News @ M-Media

Tag: US Muslims

  • အစ္စလာမ်ကို လေ့လာချင်သူများအတွက် ချီကာဂိုတွင် Open Mosque Day အစီအစဉ် ပြုလုပ်မည်

    အစ္စလာမ်ကို လေ့လာချင်သူများအတွက် ချီကာဂိုတွင် Open Mosque Day အစီအစဉ် ပြုလုပ်မည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    chicago

    – အစ္စလာမ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ရေးနှင့် ဗလီဝတ်ကျောင်းတော်များကို ၀င်ရောက်လေ့လာနိုင်ရေးအတွက် ချီကာဂိုမြို့ရှိ ထိပ်တန်းမွတ်စလင်အဖွဲ့တစ်ခုက Open Mosque Day အစီအစဉ်တစ်ခုကို အောက်တိုဘာ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    “ဒီအစီအစဉ်က မွတ်စလင်တွေနဲ့ မရင်းနှီးတဲ့ ဒါမှမဟုတ် ဗလီဝတ်ကျောင်းတော်ကို မရောက်ဖူးတဲ့ လူတစ်ဦးချင်းဆီအတွက် အဲဒီအခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်” ဟု ထိုအစီအစဉ်ကို ကျင်းပပေးမည့် ချီကာဂိုမြို့ အစ္စလာမ့်ရေးရာအဖွဲ့များကောင်စီမှ အမှုဆောင်အကြီးအကဲဖြစ်သူ အမျိုးသမီး တာဘက်ဆမ် ဟာလီးမ်က ပြောကြားခဲ့သည်။

    ချီကာဂိုမြို့ရှိ ဗလီဝတ်ကျောင်းတော်များမှာ ထိုနေ့တွင် တစ်နေကုန်ဖွင့်ထားမည်ဖြစ်ပြီး အစ္စလာမ်နှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းလိုသူများ၊ ဗလီဝတ်ကျောင်းတော်အား ၀င်ရောက်လေ့လာချင်သူများအတွက် ရှင်းလင်းဖြေကြားမှုများ၊ လိုက်လံပြသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    မြို့တွင်းရှိ ဗလီဝတ်ကျောင်းတော်များမှာ ယခင်က ထိုကဲ့သို့ အစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း ကောင်စီက ကြီးမှူးကာ ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

    “အိမ်နီးချင်းတွေ၊ တစ်ခြားလူတွေက ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်ချင်ပြီး ဖိတ်ကြားမှုတွေကို စောင့်နေတယ်ဆိုတဲ့ သတင်းတွေ ကျွန်မတို့ မကြာခဏ ကြားရပါတယ်။ ဖုန်းဆက်ပြီး ဗလီဝတ်ကျောင်းတော်ကို လာချင်တယ်လို့ပြောဖို့ သူတို့ မ၀ံ့ရဲကြပါဘူး။ မေးခွန်းတွေမေးချင်တဲ့ ဘယ်သူမဆို မွတ်စလင်တွေနဲ့အတူ ဗလီဝတ်ကျောင်းတော်ကို လာရောက်လှည့်ပါ။ ဒါဟာ အခွင့်အရေးကြီး တစ်ခုပါပဲ” ဟု ဟာလီမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် မြို့တွင်းရှိ တစ်ချို့သော ဗလီဝတ်ကျောင်းတော်များမှာ ကျယ်ဝန်းပြီး၊ လှပသည့် ၀တ်ပြုရာနေရာများ တည်ရှိကြောင်း၊ ဗိသုကာလက်ရာများမှာလည်း ထူးခြားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ Open Mosque Day အစီအစဉ်အတွင်း အမေးအဖြေကဏ္ဍလည်း ပါဝင်မည်ဖြစ်ပြီး အစ္စလာမ်၊ မွတ်စလင်နှင့် ဗလီဝတ်ကျောင်းတော်များအကြောင်း သိရှိရန် လာရောက်လည်ပတ်သူများအတွက် အခွင့်အရေး ရစေမည်ဖြစ်သည်။

