News @ M-Media

Tag: US Muslims

  • ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသည့် အစ်ဖ်သာရ်ညစာစားပွဲကို အိမ်ဖြူတော်တွင်ပြုလုပ်

    ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသည့် အစ်ဖ်သာရ်ညစာစားပွဲကို အိမ်ဖြူတော်တွင်ပြုလုပ်

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    obama

    – မည်သည့် ဘာသာတရား သို့မဟုတ် မည်သည့်လူမျိုးစုကိုမဆို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ဆန့်ကျင်ရာတွင် မိမိတို့ အမေရိကန်အားလုံးမှာ အတူတကွ ရပ်တည်ကြသည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အိမ်ဖြူတော်တွင် ဇွန်လ ၂၂ ရက် ညပိုင်းက ပြုလုပ်ခဲ့သော အစ်ဖ်သာရ်(၀ါဖြေ) ညစာစားပွဲတွင် ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုက ဘာပဲဖြစ်နေပါစေ။ ကျွန်တော်တို့အားလုံးဟာ မိသားစု တစ်ခုပါပဲ” ဟု အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ဥပုသ်ထွက်ချိန် ပြုလုပ်ခဲ့သော အဆိုပါ ညစာစားပွဲ၌ အိုဘားမားက ပြောကြားခဲ့သည်။

    အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲကို စုစုပေါင်း လူ ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး၊ သံတမန်အသိုင်းအ၀ိုင်းမှ ၄၀ ခန့်နှင့် အမေရိကန်လွှတ်တော်အမတ် အနည်းငယ်လည်း တက်ရောက်ခဲ့ကြသည်။

    အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လဖြစ်ပြီး အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင်တိုင်း ဥပုသ်သီလဆောက်တည်ရန် သတ်မှတ်ထားသည့် ရမ်ဇာန်ဥပုသ်လမှာ တစ်လတာ ကြာမြင့်မည်ဖြစ်ပြီး အီဒွလ်ဖိသီရ်ပွဲတော်ဖြင့် အဆုံးသတ်မည်ဖြစ်သည်။

    “ဒီအချိန်ဟာ နာမ်ပိုင်းဆိုင်ရာ ပြန်လည်ဆန်းသစ်ဖို့ အချိန်ပါပဲ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဖေးမဖို့၊ ကံမကောင်း အကြောင်းမလှသူတွေကို မြှင့်တင်ပေးဖို့ တစ်ယောက်ချင်းဆီမှာ ရှိနေတဲ့တာဝန်တွေအတွက် ကျွန်တော်တို့တွေကို အသိပေးတဲ့ အချိန်လည်း ဖြစ်ပါတယ်” ဟု အိုဘားမားက ရမ်ဇာန်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ထို့ပြင် အိုဘားမားမှာ ပုဝါဆောင်းခွင့် အခွင့်အရေးကို ကာကွယ်ရန် တရားရုံးချုပ်အထိတက်ခဲ့သော အမေရိကန်မွတ်စလင်အမျိုးသမီးငယ် စမန်သာ အီလာအွဖ်အပါအ၀င် ညစာစားပွဲသို့ တက်ရောက်လာကြသည့် မွတ်စလင်လူငယ်များကိုလည်း ဂုဏ်ပြု ပြောကြားခဲ့သည်။

    စမန်သာမှာ ၂၀၀၈ ခုနှစ် သူမအသက် ၁၇ နှစ်အရွယ်က အလုပ်သွားလျှောက်ရာတွင် အင်တာဗျူး၌ ဟိဂျဘ်ဝတ်ဆင်မှုကြောင့် အလုပ်ခန့်အပ်ရန် ငြင်းပယ်ခံခဲ့ရသူ ဖြစ်သည်။

