News @ M-Media

Tag: US Muslims

  • အမေရိကန်တွင် ကျင်းပသည့် မြောက်အမေရိက မွတ်စလင်ညီလာခံတွင် ချို့တဲ့သူများအား ကူညီထောက်ပံ့ပေးခဲ့

    အမေရိကန်တွင် ကျင်းပသည့် မြောက်အမေရိက မွတ်စလင်ညီလာခံတွင် ချို့တဲ့သူများအား ကူညီထောက်ပံ့ပေးခဲ့

    မေ ၂၉၊ ၂၀၁၅
    M-Media

    icna

    – ဘာလ်တီမိုးတွင် ပြီးခဲ့သည့်တနင်္လာနေ့က ပြုလုပ်ခဲ့သော မြောက်အမေရိက အစ္စလာမ်အသိုက်အ၀န်း (ICNA) ညီလာခံသို့ တက်ရောက်လာကြသည့် မွတ်စလ်များမှာ ဒေသအတွင်းရှိ အိမ်ယာမဲ့ မိသားစုများနှင့် ချို့တဲ့သူများအား ကူညီထောက်ပံ့မှုများ
    ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    “ကျွန်တော်တို့ဟာ မွတ်စလင်တွေ ဖြစ်တာကြောင့် ဒီအလုပ်တွေကို လုပ်တာပါ။ ဒီလိုအကျိုးဆောင်မှုတွေက အထင်မှားအမြင်မှားတွေကို မောင်းထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်” ဟု ညီလာခံသို့ တက်ရောက်လာခဲ့သည့် ဘာလ်တီမိုး
    မွတ်စလင်ပြည်သူ့ဝန်ဆောင်မှုအေဂျင်စီမှ ဥက္ကဌဖြစ်သူ ကရင်မ် အေမင်က ပြောကြားခဲ့သည်။

    အေမင်၏ အဆိုပါအေဂျင်စီမှာ ဒါရိုက်တာ မာလီကာ မက်ဒေါ်နယ် ဦးဆောင်သည့် ICNA ကူညီကယ်ဆယ်ရေး၏ အမျိုးသမီးများ အိမ်ယာရရှိရေး ကွန်ယက်နှင့် ပူးပေါင်းကာ အိမ်ယာမဲ့ မိသားစုများနှင့် ချို့တဲ့သူများအား၊ အစားသောက်များ၊ အသုံးအဆောင်ပစ္စည်းများကို လှူးဒါန်း ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

    လွန်ခဲ့သည့် တစ်လခန့်ကလည်း မက်ဒေါ်နယ်၏ ကွန်ယက်မှာ ဘာလ်တီမိုးသို့လာရောက်၍ ထိုကဲ့သို့ ထောက်ပံ့ပေးမှုများကို ပြုလုပ်ခဲ့သည်။ မက်ဒေါ်နယ်ကမူ ထိုစဉ်က အိမ်ယာမဲ့မိသားစုတစ်ခုသို့ အစားသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် အိတ်ကို သွားရောက်ပေးအပ်ရာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းပြောပြခဲ့သည်။

    “ဒါက ဒီမှာရှိနေတဲ့ ဆိုးဆိုးရွားရွား ဆင်းရဲမွဲတေမှုအချို့အတွက် မျက်စိဖွင့်ပေးလိုက်တာပါပဲ” ဟု မက်ဒေါ်နယ်က ဆိုသည်။

    မက်ဒေါ်နယ်မှာ ယခုအကြိမ် ဘာလ်တီမိုးသို့ ပြန်လည်ရောက်ရှိလာခြင်းမှာ ICNA ညီလာခံသို့ တက်ရောက်ရန်အတွက်သာ မဟုတ်ဘဲ လိုအပ်နေသူများအား ကူညီရန်အတွက်လည်း ဖြစ်သည်။

    မြောက်အမေရိကတွင် အကြီးဆုံး မွတ်စလင်ညီလာခံဖြစ်ပြီး အကြိမ် ၄၀ မြောက်ဖြစ်သည့် ICNA ညီလာခံကို ဘာလ်တီမိုးရှိ ကွန်ဗန်းရှင်းစင်တာတွင် မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှ
    မွတ်စလင်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

    ညီလာခံသို့ တက်ရောက်ခဲ့ကြသည့် လူ ၂၀၀၀၀ ခန့်မှာ သွားဘက်ဆိုင်ရာ ပစ္စည်များ၊ အချိုရည်၊ လိမ္မော်သီး၊ သောက်ရေသန့်၊ ကွေကာအုပ်၊ စွပ်ပြုတ်နှင့် အစားသောက်များပါသော အိတ်ပေါင်း ၄၀၀ ခန့်ကို ဘာလ်တီမိုးရှိ ချို့တဲ့သူများအား လိုက်လံ ဝေငှခဲ့ကြသည်။

