News @ M-Media

Tag: US Muslims

  • ကယ်လီဖိုးနီးယားပစ်ခတ်မှုအတွင်း ထိခိုက်သူများအတွက် အမေရိကန်မွတ်စလင်များက ရန်ပုံငွေ လှူဒါန်း

    ကယ်လီဖိုးနီးယားပစ်ခတ်မှုအတွင်း ထိခိုက်သူများအတွက် အမေရိကန်မွတ်စလင်များက ရန်ပုံငွေ လှူဒါန်း

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    muslims

    – ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနို ပစ်ခတ်ခံရမှုအတွင်း ထိခိုက်ခံစားခဲ့ရသူများ၏ မိသားစုဝင်များအတွက် အမေရိကန်မွတ်စလင်အဖွဲ့များက ရန်ပုံငွေ ဒေါ်လာ တစ်သိန်းကျော် ကောက်ခံလှူဒါန်းပေးခဲ့သည်ဟု LA Times သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဆန်ဘာနာဒီနို မွတ်စလင်အသင်းက ကမကထပြုကာ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဖလော်ရီဒါ၊ မီရှီဂန်၊ အိုဟိုင်းယိုး၊ တန်နက်ဆီ ပြည်နယ်များအပါအ၀င် နိုင်ငံတစ်ဝန်းရှိ မွတ်စလင်အလှူရှင်ပေါင်း တစ်ထောင်ကျော်မှ လေးရက်အတွင်း ဒေါ်လာတစ်သိန်းကျော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုအတွင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    ကောက်ခံရရှိသည့် အဆိုပါ ရန်ပုံငွေများကို သေဆုံးသူများ၏ နာရေးစားရိတ်နှင့် မိသားစုဝင်များ၏ အခြားသောလိုအပ်သည်များကို ကူညီထောက်ပံ့ရန်အတွက် ဆန်ဘာနာဒီနို အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် လွှဲပြောင်းပေးအပ်မည်ဟု ကယ်လီဖိုးနီးယားတောင်ပိုင်း ထိပ်တန်း ပရဟိတအဖွဲ့ဖြစ်သော MiNDS ၏ ဥက္ကဌ ဖိုင်ဆယ်ကာဇီကပြောကြားခဲ့သည်။

    “လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ လူ့အဖွဲ့အစည်းက ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အမေရိကန်မွတ်စလင်တွေဟာ ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်’ ဟု အသက် ၄၁ နှစ် အရွယ်ရှိ ကာဇီက ထပ်လောင်းပြောကြားခဲ့သည်။

    “နောက်ထပ် ခင်ဗျားတို့မြင်တွေ့လာရမှာက အမေရိကန်မွတ်စလင်တွေရဲ့ လာမယ့် မျိုးဆက်တွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်သမျှကို စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်လာမှာကိုပဲ ဖြစ်ပါတယ်”

    ကယ်လီဖိုးနီးယားတောင်ပိုင်း အစ္စလာမ့်ရှုရာကောင်စီမှ ဥက္ကဖြစ်သူ မူဇမ်မီလ် ဆစ်ဒီကီကလည်း မွတ်စလင်အဖွဲ့များ၏ ထိုကဲ့သို့ ရန်ပုံငွေကောက်ခံလှူဒါန်းမှုကို ချီးကျူးခဲ့ပြီး မွတ်စလင်အားလုံးကလည်း ပါဝင်ကူညီကြရန် တိုက်တွန်းခဲ့သည်။

    “ဆန်ဘာနာဒီနိုက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေ ထိခိုက်ခံစားခဲ့ရမှုအတွက် ကျွန်တော်တို့ ၀မ်းနည်းပါတယ်။ ကျွန်တော်တို့ဟာ စာနာမှုတွေ၊ ၀မ်းနည်းကြောင်းပြောဆိုမှုတွေသာမက တကယ့်ကြင်နာမှုတွေ မေတ္တာတွေကိုလည်း ပြသသင့်ပါတယ်” ဟု ဆစ်ဒီကီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: IINA

  • မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချီကာဂိုရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ ရှုတ်ချ

    မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချီကာဂိုရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ ရှုတ်ချ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    us

    – ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် မြင့်တက်လာသည့် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ချီကာဂိုတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ကန့်ကွက် ရှုတ်ချလိုက်သည်ဟု သိရသည်။

    “ဘာသာရေးလူ့အဖွဲ့အစည်းအားလုံးက အဖွဲ့ဝင်တွေအပေါ်မှာ ပြုလုပ်တဲ့ လူမျိုးရေးခွဲခြားမှုလုပ်ရပ်၊ အပြုအမူတွေကို ဆန့်ကျင်ကြဖို့ ချီကာဂိုဒေသက လူတိုင်းကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အထူးသဖြင့် ကျွန်တော်တို့သမိုင်းရဲ့ အခုအချိန်မှာ မွတ်စလင်တွေအပေါ် ဖြစ်ပျက်နေတာတွေပါ” ဟု ချီကာဂိုမြို့ ဘာသာရေးခေါင်းဆောင်များ ကောင်စီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်တွင် နိုင်ငံအတွင်းရှိ မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် ဆန့်ကျင်မှုများ၊ ခွဲခြားမှုများ မကြုံစဖူး မြင့်တက်လာမှုများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကိုလည်း လူ့အခွင့်အရေးအဖွဲ့ဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

    “ပြောင်းရွှေ့အခြေချသူတွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှု၊ ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအကို၊ မောင်နှမတွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ လူမည်းလူ့အဖွဲ့အစည်းက ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေ – ဒါတွေအားလုံဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် လက်မခံနိုင်စရာ ပုံစံတွေပါပဲ” ဟု ခရစ်ယာန် သိက္ခာတော်ရ ဆရာတော် ပေါလ် ရတ်ဂါက ပြောကြားခဲ့သည်။ ထို့ပြင် ကြောက်ရွံ့မှုနှင့် အမုန်းတို့မှ ပေါ်ထွက်လာခဲ့သည့် အဆိုပါကိစ္စများတွင် ကြံရာပါ ဖြစ်ခြင်းမှာလည်း ကံဆိုးသည့် နောက်ဆက်တွဲများဆီသို့ ဦးတည်သွားနိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဘာသာရေးခေါင်းဆောင်များ ကောင်စီကလည်း အဆိုပါ အခမ်အနားတွင် အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မွတ်စလင်များကို လေးစားသောအားဖြင့် အမုန်းမီးတောက်စေမည့် ပြောကြားမှုများကို ရပ်တန့်ကြရန် တစ်ဦးတစ်ယောက်ချင်းနှင့် နိုင်ငံရေးခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

    ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းများဖြစ်မည်ဟု ရေပန်းစားနေသည့် ဒေါ်နယ်ထရမ့်နှင့် ဘင်ကာဆန်တို့မှာ ၎င်းတို့၏ မိန့်ခွန်းများတွင် မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များကို ပေးခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ပဲရစ်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတစ်ဦးမှာ ဆီးရီးယားမှ ၀င်လာသည့် ဒုက္ခသည်ဟု အမေရိကန်သတင်းမီဒီယာများက မှားယွင်းထုတ်လွှင့်ခဲ့ပြီးနောက် အမေရိကန်ရှိ ပြည်နယ်အချို့မှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ပြည်နယ်များတွင် ဆီးရီးယားဒုက္ခသည်များကို လက်မခံတော့ဟု ကြေငြာခဲ့သည်။

    ဘာသာရေးခေါင်းဆောင်များကောင်စီ ဥက္ကဌ မိုက်ကယ် ဘလင့်စကီကမူ ဆီးရီးယားဒုက္ခသည်များအတွက် ဗဟိုအစိုးရ၏ စီစစ်မှုလုပ်ငန်းစဉ်ကို လက်ခံရန် တိုက်တွန်းခဲ့သည်။

    Ref: IINA News

  • ကမ္ဘာ့ ထိပ်တန်းကဗျာပြိုင်ပွဲတွင် အမေရိကန်မွတ်စလင် လူငယ်အမျိုးသမီးတစ်ဦး ဗိုလ်စွဲ

