News @ M-Media
Tag: US
  • အမေရိကန်ပိုက်နက်အား တိုက်ခိုက်ရန် စီစဉ်နေသည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
    အမေရိကန်ပိုက်နက်အား တိုက်ခိုက်ရန် စီစဉ်နေသည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
    သြဂုတ် ၉၊ ၂၀၁၇
    M-Media
    – အမေရိကန်၏ ပစိဖိတ်ပိုင်နက်ဖြစ်သော ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရန်အတွက် မိမိတို့က စီစဉ်နေသည်ဟု မြောက်ကိုရီးယားက ယနေ့တွင် သတိပေးလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သည့် ခြိမ်းခြောက်မှု ပေါ်ထွက်လာပြီးနောက် နာရီပိုင်းအကြာတွင် ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA မှ ထုတ်ပြန်သော စစ်တပ်၏ ကြေငြာချက်တွင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အနေဖြင့် ခေါင်းဆောင် ကင်ဂျုံအန် ဆုံးဖြတ်ချက်ချမှတ်ပါက မည်သည့်အချိန်တွင်မဆို အဆတ်မပြတ် တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။
    မြောက်ကိုရီးယားစစ်တပ်မှ အခြားပြောရေးဆိုခွင့် ရှိသူများကလည်း အမေရိကန်ဘက်မှ ကျူးကျော်ရန်စလိုမှု လက္ခဏာကို မြင်ရပါက ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟု ဆိုသည်။
    အမေရိကန်ကို နျူလက်နက်ဖြင့် တိုက်ခိုက်နိုင်ရန်အတွက် မြောက်ကိုရီးယားက ဆောင်ရွက်နေသည်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိမိတို့အနေဖြင့် ကမ္ဘာကြီးက မမြင်ခဲ့ဘူးသော ဆိုးဆိုးရွားရွား လက်တုန့်ပြန်မှုကို ပြုလုပ်သွားမည်ဟု ယမန်နေ့တွင် ခြိမ်းခြောက်ခဲ့သည်။
    မြောက်ကိုရီးယားနှင့် ကီလိုမီတာ ၃၄၀၀ ကျော်ဝေးသော ဂူအမ်ကျွန်းမှာ ပစိဖိတ်၌ အမေရိကန်၏ မဟာဗျူဟာကျသည့် စစ်အခြေစိုက်စခန်းဖြစ်ပြီး အမေရိကန် ရေတပ်နှင့် လေတပ်တို့ ရှိနေသည်။ ကျွန်းလူဦးရေမှာ ၁၆၀၀၀၀ ၀န်းကျင်သာရှိနေပြီး အမေရိကန်စစ်သည်ပေါင်း ၆၀၀၀ ခန့် ရှိသည်။
    Ref: Aljazeera
  • အမေရိကန်ကို နောင်ကျဉ်အောင် သင်ခန်းစာပေးမည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်
    အမေရိကန်ကို နောင်ကျဉ်အောင် သင်ခန်းစာပေးမည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်
    သြဂုတ် ၈၊ ၂၀၁၇
    M-Media
    – မိမိတို့နိုင်ငံအား စစ်ရေးဖြင့် အရေးယူမှု ပြုလုပ်ပါက အမေရိကန်ကို ‘နောင်ကျဉ်သည့် သင်ခန်းစာမျိုး’ ပေးသွားရန် အဆင်သင့်ရှိနေပြီး မိမိတို့၏ နျူအစီအစဉ်နှင့် ဒုံးကျည်အစီအစဉ်အတွက် စားပွဲဝိုင်းသို့ မည်သည့်အခါမှ လာရောက်မည်မဟုတ်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
    အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများ၏ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပပြုလုပ်နေသော အစည်းအဝေးသို့ တက်ရောက်လာသည့် ၀န်ကြီး ရီယွန်ဟူက ယမန်နေ့တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
    “မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့ပေါ်လစီနဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို အခြေခံကျကျ မဖယ်ရှားသမျှ ကာလပတ်လုံး ကျွန်တော်တို့ကိုယ်တိုင်ဖောက်ထားတဲ့ နျူကလီးယားစွမ်းအင်မြှင့်တင်ရေး လမ်းကြောင်းကနေ တစ်လက်မမှ သွေဖည်သွားမှာ မဟုတ်ပါဘူး”