    “ဟိဂျဘ်ဝတ်ဆင်ခွင့်ကို ကာကွယ်ဖို့ – လူတိုင်းရသလို တူညီတဲ့အခွင့်အရေးရဖို့ သူမဟာ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ တရားရုံးချုပ်ကို တောက်လျှောက် တက်ခဲ့ပါတယ်။ ဒါမျိုး သူ့အရွယ်မှာ ကျွန်တော် မလုပ်ခဲ့ပါဘူး။ (တရားရုံးမှာလည်း) သူနိုင်ခဲ့ပါတယ်” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးလ်တွင် အသတ်ခံခဲ့ရသည့် မွတ်စလင်လူငယ် ၃ ဦးနှင့် ပြီးခဲ့သည့် တစ်ပတ်က တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်ရှိ လူမည် ခရစ်ယာန်ဘုရားကျောင်းတွင် အသတ်ခံခဲ့ရသည့် လူ ၉ ဦးတို့နှင့် ပတ်သက်၍လည်း အိုဘားမားက ထည့်သွင်း ပြောကြားခဲ့သည်။

    “ဘယ်သူဘယ်ဝါဖြစ်တဲ့အတွက်ကြောင့်၊ ဘယ်လိုပုံပန်းသွင်ပြင် ရှိတဲ့အတွက်ကြောင့်၊ ဘယ်သူ့ကို ချစ်တယ်ဆိုတဲ့အတွက်ကြောင့်၊ ဘယ်လို ၀တ်ပြုကိုးကွယ်လဲဆိုတဲ့အတွက်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ပစ်မှတ်ထားမခံရသင့်ဘူးလို့ အမေရိကန်တွေဖြစ်တဲ့ ကျွန်တော်တို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ အမုန်တရားပြည့်နေတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်ပါတယ်”

    အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဝေေ၀နုလည်း ဖိတ်ကြားခံခဲ့ရပြီး ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

    Ref: Todayonline, Washingtonpost

  • အမေရိကန်ရှိ ရှေ့ဆောင်အီမာမ်တစ်ဦး အစွန်းရောက်အဖွဲ့သို့ ပူးပေါင်းမည့်သူများအား  လမ်းမှန်ရောက်အောင် ဆောင်ရွက်ပေးနေ

    အမေရိကန်ရှိ ရှေ့ဆောင်အီမာမ်တစ်ဦး အစွန်းရောက်အဖွဲ့သို့ ပူးပေါင်းမည့်သူများအား လမ်းမှန်ရောက်အောင် ဆောင်ရွက်ပေးနေ

    ဇွန် ၆၊ ၂၀၁၅
    M-Media

    us

    – အရှေ့အလယ်ပိုင်းတွင် သွားရောက်တိုက်ခိုက်ရန် စီစဉ်နေသူ မွတ်စလင်လူငယ်များအား အမေရိကန်မှ ရှေ့ဆောင်အီမာမ် မိုဟာမက် မဂျစ်ဒ်က အခြေခံကျကျ တွေးခေါ်မှုကို အသုံးပြုခြင်း၊ အစ္စလာမ်နှင့်ပတ်သက်သည့် မှားယွင်းသော ယူဆချက်များကို ပြင်ဆင်ခြင်းတို့ဖြင့်
    လမ်းမှန်ရောက်အောင် ဆောင်ရွက်ပေးနေကာ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင် အီမာမ်များနှင့် တရားဟောဆရာများအတွက် အတုယူစရာ ဖြစ်လာခဲ့သည်

    “’အစ္စလာမ်မှာ လူတစ်ယောက်ကို အရှင်လတ်လတ် မီးရှို့လို့ ရလို့လား – ငါ့ကို ရှင်းပြစမ်းပါကွာ’ လို့ ကျွန်တော်ပြောပါတယ်။ သူ မဖြေနိုင်ပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ် ဒါမှမဟုတ် တမန်တော်မြတ်ရဲ့ သင်ကြားချက်တွေမှာ တစ်ယောက်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ ခွင့်ပြုတဲ့ ဘယ်လို အထောက်အထားမျိုးမှ မရှိပါဘူး။ ဒါကို တားမြစ်ထားတဲ့ အထောက်အထားတွေပဲ ရှိပါတယ်” ဟု အီမာမ် မဂျစ်ဒ်က Think Progress သို့ ဇွန်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