    ဧည့်သည်များမှာ နေ့လည်ပိုင်းဝတ်ပြုမှုကိုလည်း စောင့်ကြည့်နိုင်မည်ဖြစ်သည်။

    “ဒီအစီအစဉ်က အထူးသဖြင့် နားလည်မှုလွဲတာတွေ အများအပြားရှိနေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ကြောက်ရွံ့မှုတွေကြီးမားနေတဲ့ ဒီလိုအချိန်မျိုးမှာ အပြန်အလှန်နားလည်မှု တိုးမြှင့်ဖို့ အလွန်ပဲ အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီကြောက်ရွံ့မှုတွေကို ကျော်လွှားဖို့ ဒါက ကြီးကျယ်တဲ့ အချိန် ဖြစ်မှာပါ” ဟု ဟလီးမ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Onislam

  • မွတ်စလင်တို့၏ ၀တ်ပြုရာနေရာ ဆောက်ခွင့်မပေးသည့်မြို့အား အမေရိကန်အစိုးရကိုယ်တိုင် တရားစွဲ

    မွတ်စလင်တို့၏ ၀တ်ပြုရာနေရာ ဆောက်ခွင့်မပေးသည့်မြို့အား အမေရိကန်အစိုးရကိုယ်တိုင် တရားစွဲ

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    mosque

    – မွတ်စလင်တို့၏ ၀တ်ပြုရာနေရာ တည်ဆောက်ရန် ခွင့်ပြုချက်တောင်းခံမှုကို အကြောင်းအမျိုးမျိုးပြကာ ပယ်ချခဲ့သည့် ချီကာဂို ဆင်ခြေဖုံးမှ မြို့တစ်ခုကို လွတ်လပ်စွာ ကိုးကွယ်မှုအခွင့်အရေး ချိုးဖောက်မှုဖြင့် အမေရိကန် တရားရေးဌာနက စက်တင်ဘာ ၃၀ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ချီကာဂိုမြောက်ပိုင်းရှိ ဒက်စ်ပလိန်းနက်စ်မြို့ ဖြစ်ပြီး အဖွဲ့ဝင် ၁၈၀ ခန့်ရှိသည့် အမေရိကန်အစ္စလာမ့်စင်တာ AIC က အဆောက်အဦးတစ်ခုကို ၀ယ်ယူကာ ၀တ်ပြုရာနေရာဖြစ် ပြန်လည်မွမ်းမံရန်အတွက် မြို့တော်ကောင်စီသို့ ခွင့်ပြုချက်တောင်းခံရာ ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

    “လူတစ်ယောက်က သူရွေးချယ်ထားတဲ့အယူဝါဒကို လက်တွေ့လိုက်နာကျင့်သုံးနိုင်ခွင့်ဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ အခွင့်အရေးတစ်ခုပါပဲ” ဟု အမေရိကန် ရှေ့နေတစ်ဦးဖြစ်သူ ဇာခရီ ဖာရ်ဒန်၏ ပြောကြားမှုကို Chicago Tribune သတင်းစာက ဖော်ပြခဲ့သည်။

    AIC မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အဆောက်အဦးကို ၀ယ်ယူခဲ့ပြီးနောက် ၀တ်ပြုရာနေရာအဖြစ် ပြန်လည် ပြင်ဆင်မွမ်းမံရန် ဒေသအာဏာပိုင်များထံသို့ တင်ပြခဲ့သော်လည်း ထိုဒေသတွင်းရှိ အခြားသော ဘာသာရေးအဆောက်အဦးများတွင် သတ်မှတ်ခြင်းမရှိသော ကားပါကင်၊ အခြားသော စံနှုန်းများနှင့် မညီညွတ်ဟုဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်တရားရေးဌာနမှ ပြုလုပ်ခဲ့သည့် တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ဖက်ဒရယ်အာဏာပိုင်များကမူ ဒက်စ်ပလိန်းနက်စ် ဒေသအကြီးအကဲမှာ AIC အဖွဲ့ဝင်များထံသို့ ဆက်သွယ်က ထိုဒေသမှလွဲ၍ အခြားနေရာများတွင် ၀တ်ပြုရာနေရာတစ်ခုကို သတ်မှတ်ပေးမည်ဟု ထပ်တလဲလဲပြောဆိုခဲ့သည်ဟု ဆိုသည်။

