှုနှင့် ယနေ့ခေတ် ပြည်သူများမှာ မွတ်စလင်များအဖြစ် မည်ကဲ့သို့ ညီညွတ်စွာ နေထိုင်သည်ကို ပြသခြင်းလည်း ဖြစ်သည်။

    Ref: Onislam

  • အမေရိကန်ရှိ ချက်ပဲဟေးလ်မြို့တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်တော့မည်

    အမေရိကန်ရှိ ချက်ပဲဟေးလ်မြို့တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖွင့်လှစ်တော့မည်

    အောက်တိုဘာ ၈၊ ၂၀၁၅
    M-Media

    us

    – မြင့်တက်လာသော အစ္စလာမ်ဘာသာဝင် အရေအတွက်နှင့်အတူ ၎င်းတို့၏ ဘာသာရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးလ်မြို့တွင် ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို လာမည့် သီတင်းပတ်အနည်းငယ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် မွတ်စလင်များ၏ အိပ်မက်များမှာလည်း အကောင်အထည် ပေါ်လာတော့မည်ဖြစ်သည်။

    “မတူညီတဲ့ ဘာသာတရားတွေကို ကြိုဆိုမှုကြောင့် ချက်ပဲလ်ဟေးလ်က ကျော်ကြားပါတယ်။ ဗလီဝတ်ကျောင်းတော်ဟာ မွတ်စလင် လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့အရာတစ်ခုပါ။ အနီးဆုံး ဗလီဝတ်ကျောင်းတော်က ဒူရ်ဟမ်မြို့မှာ ရှိပါတယ်။ တစ်ချို့ဆိုရင် ရာလေးလ်မြို့အထိ သွားရပါတယ်” ဟု ချက်ပဲဟေးလ် အစ္စလာမ့်လူ့အဖွဲ့စည်း CHIS မှ အတွင်းရေးမှူး ဆိုဟေးလ်ခန်းက Daily Tarheel သို့ အောက်တိုဘာ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    မြို့အတွင်း၌ ခရစ်ယာန်ဘုရားကျောင်း ၅၀ ကျော်ရှိပြီး၊ ဂျူးဘုရားကျောင်းတစ်ခုနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၂ ကျောင်းလည်း ရှိလေသည်။ သို့သော်လည်း ဗလီဝတ်ကျောင်းတော် မရှိသည့်အတွက် ချက်ပဲဟေးလ်မှ မွတ်စလင်များမှာ မိမိတို့အိမ်တွင် ၀တ်ပြုခြင်း၊ အခြားမြို့သို့ သွားရောက်၍ ၀တ်ပြုခြင်းနှင့် မွတ်စလင်များ တစ်နေရာတွင် တွေ့ဆုံကာ ၀တ်ပြုရခြင်း စသဖြင့် ၎င်းတို့၏ နေ့စဉ် ဘာသာရေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေရသည်။

    “ဒူရ်ဟမ်မှာ ဗလီသုံးလုံး ရှိပါတယ်။ ကျွန်တော့်မှာ ကားရှိတဲ့အတွက်ကြောင့် ကျွန်တော်က အဲဒီကို သွားလို့ရပါတယ်” ဟု မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်တွင် အဟာရဗေဒ အထူးပြုဖြင့် ပညာသင်ကြားနေသော အိုမာရ် ရဇက်က ပြောကြားခဲ့သည်။ ရဇက်မှာ ငယ်ရွယ်စဉ်ကတည်းက ဒူရ်ဟမ်မြို့သို့ သွားရောက်၍ ၀တ်ပြုခဲ့သူဖြစ်သည်။

    “ကျောင်းက တစ်ချို့ကျောင်းသားတွေဟာ ကားမရှိဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် ဗလီမရှိတာဟာ သူတို့အတွက် ထိခိုက်မှုရှိပါတယ်”

    မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်တစ်ခုရှိပြီး နေ့စဉ် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်သည်။ သောကြာနေ့ဝတ်ပြုမှုကိုလည်း ထိုဝတ်ပြုဆောင်တွင်ပင် ပြုလုပ်လေ့ရှိသည်။

    စိန်ခေါ်မှုများ

    ချက်ပဲဟေးလ်တွင် ဗလီဝတ်ကျောင်းတော် ရရှိရေးကို ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး CHIS မှာ အိပ်ခန်းလေးခန်းပါ အိမ်တစ်လုံးနှင့် မြေ ၁ ဧက အကျယ်ရှိ ခြံဝန်းတစ်ခုကို ၀ယ်ယူကာ ၀တ်ပြုရာနေရာ ပြုလုပ်ရန်အတွက် ဆောင်ရွက်ခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် ချက်ပဲဟေးလ် အိမ်ယာစီမံကိန်းကော်မရှင်က ထိုမြေနေရာအား အပြောင်းအလဲအနည်းငယ် ပြုလုပ်၍ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် ခွင့်ပြုခဲ့သည်။

    “ဒါက လိုအပ်တာထက်ပိုကြာတဲ့ လုပ်ငန်းစဉ်ပါပဲ။ တကယ်တော့ ၂၀၁၄ ခုနှစ် ဇွန်လမှာ ကျွန်တော်တို့ကို ကနဦး ခွင့်ပြုခဲ့ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းကို ချက်ခြင်း လုပ်ခွင့်ပေးသေးပါဘူး။ နောက်ထပ် ခွင့်ပြုချက်ကလေးတွေ ထပ်ယူရသေးပြီး တစ်နှစ်လောက်ကြာမှ ဆောက်လုပ်ခွင့်ပါမစ် ပေးပါတယ်” ဟု ခန်းက ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန်အတွက် ရန်ပုံငွေရှာဖွေမှုမှာ ချက်ပဲဟေးလ်မွတ်စလင်များအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့သည်။

    “ဒီလိုပြောင်းလဲမှုတွေအားလုံးဟာ အချိန်တွေ၊ ငွေတွေ သိသိသာသာ ကုန်ကျခဲ့ပါတယ်။ ကျွန်တော်တို့က လူနည်းတယ်။ ငွေရဖို့ဆိုတာ ကျွန်တော်တို့အတွက် အမြဲတမ်း စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်”

    ထို့နောက် အလှူငွေများကို ကောက်ခံခဲ့ကာ ကန်ဒေါ်လာ ၁၅၀၀၀၀ အထိ ရရှိခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်နိုင်ခဲ့သည်။ အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုမှာ လာမည့် နိုဝင်ဘာလတွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။

    ချက်ပဲဟေးလ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက မွတ်စလင် ပရဟိတသမားများဖြစ်သော ဒီယာ ရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီး မိုဟာမက် အဘူဆလ်ဟာနှင့် ဆလ်ဟာ၏ ညီမဖြစ်သူ ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့မှာ သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်။

    Ref: Onislam