    မဂျစ်ဒ်မှာ အမေရိကန်ရှိ တတိယအကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သော ဗာဂျီးနီးယားပြည်နယ် စတာလင်မြို့ရှိ ADAMS ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ်ဖြစ်ပြီ IS အဖွဲ့နှင့် ဆက်သွယ်ရန်အတွက် ဆီးရီးယားသို့သွားရန် ဆန္ဒရှိသူ လူငယ်များကို ချဉ်းကပ်ကာ ဖျောင်းဖျနေသူဖြစ်သည်။

    ၎င်း၏အဆိုအရ စစ်သွေးကြွအဖွဲ့များမှာ ကုရ်ကျမ်းတော်တော်မြတ်နှင့် အစ္စလာမ်သမိုင်းများကို ပုံဖျက်ကာ လူငယ်များကို ဖျားယောင်းနေကြသည်ဟု ဆိုသည်။ မဂျစ်ဒ်ကမူ ထိုသို့ ပုံဖျက်အတွေးအခေါ်များအား ဖျက်ဆီးပစ်ရန် လွယ်ကူသည်ကို ဆွေးနွေးမှုများအရ သိရသည်ဟု ဆိုသည်။

    “သူတို့ ကျွန်တော့်ကို ပြောတဲ့တစ်ချက်က ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေဟာ အရှက်တကွဲအကျိုးနည်း ဖြစ်နေရတယ် ဆိုတာပါပဲ။ ကျွန်တော်ကလည်း ‘IS က တကယ် အကူအညီပေးတယ်လို့ မင်းတို့ထင်လို့လား’ လို့ ပြန်မေးပါတယ်။ IS က အခြားအဖွဲ့အစည်းတွေထက် ပိုပြီး မွတ်စလင်တွေကို သတ်ခဲ့တာလေ။ Fairfax ကောင်တီမှာ လုပ်သလို အကူအညီပေးရေး ကြိုးပမ်းမှုတွေမှာ ဘာ့ကြောင့် တစ်ဖက်တစ်လမ်းက မပါဝင်ကြတာလဲ။ ကျွန်တော်တို့ဟာ ဆောင်းတွင်းတိုင်းမှာ ခြုံစောင်တွေစုပြီး ဆီးရီးယားက ဒုက္ခသည်တွေကို ပို့ပေးပါတယ်” ဟု မဂျစ်ဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းဖျောင်းဖျခဲ့သော ဆယ်ကျော်သက်များမှာ အမျဉ်းကျဉ်းမြောင်းကြပြီး လူဆိုးဂိုဏ်းများထံ သွားရောက်ပူးပေါင်းနေသည့် လူငယ်များကဲ့သို့ပင်ဖြစ်သည်ဟု ဆိုသည်။ အန္တရာယ်ကျလုဆဲဆဲ ဖြစ်သည့်အခါတွင် ADAMS ဗလီဝတ်ကျောင်းတော်မှာ ဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “မွတ်စလင်တွေနဲ့ ပတ်သက်လာရင် စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားကို ဘာ့ကြောင့် လူတွေက မစဉ်းစားကြတာလဲမသိဘူး။ မွတ်စလင်ဟာ စိတ်ရောဂါမဖြစ်တဲ့သူတွေလို့ ထင်နေကြတယ်ထင်တယ်။ မွတ်စလင်မဟုတ်တဲ့သူတစ်ယောက် တစ်ခုခု မဟုတ်တာလုပ်လိုက်ပြီဆိုရင် သူတို့ ပထမဆုံးပြောတာက ‘သူ့ရဲ့ စိတ်ကျန်းမာရေးကို စစ်ကြည့်အုံး’ ဆိုတာပါပဲ။ ဒါပေမယ့်
    မွတ်စလင်တစ်ယောက် ဖြစ်ပြီဆိုရင်တော့ ‘မဟုတ်ဘူး သူတို့ စိတ်ကျန်းမာရေး ဘာမှမဖြစ်ဘူး။ ခင်ဗျားသိလား သူဟာ စိတ်ပိုင်းဆိုင်ရာ ဘာအနှောက်အယှက်မှ မရှိဘူး’လို့ ပြောကြတယ်” ဟု မဂျစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    IS အဖွဲ့မှာ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်လူငယ်များကို ခံယူချက်အမှားများ၊ သတင်းအချက်အလက် အမှားများဖြင့် ဖျားယောင်းသိမ်းသွင်းလျက် ရှိနေသည်။