    ညီလာခံတွင် မွတ်စလင်မဟုတ်သူများပါ တက်ရောက်ခွင့်ပေးခဲ့ပြီး ပညာရှင်များက စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုလုပ်ငန်းများ၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာအကြောင်း၊ ဥပဒေနှင့် ပညာရေးအကြောင်းများကို တင်ပြခဲ့ကြကာ ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့ကြသည်။

    Ref: Onislam

  • ပြည်ပရောက် မြန်မာမွတ်စလင်တို့၏ သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ဖို့ဝိန်းမြို့မှာ ဖွင့်လှစ်

    ပြည်ပရောက် မြန်မာမွတ်စလင်တို့၏ သမိုင်းဝင် ဗလီဝတ်ကျောင်းတော် ဖို့ဝိန်းမြို့မှာ ဖွင့်လှစ်

    မေ ၂၆ ၊ ၂၀၁၅
    M-Media
    နေစိုင်းကျော်ကျော် သတင်းပေးပို့သည်။

    image2

    အမေရိကန်ပြည်ထောင်စု၊ ဖို့တ်ဝိန်းမြို့မှာ မြန်မာမွတ်စလင်တွေ ဦးစီးတည်ဆောက်တဲ့ နူရ် အစ္စလာမ် ခေါ် အစ္စလာမ့် ဂုဏ်ရောင် ဗလီဝတ်ကျောင်းတော်ကို မေလ (၂၄) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ဖို့တ်ဝိန်းမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ နူရ်အစ္စလာမ် ဗလီဝတ် ကျောင်းတော်ဟာ မြန်မာမွတ်စလင်တွေ အနေနဲ့ နိုင်ငံရပ်ခြားမှာ အခြေခံ အုတ်မြစ်ကနေစပြီး တည်ဆောက်တဲ့ ပထမဦးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။

    ဗလီတည်ဆောက်ဖို့ရာ အတွက် မြန်မာမွတ်စလင် ပညာရေးနှင့် ကွန်မြူနတီစင်တာ အဖွဲ့အစည်းကို ၂၀၁၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ ယင်းအဖွဲ့ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုရဲဝင်းလတ်က ရှင်းပြပါတယ်။

    “အခုဖြတ်သန်းခဲ့ရတဲ့ (၅)နှစ်ကျော်ကာလအတွင်းမှာ လူပေါင်း များစွာတို့ရဲ့ အချိန်ပေါင်းများစွာ ရင်းနှီးမြှပ်နှံပြီး ဒီဗလီဝတ်ကျောင်းတော် တည်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ရတာဖြစ်လို့ ပါဝင်ပတ်သက်တဲ့ လူတွေအားလုံးရဲ့ စိတ်ဓါတ်ခွန်အားက အရမ်း အားရစရာကောင်းတယ်” လို့ ကိုရဲဝင်းလတ်က ဆိုပါတယ်။

    “ဖို့ဝိန်းမှာ နေထိုင်တဲ့ မြန်မာပြည်သားတွေ ၇ ထောင် ၈ထောင်လောက် ရှိပါတယ်။ အဲဒီထဲက ၂၀၀၀ လောက်က မွတ်စလင်တွေပါ။ ပြီးတော့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ရှိပါတယ်” ဟု ရဲဝင်းလတ်က ဆိုပါတယ်။

    ယခုတည်ဆောက်ပြီးစီး သွားခဲ့သည့် ဗလီဝတ်ကျောင်းတော်မှာ အဆင့် ၅ ခုပါ စီမံကိန်း၏ ပထမအဆင့် ဖြစ်သည်။ ထိုပထမအဆင့် အတွက် ကန်ဒေါ်လာ ၆ သိန်းဝန်းကျင် ကုန်ကျခဲ့ပြီး ငွေကြေး အများစုက လှူဒါန်းမှုမှ ရရှိခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

    “တစ်အိမ်တက်ဆင်း ကျွန်တော်တို့ အလှူခံပါတယ်။ တစ်ယောက် ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာလောက် ထည့်ကြရင်းနဲ့ ဒေါ်လာ ထောင်ချီ ရခဲ့ပါတယ်။ အဲဒီအလှူငွေတွေနဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း လစဉ်ရတဲ့ အလှူငွေလေးတွေကို ကျွန်တော်တို့ စုဆောင်းခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဒီလောက်အထိ ဖြစ်လာတာပါ” ဟု ရဲဝင်းလတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    photo

