News @ M-Media

Tag: US Muslims

  • တက္ကဆက်ရှိ အီမာမ်တစ်ဦး မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း စွမ်းရည်မြှင့်

    တက္ကဆက်ရှိ အီမာမ်တစ်ဦး မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း စွမ်းရည်မြှင့်

    မေ ၈၊ ၂၀၁၅
    M-Media

    texas

    – ပြည်သူများအကြား ပေါင်းကူးတံတားတည်ဆောက်ခြင်း၊ အခြားသော ဘာသာတရားများအား နားလည်မှုမြှင့်တင်ခြင်းနှင့် စင်ကြယ်သော သီလရှိသည့် အိမ်နီးချင်းအဖြစ် နေထိုင်းခြင်းတို့မှာ အစ္စလာမ်၏ အခြေခံ သွန်သင်ချက်များ ဖြစ်သည့်အလျေက် တက္ကဆက်ပြည်နယ်တောင်ပိုင်းမှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဒန်နီယဲလ် အဗ္ဗဒူလာ ဟာနန်ဒက်ဇ်က မွတ်စလင် လူ့အဖွဲအစည်းအနေဖြင့် ဗလီဝတ်ကျောင်းတော်၏ အပြင်ဘက်ကို အာရုံစိုက်ရန်၊ အခြားသောလူ့အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ နောက်လိုက် မွတ်စလင်များအား လမ်းပြရန်အတွက် ဥပမာဖြင့် ပြောကြားခဲ့ပြီး သနားညှာတာမှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။

    “သနားညှာတာမှုနဲ့ ပတ်သက်ပြီး တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့ လှပတဲ့ သင်ကြားချက်တွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ “လူတွေကို သာနားညှာတာတဲ့သူကို သနားညှာတာမှုအရှိဆုံးဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ကလည်း သနားညှာတာပါလိမ့်မယ်” ဆိုတာပါပဲ” ဟု ၁၉၉၉ ခုနှစ်က အစ္စလာမ်သို့ သက်ဝင်ယုံကြည်ခဲ့သူ ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။ ၎င်းမှာ လက်ရှိအချိန်တွက် တက္ကဆက်မြောက်ပိုင်း ပီယာလန်းမြို့ရှိ ပီယာလန်း အစ္စလာမ့်စင်တာတွင် ရှေ့ဆောင်အီမာမ်အဖြစ် ဆောင်ရွက်နေသည်။

    မွတ်စလင်များအနေဖြင့် အနောက်တိုင်းလူ့အဖွဲ့အစည်းတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားရတော့မည်ဖြစ်ပြီး မိမိတို့၏ အခြေအနေကိုလည်း မြှင့်တင်ရတော့မည်ဟု ဟာနန်ဒက်ဇက်က ထည့်သွင်း ပြောကြားခဲ့သည်။

    “အစ္စလာမ်ကပြောတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး သဘောထားကို နားလည်တာ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင်လုပ်တာနဲ့ ကျွန်တော်တို့ရဲ့ ဘုံသဘောတရားတွေကို တည်ဆောက်တာဟာ အရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ တစ်ခုတည်းသော လူသားထုဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ၊ ဗလီဝတ်ကျောင်းတော်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့ ကျေပွန်ရမယ့် တာဝန်ဝတ္တရားတွေ ရှိနေတယ်ဆိုတာကို သိရှိနားလည်တာဟာလည်း အရေးပါပါတယ်။ ဒါဟာ အဆောက်အဦးဆောက်ပေးတာ ဒါမှမဟုတ် လမ်းခင်းပေးတာမျိုး စတဲ့ တာဝန်တွေသာမဟုတ်ဘဲ သနားညှာတာမှုရှိဖို့၊ သနားညှာတာမှုဆိုတာ လူသားအားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ဖို့ စတာတွေပါဝင်တဲ့ ဘုရားသခင်ထံကလာတဲ့ အရည်အချင်းတွေ ပြန့်နှံဖို့လည်း ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဟာနန်ဒက်ဇ်မှာ ၎င်း၏ သွန်သင်ဟောကြားမှုများအတိုင်း ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ပြီး မွတ်စလင်ခေါင်းဆောင်ပိုင်းသို့ သွားရောက်ခြင်းသာမက တက္ကဆက်ရှိ လူမှုရေးခေါင်းဆောင်များထံသို့ သွားရောက်ကာ လိုအပ်သည်များကို ကူညီပံ့ပိုးပေးလေ့ရှိသည်။