    မြို့အကြီးအကဲ မာ့က်ဝေါလ်စတန်ကမူ ခွင့်ပြုချက်တောင်းခံမှုကို ငြင်းပယ်ရခြင်းမှာ ထိုနေရာက စက်မှုဇုန်ဖြစ်နေပြီး လမ်းသွားလမ်းလာများအတွက် အန္တရာယ်ဖြစ်စေကာ အနီးအနားရှိ ကုတ်ထုတ်လုပ်သူများကိုလည်း စိတ်အနှောက်အယှက် ဖြစ်မည်စိုးသောကြောင့်ဟု ပြောကြားခဲ့သည်။

    “သူတို့ ကက်သလစ်လား၊ ဂျူးလား၊ မွတ်စလင်လား၊ ဘာလားဆိုတာ ကျွန်တော်မကြည့်ပါဘူး။ အဲဒီနေရာက ဒီလိုဝတ်ပြုရာနေရာမျိုးအတွက် မဟုတ်လို့ပါ။ စက်မှုဇုံအတွင်းမှာ ကလေးတွေရောက်လာမယ့်ကိစ္စဆို ကျွန်တော်ခေါင်းထဲကို မထည့်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်အစိုးရ တရားရေးဌာန၏ စွဲဆိုမှုတွင် ၂၀၁၁ ခုနှစ်က ထိုနေရာ၌ပင် ကလေးများအတွက် ရုံတွင်းဘေ့စ်ဘောလေ့ကျင့်ရေးအဆောက်အဦး Play Ball USA ဆောက်လုပ်မှုကို မြို့တော်ကောင်စီက ခွင့်ပြုခဲ့သည်ဟု ထောက်ပြထားသည်။ အဆိုပါ အဆောက်အဦး၏ ပတ်ပတ်လည်တွင် စက်ရုံများတည်ရှိနေသည်ဟုလည်း ဆိုသည်။

    “Play Ball USA အဆောက်အဦးကို အသုံးပြုတာက ကလေးတွေ ဒါမှမဟုတ် အခြားသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြဿနာရှိလား ဒါမှမဟုတ် ပတ်ဝန်းကျင်မှာရှိနေတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုကို အနှောက်အယှက်ဖြစ်မလား ဆိုတာမျိုး မြို့တော်ကောင်စီက တွေ့အောင် မလုပ်နိုင်ခဲ့ပါဘူး” ဟု အဆိုပါ တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ဘာသာရေးလွတ်လပ်ခွင့်ကို ထိပါးမှုအတွက် ပြုလုပ်သော အဆိုပါ တရားစွဲဆိုမှုကို ထိုဒေသရှိ အမေရိကန်အစ္စလာမ့်စင်တာက ကြိုဆိုခဲ့သည်။

    “ဒီ ဒက်စ်ပလိန်းနက်စ်မြို့ကိစ္စမှာ အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုဟာ ဘာသာရေးလွတ်လပ်ခွင့်အားလုံးကို ပြန်လည်တွက်ချက်ပြီး၊ အသေအချာ စဉ်းစားလာကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု စင်တာအား ကိုယ်စားပြုသည့် ရှေ့နေ ဂျနီဖာဟေးလ်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Onislam

  • နာမည်ကျော် ယေးလ်တက္ကသိုလ်တွင် အစ္စလာမ့်ဥပဒေရေးရာ ဘာသာရပ်ကို သင်ကြားမည်

    နာမည်ကျော် ယေးလ်တက္ကသိုလ်တွင် အစ္စလာမ့်ဥပဒေရေးရာ ဘာသာရပ်ကို သင်ကြားမည်

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    us

    – တိုးတက်လာသော မွတ်စလင်ကျောင်းသားများအတွက် အဆင်ပြေစေရန် နာမည်ကျော် ယေးလ်တက္ကသိုလ်မှာ လာမည့် ၂ နှစ်အတွင်း အစ္စလာမ့် ဥပဒေနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ လေ့လာမှုစင်တာတစ်ခုကို ဖွင့်လှစ်သွားမည်ဟု သိရသည်။