    ကမ္ဘာ့ ထိပ်တန်းကဗျာပြိုင်ပွဲတွင် အမေရိကန်မွတ်စလင် လူငယ်အမျိုးသမီးတစ်ဦး ဗိုလ်စွဲ

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    us

    – ကမ္ဘာကျော် ယေးလ်တက္ကသိုလ်မှ မွတ်စလင်ကျောင်းသူတစ်ဦးမှာ ကမ္ဘာ့ အကျော်ကြားဆုံး ကဗျာပြိုင်ပွဲများမှ တစ်ခုဖြစ်သည့် Individual World Poetry Slam Championship (iWPS) ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    “ကျွန်မ မိန်းမော တွေဝေသွားပါတယ်။ ယုံတောင်မယုံနိုင်ပါဘူး” ဟု ဆုရရှိသူစာရင်း ကြေငြာပြီးနောက်တွင် အင်မ်သီသဲလ် မဟ်မူးဒ်က ပြောကြားခဲ့သည်။

    နှစ်စဉ် ကျင်းပလေ့ရှိပြီး ၄ ရက်တာကြာမြင့်သည့် အဆိုပါ ကဗျာပြိုင်ပွဲကို Beltway Poetry Slam နှင့် Poetry Slam Inc တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ အတော်ဆုံးကဗျာဆရာများကို ဆွဲဆောင်နိုင်သည့် ပြိုင်ပွဲလည်းဖြစ်သည်။

    ယခုနှစ်ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးလည်း ဖြစ်ခဲ့သည်။

    iWPS ပြိုင်ပွဲတွင် ကဗျာပြိုင်ပွဲကို အဓိကထား ယှဉ်ပြိုင်စေခဲ့ပြီး ပါင်ယှဉ်ပြိုင်သူ ကဗျာဆရာများနှင့် ထင်ရှားသည့် ကဗျာဆရာကြီးများ ပါဝင်ကာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးခဲ့သည်။

    ချန်ပီယံဖြစ်ခဲ့သည့် မဟ်မူးဒ်မှာ ဆူဒန်နိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး လေးဘက်သွား အရွယ် ၁၉၉၈ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ သူမမှာ ငယ်ငယ်ကတည်းက ကဗျာစာပေကို ၀ါသနာပါခဲ့ပြီး လက်တင်ယဉ်ကျေးမှုစင်တာအောက်တွင် ရှိသည့် iOYe! ကဗျာရွတ်ဆိုအဖွဲ့သို့ ၀င်ရောက်ခဲ့သည်။

    “ကျွန်မရဲ့ အနုပညာစွမ်းရည်ကို တိုးတက်စေမယ့်၊ လူ့အဖွဲ့အစည်းအတွက် ကဗျာတွေ ရေးသားလို့ရမယ့် နေရာတစ်ခု ကျွန်မ လိုအပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မဟာ Oye ကို တွေ့ခဲ့တာပါပဲ” ဟု မဟ်မူးဒ်က ပြောကြားခဲ့သည်။

    ထိုအဖွဲ့သို့ ၀င်ရောက်ပြီးနောက် ဂီတဘာသာရပ်ဖြင့် ပီအိက်ခ်ျဒီ တက်ရောက်နေသည့် နည်းပြ အလီစီယာ ဟာရစ်၏ လမ်းညွှန်မှုဖြင့် မဟ်မူးဒ်မှာ Yale Slam Team ကဗျာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ နောက်ဆုံးတွင် Oye အဖွဲ့တွင် တွဲဖက် အနုပညာဒါရိုက်တာ ဖြစ်လာခဲ့ပြီး Slam Team တွင်လည်း ဟားရစ်နှင့်တွဲကာ နည်းပြလုပ်ခဲ့သည်။

    “ကျွန်မ သိပ်ကိုကြိုက်နှစ်သက်တဲ့ အဆင့်ပါပဲ။ အလီဆီယာဟာ ကြီးကျယ်တဲ့အရာတွေကို ဆောင်ရွက်ပါတယ်။ ကျွန်မ အဲဒီမှာ သင်ယူခဲ့တယ်။ တိုးတက်ခဲ့တယ်။ ပြီးတော့ စာရွက်ပေါ်အထိ ကျွန်မရဲ့ကဗျာတွေ ရောက်ခဲ့ပါတယ်”