    ယခုနှစ်အစောပိုင်းက ကျရောက်ခဲ့သည့် “မြေကမ္ဘာနေ့” အခမ်းအနားတွင်လည်း ဘာသာပေါင်းစုံ ပန်းဥယျာဉ်တစ်ခု ဆောက်လုပ်ရန် မွတ်စလင်မဟုတ်သူ လူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

    “ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တစ်ခုက ကျွန်တော်တို့လူ့အဖွဲ့အစည်းကို ဘုံလူ့အဖွဲ့အစည်းနဲ့ မိတ်ဆက်ပေးဖို့ဖြစ်ပြီး ပန်းဥယျာဉ် ဖန်တီးတာလိုမျိုး ပူးပေါင်းဆောင်ရွက်ရတဲ့ အစီအစဉ်တွေအတွက် ကျွန်တော်တို့ အခွင့်အရေးတွေရစေမယ့် အခြေအနေမျိုးရှိတဲ့ ဆက်ဆံရေးတစ်ခု ဖော်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ သစ်ပင်လာစိုက်ဖို့ မြို့ခေါင်းဆောင်တွေရှိတယ်။ ဘာသာပေါင်းစုံက ဘာသာရေးဆရာတွေရှိတယ်။ အခုတော့ ကျွန်တော်တို့မှာ ဒီသစ်ပင်လေးတွေကို ဆက်လက်ရေလောင်းပေါင်းသင်ပေးရမယ့် တာဝန်တွေရှိတယ်၊ အဲဒီလိုပဲ အချင်းချင်း စကားပြောရမယ့် တာဝန်တွေရှိတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သိကြပါတယ်”

    သဟဇာတဖြစ်မှု

    ပန်းဥယျာဉ်တစ်ခု ဖော်ဆောင်သည့် လှုပ်ရှားမှုက ဘာသာပေါင်းစုံ ချစ်ကျည်ရေး လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားပြီး လူ့အဖွဲ့အစည်းမှာလည်း ၎င်းတို့၏ မွတ်စလင်အိမ်နီးချင်းများဖြင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေး ပိုရလာပြီဖြစ်သည်။

    “ဒါဟာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံနေတာမျိုးတွေ၊ ရှုမြင်နေကြတာမျိုးတွေကို ပြောင်းလဲဖို့လိုပြီဆိုတာ ကျန်ကမ္ဘာကြီးတစ်ခုလုံးကို ပြသလိုက်တဲ့ အနေအထားမျိုးလို့ ကျွန်တော် ထင်ပါတယ်” ဟု ပန်းယျာဉ်ဖန်တီးမှု အခမ်းအနားကို တက်ရောက်ခဲ့သည့် ပီယာလန်း အုပ်ချုပ်ရေးမှူး တွမ် ရီဒ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပီယာလန်း အစ္စလာမ့်စင်တာမှ ဦးစီးဆောင်ရွက်သော ယခုကဲ့သို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားက ဘာသာလူမျိုးပေါင်းစုံ၊ အသားအရောင်ပေါင်းစုံ မှီတင်းနေထိုင်ကြသည့် မိမိတို့မြို့တွင် သဟဇာတဖြစ်မှုကို တည်ဆောက်ထိန်းသိမ်းရေးအတွက် အလွန်ရေးပါကြောင်း ရီဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့အားလုံးဟာ ဘုရားသခင်တစ်ပါးတည်းကို ကိုးကွယ်ကြတယ်။ နာမည်တွေသာ မတူကြတာပါ”

    ဟာနန်ဒက်ဇ်ကမူ ထိုကဲ့သို့ ချစ်ကြည်ရေးဆောင်ရွက်ခြင်း၊ လူ့အဖွဲ့အစည်းအတွင်း ကူညီဆောင်ရွက်ပေးခြင်းတို့မှာ ဘာသာတရားက သွန်သင်ထားသည့်အတွက်ကြောင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • မစ်ဇူရီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး အစ္စလာမ်နှင့် ပတ်သက်သည့် ယူဆချက်အမှားများ ရှင်းလင်း

    မစ်ဇူရီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး အစ္စလာမ်နှင့် ပတ်သက်သည့် ယူဆချက်အမှားများ ရှင်းလင်း

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်၏ စစ်မှန်သော အနေအထားကို ပြသရန်၊ တင်ပြမှုများ၊ ဆွေးနွေးမှုများနှင့် အခြားသော လှုပ်ရှားမှုများမှ တစ်ဆင့် အစ္စလာမ်အပေါ် ရှိနေသည့် ယူဆချက်အမှားများကို ချေဖျက်ရန်တို့အတွက် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်ဟု သိရသည်။

