News @ M-Media

Tag: US Muslims

  • ချက်ပဲဟေးလ်တွင် သေဆုံးသွားသည့် မွတ်စလင်လူငယ်၏ ပရဟိတဆန္ဒကို ဖခင်က ဖြည့်ဆီးပေး

    ချက်ပဲဟေးလ်တွင် သေဆုံးသွားသည့် မွတ်စလင်လူငယ်၏ ပရဟိတဆန္ဒကို ဖခင်က ဖြည့်ဆီးပေး

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    us 2
    ဒီယာဘရကသ်တို့ သားအဖနှစ်ဦး

    – ပြီးခဲ့သည့် ဖေဖော်ဝါရီက မြောက်ကယ်ရိုလိုင်းနားတွင် သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရသည့် မွတ်စလင်တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး၏ ပရဟိတဆန္ဒကို ၎င်း၏ ဖခင်ဖြစ်သူက ဖြည့်ဆည်းပေးခဲ့သည်ဟု သိရသည်။

    ဒီယာဘရကသ်ဟု အမည်ရသည့် သွားဘက်ဆိုင်ရာ ကျောင်းသားတစ်ဦး၏ ဖခင် ဘရကသ်ဆိုသူ ဖြစ်ပြီး သားဖြစ်သူ၏ ဆန္ဒကို ပြည့်ဆည်းပေးသည့်အနေဖြင့် ၎င်းနှင့် ဒေသတွင်း သွားဆရာဝန်၊ အခြားဆရာဝန်များအပါအ၀င် စေတနာ့ဝန်ထမ်း ၅၀ ခန့်မှာ ယခုလအတွင်း တူရကီနိုင်ငံသို့ သွားရောက်ခဲ့ပြီး သွားဆေးခန်းများဖွင့်ကာ ဆီးရီးယားဒုက္ခသည် ကလေးများအား တစ်ပတ်ကြာ ကုသပေးခဲ့သည်။

    အသက် ၂၃ နှစ်အရွယ် ဒီယာ ဘရကသ်၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မိုဟာမက် အဘူ ဆလ်ဟာနှင့် ဆလ်ဟာ၏ညီမ အသက် ၁၉ နှစ်အရွယ် ရာဇန်မိုဟာမက် အဘူဆလ်ဟာတို့မှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲဟေးလ်ရှိ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်အနီး ၎င်းတို့နေထိုင်ရာ ကွန်ဒိုတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

    သေနတ်သမားမှာ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်ဆိုသူ ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့သို့ သွားရောက် အဖမ်းခံခဲ့သည်။

    သွားဘက်ဆိုင်ရာ ကျောင်းသားတစ်ဦးဖြစ်သူ ဒီယာ ဘရကသ်မှာ တူရကီရှိ ဆီးရီးယားဒုက္ခသည် ကလေးငယ်များအား ကူညီရန် “Refugee Smiles” အမည်ဖြင့် ပရဟိတ စီမံကိန်းတစ်ခုကို ပြီးခဲ့သည့်နွေရာသီက စတင်ခဲ့သည်။ ထို့နောက် ထိုစီမံကိန်း၏ ခရီးစဉ်အဖြစ် တူရကီသို့သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း မသွားရောက်နိုင်ခင်မှာပင် ထိုကဲ့သို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

    သားဖြစ်သူ၏ကိုယ်စား သွားရောက်ခဲ့သည့် ထိုခရီးစဉ်အတွင်း ဘရကသ်တို့ဖွဲ့မှာ ကလေးငယ်အများစု အပါအ၀င် လူနာ ၈၀၀ ကျော်ကို ကုသပေးခဲ့ပြီး ၄ နှစ်ကြာဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း ထိခိုက်ခံစားခဲ့ရသူများ ဖြစ်ခဲ့ကြသည့် ဒုက္ခသည်များ၏ မျက်နှာများတွင် အပြုံးပန်းများ ဝေဆာစေခဲ့သည်။

    “ဖော်မပြနိုင်လောက်အောင်ပါပဲဗျာ။ သူတို့လေးတွေပြုံးနေတာကိုမြင်ရတဲ့အခါ ဒါမှမဟုတ် အားရပါးရလာဖက်ကြတဲ့အခါ ကမ္ဘာကြီးက ကျွန်တော့်ဆီကို ရောက်လာသလိုပါပဲ” ဟု ဘရကသ်က ၎င်း၏ ခံစားချက်ကို ပြောကြားခဲ့သည်။