    ဖွင့်ပွဲအခမ်းအနားကို ဖို့တ်ဝိန်းမြို့ မြို့တော်ဝန် တွန်မ်ဟန်နရီ၊ ရဲမှူးချုပ် ဂယ်ရီဟန်မင်တန်၊ မြောက် အမေရိကတိုက်လုံးဆိုင်ရာ မွတ်စလင် အစည်းအရုံးက ဦးဆောင်အုပ်ချုပ်ရေးမှူး အဟ်မဒ် အလ်ဟတဗ်၊ အင်ဒီနားနားပြည်နယ်လုံးဆိုင်ရာ မဟာမိတ်အဖွဲ့က ဖို့တ်ဝိန်းမြို့ကိုယ်စားလှယ် အဟ်မဒ် အဗ္ဗဒုလ်မဂျိဗ် တို့က အထူးဧည့်သည်တော်တွေအဖြစ် တက်ရောက် အမှာစကားပြောကြား ခဲ့ကြပါတယ်။

    မြန်မာပြည် အိုလမာ-သာသနာ့ပညာရှင်များအဖွဲ့ချုပ်ကလည်း သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်၊၊

    “ဖို့တ်ဝိန်းမြို့မှာ အားလုံး အတူတကွ နေထိုင်ကြစေချင်တယ်၊ အခုမှ အလည်ရောက်လာတဲ့ ဧည့်သည်တွေ အနေနဲ့လည်း နောက်ရက် အနည်းငယ် ဆက်နေကြပါဦး။ ဒီမှာ အိမ်တွေလည်း အများကြီးရှိတယ်။ အခုဆို ဗလီဝတ်ကျောင်းတော်လည်းရှိပြီ။ ဘာလို့ဒီမှာ မနေကြရမှာလဲ” လို့ ဖို့တ်ဝိန်းမြို့တော်ဝန် တွန်မ်ဟန်နရီက ရပ်ဝေးက လာရောက်တဲ့ ဧည့်သည်တွေကို ဖို့ဝိန်းမြို့မှာ လာရောက်နေထိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

    စုပေါင်း တောင်းဆုခြွေခဲ့ကြပြီးနောက် မြို့တော်ဝန် တွန်မ် ဟန်နရီနဲ့ အတူ ဒေါက်တာ တွာရစ်အဂ်ဗာ၊ မြန်မာမွတ်စလင် ပညာရေးနှင့်ကွန်မြူနတီစင်တာရဲ့ ဥက္ကဌ ဟာဂျီ အီမာမ်ဟူစိန်တို့က ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဗလီဝတ်ကျောင်းတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

    “ဒီအခမ်းအနားကို ကနေဒါနိုင်ငံနဲ့ အမေရိကန်တဝှမ်း ရပ်နီးရပ်ဝေးက မြန်မာမွတ်စလင် အမြောက်အများ တက်ရောက်လာတာ ကို တွေ့ရတော့ ကျနော်တို့ အရမ်းဝမ်းသာတယ်။ ဒီလို ဗလီ တည်ဆောက်နိုင်ဖို့အတွက် အဘက်ဘက်က ကာယ၊ ဉာဏ၊ ဒါန အားတွေ ဝိုင်းဝန်းကူညီပေးကြသူတွေ အားလုံးကို ကျနော်တို့ အဖွဲ့အစည်းကိုယ်စား အရမ်းကျေးဇူးတယ်” လို့ ဘီအမ်အီးစီစီ အဖွဲ့ရဲ့ ဒုဥက္ကဌ ဖြစ်သူ ကိုတင်ဟိန်းလတ်က ပြောပါတယ်။ “ အမျိုးသမီးတွေ၊လူငယ်တွေ ကလည်း တက်တက်ကြွကြွ ဝိုင်းဝန်း ကူညီပေးကြတာကလည်း အားရဖို့ကောင်းတယ်။” လို့ သူက ဆက်လက်ပြောဆိုပါတယ်။

    “သတင်းမီဒီယာတွေမှာ အစ္စလာမ်ကို အဖျက်သဘောဆောင်တဲ့ ပုံစံမျိုး အမြဲတမ်းလိုလို ဖော်ပြကြပါတယ်။ အခြားအယူဝါဒတွေလိုပဲ အစ္စလာမ်ဟာ အပြုသဘောဆောင်တဲ့ သာသနာပါ။ နံပါတ် ၁ အနေနဲ့ ဒီနေ့ဟာ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ၀မ်းမြောက်စရာနေ့ဖြစ်ပြီး၊ ဖို့ဝိန်း လူ့အဖွဲ့အစည်းအတွက် ပိုပြီး ကြီးကျယ်တဲ့ နေ့ပါပဲ။ သူတို့ဟာ အင်မတန်ငြိမ်းချမ်းတဲ့သူတွေပါ။ ဒီဗလီဝတ်ကျောင်းတော်က အစ္စလာမ်ဟာ အင်မတန်အားကောင်းပြီး အပြုသဘောဆောင်တယ် ဆိုတာကို နားလည်လာစေဖို့ ဓလေ့ထုံးတမ်းတွေထဲက အကောင်းဆုံးကို ကိုယ်စားပြုပါတယ်” ဟု မြန်မာနိုင်ငံသားများနှင့် ၁၉၉၁ခုတွင် စတင် အလုပ်တွဲလုပ်ခဲ့သည့်  ဒုက္ခသည်များရေးရာ ၀န်ထမ်းဟောင်းဖရက် ဂီလ်ဘာ့တ်က  ပြောပါတယ်။