    မစ်ဇူရီအလယ်ပိုင်း အစ္စလာမ့်စင်တာ ICCM ဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်လောက်ကြသူများအား ဟောပြောတင်ပြမှုများ ပြုလုပ်ခဲ့ကာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ လေ့လာခွင့်၊ ၀တ်ပြုမှုများ ကြည့်ရှုခွင့်တို့ကိုလည်း ပေးအပ်ခဲ့သည်။

    “ဒါဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး မသိနားမလည်တာတွေ၊ မသေချာမရေရာတာတွေကို ရှင်လင်းသွားစေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လူတွေက မေးခွန်းတွေမေးဖို့ ကြောက်နေကြတယ်။ ဒါမှမဟုတ်ရင် သတင်းတွေက ပြောတာကိုပဲ သူတို့ သိကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအခမ်းအနားက လူတွေကို စကားပြောခွင့်ရစေတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပိုသိလာစေပြီး အဟန့်အတားတွေကို ဖျက်ဆီးပစ်ပါတယ်” ဟု အဆိုပါ အခမ်းအနားတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ပြီး၊ ဟောပြောတင်ပြမှုများ
    ပြုလုပ်ခဲ့သူ တာဟူရာ လော့ဒ်ဟီက ပြောကြားခဲ့သည်။

    မွတ်စလင်အမျိုးသမီးများအပေါ် ရှိနေသော အနုတ်လက္ခဏာဆောင်သည့် သမရိုးကျအမြင်များကို ဖြေရှင်းရန်အတွက် အဆိုပါအခမ်းအနားတွင် အစ္စလာမ့် အမျိုးသမီးကဏ္ဍအကြောင်းကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

    “သမရိုးကျအဖြစ်ဆုံး အမြင်က အမျိုးသမီးတွေကို ဖိနှိပ်ခြင်း၊ သူတို့ကို သီးခြားထားခြင်း ဒါမှမဟုတ် အရာမသွင်းခြင်းတို့နဲ့ တွဲမြင်ကြတဲ့ ဟီဂျဘ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ့်လက်တွေမှာတော့ အစ္စလာမ်ဟာ အသိပညာပေးခြင်း၊ ခွန်အားပေးခြင်းပါပဲ” ဟု လော့ဒ်ဟီက ထပ်လောင်းပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်အတွင်း လေ့လာခွင့်နှင့် ၀တ်ပြုမှုအား ကြည့်ရှုခြင်းတို့အပြင် တက်ရောက်လာသူများကို ဟင်းလျာများနှင့် တည့်ခင်းဧည့်ခံခြင်း၊ အစ္စလာမ်နှင့်နွယ်သည့် ရိုးရာဝတ်စုံများကို ပြသခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။

    ထို့ပြင် မိမိတို့၏ အမည်များကို အာရဗီဘာသာစကားဖြင့် ရေးသားထားမှုကို မြင်ချင်သူများအတွက် ဗလီဝတ်ကျောင်းတော်ရှိ စေတနာ့ဝန်ထမ်းများက ရေးသားပေးခဲ့ပြီး၊ လက်ချောင်းကလေးများဖြင့် တက်ရောက်လာသူများကိုယ်တိုယ် အနုပညာ ဖန်တီးခြင်းတို့ကိုလည်း ပြုလုပ်ပေးခဲ့ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အထူး စိတ်ဝင်စားခဲ့သည်။

    ICCM ကို ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မစ်ဇူရီပြည်နယ်ရှိ ပထမဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။ အဆိုပါဗလီဝတ်ကျောင်းတော်မှာ ဌာနေများ၊ နိုင်ငံတကာကျောင်းသားများနှင့် ပြောင်းရွှေ့အခြေချသူများဖြင့် ဖွဲ့စည်းထားသော မစ်ဇူရီရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား သဟဇာတဖြစ်သည့် ၀န်းကျင်တစ်ခု ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည်။