    အစ္စလာမ်သာသနာ သန္ဓေတည်ရာ ဆော်ဒီအာရဗျ၊ အစ္စလာမ်ကမ္ဘာတွင် သြဇာအရှိဆုံး ဘာသာရေးအဖွဲ့တည်ရှိရာ အီဂျစ်နိုင်ငံမှ အလ်-အဇ်ဟာရ်တက္ကသိုလ် စသည်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များနှင့် အသင်းအဖွဲ့များက IS အဖွဲ့နှင့် ၎င်းတို့၏ လုပ်ရပ်များကိုပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပြီး IS အစ္စလာမ်၏ နံပါတ်တစ်ရန်သူ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ IS အဖွဲ့အား တွန်းလှန်တိုက်ခိုက်မှုကို မွတ်စလင်နိုင်ငံများက ဦးဆောင် ပြုလုပ်နေကြသည်။

    Ref: Onislam

  • အရီဇိုးနားလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    အရီဇိုးနားလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    ဇွန် ၅၊ ၂၀၁၅
    M-Media

    – အမုန်းတရားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် အဇီဇိုးနားရှိ ပြည်သူရာပေါင်းများစွာမှာ ပြီးခဲ့သည့် ရက်အနည်းငယ်က ဆိုင်ကယ်သမားများ အစ္စလာမ်ဆန့်ကျင်ရေးချီတက်မှု ပြုလုပ်ခဲ့သော ဖီးနစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်၌ စုရုံးကာ မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကြသည်။

    “ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖြိုခွဲဖို့ လှုပ်ရှားမှုတွေ ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အတူတကွ ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို သိစေချင်ပါတယ်။ ခြားနားမှုတွေရှိနေပေမယ့် ကျွန်တော်အားလုံးဟာ တစ်စုတစ်စည်းထဲပါပဲ” ဟု အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများထဲမှ တစ်ဖွဲ့ဖြစ်သည့် အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ခရစ်ယာန်ဘုန်းတော်ကြီး အီရင် တာမာယိုက Huffington Post သို့ ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “မေတ္တာဟာ အမုန်းထက် ပိုခိုင်မာတယ်” ဟု အမည်ပေးထားသည့် အမုန်းဆန့်ကျင်ရေး အဆိုပါ ချီတက်မှုကို ဇွန်လ ၁ ရက် တနင်္လာနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်၊ ဂျူးအမျိုးသမီးများ သင်ကြားရေးစင်တာ၊ အရီဇိုးနား အစ္စလာမ့်ပညာရှင်များဗျူရိုကဲ့သို့ ဘာသာပေါင်းစုံမှ အဖွဲ့ပေါင်း ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

    ၎င်းတို့မှာ ပြီးခဲ့သည့်တစ်တပတ်က ဆိုင်ကယ်စီးလူအုပ်စုများ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သော ဖီးနစ် ဗလီဝတ်ကျောင်းတော်တွင်လည်း ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

    ပွဲစီစဉ်သူများကမူ ၎င်းတို့၏ အဆိုပါလှုပ်ရှားမှုမှာ မိမိတို့အထဲမှ တစ်ဦးဦးက ခွဲခြားဆက်ဆံခံရသည့်အခါ မိမိတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ အမုန်းတရားမပါဘဲ မေတ္တာရှေ့ထား၍ တုန့်ပြန်သည်ဆိုသည်ကို ပြသရန်ဖြစ်သည်ဟု
    ပြောကြားခဲ့သည်။ ထို့ပြင် ထိုပွဲကို တက်ရောက်မည့်သူများအား ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ပန်းများ ယူဆောင်လာရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