    “ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာပါ။ ဒီရည်ရွယ်ချက်နဲ့ ဒီအဆောက်အဦးဖြစ်လာဖို့အတွက် အချိန်တစ်ချို့နဲ့ အစီအစဉ်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ဒီနှစ် နှောင်းပိုင်းမှာ အဓိက အစိတ်အပိုင်းတွေကို ဆောင်ရွက်ဖို့ဖြစ်ပြီး ကျန်တာတွေကတော့ နောက်မှ အစဉ်အတိုင်း လိုက်လာပါလိမ့်မယ်” ဟု ခရစ်ယာန် ဘုန်းတော်ကြီးဟောင်းဖြစ်ပြီး
    ယေးလ်တက္ကသိုလ်၏ အကြီးတန်း ပါမောက္ခဖြစ်သူ အန်ထော်နီ ကရွန်မန်က Yale Daily News သို့ ပြောကြားခဲ့သည်။

    “အစ္စလာမ့်ဥပဒေနှင့် လူ့အဖွဲ့အစည်း လေ့လာမှုဆိုင်ရာ စင်တာ” ဟု အမည်ပေးမည့် အဆိုပါ စင်တာကို ၂ နှစ်အတွင်း ဆောက်လုပ်သွားရန် စီစဉ်ထားသည်။ ယေးလ်တက္ကသိုလ်၏ လက်အောက်တွင်ရှိမည့် အဆိုပါ စင်တာတွင် အစ္စလာမ့် ဥပဒေရေးရာ ပညာရှင်များကို ခေါ်ယူကာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ဟောပြောပွဲများကိုလည်း စီစဉ်သွားမည်ဖြစ်သည်။

    ထိုစင်တာအတွက် ဆော်ဒီအခြေစိုက် ဘဏ်လုပ်ငန်းနှင့် အိမ်ခြံမြေကုမ္ပဏီ၏ အမှုဆောင် အကြီးအကဲဖြစ်သူ အဘ်ဒါလာဟ် ကာမဲလ်က ငွေကြေးစိုက်ထုတ်မည်ဖြစ်ပြီး၊ ၎င်း၏ အမည်ဖြင့် ထိုစင်တာကို မှည့်ခေါ်သွားမည်ဖြစ်သည်။

    သုတေသနလုပ်ငန်းများ၊ အစ္စလာမ့် ဥပဒေပညာရပ်နယ်မှ ပါမောက္ခမျာအား ဧည့်သည်တော်အဖြစ် ခေါ်ယူခြင်းများကိုလည်း ထိုစင်တာက ဆောင်ရွက်သွားရန် ရှိနေသည်။

    “ယေးလ်တက္ကသိုလ်က ဆောင်ရွက်မှုတိုင်း၊ အစီအစဉ်တိုင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း ကျွန်တော်တို့ ဒီလိုမျိုးပဲ ရည်ရွယ်ပါတယ်” ဟု ကရွန်မန်က ပြောကြားခဲ့သည်။ ကရွန်မန်မှာ အဆိုပါစင်တာ၏ ပူးတွဲဒါရိုက်တာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

    ကြိုဆိုကြ

    အစ္စလာမ့်ဥပဒေပညာရပ်များကို သင်ကြားပေးမည့် အဆိုပါစင်တာ ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းအတွက် ယေးလ်တက္ကသိုလ်မှ ကျောင်းသားများကလည်း ချီးကျူးပြောဆိုခဲ့ကြသည်။

    “ဒီလိုစင်တာမျိုး တည်ဆောက်ဖို့ ယေးလ်က ဆောင်ရွက်တာကို ကျွန်မ စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ အချိန်နဲ့အမျှ ဘယ်လိုတိုးတက်လာမလဲဆိုတာကို စောင့်ကြည့်ဖို့လည်း စိတ်ဝင်စားပါတယ်” ဟု အသက် ၁၈ နှစ်အရွယ် ကျောင်းသူ မာဂရက် မိုးရ်က ပြောကြားခဲ့သည်။