    ထို့ပြင် အမေရိကန်၏ စိတ်ထင်တိုင်း လုပ်ရပ်များမှာ ပိုမိုပြင်းထန်လာသောကြောင့် ကိုရီးယားကျွန်းဆွယ် အခြေအနေမှာ ပိုမို ဆိုရွားလာခဲ့သည်ဟုလည်း ရီယွန်ဟူက ပြောကြားခဲ့သည်။
    ယခုကဲ့သို့ သတိပေးမှုမှာ ကုလ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူမှုအသစ်များ ပြုလုပ်ပြီးနောက်ပိုင်း ၂ ရက်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အဆိုပါ အရေးယူမှု အသစ်မှာ ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကြောင့် ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံဖိုးရှိ ကျောက်မီးသွေး တင်ပို့မှုအပါအ၀င် အခြားသော တင်ပို့မှုများကို ပိတ်ပင်ခဲ့သည်။
    “မြောက်ကိုရီးယားကို ဆန့်ကျင်ပြီး ပူးပေါင်းစစ်ရေးဆောင်ရွက်နေတဲ့ အမေရိကန်ကလွဲလို့ တစ်ခြားတိုင်းပြည်တွေအတွက် နျူလက်နက်သုံးဖို့၊ ဒီလက်နက်နဲ့ခြိမ်းခြောက်ဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက် မရှိပါဘူး” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Aljazeera
  • နာမည်ကြီး အမေရိကန်လုပ်ငန်းတစ်ခုက လူဖြူအစွန်းရောက်များကို ၀န်ဆောင်မှုမပေးဟု ကြေငြာ
    နာမည်ကြီး အမေရိကန်လုပ်ငန်းတစ်ခုက လူဖြူအစွန်းရောက်များကို ၀န်ဆောင်မှုမပေးဟု ကြေငြာ
    သြဂုတ် ၈၊ ၂၀၁၇
    M-Media
    – ဗာဂျီးနီးယားပြည်နယ် ချားလော့တ်ဆီဗီးလ်မြို့တွင် ပြုလုပ်မည့် နာဇီထောက်ခံသူများ၊ လူဖြူအစွန်းရောက်များ၏ ချီတက်မှုတွင် ပါဝင်မည့် လက်ယာစွန်းရောက်များ၏ ကြိုတင်အခန်းမှာယူမှုကို အွန်လိုင်း အခန်းငှားဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Airbnb က လက်မခံဟု သိရသည်။
    Unite the Right ဟု အမည်ပေးထားသည့် အဆိုပါချီတက်ပွဲကို လာမည့် စနေနေ့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး အမေရိကန် ပြည်တွင်းစစ်တွင် ခွဲထွက်ရေးဘက်မှ စစ်ခေါင်းဆောင် ရောဘတ် အီလီ၏ ရုပ်တုထားရှိရေး ထောက်ခံသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
    ဆန္ဒပြပွဲ၌ ဟောပြောမည့်သူများတွင် ချီတက်ပွဲကို စီစဉ်သူ ထင်ရှားသော လက်ယာစွန်ရောက်သမား ဂျေဆန် ကက်စ်လာ၊ လက်ယာစွန်းလှုပ်ရှားမှုတစ်ခုဖြစ်သည့် alt-right movement ခေါင်းဆောင် ရစ်ချတ် စပန်ဆာတို့ ပါဝင်မည်ဖြစ်သည်။
    အဆိုပါ ချီတက်ပွဲကို ရာနှင့်ချီသော လက်ယာစွန်းရောက်သမားများ တက်ရောက်မည်ဟု မျှော်လင့်ထားသည်။
    ဧည်သည့်များအတွက် ခန်းငှားဝန်ဆောင်မှုပေးနေသည့် Airbnb ၀ဘ်ဆိုက်က ထုတ်ပြန်သော ကြေငြာချက်တွင် ‘မိမိတို့လုပ်ငန်း၌ ပါဝင်ဆောင်ရွက်သူများမှာ လူမျိုး၊ ဘာသာ၊ ဇာတိ၊ လိင်၊ အသားအရောင်၊ လိင်စိတ်တိမ်းညွှတ်မှု၊ အသက်အရွယ် စသည်တို့ကိုလိုက်ကာ ခွဲခြားခြင်းမရှိ’ ကြောင်း၊ ထိုစည်းကမ်းကို ချိုးဖောက်
    သော ဖောက်သည်များအား မိမိတို့က ၀န်ဆောင်မှုပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