    ခံစားရမှုများ

    iWPS ကဗျာပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နေစဉ်တွင် ဆူဒန်နိုင်ငံရှိ အဖွားဖြစ်သူမှာ ကွယ်လွန်သွားခဲ့ပြီး မိခင်ကမူ ဈာပနကို မသွားခိုင်းခဲ့ဘဲ အဖွားမှာ ၎င်းအား ပြိုင်ပွဲ၌ပင် ပြီးဆုံးအောင် ရှိနေစေချင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    ပြိုင်ပွဲ၌ သူမ သီကုံးရွတ်ဆိုခဲ့သော ကဗျာများတွင် “ငါတို့လိုလူများ” (People Like Us) နှင့် “ကျည်ဆံတွေ” (Bullets) ဟူသော ကဗျာနှစ်ပုဒ်လည်း ပါဝင်ခဲ့ပြီး ထိုကဗျာများမှာ စစ်ဒဏ်ခံခဲ့ရသော ဆူဒန်နိုင်ငံ ဒါဖာရ်မြို့အကြောင်းကို ဖော်ကျူးထားသည့် ကဗျာများဖြစ်သည်။

    ထိုပြင် “နှလုံးသားကို ဆီးတားရန် နည်းလမ်း ၁၆ သွယ်” ဟူသော ကဗျာ၌လည်း သူမက အခြားသော ဆူဒန်ပြည်သူများ ဒုက္ခသည်နေသည့်အချိန်တွင် မိမိမှာ ဒုက္ခသည်အဖြစ် အမေရိကန်သို့ လာရောက်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ခံစားရမှုကို ဂရုဏာသက်ဖွယ် စပ်ဆိုထားသည်။

    iWPS ကဗျာပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး ရရှိခဲ့သည့် အတွေ့အကြုံများအရ ကဗျာသီကုံးခြင်းမှာ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ ရရှိသည်ကို သိရှိလာရသည်ဟု မဟ်မူးဒ်က ပြောကြားခဲ့သည်။

    Ref: Onislam

  • အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်သွားမည်ဟု အမေရိကန်သမ္မတလောင်း ကတိပြု

    အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်သွားမည်ဟု အမေရိကန်သမ္မတလောင်း ကတိပြု

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    us

    – ဗားမောင့်ဒေသ၏ အထက်လွှတ်တော် အမတ်ဖြစ်ပြီး ဒီမိုကရက်တစ်ကိုယ်စားပြု သမ္မတလောင်းဖြစ်သည့် ဘာရ်နီ ဆန်ဒါးရ်က မိမိအနေဖြင့် အစ္စလာမ်ကြောက်ရောဂါနှင့် အခြားသော လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးကို အဆုံးသတ်စေမည်ဟု ကတိပြု ပြောကြားလိုက်သည်။

    “လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ဒီလိုပြောကြားမှုမျိုးဟာ လေးစားစရာပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သမ္မတနေရာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း လက်တစ်ဆုပ်စာကသာ အစ္စလာမ်ကြောက်ရောဂါကို လူသိရှင်ကြား ရှုတ်ချကြတာပါ” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ အစိုးရေးရာ မန်နေဂျာ ရောဘတ် မက်ကောက အဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    “အစ္စလာမ်ကြောက်ရောဂါနဲ့ လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးကို အမြစ်ဖြတ်သုတ်သင်ရာမှာ အတူတကွ ရပ်တည်သွားမယ်လို့ သန္ဓိဌာန်ချဖို့ ဘာရ်နီ ဆန်ဒါးရ်ရဲ့ ဆန္ဒရှိမှုဟာ သိပ်ကို လေးစားလောက်စရာပါပဲ”

    ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်ရှိ ဂျော့မက်ဆန် တက္ကသိုလ်တွင် ပြုလုပ်သော ဟောပြောပွဲတွင် ဆန်ဒါးရ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရီပက်ဘလစ်ကန်ပါတီမှ သမ္မတနေရာ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ ဘန် ကာဆင်က အမေရိကန်သမ္မတမှာ မွတ်စလင်မဖြစ်သင့်ဟူသော ပြောကြားမှုကို တုန့်ပြန်သောအားဖြင့် ၎င်း၏ ထိုဟောပြောပွဲတွင် ဂျော့ မက်ဆန် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသူ ရီမက်ဇ် အဘ်ဒဲလ်ဂေဒါကို စင်ပေါ်လာရောက် စကားပြောရန် ဖိတ်ခ်ါခဲ့သည်။

    အဘ်ဒဲလ်ဂေဒါကလည်း အစ္စလာမ်ကြောက်ရောဂါမှာ သမ္မတရွေးကောက်ပွဲတွင် မည်မျှ သက်ရောက်မှုရှိနေသည်ကို ဖွင့်ချခဲ့သည်။

    “အမေရိကန်တစ်ယောက်ဖြစ်ရာတာဟာ ကျွန်မ အမှတ်သညာရဲ့ ခိုင်မာတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူ့အဖွဲ့အစည်းမှာ အပြောင်းအလဲကို ကျွန်မ ဖန်တီးချင်ပါတယ်။ တစ်နေ့နေ့မှာ ကျွန်မ သမ္မတ မဖြစ်နိုင်ဘူးလို့ ပြောတာကို ကြားရတဲ့အတွက်လည်း ကျွန်မ အရမ်းစိတ်ကုန်နေပါပြီ။ အဲဒီလိုပြောဆိုတာတွေက ကျွန်မကို မကျေမနပ် ဖြစ်စေပါတယ်။ ဒါဟာ ကျွန်မတိုင်းပြည်ပါ” လို့ အဘ်ဒဲလ်ဂေဒါက ပြောကြားခဲ့သည်။

    ဆန်ဒါးရ်ကလည်း “တကယ်လို့ မားမားမတ်မတ် ရပ်တည်ရမယ့် အရာတွေကို ကျွန်တော်တို့ အတူတကွ ရပ်တည်ကြမယ်ဆိုရင် ဒီတိုင်းပြည်မှာ လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးကို ကျွန်တော်တို့ အဆုံးသတ်နိုင်မှာပါ။ ဒါက သမ္မတဖြစ်ရေး အားထုတ်မှုကို ဦးတည်သွားပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ ဟန့်တားဆောင်ရွက်သွားမည်ဟု ဆန်ဒါးရ်၏ ယခုပြောကြားမှုမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ နာရီတီထွင်မှုကို ဗုံးလုပ်သည်ဟုဆိုကာ အဖမ်းခံခဲ့ရသည့် အသက် ၁၄ နှစ်အရွယ် အမေရိကန်မွတ်စလင်လူငယ်လေး အဟ်မဒ်ကိစ္စတွင်လည်း ဆန်ဒါးရ်က Twitter စာမျက်နှာမှတစ်ဆင့် “မွတ်စလင်ဆန့်ကျင်ရေး အယူသည်းမှုတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရပါမယ်” ဟု ရေးသားခဲ့သည်။

    CAIR မှ မက်ကောကမူ ရီပက်လစ်ကန်ကိုယ်စားပြု၍ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် ဒေါ်နယ် ထရမ့်နှင့် ဘင် ကာဆင်တို့အနေဖြင့်လည်း ထိုကဲ့သို့ အစ္စလာမ်ကြောက်ရောဂါကို ဆန့်ကျင်ရှုတ်ချရန် တိုက်တွန်းခဲ့သည်။

    Ref: Onislam

  • ဗုံးလုပ်သည်ဟု စွပ်စွဲခံရသူ အမေရိကန်မွတ်စလင်လူငယ် အဟ်မဒ် အိမ်ဖြူတော် အခမ်းအနားသို့ တက်ရောက်

    ဗုံးလုပ်သည်ဟု စွပ်စွဲခံရသူ အမေရိကန်မွတ်စလင်လူငယ် အဟ်မဒ် အိမ်ဖြူတော် အခမ်းအနားသို့ တက်ရောက်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    – အိမ်တွင်းဖြစ်နာရီ တီထွင်မှုအား ဗုံးလုပ်သည်ဟု စွပ်စွဲခံရကာ အဖမ်းခံခဲ့ရသည့် အမေရိကန်မွတ်စလင်လူငယ်လေး အဟ်မဒ်မှာ တနင်္လာနေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော Astronomy Night အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