    ဖီးနစ်မြို့ရှိ မွတ်စလင်ခေါင်းဆောင်များကမူ အစ္စလာမ်ဆန့်ကျင်ရေး ချီတက်မှုပြီးနောက် ယခုကဲ့သို့ ရရှိသည့် လူ့အဖွဲ့အစည်း၏ အားပေးမှုကို ကြိုဆိုပြီး၊ မိမိတို့အနေဖြင့် ကြည်နူးခံစားရသည်ဟု ပြောကြားခဲ့သည်။

    “ဒီလှုပ်ရှားမှုက တစ်ယူသန်မှုတွေဟာ ခြွင်းချက်ရှိတယ်ဆိုတာကို ပြသနေပါတယ်။ ဒီအမုန်းတရားက ခြွင်းချက်ရှိပါတယ်။ လူတော်တော်များများဟာ ယုံကြည်ချက်တွေ မတူကြပါဘူး။ ဒါပေမယ့် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာကို ရောက်လာတဲ့အခါ ဘာသာပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ပုခုံးချင်းယှဉ် ရပ်လာခဲ့ကြပါတယ်” ဟု ဖီးနစ်မြို့ အစ္စလာမ့်လူမှုစင်တာမှ ဥက္ကဌဖြစ်သူ အူစာမာ ရှာမီက ပြောကြားခဲ့သည်။

    ဖီးနစ်ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ မဟ်မူးဒ် ဆူလိုင်မန်ကလည်း ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ပြီး ၎င်း၏ မိန့်ခွန်းတွင် အယူဝါဒများ၏ ကျမ်းစာများမှ ကျမ်းချက်များကို ကောက်နှုတ်ဖော်ပြခဲ့သည်။

    “အကောင်းဆုံးသော အောင်မြင်မှုကို သင်တို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျေးဇူးပါပဲ” ဟု ဘာသာပေါင်းစုံ လူအုပ်ကြီးအား ဆူလိုင်မန်က ပြောကြားခဲ့သည်။

    အရီဇိုးနားလူ့အဖွဲ့အစည်း၏ ထိုကဲ့သို့ အားပေးနှစ်သိမ့်မှုကို အခြားသော မွတ်စလင်ခေါင်းဆောင်များကလည်း ချီးကျူးခဲ့သည်။

    “ကျွန်တော် ဒါမျိုး စိတ်တောင် မကူးဖူးပါဘူး။ ဒီရက်အနည်းအတွင်း ဒလဟောကျလာတဲ့ ချစ်ခြင်းမေတ္တာတွေက ကျွန်တော့်ကို လေးစားအားကျမိစေပါတယ်” ဟု မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟူစိန်က လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များကလည်း သောကြာနေ့က ပြုလုပ်ခဲ့သော အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

    “ကျွန်တော်မြင်ဖူးသမျှ၊ ကြုံဖူးသမျှတွေထဲမှာ ဒါဟာ ကြောက်စရာအကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲဒီ သောကြာနေ့ကလုပ်ရပ်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး” ဟု သောကြာနေ့ အဆိုပါ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဆန္ဒပြသူများနှင့် ဗလီဝတ်ကျောင်းတော်အကြား လူတံတိုင်းဖန်တီးရန် ကူညီပေးခဲ့သည့် ခရစ်ယာန်တရားဟောဆရာ ဘော့ဘ်ဟေကီက
    ပြောကြားခဲ့သည်။

    အခြားသော ခေါင်းဆောင်များကလည်း ယခုကဲ့သို့ အမုန်းတရားဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အရီဇိုးနားရှိ လူ့အဖွဲ့အစည်းအတွင်း နားလည်မှုတိုးမြှင့်ရေးအတွက် အခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ နားလည်မှု၊ အားပေးမှုနဲ့ လူတိုင်းအတွက် မေတ္တာတံတားတွေ ထိုးပေးဖို့ ဒီကိုရောက်နေကြတာပါ” ဟု ဘာသာပေါင်းစုံလှုပ်ရှားရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ပေါလ် အက်ပင်ဂါက ပြောကြားခဲ့သည်။

    တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ ဖီးနစ်လူ့အဖွဲ့အစည်းက မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့် ပထမဆုံး လှုပ်ရှားမှုမဟုတ်ချေ။