    ဆန္ဒတွေ ဖြည့်ဆည်းခဲ့ပြီ

    အဆိုပါ ခရီးစဉ်မှ ပြန်လာသူ ဘရကသ်က ၎င်းမှာ သားဖြစ်သူ၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။

    “(တူရကီကနေ) ကျွန်တော်ပြန်ရောက်တဲ့နေ့က ညကြီးမိုးချုပ် ဖြစ်နေပါပြီ။ နောက်နေ့မှာ (ဒီယာရဲ့ အုတ်ဂူရှိရာကို) ကျွန်တော် သွားခဲ့ပါတယ်။ အတော်ပီတိဖြစ်ရပါတယ်။ အနည်းဆုံးတော့ သားလေးလုပ်ချင်တာကို ကျွန်တော်တို့ လုပ်ပေးခဲ့တဲ့အတွက် ဒါနဲ့ပတ်သက်လို့ တော်တော် ကျေနပ်ပါတယ်။ အကောင်းဆုံးတော့ မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်”

    ဒီယာဘရကသ်မှာ အသတ်မခံရခင်တွင် ပရဟိတ ၀ဘ်ဆိုက်တစ်ခုဖြစ်သော youcaring.com မှ ၎င်း၏ ပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၀၀၀၀ ကြားအထိ ရှာနိုင်ခဲ့ပြီး ၎င်း သေဆုံးခဲ့သည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၃ ရက်အတွင်းမှာပင် လှူဒါန်းမှုများမှာ ဒေါ်လာ ၃ သိန်းအထိ မြင့်တက်လာခဲ့ပြီး၊ ရက်အနည်းငယ်အကြာတွင် ၅ သိန်း ၁ သောင်းအထိ ရောက်ရှိခဲ့သည်။

    အဆိုပါရန်ပုံငွေများကို အခြားနေရာများမှ ရရှိသည့် လှူဒါန်းငွေ ဒေါ်လာ ၉ သိန်းနီးပါးနှင့်အတူ တူရကီတွင် ဒီယာ ဦးစီးကာ ဖွင့်လှစ်ထားသော သွားဆေးခန်းများနှင့် အနာဂတ်တွင် ဖြစ်လာမည့် အခြားသော ၀န်ဆောင်မှုလုပ်ငန်းများအတွက် ထောက်ပံ့ပေးနေသည့် “Our Three Winners Trust” အဖွဲ့သို့ ပေးအပ်ခဲ့သည်။

    Ref: Onislam

  • အမေရိကန်ရှိ နိုင်ငံတကာလေဆိပ်တစ်ခုတွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင် တည်ဆောက်ပေးမည်

    အမေရိကန်ရှိ နိုင်ငံတကာလေဆိပ်တစ်ခုတွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင် တည်ဆောက်ပေးမည်

    သြဂုတ် ၁၃၊ ၂၀၁၅
    M-Media

    u

    – မွတ်စလင်ခရီးသွားများ အဆင်ပြေစေရန်အတွက် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ အော်လန်ဒို နိုင်ငံတကာလေဆိပ်က ၀တ်ပြုဆောင်ဆောက်လုပ်ပေးရန် စီစဉ်နေသည်ဟု သိရသည်။

    “အော်လန်ဒိုဟာ တကယ့်ကို ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ခရီးသည်အားလုံးအတွက် နေရာထိုင်ခင်းပေးနိုင်အောင် ဆောင်ရွက်ချင်ပြီး၊ အမြင့်ဆုံး ကျေနပ်မှုကိုလည်း ပေးချင်ပါတယ်” ဟု လေဆိပ်ဒါရိုက်တာဖြစ်သူ ဖီးလ်ဘရောင်းက Orlando Sentinel သို့ ပြောကြားခဲ့သည်။