    96f5144a9492cf90f7e413b564b8986d9ce98b69dfef0c841541b0af2f9fe7e0

    အခမ်းအနားကို လူဦးရေ သုံးထောင်နီးပါးတက်ရောက်ခဲ့ကြပါတယ်။ “ကားထားဖို့နေရာ အခက်အခဲဖြစ်မှာကိုပဲ ကျနော်တို့ စိုးရိမ်ခဲ့တယ်။ အလ္လာဟ်အလိုတော်နဲ့ ကားအစီး တစ်ထောင်လောက် ရပ်နားဖို့ နေရာ စီစဉ်ပေးနိုင်ခဲ့တယ်။  ဘေးပတ်ဝန်းကျင် အိမ်နီးချင်းတွေကလည်း ကူညီတယ်။ ရဲအရာရှိတွေကလည်း ကျနော်တို့အပေါ် နားလည်ပေးတယ်။ ဝိုင်းကူပေးတယ်။” လို့ ကားရပ်နားရေးအတွက် ဦးဆောင် တာဝန်ယူပေးတဲ့ ကိုအာလီခန်းက ပြောပါတယ်။

    “အခုလို တာဝန်ကြီးတဲ့လုပ်ငန်းကို လုပ်ဆောင်ကြရာမှာ အတူတကွ တက်ညီလက်ညီနဲ့ လုပ်ကိုင်ကြမယ်၊ညှိညှိနှိုင်းနှိုင်း လုပ်ကိုင်ကြမယ်ဆိုရင် ကြီးမားတဲ့အောင်မြင်မှုတွေရနိုင်တယ်၊ စိတ်ဓါတ်ခိုင်မာရင် ဘယ်လို အခက်အခဲ့ကို ဘဲဖြစ်ဖြစ် ကျော်လွားနိုင်တယ်ဆိုတာ ကျနော်တို့အတွက် ဒီ Project ကသက်သေပါဘဲ” လို့ အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးမှူး ကိုမြတ်ကို က ပြောပါတယ်၊၊

    “ကျနော်တို့အတွက် ဒီဗလီဝတ်ကျောင်းတော်က မြန်မာမွတ်စလင်တွေ စုဝေးတဲ့ အချက်အခြာနေရာ တစ်ခုဖြစ်တယ်။ အားလုံးရဲ့ ဆုံမှတ်ဖြစ်တယ်။ လောလောဆယ်ကတော့ ပထမအပိုင်းပဲ ပြီးသေးတယ်။ နောက် ကျန်တဲ့ အပိုင်းတွေ ပြီးရင် ကျနော်တို့ အသိုင်းအဝန်း တစ်ရပ်လုံး အတွက် ပညာရေး၊ လူမှုရေး ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လိမ့်မယ်” လို့ ကိုတင်ဟိန်းလတ်က ဆက်လက်ပြောဆိုပါတယ်။

    စီမံကိန်းပထမအဆင့်တွင် ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုဆောင်နှင့် ကားပါကင်ဆောင်လုပ်ခြင်းတို့ ပါဝင်ပြီး အဆိုပါ ၀တ်ပြုဆောင်၏ အရှေ့တွင် အမျိုးသား ၁၅၀ ၀တ်ပြုနိုင်ပြီး အမျိုးသမီး ၂၀ ခန့် ၀တ်ပြုနိုင်မည့် သီးသန့်အဆောင်လည်း ဗလီဝတ်ကျောင်းတော်အတွင်း ရှိပါတယ်။ ဂေါပကအဖွဲ့ကမူ အဆိုပါ အမျိုးသား၊ အမျိုးသမီး ၀တ်ပြုရန်နေရာများကို တိုးချဲ့သွားမည်ဖြစ်သော်လည်း အမျိုးသမီးအများစုက မိမိအိမ်တွင်ပင် ၀တ်ပြုသောကြာင့် အမျိုးသမီးများအတွက် နေရာမှာ ပိုကျဉ်းမည်ဟု ပြောကြားခဲ့ပါတယ်။