    ပြီးခဲ့သည့် သီတင်းပတ်ကလည်း Take On Hate အဖွဲ့က အမေရိကန်မွတ်စလင်များအပေါ် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားသည့် အွန်လိုင်းလှုပ်ရှားမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြသည်။

    Ref: Onislam

  • အစ္စလာမ်ဆန့်ကျင်ရေးမှသည် ဗလီဝတ်ကျောင်းတော်ဆီသို့

    အစ္စလာမ်ဆန့်ကျင်ရေးမှသည် ဗလီဝတ်ကျောင်းတော်ဆီသို့

    ဇွန် ၃၊ ၂၀၁၅
    M-Media

    phoenix

    ပြီးခဲ့တဲ့သောကြာနေ့ ဖီးနစ်မှာပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဆန့်ကျင်ရေးချီတက်ပွဲကို တက်ရောက်ခဲ့သူ ဂျေဆန် လီဂါတစ်ယောက် ဗလီဝတ်ကျောင်းတော်အတွင်းကို သွားရောက်လည်ပတ်ခွင့် ရပြီးတဲ့နောက်မှာ သူ့ရဲ့ နှလုံးသားဟာ ပြောင်းလဲသွားခဲ့ပါတယ်။

    “မွတ်စလင်တွေကို လေးစားသမှုမဲ့စွာနဲ့ ကျွန်တော်ဟာ ပြောခဲ့ဆိုခဲ့ပါတယ်။ နောက်ထပ် ကျွန်တော် ဒါမျိုး မလုပ်တော့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်ဟာ ဒီလူတွေကို ထပ်ပြီး စိတ်ဆိုးတာ ဒါမှမဟုတ် နာကျင်တာမျိုး မဖြစ်စေချင်တော့လို့ပါ” လို့ လီဂါက Fox News ကို ပြောကြားခဲ့ပါတယ်။

    ဖီးနစ်မြို့ရဲ့ ဗလီဝတ်ကျောင်းတော်အရှေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီချီတက်ပွဲကို အီရတ်စစ်ပြန်တစ်ဦးက စီစဉ်ခဲ့တာဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ ဆိုင်ကယ်စီးသမား ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။

    လွတ်လပ်စွာ ပြောဆိုခွင့်ကို အားပေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီချီတက်မှုမှာ သူတို့တွေဟာ တမန်တော်မိုဟာမက်ရဲ့ ရုပ်ပြောင်တွေ၊ အစ္စလာမ်ကို စော်ကားတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်လာခဲ့ကြပါတယ်။

    အဲဒီ သောကြာနေ့ ချီတက်ပွဲမှာ လီဂါတစ်ယောက် သူ့ရဲ့ဦးလေးနဲ့အတူ အစ္စလာမ်ဆန့်ကျင်ရေး တီရှပ်တွေကို ၀တ်လို့ ပါဝင်ခဲ့ကြပါတယ်။ လီဂါတို့ တူဝရီး နှစ်ယောက်ဟာ သူတို့ သွားရောက်ဆန္ဒပြတဲ့ ဗလီဝတ်ကျောင်းတော်က ၀တ်ပြုသူတွေနဲ့ စကားစမြည် ပြောဆိုခွင့်ရခဲ့ပြီး
    ဗလီဝတ်ကျောင်းတော်အတွင်း ဖိတ်ခေါ်ခြင်းလည်း ခံခဲ့ရပါတယ်။

    “သူတို့နဲ့ စက္ကန့်အနည်းလောက်ထိုင်ပြီး စကားပြောလိုက်တယ်။ သူတို့ရဲ့ ဗလီဝတ်ကျောင်းတော်အတွင်းကို ၀င်သွားခဲ့တယ်။ သူတို့ရဲ့ ၀တ်ပြုဆောက်တည်မှုတွေကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ ဒါဟာ လှပတဲ့ကိစ္စတစ်ခုပါပဲ။ ပြီးတော့ ကျွန်တော့်မှာရှိတဲ့
    မေးခွန်းတွေအတွက်လည်း သူတို့က အဖြေပေးခဲ့ပါသေးတယ်” လို့ လီဂါက သူမုန်းတီးနေတဲ့ မွတ်စလင်တွေနဲ့ အစ္စလာမ်သာသနာကို ထိတွေ့ခွင့်ရခဲ့တဲ့ အတွေ့အကြုံကို ပြောကြားခဲ့ပါတယ်။