    အော်လန်ဒို နိုင်ငံတကာလေဆိပ်တွင် လာမည့်လမှစ၍ အီမရိတ်လေကြောင်းလိုင်းမှ လေယာဉ်များ စတင်ပြေးဆွဲမည်ဖြစ်ပြီး၊ မွတ်စလင်ခရီးသွားများအနေဖြင့် လူမြင်ကွင်းသို့မဟုတ် အနားယူဆောင်များတွင် ၀တ်ပြုနေရခြင်းကြောင့် ကန်ဒေါ်လာ ၂၅၀၀၀၀ ခန့် ကုန်ကျမည့် ၀တ်ပြုဆောင် ဆောက်လုပ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဝတ်ပြုဆောင်တွင် ကိုယ်လက်သန့်စင်သည့်နေရာ၊ အထုတ်အပိုးများ ထားနိုင်သည့်နေရာနှင့် ဖိနပ်စင်များ ပါဝင်မည်ဖြစ်သည်။

    လေဆိပ်ရှိ ခရစ်ယာန်ဘုန်းတော်ကြီး ရော်ဘတ် ဆူဆန်က “လူတိုင်းအတွက် ကျွန်တော်တို့ ပေးဆပ်ချင်ပါတယ်။ တတ်နိုင်သမျှ အကောင်းဆုံးကို ကျွန်တော်တို့ ဆောင်ရွက်နေတာပါ။ ဒီနေရာဟာ ဘာသာတရားပေါင်းစုံက လူတွေကို ကြိုဆိုတဲ့နေရာပါပဲ။ သူတို့ဆီ
    ဘုရားသခင်ကို ဆောင်ကျဉ်းပေးဖို့ ကျွန်တော် ဒီမှာရှိနေတာပါ” ဟု ဆူဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် မွတ်စလင်များအတွက် လေဆိပ်တွင် ၀တ်ပြုဆောင်ထားပေးရန် စီစဉ်မှုကို ဆူဆန်က ချီးကျူးခဲ့ပြီး ကောင်းမွန်သည့် အိုက်ဒီယာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကြိုဆိုကြ

    အော်လန်ဒိုလေဆိပ်၏ ထိုအစီအစဉ်ကို အော်လန်ဒို မွတ်စလင် လူ့အခွင့်အရေးအဖွဲ့ ရှေ့နေ ရှာယန် မိုဒါရက်စ်က ချီးကျူးခဲ့ပြီး မွတ်စလင်များအတွက် ထပ်မံ ကြိုဆိုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါဝတ်ပြုဆောင်က နေ့စဉ် မွတ်စလင်ခရီးသွား အများအပြားကို ဆွဲဆောင်နိုင်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဒါဟာ ကျွန်တော်တို့ ဖြန့်ဝေဖို့လိုအပ်နေတဲ့ မှန်ကန်တဲ့ သတင်းစကားတစ်ခုပါပဲ။ ဒါဟာ ရင်ကြားစေ့ရေးပါပဲ” ဟု မိုဒါရက်စ်က ဆိုသည်။

    မွတ်စလင်များအတွက် ၀တ်ပြုဆောင်အပြင် အခြားသော ဘာသာဝင်များအတွက် ၀တ်ပြုဆောင်များကိုလည်း အဆိုပါ အောလန်ဒိုလေဆိပ်တွင် ထပ်မံ ဖွင့်လှစ်ပေးမည်ဖြစ်သည်။

    အော်လန်ဒိုနိုင်ငံတကာလေဆိပ်မှာ မွတ်စလင်များအတွက် ၀တ်ပြုဆောင်စီစဉ်ပေးသည့် အမေရိကန်ရှိ ပထမဆုံး လေဆိပ်မဟုတ်ချေ။ ပြီးခဲ့သည့် ၂ နှစ်က ဆန်ဖရန်စစ္စကို နိုင်ငံတကာလေဆိပ်မှာလည်း မွတ်စလင်များအတွက် ကိုယ်လက်သန့်စင်ခန်းနှင့် ၀တ်ပြုဆောင်တို့ကို စီစဉ်ပေးခဲ့သည်။

    Ref: Onislam

  • အင်ဒီးယားနားပြည်နယ်ရှိ အီဗန့်စ်ဗီလီတွင် မွတ်စလင်လူငယ်များ ပရဟိတအလှူပွဲတစ်ခု ပြုလုပ်

    အင်ဒီးယားနားပြည်နယ်ရှိ အီဗန့်စ်ဗီလီတွင် မွတ်စလင်လူငယ်များ ပရဟိတအလှူပွဲတစ်ခု ပြုလုပ်