    Ref: Onislam

  • ဖလော်ရီဒါမွတ်စလင်များ ချို့တဲ့သူများအား ကူညီ

    ဖလော်ရီဒါမွတ်စလင်များ ချို့တဲ့သူများအား ကူညီ

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    florida muslim

    – လူ့အဖွဲ့အစည်းအား ပြန်လည်ပေးဆပ်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ မွတ်စလင်များက ၁၈ ကြိမ်မြောက် အစ္စလာမ့်အလူပွဲတော်တစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့ပြီး တမ်ပါမြို့မှ ချို့တဲ့သောကလေးငယ်များအား လှူဒါန်းထောက်ပံ့ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများကို Tampa Bay Muslim Alliance အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ တာလစ်ဘ်အလီက မိန့်ခွန်းပြောကြားခဲ့သည်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်နဲ့ကျွန်တော်တို့ အလှူဒါနပြုကြတဲ့အခါ ကျွန်တော်တို့ရဲ့ ပြောစကားကို အကောင်အထည်ဖော်တာပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ရည်ရွယ်ချက် စိတ်သဘောထားတွေကို သက်သေပြတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်မှုပုံစံတွေကို ကျွန်တော်တို့ ကျင့်သုံးကြပေမယ့် ဖြောင့်မတ်မှန်ကန်မှု အစစ်အမှန်ဟာ အလ္လာဟ်အရှင်မြတ်အပေါ်
    ယုံကြည်ခြင်းပါပဲ။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ ရှုမြင်တာထက် ပိုပြီး ကောင်းမွန်တဲ့ စစ်မှန်မှုပါပဲ” ဟု အလီက ဆိုသည်။

    အဆိုပါ အခမ်းအနားကို Tampa Bay Muslim Alliance အဖွဲ့က စီစဉ်ကျင်းပခြင်ဖြစ်ပြီး တမ်ပါဒေသတစ်ဝိုက်ရှိ ချို့တဲ့သော ကလေးငယ်များအား အ၀တ်အစားများ၊ အရုပ်များနှင့် အစားအသောက်များ ဝေငှပေးခဲ့ကြသည်။ထို့ပြင် Muslim Alliance အဖွဲ့က ကြိုတင်စာရင်းကောက်ထားသည့် ကလေးငယ်များအတွက်လည်း စက်ဘီးအစီးရေ ၉၀ ခန့် လှူဒါန်းခဲ့သည်။

    ၆ နာရီတာကြာမြင့်သည့် အဆိုပါအခမ်းနားတွင် ဒေသတွင်း အီမာမ်များက မိန့်ခွန်းပြောကြားမှုလည်း ပါဝင်ခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ကလေးများ၏ မျက်နှာတွင် ရောင်စုံများ ချယ်သပေးခြင်း၊ ကာတွန်းရုပ်ဘောလုံးများ ဝေငှပေးခြင်းတို့ကဲ့သို့ ပျော်စရာအစီအစဉ်များလည်း ပါဝင်ခဲ့ကာ အမျိုးသားနှင့် အမျိုးသမီးအ၀တ်အထည်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချသည့် ဈေးတန်းတစ်ခုကိုလည်း ဖန်တီးပေးခဲ့သည်။

    ချီးကျူးကြ

    မွတ်စလင်အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သည့် အဆိုပါအခမ်းအနားကို တမ်ပါမြို့ရှိ မြို့သူမြို့သားများနှင့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တာဝန်ရှိသူများက ချီးကျူးခဲ့သည်။

    “လူအဖွဲ့အစည်းအတွက် ခင်ဗျားတို့က စိတ်နှစ်မြှုပ်မှု မရှိဘူဆိုရင် ဘာသာစုံ၊ အသားအရောင်စုံတဲ့ ကျွန်တော်တို့တွေလည်း ဒီမှာရှိမှာ မဟုတ်ပါဘူး” ဟု ဟီလ်စ်ဘိုရက်ဖ် ကောင်တီ၏ ကော်မရှင်နာမင်းကြီးဖြစ်သူ ကီဗင် ဘက်နာက ပြောကြားခဲ့သည်။

    ထို့ပြင် တရားမျှတသော၊ ငြိမ်းချမ်းသော၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးသည့် အဆိုပါ လှုပ်ရှားမှုမျိုးကို စီစဉ်ကျင်းပသည့်အတွက် Tampa Bay Muslim Alliance အဖွဲ့ကိုလည်း ချီးကျူးခဲ့သည်။

    အလီက မိမိတို့၏ ဘ၀သက်တမ်းတွင် ဆောင်ရွက်မှုတိုင်းအတွက် ဂုဏ်ပြုခံရမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ လုပ်ခဲ့တာတွေအတွက် ကျွန်တော်တို့ တာဝန်ယူရမှာဖြစ်ပါတယ်” ဟု ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်ကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။