    “စူးစမ်းလေ့လာလိုစိတ်ရှိပြီး အလားအလာကောင်းတဲ့ တောက်မယ့်မီးခဲလေးတွေကို ကျွန်တော်တို့ဟာ စောင့်ကြည့်၊ ပျိုးထောင်ပေးရမှာဖြစ်ပြီး သူတို့ကို ဖိနှိပ်တာမျိုး၊ တားမြစ်ပိတ်ပင်တာမျိုး လုပ်ရမှာ မဟုတ်ပါဘူး။ (ဒီလိုဖိနှိပ်တာမျိုးဟာ) လူငယ်တွေရဲ့ အနာဂတ်အတွက်သာ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အနာဂတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်” ဟု သမ္မတ ဘာရက်အိုဘားမားက အဆိုပါ အခမ်းအနားမိန့်ခွန်းတွင် အဟ်မဒ်၏ ကိစ္စကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    အသက် ၁၄ နှစ်အရွယ် အဟ်မဒ်နှင့် အိုဘားမားတို့မှာ ထိုအခမ်းအနားတွင် တွေ့ဆုံစကားပြောဆိုခဲ့ကြသည်။ Astronomy Night အခမ်းအနားကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး နာဆာမှ သိပ္ပံပညာရှင်များ၊ အာကသပညာရှင်များ၊ ကျောင်းသားများ၊ ဆရာများနှင့် အခြားသော နာမည်ကြီး ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

    တက္ကဆက်ပြည်နယ် အာရ်ဗင်းမြို့ရှိ အထက်တန်းကျောင်းသို့ အိမ်တွင်းလုပ်နာရီကို ယူဆောင်သွားသည့် အဟ်မဒ်ကို ဗုံးလုပ်သည်ဟု စွပ်စွဲကာ စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း အိုဘားမားနှင့် Facbook ကို တည်ထောင်သူ ဇူကာဘာ့ဂ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း အောင်မြင်ကျော်ကြားသူများက အဟ်မဒ်အား နှစ်သိမ့်အားပေးခဲ့ကြသည်။ ထို့ပြင် အိုဘားမားကလည်း အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

    အဟ်မဒ်မှာ Astronomy Night အခမ်းအနားတွင် ယခင် အာကာသယာဉ်မှူးဟောင်း ဂျွန် ဂရန်စ်ဖဲလ်ဒ်နှင့်လည်း Selfie တွဲရိုက်ခဲ့သည်။

    အခမ်းအနာသို့ မတက်ရောက်ခင် မနက်ပိုင်းက အဟ်မဒ်မှာ မိမိကို ထောက်ခံအားပေးမှုအတွက် သမ္မတအိုဘားမားအား ကျေးဇူးတင်ကြောင်း၊ မိမိကို clock kid ဟု အမည်ပြောင်ပေးထားခြင်းကိုလည်း မိမိက ကြိုက်နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

    “ပုံပန်းသွင်ပြင်ကို ကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့။ အမြဲတမ်း သူတို့ရဲ့ နှလုံးသားကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးသာ ဖြစ်ပါစေ” ဟု အဟ်မဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဟ်မဒ်မှာ Google Science Fair သို့ တက်ရောက်ခဲ့ပြီး၊ မက္ကာသို့လည်း အွမ္မရာဘုရားဖူးခရီး သွားရောက်ခဲ့သည်။

    အဟ်မဒ်၏ သိပ္ပံပါရမီကို သိရှိခဲ့ပြီးနောက် Qatar Foundation က လူငယ်ပညာရှင်များအား ပြုစုပြိုးထောင်ပေးသည့် Young Innovater Programme အစီအစဉ်တွင် လာရောက်ဆက်သွယ်ရန် ဖိတ်ခေါ်ခံခဲ့ရပြီး ၎င်းက ယမန်နေ့တွင် လက်ခံခဲ့သည်။

    Ref: Huffingtonpost, Aljazeera