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်၏ သွန်သင်မှုများကို အိမ်နီးချင်းများအား မိတ်ဆက်ခြင်းအဖြစ် အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းပြည်နယ်ဖြစ်သော အင်ဒီးယားနားပြည်နယ် အီဗန့်စ်ဗီလီမြို့တွင် မွတ်စလင်ကျောင်းသားလူငယ်များက ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ပရဟိတ အလှူပွဲတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ဒါက ကျွန်မတို့အရွယ် လူငယ်တွေ ကျွန်မတို့ကို သူငယ်ချင်းလို့ မြင်လာစေဖို့ အကူအညီ ဖြစ်စေပါတယ်။ ကျွန်မတို့ကို မွတ်စလင်တွေဆိုပြီး ခွဲခြား မမြင်စေချင်ပါဘူး။ သာမန်လူလို့ မြင်ဖို့ပါပဲ” ဟု မကြာသေးမီက ဘွဲ့ရထားသည့် အသက် ၁၇ နှစ်အရွယ် ဇူဟာ အဒီလ်းက Courier Press သို့ သြဂုတ် ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဒီးလ်နှင့် ၎င်း၏ မွတ်စလင်သူငယ်ချင်း နှစ်ဆယ်ကျော်တို့မှာ အီဗန့်စ်ဗီလီ အစ္စလာမ့်စင်တာမှ ပထမဆုံးဆောင်ရွက်သော အဆိုပါ ပရဟိတပွဲကို Warrick County ခရစ်ယာန်ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဘာသာအယူဝါဒ ၂ ခုမှ နောက်လိုက်များကို စုစည်းစေခဲ့သည်။

    “မွတ်စလင်ကလေးတွေဟာ တစ်ချိန်တည်းမှာ မွတ်စလင်တစ်ယောက်နဲ့ အမေရိကန်တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာကို လူတွေကိုမြင်စေဖို့ ဒီပွဲက ကျွန်မတို့ကို ကူညီပါလိမ့်မယ်။ ပြီးတော့ ကျွန်မတို့အတွက်၊ အခြားသူတွေရဲ့အကျိုးအတွက် အသိုင်းအ၀ိုင်းနှစ်ခုကိုလည်း စုစည်းစေပါလိမ့်မယ်” ဟု အဒီးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    အဒီးလ်၏ ၁၇ နှစ်အရွယ် သူငယ်ချင်းဖြစ်သူ ဟဒီးလ် ယူဆက်ဖ်ကလည်း မိမိတို့၏ အတန်းဖော်များမှာ မိမိတို့ အယူဝါဒနှင့် ကျင့်သုံးမှုများအကြောင်းကို မသိကြဟု ဆိုသည်။

    “ကျွန်မတို့ကျောင်းက မတူကွဲပြားမှုကို ပိုပြီး လက်ခံပါတယ်။ ဒါပေမယ့် မေးခွန်းတွေတော့ အများကြီး ရှိနေတုန်းပါပဲ။ ဒါကိုသိဖို့လိုတယ်လို့ လူတွေက မခံစားမိကြပါဘူး။ ကျွန်မ နားလည်ပါတယ်။ ဒါက သူတို့ရဲ့ ဘာသာတရားလို နေ့စဉ်ဘ၀မှာ သက်ရောက်မှုမှ မရှိတာ။ ဘာ့ကြောင့် ကျွန်မတို့ ပုဝါဆောင်းရသလဲ၊ နိုင်ငံရပ်ခြားမှာ ဆိုးရွားတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့သူတွေကို ဘာ့ကြောင့် မွတ်စလင်မဟုတ်ဘူးလို့ ပြောရသလဲဆိုတဲ့ ကိစ္စတွေကို သူတို့ နားမလည်ပါဘူး။ ကျွန်မတို့သာသနာကို သူတို့ နားမလည်တာကြောင့်
    ဒါတွေကိုလည်း နားလည်မှာ မဟုတ်ပါဘူး” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    မွတ်စလင်လူငယ်များ၏ အဆိုပါပွဲက မွတ်စလင်ခေါင်းဆောင်များ၏ ချီးကျူးမှုကို ရရှိခဲ့ပြီး ဘုရားကျောင်း အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မွတ်စလင်သူငယ်ချင်းများနှင့် မွတ်စလင်လူ့အဖွဲ့အစည်းကို သိရှိထိတွေ့ခွင့် ရရှိစေသည့် အခွင့်အရေးအဖြစ် ရှုမြင်ကြသည်။