    တမ်ပါမြို့တွင် နေထိုင်သူဖြစ်ပြီး အဆိုပါအခမ်းအနားတွင် စေတနာ့ဝန်ထမ်းအဖြစ် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့သည့် မာလစ်အဗ္ဗဒူလာကမူ အမေရိကန်တွင် အစ္စလာမ်နှင့် မွတ်စလင်တို့အပေါ် အဖျက်သဘောဆောင်သည့် ပုံသေကားကျ အမြင်များဖြင့် ရှုမြင်နေမှုအကြောင်းကို ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ်မှာ လူသားများအတွက် ချစ်ခြင်းမေတ္တာ၊ အလ္လာဟ်အရှင်မြတ်အတွက် အမိန့်နာခံခြင်းနှင့် လူ့အဖွဲ့အစည်းအား ဖြည့်ဆည်းပေးရန်အတွက် သွန်သင်ထားခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော်တို့ ကောင်းတာတွေလုပ်တယ်၊ အမှန်တရားကိုပြောတယ်၊ ဘုရားသခင်ရဲ့အမိန့်ကို နာခံတယ်။ ကျွန်တော်တို့ သာသနာဟာ ငြိမ်းချမ်းရေး သာသနာပါ။ ကျွန်တော်တို့ဟာ ဘုရားအများကြီးကို ကိုးကွယ်နေတယ်လို့ ယူဆချက်အမှားတွေ ရှိနေပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကို ဂုဏ်ပေးလေးစားဖို့ ကျွန်တော်တို့အားလုံးကို ဖန်ဆင်းထားတဲ့ တစ်ဆူတည်းသော ဘုရားသခင်ကိုသာလျှင် ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။
    ကုရ်အာန်ကျမ်းတော်မြတ်ဟာ အကြမ်းဖက်ဝါဒ၊ လောဘ၊ ဒေါသတွေကို မဖြန့်ဖြူးပါဘူး” ဟု အဗ္ဗဒူလာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • အရီဇိုးနားတက္ကသိုလ်တွင် တစ်ပတ်ကြာ အစ္စလာမ့်အသိပညာပေးရေး အစီအစဉ် ပြုလုပ်

    အရီဇိုးနားတက္ကသိုလ်တွင် တစ်ပတ်ကြာ အစ္စလာမ့်အသိပညာပေးရေး အစီအစဉ် ပြုလုပ်

    ဧပြီ ၂၃၊ ၂၀၁၅
    M-Media

    islamic awareness week

    – အဖျက်သဘောဆောင်သည့် တစ်ဖက်ဆွဲအတွေးများကို ချေဖျက်ရန်ရည်ရွယ်၍ အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်မှ မွတ်စလင်ကျောင်းသူ၊ ကျောင်းသားများက အစ္စလာမ့်အသိပညာပေးရေး သီတင်းပတ်တစ်ခုကို ဧပြီ ၂၀ ရက် တနင်္လာနေ့က စတင်ခဲ့ပြီး အတန်းဖော်များအား မိမိတို့၏ ဘာသာတရားနှင့်ပတ်သက်၍ အသိပညာများ ဝေမျှခဲ့ကြသည်။

    “ကျွန်တော့်ရဲ့အယူဝါဒနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပဲ နှစ်နှစ်ကာကာဖြစ်ပါတယ်။ ဒီလိုပွဲမျိုးက စစ်မှန်တဲ့မွတ်စလင်တွေဟာ ဘယ်လိုမျိုးဆိုတာကို လူတွေကိုပြဖို့ ကျွန်တော့်အတွက် အခွင့်အရေး ရစေပါတယ်” ဟု အရီဇိုးနားတက္ကသိုလ် မွတ်စလင်ကျောင်းသားများအဖွဲ့ MSA ၏ ဥက္ကဌဖြစ်ပြီး စိတ်ပညာဆိုင်ရာ ကျောင်းသားတစ်ဦးဖြစ်သူ အာဆင်မ် ဇဲဟ်ရီက The Daily Woldcat သို့ ပြောကြားခဲ့သည်။

    အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်းတွင် မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မကြုံစဖူး မြင့်တက်လာပြီးနောက် ပြုလုပ်သော အဆိုပါ အစ္စလာမ့်အသိပညာပေးရေး သီတင်းပတ်မှာ ဧပြီ ၂၄ ရက်နေ့ သောကြာနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