    Airbnb ၏ ထိုဆုံးဖြတ်ချက်အတွက် လက်ယာစွန်းရောက်များက အွန်လိုင်းစာမျက်နှာတွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်နေကြပြီး၊ ဂျာနယ်လစ်သမားဟောင်းဖြစ်ပြီး ထင်ရှားသော လက်ယာစွန်းရောက်သမား ကက်စ်စလာဆိုသူက Airbnb ကို ဥပဒေကြောင်းအရ တုန့်ပြန်သွားရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့ကြသည်။
    လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သူများကလည်း လက်ယာစွန်းရောက်များ၏ အဆိုပါအစီအစဉ်ကို ပြောင်လှောင်သရော်ခဲ့ကြသည်။
    ပြီးခဲ့သည့် ၄ လအတွင်း ချာလော့တ်ဆီဗီလ်မြို့တွင် လူဖြူအစွန်းရောက်များမှာ စီတန်းလှည့်လည်မှု ၂ ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်နှင့်ပါဆိုလျှင် ၃ ကြိမ်မြောက် ဖြစ်လာမည်ဖြစ်သည်။
    Ref: Aljazeera
  • ၁၀ နှစ်အတွင်း အမေရိကန်၌ ကလေးငယ် ၂ သိန်းကျော် လက်ထပ်ထိမ်းမြားခံရ
    ၁၀ နှစ်အတွင်း အမေရိကန်၌ ကလေးငယ် ၂ သိန်းကျော် လက်ထပ်ထိမ်းမြားခံရ
    သြဂုတ် ၅၊ ၂၀၁၇
    M-Media
    ကလေးငယ်များ လက်ထပ်ထိမ်းမြားခံရမှုနှင့်ပတ်သက်၍ အများပြည်သူ၏ တုန့်ပြန်မှုကို စမ်းသပ်သည့် လှုပ်ရှားမှုတစ်ခု
    – ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း အမေရိကန်နိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းခံရတဲ့ ကလေးငယ်အရေအတွက်ဟာာ ၂ သိန်းကျော်လောက်ရှိတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
    အချို့သော အခြေအနေတွေမှာ အသက်မပြည့်သေးသူတွေကို လက်ထပ်ထိမ်းမြားဖို့ ခွင့်ပြုထားတဲ့ ဥပဒေ ယိုပေါက်တွေကနေတစ်ဆင့် လက်ထပ်ကြတာဖြစ်ပြီး အသက်အငယ်ဆုံး လက်ထပ်ထိမ်းမြားခြင်းခံရသူတွေမှာ ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး၊ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပါဝင်ပါတယ်။
    အမေရိကန်နိုင်ငံတစ်ဝှမ်း လက်ထပ်ထိမ်းမြားနိုင်တဲ့ ပျမ်းမျှအသက်ဟာ ၁၈ နှစ်ဖြစ်ပေမယ့် မိဘတွေရဲ့ သဘောတူမှုလိုမျိုး၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိတာလိုမျိုး အခြေအနေမှာ လက်ထပ်ထိမ်းမြားနိုင်တဲ့ ခြွင်းချက်တွေက ပြည်နယ်တိုင်းမှာ ရှိနေပါတယ်။
    နယူးဂျာစီပြည်နယ်ဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ကလေးငယ်တွေ လက်ထပ်မှုကို ခြွင်းချက်မရှိ ပထမဆုံးပိတ်ပင်တဲ့ ပြည်နယ်ဖြစ်လာမယ့် ဥပေဒတစ်ခုကို လက်မှတ်ရေးထိုးဖို့ မေလမှာ ရီပက်ဘလစ်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူး ခရစ် ခရစ္စတီးက ငြင်းဆိုခဲ့ပါတယ်။
    ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အမေရိကန်တစ်ဝှမ်း အနည်းဆုံး ကလေးငယ် ၂၀၇၄၆၈ ဦး လက်ထပ်ထိမ်းမြားခြင်း ခံခဲ့ရတယ်လို့ ကလေးငယ်တွေ လက်ထပ်မှုကို ပယ်ဖျက်ဖို့ လှုံ့ဆော်နေတဲ့ Unchained At Last အဖွဲ့နဲ့ Fontline စုံစမ်းထောက်လှမ်းမှု မှတ်တမ်းရုပ်ရှင်တွေက ရရှိတဲ့ အချက်အလက်တွေက ပြသနေပါတယ်။
    ပြည်နယ် ၁၀ ခုက အချက်အလက်တွေကို လုံးဝ မပေးတာ၊ ပြည့်ပြည့်စုံစုံ မပေးတာတွေ ရှိတာကြောင့် အမှန်တကယ်ရှိတဲ့ အရေအတွက်က ဒီ့ထက်များနိုင်ပါတယ်။
    Unchained At Last ကို တည်ထောင်သူ ဖရိုင်ဒိ ရီအစ်က သူတို့အခြေစိုက်တဲ့ နယူးဂျာစီပြည်နယ်က အချက်အလက်တွေကို ရရှိတဲ့အချိန်မှာ မိမိအနေနဲ့ တုန်လှုပ်မိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီပြည်နယ်မှာ ၁၉၉၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် ၇ နှစ်အတွင်းမှာ ကလေးငယ် ၃၅၀၀ နီးပါး လက်ထပ်ထိမ်းမြား ခံခဲ့ရပါတယ်။