    အခြား ဥပဒေကျောင်းသားတစ်ဦးဖြစ်သူ မတ်ကမ့်ပ်ကလည်း အဆိုပါ စင်တာတွင် သင်ကြားမည့် ဘာသာရပ်က သင်ရိုးညွှန်းတမ်းအတွင်း ကောင်းမွန်သော ထည့်သွင်းမှု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူကြိုက်များလိမ့်မည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် မတ်လက စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က အသိအမှတ်ပြုလက်မှတ် ရခဲ့သည့် ဇေတူနာ မွတ်စလင်ကောလိပ်မှာ အမေရိကန်နိုင်ငံတွင် အဆင်မြင့်ပညာရေးသင်ကြားမှုအတွက် ပထမဆုံး အသိအမှတ်ပြုခံရသည့် အစ္စလာမ့်တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။

    အဆိုပါ ကောလိပ်ကို ၂၀၁၀ ခုနှစ် သြဂုတ်လက ခရစ်ယာန် နှစ်ခြင်းဘာသာရေးကျောင်းတွင် နေရာငှားကာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်က အာရဘီ ဘာသာစကား၊ အစ္စလာမ့်ဥပဒေနှင့် အယူဝါဒ စသည့် ဘာသာရပ်နှစ်ခုကိုသာ စတင်သင်ကြားခဲ့သည်။

    ယခုအချိန်တွင်မူ အဆိုပါဇေတူနာကောလိပ်မှာ ကောင်းမွန်သည့် ပညာရေးဌာနတစ်ခုအဖြစ် နာမည်ကျော်လာခဲ့ပြီး ကက်သလစ် နာမည်ကြီးကျောင်းများဖြစ်သော ဂျော့တောင်း၊ နိုထရီဒိမ်းတို့နှင့် ယှဉ်လာနိုင်ပြီဖြစ်သည်။

    Ref: Onislam

  • မွတ်စလင်များ ကိုယ့်သမိုင်း ကိုယ်ရေးရမည်ဟု ISNA နှစ်ပတ်လည်ညီလာခံတွင် ပြော

    မွတ်စလင်များ ကိုယ့်သမိုင်း ကိုယ်ရေးရမည်ဟု ISNA နှစ်ပတ်လည်ညီလာခံတွင် ပြော

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    isna

    – မွတ်စလင်များအနေဖြင့် မိမိတို့ကိုယ်ကို ကိုယ်တိုင် အဓိပ္ပါယ်သတ်မှတ်ရန်နှင့် မိမိတို့လူ့အဖွဲ့အစည်း၏ ပုံရိပ်ကို ပြုပြင်ရေး စစ်မှန်သည့် ဖြစ်ရပ်သမိုင်းကြောင်းများကို ကိုယ်တိုင်ဖန်တီးတင်ပြရန် အရေးကြီးနေပြီဟု ချီကာဂိုမြို့တွင် ပြုလုပ်သည့် မြောက်အမေရိက အစ္စလာမ်အဖွဲ့ ISNA ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

    “မွတ်စလင်တွေအပေါ် နှစ်သက်မှုဟာ ၂၀၁၄ မှာ ၃၅ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းအထိ ကျသွားတယ်လို့ 2014 Zogby စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။ Pew က ၂၀၁၄ ခုနှစ်မှာ ကောက်ယူတဲ့ စစ်တမ်းမှာလည်း မွတ်စလင်တွေဟာ ဘာသာရေးအုပ်စုအားလုံးမှာ အနုတ်လက္ခာဏာဆောင်တဲ့ သဘောထား အထားခံရဆုံး အုပ်စုဖြစ်နေတယ်လို့ တွေ့ရပါတယ်” ဟု အစ္စလာမ်ကွန်ယက်အဖွဲ့ ING ၏ စီအီးအိုနှင့် ဥက္ကဌဖြစ်သူ မာဟာ အဲလ်ဂျီနိုင်ဒီက ယမန်နေ့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှု၌ ပြောကြားခဲ့သည်။

    အဆိုပါဆွေးနွေးမှုအတွင်း မွတ်စလင်သူရဲကောင်းများ၏ မှတ်တမ်းရုပ်ရှင်များနှင့် စာအုပ်များအပါအ၀င် သမိုင်းကြောင်းဖော်ပြမှု နည်းလမ်းများအား မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဦးစားပေး ဆွေးနွေးခဲ့ကြသည်။