    “သူတို့ အမြဲတမ်း မျှဝေပြောပြဖို့မလိုတဲ့၊ သူတို့ရဲ့ အသိအကျွမ်းတွေကို ဖော်ပြဖို့မလိုတဲ့ အမှတ်သညာနဲ့ပတ်သက်ပြီး ဒါက သူတို့အတွက် အလွန်ပဲ သက်တောင့်သက်သာ ဖြစ်စေမှာပါ” ဟု အီမာမ် အိုမာရ် အာတီယာက ပြောကြားခဲ့သည်။

    အီန်ဗန့်စ်ဗီလီအစ္စလာမ့်လူ့အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ အာတီယာမှာ IS ၏ အွန်လိုင်း လူသစ်စုဆောင်းရေး ၀ါဒဖြန့်မှုကို တန်ပြန်တုန့်ပြန်သည့် ဗီဒီယိုများကို ထုတ်လုပ်ဖြန့်ချီသော Reclamation Studios ကို ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။

    Ref: Onislam

  • IS ၏ အွန်လိုင်းဝါဒဖြန့်မှုများကို အမေရိကန်မွတ်စလင်မီဒီယာအဖွဲ့ တုံ့ပြန်

    IS ၏ အွန်လိုင်းဝါဒဖြန့်မှုများကို အမေရိကန်မွတ်စလင်မီဒီယာအဖွဲ့ တုံ့ပြန်

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်၏ ငြိမ်းချမ်းသောသတင်းစကားကို ပြန်လည်ခိုင်မာစေရန်အတွက် အမေရိကန်ရှိ မွတ်စလင်မီဒီယာအဖွဲ့တစ်ခုမှာ IS ၏ လူသစ်စုဆောင်းရေး ကြိုးပမ်းမှုများကို တန်ပြန်တုန့်ပြန်သည့် အွန်လိုင်းလှုပ်ရှားမှုကို ပြုလုပ်နေသည်ဟု သိရသည်။

    “ကျွန်တော်တို့ သူတို့ကိုတန်ပြန်ဖို့ ဒီလို အတွေးအခေါ်တွေ နည်းပညာတွေကို သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒစ်ဂျစ်တယ် တီထွင်ဖန်တီးသူ ဇက်ခ် ပါဆန်က ပြောကြားခဲ့သည်။

    ပါဆန်မှာ Reclamation Studios ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး၊ ဗာဂျီးနီးယားပြည်နယ် အီဗန်ဗီလီ အစ္စလာမ့်လူ့အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ အီမာမ် အိုမာရ် အတီယာနှင့် ပူးပေါင်းကာ IS ၏ အွန်လိုင်းလူသစ်စုဆောင်းရေး ၀ါဒဖြန့်မှုကို တန်ပြန်တုန့်ပြန်သည့် ဗီဒီယိုများထုတ်လုပ်ဖြန့်ချီရန် ဆောင်ရွက်နေသည်။

    ၎င်းတို့နှစ်ဦး စီစဉ်ထုတ်လုပ်မည့် ဗီဒီယိုများတွင် အစ္စလာမ်နှင့်ပတ်သက်သည့် အမှန်တရားများ ပါဝင်မည်ဖြစ်သည်။ “Does Islam Encourage Violence?” (အစ္စလာမ်ဟာ အကြမ်းဖက်မှုကို အားပေးသလား) ဆိုသည့် ခေါင်းစဉ်ဖြင့် ဖန်တီးထားသည့် ဗီဒီယိုတွင် အတီယာနှင့် ပါဆန်တို့ကြား အမေးအဖြေ၊ အပြန်အလှန်ပြောဆိုမှုဖြင့် အစ္စလာမ်နှင့် အကြမ်းဖက်ဝါဒ လုံးဝ မသက်ဆိုင်ပုံကို
    ဖော်ပြထားသည်။

    အတီယာကမူ အဆိုပါ ဗီဒီယိုများမှာ အစ္စလာမ်နှင့်ပတ်သက်သည့် အဖျက်သဘောဆောင်သော အမြင်များကို ပပျောက်စေလိမ့်မည်ဟု မျှော်လင့်နေသည်။