    DSC02570

    “မွတ်စလင်လူ့အဖွဲ့အစည်း ကျယ်ပြန့်လာမှုကို ကျွန်တော်တို့မြင်ရတာဟာ  မယုံကြည်နိုင်စရာပါပဲ။ ဒါဟာ ဒီမြို့မှာ ၅ ခုမြောက် အစ္စလာမ့် စင်တာဖြစ်ပြီး မြန်မာမွတ်စလင်တွေ အတွက် လိုအပ်ချက်တွေကို ကိုယ်စားပြုတာလည်း ဖြစ်ပါတယ်။ ဒီဗလီဝတ်ကျောင်းတော်ကို မြန်မာ မွတ်စလင်တွေ အတွက်လို့ ကျွန်တော်တို့ ပြောပေမယ့်လည်း မတူညီတဲ့ ယဉ်ကျေးမှု၊ နောက်ခံဘက်ဂရောင်းတွေကလာတဲ့ အခြား မွတ်စလင်တွေလည်းရှိပြီး ဒါဟာ သူတို့အားလုံး အတွက်လည်း ဖြစ်မှာပါ။ ဘယ်လို နောက်ခံမျိုးက ဘယ်လိုမွတ်စလင်ပဲဖြစ်ပါစေ ဗလီဝတ်ကျောင်းတော်တိုင်းက ကြိုဆိုပါတယ်။ အစ္စလာမ့်လူ့အဖွဲ့အစည်းနဲ့ အသိုင်းအ၀ိုင်းက ဗလီဝတ်ကျောင်းတော်ဆိုတာ တစ်နေ့ကို ငါးကြိမ် ၀တ်ပြုတဲ့ အဆောက်အဦးပဲ မဟုတ်ပါဘူး။ ဒီထက်ပိုပါတယ်။ ဗလီဝတ်ကျောင်းတော်ဆိုတာ လူတွေလာမယ်။ လူ့အဖွဲ့အစည်းအတွက် စီမံကိန်းတွေ စတင်နိုင်မယ့် နေရာမျိုးပါ။ အစ္စလာမ့်ရဲ့ ငြိမ်းချမ်းတဲ့သတင်းစကား၊ မေတ္တာတရားနဲ့ ညီအစ်ကိုမောင်နှမ စိတ်ဓာတ်တွေကို  အမှန်တကယ်ဖြန့်ဝေနိုင်မယ့် နေရာလည်း ဖြစ်ပါတယ်” ဟု ယူနီဗာဆယ် ပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဂိုဟာရ် စလာမ်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၀ ခုနှစ်ကတည်းက ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြပြီး လက်ရှိမှာ ပထမပိုင်း ဗလီဝတ်ကျောင်းတော် စီမံကိန်းမှ ကျန်ရှိသည့် အဆင့် ၄ ဆင့်မှာ ရန်ပုံငွေများ ထပ်မံရှာဖွေပြီးသည့် အချိန်တွင် ဆောင်ရွက် သွားမည်ဖြစ်ကာ အဆိုပါ အဆင့်များတွင် စာသင်ခန်းများ၊ ထပ်တိုးဝတ်ပြုဆောင်များ တည်ဆောက်ခြင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။  ဂေါပကအဖွဲ့ကမူ စီမံကိန်းတစ်ခုလုံး အတွက် ကန်ဒေါ်လာ ၁.၁ သန်းကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြပါတယ်။

    b03e10ef2504242dbdb3452882eb927d45262fe38bca1f1ac76343fdd3cd2c5d image

    3263dffc99ce2ad89d3433e7bf9d542eee0a7b67018234720df5905943238e4f13e71e534d904304e29066ddabc57763253fe08aba35b96c0bcf116c36e9f3b6 33958d0b81922b6bea3848446a5cd73982db94c6cf627ca500997e5e9688db86

    ** ဖို့ဝိန်းမြို့အခြေစိုက် ဝိန်းတီဗီ သတင်းဌာနမှ အချက်အလက်အချို့ ကိုးကားသည်။

  • အသက် ၁၁ နှစ်နဲ့ ဘွဲ့ရတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ပါရမီရှင်လေး

    အသက် ၁၁ နှစ်နဲ့ ဘွဲ့ရတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ပါရမီရှင်လေး

    မေ ၂၅ ၊ ၂၀၁၅
    M-Media
    11-year-old Indian-American genius graduates from college
    ကယ်လီဖိုးနီးယားပြည်နယ်၊ စက်ခရာမန်တို ဇာတိနေ၊ အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား အသက် ၁၁ နှစ်အရွယ် တန်နစ်ရှ် အီဗရာဟီမ်သည် အိမ်တွင်း လေ့လာသင်ကြားမှုအားဖြင့် ပညာသင်ကြား လာရသူဖြစ်သည်။ ယခုအခါ စက်ခရာမန်တိုရှိ American River College (ARC) ကောလိပ်မှ သင်္ချာ၊ သိပ္ပံနှင့် နိုင်ငံခြား ဘာသာရပ် ဘွဲ့သုံးရပ်ကို အခြား ကျောင်းသား ၁၈၀၀ အကြား ထူးထူးခြားခြား တစ်ချိန်တည်း ဆွတ်ခူးရယူနိုင်ခဲ့သည်။