    အဆိုပါအခမ်းအနားကို စီစဉ်သူများက ထိုသို့ စီစဉ်ရခြင်းမှာ မွတ်စလင်များအပေါ် ရှိနေသည့် ယူဆချက်အမှားများကို မောင်းထုတ်ရန်နှင့် အစ္စလာမ်၏ စစ်မှန်သော သရုပ်သကန်ကို မြှင့်တင်ပေးရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အရီဇိုးနားတက္ကသိုလ်မှ ကျောင်းသားများမှာ အဆိုပါသီတင်းပတ်မှ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ပတ်သက်၍ သင်ယူရမည်ဖြစ်ပြီး၊ အစ္စလာမ်က သတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများကိုလည်း စမ်းသပ် ၀တ်ဆင် ခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် တက်ရောက်လာသူများအတွက် စားကောင်းသောက်ဖွယ်များကိုလည်း စီစဉ်ထားသည်။

    “မွတ်စလင်နဲ့ ဆော်ဒီနိုင်ငံသားတစ်ယောက် ဖြစ်တာကြောင့် ဒီပွဲမှာပါဝင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ အစ္စလာမ်ရဲ့ ပတ်ပတ်လည်မှာရှိနေတဲ့ နားလည်မှု လွဲမှားတာတွေကို ရှင်းလင်းချေဖျက်ဖို့ နည်းလမ်းတွေကို ဖော်ဆောင်ရာမှာ လုံလာက်သွားပြီဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး” ဟု ပထ၀ီဝင်၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရေးရာကို အထူးပြု သင်ယူလေ့လာနေသည့် ကျောင်းသား ဟာလာ အလ်ဝဂ်ဒါနီက ပြောကြားခဲ့သည်။

    “အစ္စလာမ့်အနုပညာနှင့် လက်ရေးလက်သားအတတ်” ပြပွဲတစ်ခုကိုလည်း တက္ကသိုလ် ပရ၀ုဏ်အတွင်းရှိ ကျောင်းသားများ အောက်မေ့ဖွယ်ခန်းမတွင် တနင်္လာနေ့က ပြုလုပ်ခဲ့ပြီး တက်ရောက်သူများအား လက်ရေးလက်သားအတတ် မည်ကဲ့သို့ ရေးသားရသည်ကို သင်ကြားပေးခဲ့သည်။

    အင်္ဂါနေ့တွင် “အမျိုးသမီးအခွင့်အရေးနှင့် ဟိဂျဘ်နေ့” ခေါင်းစဉ်ဖြင့် အသိပညာပေးခဲ့ပြီး အစ္စလာမ်က ပေးထားသော အမျိုးသမီးအခွင့်အရေးများ၊ ဟိဂျဘ်၏ သဘောတရားများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

    အစ္စလာမ်၊ ဂျီဟတ်နှင့် မီဒီယာ

    ကျောင်းသားများ၏ အဆိုပါသီတင်းပတ်တွင် သန်းနှင့်ချီသော အမေရိကန်မွတ်စလင်များ၏ ဘ၀အပေါ် ရိုက်ခတ်နေသော ပြဿနာများစွာကိုလည်း ကိုယ်တွယ်ဖြေရှင်းသွားမည်ဖြစ်ကာ တတိယနေ့တွင် “ခေတ်သစ်ကာလ ဂျီဟတ်” ခေါင်းစဉ်ဖြင့် အစ္စလာမ်က သင်ကြားသည့် ဂျီဟတ်၏ စစ်မှန်သော အဓိပ္ပါယ်ကို သိရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

    စတုတ္ထနေ့တွင်မူ အစ္စလာမ်နှင့်ပတ်သက်၍ အဓိကမီဒီယာများတွင် မည်ကဲ့သို့ ဖော်ပြနေသည်ဆိုသည်ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

    ဇဲဟ်ရီကမူ အစ္စလာမ်၏အမည်နာမအား အလွဲသုံးစားပြုမှုများကို မွတ်စလင်အဖွဲ့အစည်းများနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ရှုတ်ချမှုမပြုဟု အခြားသူများက အထင်မှားနေသောကြောင့် အဆိုပါ ဆွေးနွေးမှုကို ထည့်သွင်းရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီလို နားလည်မှုလွဲမှားတာကို ဒီအခမ်းအနားက ဖြေရှင်းပေးပါလိမ့်မယ်။ အစ္စလာမ်ကြောက်ရောဂါ ရှိနေတဲ့သူတွေဟာ မွတ်စလင်တစ်ယောက်နဲ့တောင်မှ မတွေ့ဖူးဘူးလို့ ကျွန်တော် ခံစားရပါတယ်။ ပြီးတော့ ဒါဟာ အစ္စလာမ့်အသိပညာပေးရေး သီတင်းပတ် ဆောင်ရွက်ရတဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုပါပဲ။ ဒါမှသာ လူတွေဟာ မွတ်စလင်တွေနဲ့ စကားစမြည်ပြောဖို့ အခွင့်အရေးရမယ်။ ပြီးတော့ တစ်ကယ်တမ်း ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်တယ်ဆိုတာကို မှန်ကန်တဲ့ နားလည်မှုလည်း ရရှိမှာပါ” ဟု ဇဲဟ်ရီက ထည့်သွင်း ပြောကြားခဲ့သည်။