    ချီကျူးခံရ

    ၄ မိနစ်တာကြာမြင့်ပြီး အွန်လိုင်း၌ ဖြန့်ချီသည့် အဆိုပါ ဗီဒီယိုများမှာ အစ္စလာမ်အကြောင်း၊ အစ္စလာမ်နှင့် အကြမ်းဖက်မှုအကြား ဆက်သွယ်မှုရှိလားဆိုသည့် လူငယ်များ၏ မေးခွန်းများအတွက် ပစ်မှတ်ထား ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

    “သူတို့က မေးခွန်းတွေမေးနိုင်တယ်။ ကျွန်တော်တို့က ပြန်ပြီး အကြံပေး ရှင်းပြနိုင်ပါတယ်။ သူတို့မှာရှိတဲ့ ဘယ်လို မေးခွန်းမျိုးအတွက်မဆို ကျွန်တော်တို့မှာ ပေးစရာအဖြေတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ လူတွေကိုဖိတ်ခေါ်တယ်။ ကင်မရာရှေ့မှာ ထိုင်စေတယ်။ ပြီးတော့ သူတို့ကို နားထောင်ပြီး သူတို့ရဲ့ မေးခွန်းတွေအတွက် အဖြေပြန်ပေးပါတယ်” ဟု Reclamation Studios ၏ ၀ဘ်ဆိုက်အတွက် အီဂျစ်မှ လုပ်ဆောင်ပေးနေသူ နူရ်ရှမ်က ပြောကြားခဲ့သည်။

    ရှမ်၊ အတီယာ၊ ပါဆန်တို့နှင့်အတူ အဆိုပါ စီမံကိန်း၌ ယခုလက်ရှိတွင် အလုပ်လုပ်နေကြသူများမှာ တစ်ဒါဇင်ခန့် ရှိနေပြီဖြစ်သည်။

    ၎င်းတို့မှာ၏ ရည်ရွယ်ချက်မှာ အစ္စလာမ့်နှင့်ပတ်သက်၍ မြင်နေရသော သတင်းအချက်အလက်အမှားများအား တန်ပြန်တိုက်ဖျက်ရေးအတွက် အွန်လိုင်းဗီဒီယို ၇၀ ထုတ်လုပ်ဖြန့်ချီရန် ဖြစ်သည်။

    ထို့ဗီဒီယိုများမှာ လူအများ၏ ချီးကျူးမှုကို ရခဲ့ပြီး အီဗန်ဗီလီတက္ကသိုလ်မှ နိုင်ငံတကာလုံခြုံရေး သုတေသနပညာရှင် ရစ်ချတ် မက်စ်လည်း ထိုချီးကျူးမှုတွင် ပါဝင်ခဲ့သည်။

    “IS ရဲ့ သဘောတရားတွေကို ပွင့်ပွင့်လင်းလင်းဆန့်ကျင်တဲ့ ဒီလိုဆောင်ရွက်မှုမျိုး အထူးသဖြင့် အွန်လိုင်းမှာ၊ အွန်လိုင်းက အသက်ဝင်နေတဲ့ လူ့အဖွဲ့အစည်းတွေအတွင်းမှာ ပိုပြီး ပြန့်နှံ့လာတာဟာ အတွေးအခေါ်အားနည်းတဲ့သူတွေအပေါ် IS က အတွေးအခေါ်ပိုင်းဆိုင်ရာ အပိုင်စီးဖို့အတွက် ပိုပြီး ခက်ခဲပါလိမ့်မယ်” ဟု မက်စ်က ပြောကြားခဲ့သည်။

    Ref: Onislam

  • မွတ်စလင်အမျိုးသမီးအား ဟိဂျဘ်ပုဝါကြောင့် အလုပ်မပေးသည့်ကုမ္ပဏီ နစ်နာကြေးပေးရ

    မွတ်စလင်အမျိုးသမီးအား ဟိဂျဘ်ပုဝါကြောင့် အလုပ်မပေးသည့်ကုမ္ပဏီ နစ်နာကြေးပေးရ

    ဇူလိုင် ၂၄၊ ၂၀၁၅
    M-Media

    us

    – အမေရိကန် မွတ်စလင်အမျိုးသမီးတစ်ဦး အလုပ်သွားလျှောက်ရာတွင် ၎င်း၏ ဟိဂျဘ်ဝတ်ဆင်မှုကြောင့် အလုပ်မပေးခဲ့သည် အ၀တ်အစားကုမ္ပဏီ Abercrombie & Fitch အနေဖြင့် နစ်နားကြေးပေးဆောင်ခဲ့ရသည်ဟု သိရသည်။