    ဒန်နီယဲလ်တွတ်စည်းလုံးမှုဖောင်ဒေးရှင်း UPF ကလည်း အစ္စလာမ်ကြောက်ရောဂါမှာ အမေရိကန်အားလုံးကို ရိုက်ခတ်နေပြီး မီဒီယာမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဖန်တီးရေး ဆောင်ရွက်မှုတစ်ခု ပြုလုပ်ရန် ရှိနေသည်ဟု ဆိုသည်။

    “အမေရိကန်တွေဟာ အခြခံအားဖြင့် လူကောင်းတွေပါ။ ၄၅ ရာခိုင်နှုန်းလောက်သာ မွတ်စလင်တွေကို ပုဂ္ဂိုလ်ရေးအရ သိကြပါတယ်။ အများစုကတော့ မီဒီယာကနေတစ်ဆင့်သာ မွတ်စလင်တွေအကြောင်း သိတာပါ” ဟု ဖောင်ဒေးရှင်းတည်ထောင်သူ ဒန်နီယဲလ်တွတ်က ပြောကြားခဲ့သည်။

    မွတ်စလင်များအပေါ် ရှိနေသော အနှုတ်သဘောဆောင်သည့် သမရိုးကျအမြင်များကို တန်ပြန်သည့် UPF ၏ လုပ်ငန်းအကြောင်း ပြောဆိုရာတွင် ၎င်းက “ကျွန်တော်တို့ဟာ မှတ်တမ်းရုပ်ရှင်တွေဖန်တီးပြီး လူသားဆန်တဲ့ မွတ်စလင်တွေအကြောင်း ဖော်ပြတဲ့ အစီအစဉ်ပါ” ဟု ပြောကြားခဲ့သည်။

    ING အား တည်ထောင်သူများတွင် ပါဝင်သူဖြစ်သည့် အမီနာ ဂျန်ဒါလီကမူ အမေရိကန်များအကြား အစ္စလာမ့်၊ မွတ်စလင်တို့နှင့် ပတ်သက်၍ အမြင်ကို IS က အဓိပ္ပါယ်သတ်မှတ်ပေးနေသည်ဟု ဆိုသည်။

    “လူတိုင်းက အစ္စလာမ်ဆိုတာနဲ့ IS ရဲ့လုပ်ရပ်တွေကိုသာ ပြေးမြင်ကြတာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနဲ့ နှိုင်းယှဉ်ရင် ဒါက မကြုံစဖူးပါပဲ။ အကြောင်းအရာတွေကို သတ်မှတ်ပေးတဲ့ ဘောင်တွေရှိပါတယ်။ အဲဒီအတွက် အဖြေကတော့ မွတ်စလင်တွေရဲ့ ပုံရိပ်ကောင်းတွေကို ဖော်ပြဖို့၊ ဘုံတူညီမှုတွေကို ဖော်ထုတ်ဖို့၊ အမေရိကန်တွေနဲ့ အတွေ့အကြုံတွေ မျှဝေဖိုနဲ့ မွတ်စလင်တွေရဲ့ ကူညီမှုတွေကို မီးမောင်းထိုးပြဖို့ပဲ ဖြစ်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ING အဖွဲ့မှာ အကျိုးအမြတ်မယူသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကန်တစ်ဝှမ်း အဖွဲ့ခွဲပေါင်းများစွာရှိကာ အမေရိကန်မွတ်စလင်များအပေါ် ရှိနေသည့် တင်ကူးမှန်းဆမှုများနှင့် ခွဲခြားမှုများအား တိုက်ဖျက်နေသော အဖွဲ့ဖြစ်သည်။

    ISNA ကမူ ယခုနှစ်ညီလာခံမှာ ယနေ့ခေတ် အမေရိကန်မွတ်စလင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖော်ထုတ်ဆွေးနွေးရန်နှင့် မွတ်စလင်လူ့အဖွဲ့စည်းအား ပြန်လည်ထုဆစ်ရန် လိုအပ်မှု အရေးကြီးပုံတို့ကို အသိပေးရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ ညီလာခံတွင် မွတ်စလင်များအနေဖြင့် ပရဟိတလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ခြင်းအားဖြင့် အထင်မှားအမြင်မှား ဖြစ်နေမှုအား ပြောင်းလဲနိုင်မည့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