    လီဂါနဲ့ သူ့ဦးလေးကို ထပ်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့ အဲဒီဗလီဝတ်ကျောင်းတော်က ထပ်မံဖိတ်ကြားခဲ့ပါတယ်။

    “ဒီကမ္ဘာကြီးမှာ လွတ်လပ်စွာပြောဆိုခွင့်လို့ခေါ်တဲ့ အရာတိုင်းကို ကျွန်တော်တို့ ကြိုက်လို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ လူတွေကို ဖြစ်ခွင့်ပေးရမယ်။ လူတွေ သူတို့ကြိုက်တာဝတ်ခွင့် ပေးရမယ်။ သူတို့ကြိုက်တာပြောခွင့် ပေးရပါလိမ့်မယ်။ ကျွန်တော်၊ ကျွန်တော့်ဦးလေးလို လူတွေနဲ့ မွတ်စလင်တွေကို တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောချိန် ပေးရမယ်လို့ ကျွန်တော်
    ခံစားရပါတယ်။ ကျွန်တော်တို့က တစ်ခြားလူတွေရဲ့ အတွေးတွေကို ပြောင်းလဲပစ်ခဲ့တယ်။ သူတို့ (မွတ်စလင်တွေ)က ကျွန်တော့်ရဲ့အတွေးအခေါ်ကို ပြောင်းလဲစေခဲ့ပါတယ်”

    တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကြားရတာတွေ၊ မွတ်စလင်အမည်ခံလူတစ်စုရဲ့ လုပ်တွေကြောင့် အစ္စလာမ်ကို အသားလွတ် မုန်းတီးတိုက်ခိုက်နေတဲ့သူတွေဟာ စစ်မှန်တဲ့ အစ္စလာမ်နဲ့ ထိတွေ့မိတဲ့အခါမှာ အစ္စလာမ့်အေးရိပ်ဆာယာအောက်ကို ၀င်ရောက်လာတဲ့ အခြေအနေအမျိုးတွေက အစ္စလာမ်စတင် သန္ဓေတည်ခဲ့တဲ့အချိန်ကတည်းက ရှိခဲ့ပါတယ်။

    အခုနှစ်ပိုင်းအတွင်းမှာ အထင်ရှားဆုံးကတော့ အစ္စလာမ်ဆန့်ကျင်ရေး ဒက်ခ်ျနိုင်ငံရေးသမားဖြစ်တဲ့ အာနော့ဗန်ဒေါန်ပဲ ဖြစ်ပါတယ်။ သူဟာ အစ္စလာမ်ဆန့်ကျင်ရေး ၀ါဒဖြန့်ဇာတ်ကားတစ်ကားကို ထုတ်လုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စလာမ်နဲ့ တစ်ကယ်ထိတွေ့ခဲ့ရပြီးနောက်ပိုင်းမှာ သူဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့ပြီး သူရဲ့လုပ်ရပ်အတွက်
    မွတ်စလင်တွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    Ref: Onislam

  • အရီဇိုးနားတွင် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဒေသတွင်းလူ့အဖွဲ့အစည်းက တန်ပြန်ဆန္ဒပြကာ နာဇီများဟု သမုတ်ခဲ့

    အရီဇိုးနားတွင် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဒေသတွင်းလူ့အဖွဲ့အစည်းက တန်ပြန်ဆန္ဒပြကာ နာဇီများဟု သမုတ်ခဲ့

    မေ ၃၀၊ ၂၀၁၅
    M-Media

    ph 2

    – အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်ရှေ့တွင် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူများမှာ လူမျိုးရေးခွဲခြားမှုနှင့် အမုန်းတရား ဖြန့်ဝေမှု ဆန့်ကျင်သူများ၏ တန်ပြန်ဆန္ဒပြခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

    အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အီရတ်စစ်ပြန် အမေရိကန် မရိန်းတပ်သားဟောင်းဖြစ်သော ဂျွန် ရစ်ဇိုင်းမားက ဆိုရှယ်မီဒီယာမှ လှုံ့ဆော်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် လူ ၇၀၀၀ ခန့်ကို ဖိတ်ခေါ်ခဲ့သော်လည်း ၂၀၀ကျော်သာ တက်ရောက်ခဲ့သည်။

    အစ္စလာမ့်ဆန့်ကျင်ရေးဆန္ဒပြသူများမှာ အစ္စလာမ်ကိုစော်ကားသည့် စာသားများကို ရေးသားထားသော တီရှပ်များကို ၀တ်ဆင်၍ အစ္စလာမ်ကို ရှုတ်ချသည့် ဆိုင်းဘုတ်များနှင့် တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ပုံများကို ကိုင်ဆောင်လာခဲ့ကြသည်။ ထို့ပြင် ၎င်းတို့မှ သေနတ်များကိုပင် ယူဆောင်ခဲ့ကြသည်။

    သို့သော်လည်း ၎င်းတို့ထက် အင်အားပိုမိုများပြားသော လူအုပ်ကြီးမှာ “အမုန်းကိုမလို မေတ္တာကိုသာလိုသည်” “ငြိမ်းချမ်းရေးကို ဖြန့်ဝေကြ” ဟူသော ကျွေးကျော်သံများကို ကျွေးကြော်ကာ ချီတက်လာခဲ့ကြပြီး ဖီးနစ် ဗလီဝတ်ကျောင်းတော်ရှေ့တွင် ၎င်းတို့နှစ်ဖွဲ့မှာ ထိပ်တိုက်တွေ့ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ဝင်များမှာ ဆန္ဒပြမှု မပြုလုပ်ခင်ကပင် ဗလီဝတ်ကျောင်းတော် အနီးတစ်ဝိုက်၌ လုံခြုံရေးယူထားခဲ့ပြီး နှစ်ဖွဲ့ဖြစ်လာသည့်အချိန်တွင် ပြဿနာမဖြစ်ပွားစေရန် ၎င်းတို့ အဖွဲ့နှစ်ခု၏ကြား တံတိုင်းအဖြစ် ကာပေးခဲ့သည်။

    အမုန်းတရားဆန့်ကျင်ရေးအဖွဲ့သားများမှာ ငြိမ်းချမ်းရေးဆိုင်းဘုတ်များ၊ မွတ်စလင်လူ့အဖွဲ့အစည်းအား နှစ်သိမ့်အားပေးသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာခဲ့ကြကာ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများအား “နာဇီများ” ဟု ဟစ်အော် မောင်းထုတ်ခဲ့ကြသည်။

    ၎င်းတို့ ဆန္ဒပြခဲ့ရာ ဖီးနစ်ဗလီဝတ်ကျောင်းတော်မှာ ပြီးခဲ့သည့်နှစ်ကတည်းက အကြမ်းဖက်ဆန့်ကျင်ရေး၊ IS၊ အလ်ကိုင်းဒါးနှင့် ဘိုကိုဟရမ်ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများအား အစ္စလာမ်နှင့် မည်သို့မှ မသက်ဆိုင်သည့်အကြောင်းကို သောကြောဒေသနာများမှတစ်ဆင့် မွတ်စလင်များအား အသိပညာပေးမှုများ ပြုလုပ်နေသည့် ဗလီဝတ်ကျောင်းတော် ဖြစ်သည်။

    ထိုကဲ့သို့ ဆန့်ကျင်ဆန္ဒပြမှုများမှာ ဒေသစံတ်ေချိန် ည ၇ နာရီခန့်တွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး ၉ နာရီကျော်တွင် လူစုကွဲသွားခဲ့သည်။ ရစ်ဇိုင်းမားကမူ မိမိအနေဖြင့် ထိုကဲ့သို့သော် ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters, RT