    အီဗရာဟင်မ်သည် ယခုနှစ် ARC ကောလိပ်၏ အသက်အငယ်ဆုံး ဘွဲရကျောင်းသားဖြစ်ပြီး ယမန်နှစ်ကလည်း အသက်အငယ်ဆုံးဖြင့် အထက်တန်းကျောင်းအောင်မြင်သူ အဖြစ် စာရင်းဝင်ခဲ့သည်။ ထိုအချက်ကို ကောလိပ်၏ပြောရေးဆိုခွင့်ရှိသူ စကော့ ခရိုးက NBC သတင်းဋ္ဌာနသို့ အတည်ပြု ပြောကြားသည်။

    သူသည် အသက် ၇ နှစ်အရွယ်ကပင် အိမ်တွင်း ပညာသင်ကြားရေး စနစ်ဖြင့် တက်လှမ်းသူဖြစ်ပြီး ယမန်နှစ် မတ်လ၌ ပြည်နယ် စာမေးပွဲအောင်မြင်ကာ တက္ကသိုလ် ပညာရေးအဆင့်တက်လှမ်းရန် အသိအမှတ်ပြုခံရသည်။ သမ္မတ ဘားရက် အိုဘားမားကပင် ဂုဏ်ပြုလွှာပို့ပေးသည်အထိ အရေးစိုက်ခံရသည်။

    အသက် ၄ နှစ်အရွယ်ကတည်းက ထင်ရှားထူးခြား ဥာဏ်ရည်မြင့်အဖွဲ့ MENSA၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ သူသည် အတန်းတိုင်း၏ရှေ့ဆုံးတွင် အစဉ်အမြဲ ဦးဆောင်နေခဲ့ကြောင်း မိခင်ဖြစ်သူ တာဂျီ အီဗရာဟီမ်က ဆိုသည်။ “ကောလိပ်ကနေ ဘွဲ့ရလာခြင်းမှတ်တိုင်က ကျွန်တော့်အဖို့ ထူးခြားဆန်းကြယ်လွန်းတာတော့ မဟုတ်ပါဘူး” ဟု သူက ဒေသန္တရ ရုပ်မြင်ဋ္ဌာနသို့ ပြောကြားသည်။

    အတန်းထဲ၌ ချာတိတ် တစ်ဦးရောက်နေခြင်းအဖြစ်ကို ကောလိပ်ကျောင်းသား အချို့မှ စိတ်ပျက်ကြသော်လည်း အများစုကမူ ပျော်ရွှင်လက်ခံကြသည်ဟု အီဗရာဟီမ်က ပြောပြသည်။

    ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သူအကြိုက်ဆုံး “Toy Story” ဇာတ်ကား၏စာသား “2 Infinity and Beyond” စာတန်းပါအင်္ကျီကို ၀တ်ဆင်ခဲ့သည်။

    “ကျွန်တော် ဆရာဝန်တစ်ဦး ဖြစ်ချင်ပါတယ်။ ဆေးပညာ သုတေသီတစ်ဦးလည်း ဖြစ်ချင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန် သမ္မတလည်း ဖြစ်ချင်ပါတယ်။ သင်ယူလေ့လာတာကို ကျွန်တော် နှစ်သက်တာကြောင့် လေ့လာလိုမှုဝသီနောက် တစိုက်မတ်မတ်လိုက်ရာကနေ ခုလို ဒီနေရာမှာ ရပ်နိုင်ခြင်းပဲဖြစ်ပါတယ်” ဟု ပါရမီရှင် ချာတိတ်လေးက Fox သတင်းဋ္ဌာနသို့ ပြောကြား သွားသည်။

    Ref : Hindustan Times

  • စော်ကားမှုများကို ဥပေက္ခာဖြင့်တုန့်ပြန်ရန် အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း

    စော်ကားမှုများကို ဥပေက္ခာဖြင့်တုန့်ပြန်ရန် အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်တွန်း

    မေ ၂၂၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်အား စော်ကားမှုများကို ဥပေက္ခာဖြင့် တုန့်ပြန်ရန် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်များက တိုက်တွန်းပြောကြားလိုက်သည်။