    Ref: Onislam

  • Islam Today အသိပညာပေး အစီအစဉ် မိုင်ယာမီကောလိပ်တွင် ဆောင်ရွက်မည်

    Islam Today အသိပညာပေး အစီအစဉ် မိုင်ယာမီကောလိပ်တွင် ဆောင်ရွက်မည်

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    miami

    – လူ့အဖွဲ့အစည်းအတွင်း တင်ကူးမှန်းဆမှုများနှင့် နားလည်မှုလွဲမှားခြင်းများကို တိုက်ဖျက်ရန်အတွက် အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှ ကောလိပ်တစ်ခုမှာ မွတ်စလင်အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အေဗရာဟီမစ် ဘာသာတရားများအကြား တူညီမှုများကို ဟောပြောရှင်းပြသည့် အစီအစဉ်တစ်ခုကို ပြုလုပ်မည်ဖြစ်သည်။

    “အခြားဘာသာတရားတွေဟာ သိပ်ပြီး ကွဲပြားမှုမရှိဘူးဆိုတာ ကျွန်တော့် ကျောင်းသားတွေကို သိစေချင်တဲ့ဆန္ဒမျိုး ကျွန်တော့်မှာ ရှိပါတယ်” ဟု Miami Dade College မှ လူသားရေးရာနှင့် လူမှုသိပ္ပံဌာနမှ ဥက္ကဌဖြစ်သူ ရန်ဒဲလ် ကုဖ်မန်က ပြောကြားခဲ့သည်။

    ကုဖ်မန်မှာ ဘာသာတရားများအကြားတွင် တူညီမှုများရှိသည်ကို ကျောင်းသားများအား သိရှိစေချင်ပြီး၊ ဖလော်ရီဒါတောင်ပိုင်း မွတ်စလင်အသင်းများ မဟာမိတ်အဖွဲ့ COSMOS နှင့် ပူးပေါင်းက Islam Today ဟု အမည်ပေးထားသည့် အသိပညာပေး လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်။ အဆိုပါ အသိပညာပေး လှုပ်ရှားမှုမှာ တစ်နှစ်ခန့် ကြာမည်ဖြစ်သည်။

    “ဒါဟာ မွတ်စလင်မဟုတ်သူတွေအနေနဲ့ မွတ်စလင်ဟာ ဘာလဲဆိုတာကို နားလည်ဖို့ ဆောင်ရွက်မှုပါပဲ။ လူနည်းစုတွေထဲက အများစုဟာ လူများစုတွေအကြောင်းကို နားလည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်စိုးရိမ်မိတာတစ်ခုက လူများစုတွေဘက်က သည်းခံမှုပါပဲ” ဟု ကုဖ်မန်ကဆိုပြီး တင်ကူးမှန်းဆမှုများနှင့် နားလည်မှုလွဲမှားခြင်းများကို တိုက်ဖျက်ရာတွင် အသိပညာပေးရေးမှာ အခိုင်မာဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ဂျူး၊ ခရစ်ယာနှင့် အစ္စလာမ်ဘာသာတို့အကြား တူညီသောရင်းမြစ်များကို အာရုံစိုက်ကာ ဆောင်ရွက်မည့် အဆိုပါ Islam Today အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး COSMOS မှ အီမာမ်တစ်ဦးဖြစ်သူ ဇာကရီယာဦးဆောင်ကာ “အီဒွလ်အသွဟာ” အကြောင်း ဆွေးနွေးသွားမည်ဖြစ်သည်။

    “အံ့သြစရာ သိပ်ကောင်းပါတယ်။ ဒီပွဲတော်ဟာ ခရစ်ယာန်နဲ့ ဂျူးဘာသာတွေရဲ့ အခြေခံရင်းမြစ်တွေနဲ့ သွားတူနိုင်ပါတယ်။ တော်တော်လေးတူပါတယ်” ဟု ကုဖ်မန်က ဆိုသည်။