    MSA မှ ကျောင်းသားများမှာ အမေရိကအတွက် မွတ်စလင်များ၏ ကူညီကြိုးပမ်းပေးမှုများ အကြောင်းကိုလည်း တင်ပြသွားမည်ဖြစ်သည်။

    သီတင်းပတ်၏ နောက်ဆုံးနေ့တွင် တက်ရောက်လာကြသူများကို ဗလီဝတ်ကျောင်းတော်များသို့ အလည်အပတ် ခေါ်ဆောင်သွားမည်ဖြစ်ပြီး တက်ဆန် အစ္စလာမ့်စင်တာ၌ ဧည်သည့်တော် အစ္စလာမ့်ဓမ္မပညာရှင် ရှိခ် ခါလစ် အလ်အဇ်ဟာရီက တရားဒေသနာများ ဟောကြားသွားမည်ဖြစ်သည်။

    “အစ္စလာမ်ကြောက်ရောဂါဆိုတာ အစ္စလာမ်ကို ကြောက်တာ မဟုတ်ပါဘူး။ အစ္စလာမ်နဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ သင်ကြားချက်တွေကို လေ့လာသင်ယူဖို့ ကြောက်နေတာပါ။ တစ်ချို့လူတွေက သူတို့ ခြွင်းချက်ထားစဉ်းစားတဲ့ အစ္စလာမ်နဲ့ပတ်သက်တာတွေဟာ မှားယွင်းနေတယ်ဆိုတာ၊ ပြီးတော့ သတင်းမှာ နားထောင်နေတာတွေဟာ အမှန်တွေမဟုတ်ဘူးဆိုတာကို သင်ယူဖို့ ကြောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ စိတ်မချရတဲ့သူတွေ ပြောတာတွေကို မဆင်မခြင်လက်ခံတာဟာ လူ့အဖွဲ့အစည်းမှာ အကြီးမားဆုံး အမှားပါပဲ။ ကျွန်တော်တို့မှာရှိတဲ့ ရင်းမြစ်တွေ၊ အသိပညာတွေကို ကျွန်တော်တို့က အသုံးချရမှာဖြစ်ပြီးလူ့အဖွဲ့အစည်းအတွင်းက ပညာမဲ့မှုတွေကို
    အသိပညာနဲ့ စိန်ခေါ်ရပါမယ်” ဟု ဇဲဟ်ရီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Onislam

  • အိုင်အိုဝါ မွတ်စလင်များ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်

    အိုင်အိုဝါ မွတ်စလင်များ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    Untitled
    – လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ဆက်ဆံရေးကို တိုးမြှင့်ရန်နှင့် အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်ပြည်ထောင်ဟု အိုင်အိုဝါပြည်နယ်မှ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ပြည်နယ်မြို့တော်တွင် “မွတ်စလင်နေ့” အခမ်းအနားကို ကျင်းပခဲ့ကြကာ မွတ်စလင်မဟုတ်သူများအား မွတ်စလင်များနှင့် ထိတွေ့ခွင့် အခွင့်အရေးကို ပေးခဲ့သည်ဟု သိရသည်။

    “အစ္စလာမ်ဘာသာတရားနဲ့ပတ်သက်လို့ ပြည်သူတွေကို ပညာပေးဖို့ဆိုရင် ကျွန်တော်တို့ဟာ ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ အလုပ်၊ ကျွန်တော်တို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ပြီးတော့ အကြမ်းဖက်ဝါဒနဲ့ပတ်သက်လို့ (ဆန့်ကျင်ကြောင်း) ပြောတာလည်း ကျွန်တော်တို့ရဲ့ ၀တ္တရားပါပဲ။ ဒါတွေကို မြင်တဲ့အခါ ကျွန်တော်တို့ ရှုတ်ချရမယ်။ ဒါမျိုးဟာ ကျွန်တော်တို့ သာသနာက သွန်သင်တာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ လူတွေကို အသိပေးရပါမယ်” ဟု အကို အဘ်ဒွလ်-ဆမဒ်က ပြောကြားခဲ့သည်။