    တမန်တော်မိုဟမက်အား စော်ကားလှောင်ပြောင်ထားသည့် Innocence of Muslims ဗီဒီယို နမူနာကို YouTube တွင် ဆက်လက်ထားရှိရန် အမေရိကန်တရားရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်းများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လှုံ့ဆော်သူတွေ အမုန်းဆုံးအလုပ်ကို ကျွန်တော်တို့လုပ်နေတာပါ။ ဒါကတော့ ဒါကို ဥပေက္ခာပြုပြီး အခြားသူတွေကိုလည်း ဥပေက္ခာပြုဖို့ တိုက်တွန်းတာပါပဲ။ ဒီလိုမီးမွှေးတဲ့ကိစ္စတွေဟာ ထုတ်လုပ်သူတွေအတွက် တန်ဖိုးမရှိတဲ့ ကျော်ကြားမှုကိုရဖို့ စီစဉ်ထားတာပါ။ သူတို့ရဲ့ ကစားပွဲထဲကို ကျွန်တော်တို့ ၀င်မှာမဟုတ်ပါဘူး” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်မ်ဟူပါးက ပြောကြားခဲ့သည်။

    အဆိုပါရုပ်ရှင်ကို ၂၀၁၀ ခုနှစ်က ကုရ်အာန်ကျမ်းတော်မြတ် မီးရှို့ရန် လှုံ့ဆော်ခဲ့သည့် အမေရိကန်မှ ခရစ်ယာန် တရားဟောဆရာ တယ်ရီဂျုံးစ်က စီစဉ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

    တက္ကဆက်ရှိ အာဗင်းအစ္စလာမ့်စင်တာ၏ အကြီးအကဲဖြစ်သူ အီမာမ် ဇီယာရှိခ်က အဆိုပါရုပ်ရှင်အား လစ်လျူရှုကြရန် မွတ်စလင်များကို တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့က ငါးစာချခံနေရတာပါ။ သွားဟပ်လို့မဖြစ်ပါဘူး” ဟု ပြောကြားခဲ့သည်။

    မွတ်စလင်ပြည်သူ့ရေးရာကောင်စီမှ ဆက်သွယ်ရေးတာဝန်ခံဖြစ်သော ရီဟမ် အွတ်စ်မန်က

    “အမုန်းစကားကို ဖွဲ့စည်းဖုံအခြေခံဥပဒေက တားမြစ်ထားပါတယ်။ ဒါပေမယ့် လွတ်လပ်စွာပြောဆိုခွင့်က လူတွေကြားထဲရောက်လာပြီး၊ လူမှုရေးတာဝန်ရှိမှုက တစ်ယူသန်မှုကို ကျော်သွားပါတယ်။ အစ္စလာမ့်သင်ကြားချက်တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို လွတ်လပ်စွာဖော်ပြခြင်းရဲ့ အရေးပါမှုကို အားပေးပါတယ်။ ကျွန်တော်တို့ဟာ မွတ်စလင်ဆန့်ကျင်ရေး
    တစ်ယူသန်မှုတွေနဲ့ အမုန်းစကားတွေကို ရပ်တန့်လို့မရပါဘူး။ ဒါပေမယ့် အခြားသူတွေကို ပညာပေးခြင်းအားဖြင့်  ကျွန်တော်တို့ ခေါင်းဆောင်သွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ဟူပါးကလည်း အဆိုပါရုပ်ရှင် သို့မဟုတ် နမူနာကို ကြည့်ရှုမည်မဟုတ်ဟုဆိုပြီး အခြားသူများအား မကြည့်ရှုရန် တိုက်တွန်းသွားမည်ဟုလည်း ဆိုသည်။

    “(တစ်ယူသန်မှုက) ပျောက်သွားမှာမဟုတ်ပါဘူး။ အကောင်းဆုံးက သင့်ရဲ့ကိုယ်ပိုင် အကျိုးရှိတဲ့သတင်းစကားကို ဖြန့်ဝေဖို့နဲ့ အစွန်းရောက်တွေကို ကျဉ်ထားဖို့ပါပဲ”

    Ref: Onislam

  • အမုန်းကို ဟာသဖြင့်တုံ့ပြန်တဲ့ အမေရိကန်မွတ်စလင်လူငယ်များ

    အမုန်းကို ဟာသဖြင့်တုံ့ပြန်တဲ့ အမေရိကန်မွတ်စလင်လူငယ်များ

    မေ ၉၊ ၂၀၁၅
    M-Media

    us 1

    – အွန်လိုင်းရှိ အစ္စလာမ်ကြောက်ရောဂါနှင့် ခွဲခြားမှုများကို ဟာသနည်းလမ်းဖြင့် တုံ့ပြန်ရည် ရွယ်၍ အမေရိကန်မွတ်စလင် လူငယ်အဖွဲ့တစ်ခုမှာ Facbook ရှိ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များအတွက် ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ကြသည်ဟု သိရသည်။