    ထို့ပြင် ကုဖ်မန်က တစ်ခါတစ်ရံတွင် ကျောင်းသားများမှာ ၎င်းအား ချဉ်းကပ်ကာ အယူဝါဒ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတို့အကြောင်းကို မေးခွန်းများမေးသည်ဟု ဆိုသည်။

    ကျောင်းသားများ၏ သိချင်လိုစိတ်ကို ဖြေရှင်းပေးရန် ရည်ရွယ်သည့် အဆိုပါ Islam Today အစီအစဉ်မှာ ဘာသာရေး သင်ကြားမှုများကိုသာ ဦးတည်မည်မဟုတ်ဘဲ၊ အစ္စလာမ့် အနုပညာ၊ အစားအသောက်နှင့် ယဉ်ကျေးမှုများအကြောင်းလည်း ပါဝင်မည်ဖြစ်သည်။

    နားလည်မှု တည်ဆောက်ခြင်း

    အဆိုပါအစီအစဉ်ကို ဘာသာပေါင်းစုံအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း အစ္စလာမ်နှင့်ပတ်သက်၍ နားလည်မှု ဆောင်ကျဉ်းပေးရန် စီစဉ်ခြင်းလည်းဖြစ်သည်။

    “ကောလိပ်ကျောင်းသားတွေ အစ္စလာမ်ဟာ ဘာလဲဆိုတာ နားလည်ဖို့ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် အရေးကြီးပါတယ်။ သူတို့က မွတ်စလင်အားလုံးဟာ ကုလားအုပ်စီးပြီး၊ မုတ်ဆိတ်အရှည်ထားကြသူလို့ ထင်နေပါတယ်” ဟု COSMOS မှ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှဘ်ဘီရ် မော်တိုဝါလာက ပြောကြားခဲ့သည်။

    Islam Today အစီအစဉ်မှာ အဆိုပါ သမရိုးကျအမြင်များကို မောင်းထုတ်နိုင်ပြီး၊ ပွင့်လင်းစွာ ဆွေးနွေးခြင်းက အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ရန် အကူအညီဖြစ်စေမည်ဟု ၎င်းက မျှော်လင့်နေသည်။

    “ခရစ်ယာန်တွေ၊ ဂျူးတွေလို မွတ်စလင်တွေဟာလည်း တူညီတဲ့ တမန်တော်တွေကို ယုံကြည်ကြတယ်ဆိုတာ (တစ်ချို့လူတွေက) မသိကြပါဘူး။ တီဗီမှာ တွေ့တွေ့နေရတဲ့ အစွန်းရောက်အုပ်စုတွေဟာ အစ္စလာ့မ်ရဲ့ စစ်မှန်တဲ့ ပုံရိပ်ကို ကိုယ်စားမပြုဘူးဆိုတာ လူတွေကို ကျွန်တော်တို့ စပြောရပါမယ်” ဟု မော်တိုဝါလာက ထည့်သွင်းပြောကြားခဲ့သည်။

    COSMOS မှာ ယခုနှစ်အစောပိုင်းကလည်း Florida International University တက္ကသိုလ်တွင် ကမ္ဘာ့မွတ်စလင်ရေးရာ လေ့လာမှုစင်တာတစ်ခု ဖန်တီးရန် သဘောတူညီချက် ရရှိခဲ့သည်။

    Islam Today အစီအစဉ်မှတစ်ဆင့် ကောလိပ်ကျောင်းသားများ အစ္စလာမ်နှင့်ပတ်သက်၍ ပိုမိုသိမြင်လာနိုင်မည်ဟု ကုဖ်မန်က မျှော်လင့်နေသည်။

    “သိပ်ရှင်းပါတယ်။ ဘုရားသခင်ဆိုတာ အလ္လာဟ်အရှင်မြတ်ပါပဲ။ ဒီနှစ်ခုမတူဘူးလို့ လူတွေက ထင်ကြတဲ့အခါ ခြားနားတယ်ဆိုတာ ဖြစ်လာတာပါပဲ”

    Ref: Onislam