    “စမန်သာ အီလုဖ်ရဲ့ ဇွဲကောင်းမှုက ဒီအောင်မြင်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းပါပဲ” ဟု အမေရိကန်- အစ္စလာမ် ဆက်ဆံရေးအသင်း အိုကလာဟိုးမား အဖွဲ့ခွဲမှ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေဖြစ်သူ ဗီရိုနီကာ လိုင်ဇူရီက ပြောကြားခဲ့သည်။

    အီလုဖ်မှာ တူလ်ဆာမြို့ရှိ Abercrombie & Fitch ကုမ္ပဏီ အရောင်းစင်တာတွင် ၂၀၀၈ ခုနှစ်က အလုပ်သွားလျှောက်ရာ၌ ၎င်း၏ ဟီဂျဘ်ဝတ်ဆင်မှုအတွက် အလုပ်ပေးရန် ငြင်းဆိုခြင်း ခံခဲ့ရသည်။

    ဒီမိုကရေစီဘိုးအေနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုတွင် ထိုကဲ့သို့ ခွဲခြားခံရမှုကြောင့် အီလုဖ်မှာ ၎င်း၏ အပြစ်အပျက်အတွက် တရားရုံးချုပ်သို့ တက်ရောက်တိုင်ကြားခဲ့သည်။ ထို့နောက် အလုပ်သမားများအား ဘာသာရေး ယုံကြည်လိုက်နာမှုကို အခြေခံ၍ ခွဲခြားခြင်းမပြုရဟူသော ၁၉၆၄ ခုနှစ် လူ့အခွင့်အရေးအက်အက်ဥပဒေဖြင့် ထိုကုမ္ပဏီအား တရားစွဲဆိုခဲ့သည်။

    အဆိုပါတရားစွဲဆိုမှုကို အမေရိကန်အစိုးရဌာနဖြစ်သော ညီတူညီမျှ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ကော်မရှင် EEOC က ဦးဆောင်ဦးရွက် ပြုပေးခဲ့ခြင်းဖြစ်ပြီး ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် တရားရုံးချုပ်က ဇွန်လ ၁ ရက်နေ့တွင် အီလုဖ်အား
    အနိုင်ပေးခဲ့သည်။

    ထိုစီရင်ချက်အတွက် Abercrombie & Fitch ကုမ္ပဏီက အယူခံဝင်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရပြီး အီလုဖ်အတွက် နစ်နာကြေး ၂၅၆၇၀ နှင့် တရားရုံးစားရိတ် ၁၈၉၈၃ ဒေါ်လာတို့ကို ပေးဆောင်ခဲ့ရသည်။

    အီလုဖ်ကမူ ခွဲခြားမှုအကြောင်းအရင်းကြောင့် အလုပ်ပေးရန် ငြင်းပယ်ခံရသူများအနေဖြင့် EEOC နှင့် အခြားသော လူ့အခွင့်အရေးအဖွဲ့များသို့ တိုင်ကြားရန် ရှက်ကြောက်မနေသင့်ဟု ပြောကြားခဲ့သည်။

    Abercrombie & Fitch ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူကမူ ယခုပြဿနာအား ဖြေရှင်းပြီးခဲ့သည့်အတွက် ကျေနပ်ကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် လက်ရှိဆိုင်များနှင့် အနာဂတ်တွင် ဖွင့်လှစ်မည့်ဆိုင်များတွင် သဘောထားကြီးပြီး၊ ပိုမိုသည်းခံနိုင်သည့်
    ပတ်ဝန်းကျင်တစ်ခုကို အသေအချာ ဖန်တီးပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    Abercrombie ကုမ္ပဏီမှာ ၎င်းတို့၏ ခွဲခြားမှုပေါ်လစီကြောင့် ယခင်ကလည်း တရားရေးဆိုင်ရာ ပြဿနာများဖြင့် ကြုံတွေ့ခဲ့ရဖူးပြီး အမေရိကန်အာဏာပိုင်များ၏ တရားစွဲဆိုမှုကို မကြာခဏ ခံခဲ့ရသည်။

    Ref: Onislam