    ရှေ့ဆောင်အီမာမ်တစ်ဦးဖြစ်သူ အဘ်ဒွလ် စမဒ်က အဆိုပါ ပွဲတော်မှာ အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ ထိုပွဲတော်ကို ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး တယ်ရီ ဘရန်စတဒ်က ပွဲတော်ကျင်းပရေး ပြီးခဲ့သည့် တစ်ပတ်က ခွင့်ပြုပေးခဲ့သည်

    ဧပြီလ ၈ ရက် နံနက် ၁၁ နာရီမှ နေ့လည် ၃ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် အမေရိကန်- အစ္စလာမ်ဆက်ဆံရေးအဖွဲ့ အိုင်အိုဝါအဖွဲ့ခွဲမှ ကိုယ်စားလှယ်များ၊ အခြားသော အစ္စလာမ်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မွတ်စလင်စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားဘာသာတရားများမှ ခေါင်းဆောင်များနှင့် ခြားဘာသာဝင်များလည်း တက်ရောက်ခဲ့ကြသည်။

    ထိုပွဲတော်အတွက် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်သောကြေညာချက်တွင် အိုင်အိုဝါပြည်နယ်၌ နေထိုင်ကြသော၊ ၎င်းတို့၏ ကြွယ်ဝသည့် ရိုးရာယဉ်ကျေးမှုများကို အခြားသော အိုင်အိုဝါပြည်သူများအား မျှဝေရန် ဆန္ဒရှိသော မွတ်စလင်တစ်ဦးချင်းစီနှင့် မိသားစုများကို အိုင်အိုဝါအစိုးရက အသိအမှတ်ပြုပါကြောင်း ရေးသားဖော်ပြခဲ့သည်။

    အမုန်းတရား မရှိစေရ

    အိုင်အိုဝါလွှတ်တော်မှာ ဘာသာရေးအရ လိုက်နာမှုများကို တားမြစ်သော ဥပဒေကြမ်း House File 135 ကို ပြဌာန်းရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အဆိုပါ မွတ်စလင်ပွဲတော် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ထိုဥပဒေကြမ်းကို ရီပက်ဘလစ်ကန်အမတ် ၁၃ ဦးက ပူးပေါင်းတင်သွင်းခြင်းဖြစ်ပြီး မွတ်စလင်များကမူ အစ္စလာမ်သာသနာအား ဆိုးရွားသော အယူဝါဒအဖြစ် မြင်ာလာအောင် လုပ်ဆောင်ခြင်းနှင့် မွတ်စလင်များကို ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

    “အခြေခံဥပဒေနဲ့ မညီညွတ်တဲ့၊ ခွဲခြားဆက်ဆံတဲ့ ဒီဥပဒေမူကြမ်းကို အတည်မပြုနိုင်အောင် ကြိုးစားခဲ့တဲ့၊ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့၊ ခေါင်းဆောင်ခဲ့တဲ့ အမတ်တွေကို ကျွန်တော်တို့ အသိအမှတ်ပြုသလို၊ ချီးလည်းချီးကျူးပါတယ်” ဟု အိုင်အိုဝါ အမေရိကန်-အစ္စလာမ် ဆက်ဆံရေး ကောင်စီမှ အမှုဆောင်ဒါရိုက်တာဖြစ်သူ မီရီယမ် အေမာရ်က ပြောကြားခဲ့သည်။

    “ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်သူတွေဟာ မွတ်စလင်နဲ့ အခြားသော ဘာသာရေးလူနည်းစုတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေး ငြင်းပယ်ဖို့ကြိုးစားမှုကို ဆန့်ကျင်တဲ့တိုက်ပွဲကို ခက်ခက်ခဲခဲ တိုက်ခဲ့ရပါတယ်”

    ခန့်မှန်းချေ ၇ သန်းမှ ၈ သန်းအထိရှိသည့် အမေရိကန်မွတ်စလင်များမှာ မကြာသေးမီကာလအတွင်း ရန်လိုမှုများကို ကြုံတွေ့နေရသည်။ အမေရိကန်အများစုမှာလည်း အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများနှင့်ပတ်သက်၍ မသိသလောက်ဖြစ်နေပြီး အမေရိကန်မွတ်စလင်များကမူ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲများ ပြုလုပ်ခြင်း၊ စာအုပ်စာတမ်းများဝေငှခြင်း၊ ဗလီဝတ်ကျောင်တော်သို့ ၀င်ရောက်လေ့လာရန် ဖိတ်ခေါ်ခြင်းတို့ကို ပြုလုပ်ကာ နားလည်မှု လွဲမှားခြင်းများအား တွန်းလှန်တိုက်ဖျက်နေသည်။

    Ref: Onislam