    “ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း အဟ်မဒ်တို့က အဲဒီ မှတ်ချက်တွေကိုဖတ် ဟာသမြောက်ပါလားဆိုပြီး ထိုင်ရယ်ကြပါတယ်။ ဒီမှတ်ချက်တွေဟာ စိုးရိမ်စရာကောင်းသလောက် ရယ်စရာမျိုးလည်း ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူတွေဟာ တကယ့်လက်တွေ့ကနေ သွေဖယ်နေလို့ပါ” ဟု ထိုဗီဒီကို ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်သူ နီကိုလက်စ် အာမာရိုက ABC Action News သို့ မေလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အာမာရိုမှာ မတရားမှုနှင့် ခွဲခြားမှုတို့အား ငြိမ်းချမ်းသော သတင်းစကားဖြင့် တွန်းလှန်ရန် ဆုံးဖြတ်ထားသည့် မွတ်စလင်လူငယ်အဖွဲ့မှ တစ်ဦးလည်းဖြစ်သည်။

    ၎င်းတို့၏ ဗီဒီယိုကို Muslims Read Hate Comment ဟု အမည်ပေးထားပြီး ဖလော်ရီဒါပြည်နယ် တမ်ပါမြို့ရှိ အစ္စလာမ့်စင်တာတစ်ခု မီးရှို့ခံရပြီးနောက် အွန်လိုင်းစာမျက်နှာတွင် တက်လာသော အစ္စလာမ်ကြောက်မှတ်ချက်များကို မွတ်စလင်လူငယ်များက တုံ့ပြန်မှုများကို ရိုက်ကူးထားည်။

    အဆိုပါ မီးလောင်မှုအတွင်း စာသင်ခန်း ၄ ခန်း ပျက်ဆီးခဲ့ရပြီး စာသင်ကြားနေသော ကလေးငယ်များကိုလည်း အရေးပေါ် ကယ်ထုတ်ခဲ့ရသည်။

    ထိုဗီဒီယိုကို YouTube ၌ လွှင့်တင်ထားပြီး အမုန်းတရားကို အခြေခံသော မှတ်ချက်များကို ဟာသနှော၍ တုန့်ပြန်ထားသည်။

    “သူတို့အားလုံးကို မီးရှို့ပစ်။ အားလုံးကို မောင်းထုတ်ပစ်” ဟု စင်သီယာ ဂေါ်လဂါရ်ဆိုသူက ရေးသားမှုကို ဗီဒီယိုတွင် ပါဝင်သူတစ်ဦးက “ကျွန်တော်ဒီမှာမွေးတာလေ။ ကျွန်တော့်ကို ဘယ်ကို မောင်းထုတ်မလို့တုန်း” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ထို့ပြင် အခြားသော အမုန်းတရား မှတ်ချက်များအတွက် တုံ့ပြန်မှုအများအပြားလည်း အဆိုပါ ဗီဒီယိုတွင် ပါဝင်သည်။

    ငါတို့ဟာ အမေရိကန်တွေပါ

    အဆိုပါ ဗီဒီယိုမှာ အမုန်းတရားအား တုံ့ပြန်ခြင်းအပါအ၀င် အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အလွဲများကို အရွှန်းဖောက်ခြင်းဖြင့် မွတ်စလင်တို့၏ သဘာဝအစစ်အမှန်ကို ဖော်ပြရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    “ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဗုံးထောင်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူတွေပါ။ ကျွန်တော်တို့ဟာ အမေရိကန်တွေပါ။ ကျွန်တော်တို့ ကျောင်းတက်ကြတယ်။ အလုပ်လုပ်ကြပါတယ်” ဟု အဆိုပါ ဗီဒီယိုတွင် ပါဝင်ခဲ့သည်ဟု ဟာရှင် အာမက်ရှီက ပြောကြားခဲ့သည်။

    အာမာရိုကမူ ထိုဗီဒီယိုမှာ ငြိမ်းချမ်းမှု ဖြစ်တည်လာရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်လများအတွင်း မြောက်ကယ်ရိုလိုင်းနားရှိ မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု၊ တက္ကဆက်ပြည်နယ် ဟူစတန်ရှိ အစ္စလာမ့်စင်တာ မီးရှို့ခံရမှု၊ ဒါးလက်စ်မြို့မှ အသက် ၃၆ နှစ်အရွယ် မွတ်စလင်တစ်ဦး နှင်းများအား ဓာတ်ပုံရိုက်နေစဉ် အသတ်ခံရမှုနှင့် မွတ်စလင်များအပေါ် အခြားသော အရှက်ရစေမှုများကြောင့် အမေရိကန် မွတ်စလင်များက ၎င်းတို့မှာ နိုင်ငံအတွင်း ပစ်မှတ်ထားခြင်း ခံနေရသည်ဟု ခံစားနေရသည်။

    Ref: Onislam