    “အရေအတွက်က ကျွန်မထင်ထားတာထက်ကို များနေပါတယ်။ ပြီးတော့ အသက် ၁၃ နှစ်လောက်ရှိတဲ့ ကလေးတွေ လက်ထပ်ခံရတာ၊ မိန်းကလေးငယ်အများစုက အရွယ်ရောက်ပြီးသား အမျိုးသားကြီးတွေနဲ့ လက်ထပ်ရတာတွေလည်း ပါဝင်ပါတယ်” လို့ ရီအစ်က ပြောကြားခဲ့ပါတယ်။
    ၂၀၀၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်း လက်ထပ်ခြင်းခံရတဲ့ ကလေးစုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီးငယ်တွေဖြစ်ပြီး အများစုဟာ အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်တွေဖြစ်ပါတယ်။
    အသက်အငယ်ဆုံးကတော့ တန်နက်စီပြည်နယ်က အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ် ၃ ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အသက် ၂၄၊ ၂၅ နဲ့ ၃၁ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရတာဖြစ်ပါတယ်။ အသက်အငယ်ဆုံး သတို့သားကလည်း ဒီပြည်နယ်ကဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ၂၀၀၆ ခုနှစ်က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနဲ့ လက်ထပ်ခဲ့ရတာ ဖြစ်ပါတယ်။
    အလာစကာ၊ လူဝီစီယားနားနဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်တို့မှာ အသက် ၁၂ နှစ်လောက် ကလေးတွေကို လက်ထပ်လိုင်စင်ထုတ်ပေးပြီး အခြား ပြည်နယ် ၁၀ ခုမှာတော့ အသက် ၁၃ နှစ်လောက်ကိုတောင် လက်ထပ်ခွင့် ပြုထားပါတယ်။
    Ref: Independent
  • အမေရိကန်က ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို တပ်ဆင်အသုံးပြု
    အမေရိကန်က ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို တပ်ဆင်အသုံးပြု
    ဇူလိုင် ၁၉၊ ၂၀၁၇
    M-Media
    – အမေရိကန်နိုင်ငံက ကမ္ဘာ့ပထမဆုံး လေဆာလက်နက်ကို ရေတပ်က ပို့ဆောင်ရေး စစ်သင်္ဘော USS Ponce မှာ တပ်ဆင်လိုက်ပါတယ်။
    ‘လေဆာလက်နက်စနစ်’ (LaWS) လို့ အမည်ပေးထားတဲ့ အဲဒီလက်နက်ဟာ တိုက်ချင်းပစ်ဒုံးကျည်ဖြစ်တဲ့ ICBM ရဲ့ အမြန်နှုန်းထက် အဆပေါင်း ၅ သောင်းလောက်ပိုမြန်တာကြောင့် ကမ္ဘာ့ ဘယ်လက်နက်ထက်မဆို သာလွန်ပါတယ်။
    “ကျည်ဆံထက်ကို ပိုတိကျတယ်ဗျ။ စစ်တပ်မှာ သုံးနေတဲ့ လေပေါ်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်၊ ရေပေါ်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်၊ မြေပြင်ပစ်မှတ်အတွက် ကောင်းတဲ့လက်နက်တွေလိုမျိုး တစ်ခုကောင်းမဟုတ်ဘူးဗျ။ ဒီလေဆာက ဘယ်မှာမဆို အဆင်ပြေပြီး ပစ်မှတ်အားလုံးအတွက် သုံးလို့ရပါတယ်” လို့ USS Ponce ရဲ့ ကပ္ပတိန် ခရစ္စတိုဖာ ၀ဲလ်က ပြောကြားခဲ့ပါတယ်။
    ဖိုတွန်အမှုန်တွေပစ်လွှတ်မှုကို အခြေခံပြီး ပစ်မှတ်ကို အပူနဲ့ဖျက်ဆီးတဲ့ ဒီလက်နက်ဟာ လေတိုက်နှုန်းအပါအ၀င် အခြား ဘယ်လိုအရာမျိုးရဲ့ဒဏ်ကိုမှ မှုစရာမလိုဘဲ အရာဝတ္တုတွေကို အလင်းရဲ့အမြန်နှုန်းနဲ့ ပစ်နိုင်မှာဖြစ်ပါတယ်။ ပွဲဦးထွက်အဖြစ် အီရန်၊ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားနဲ့ အခြားသော ပြိုင်ဘက်နိုင်ငံတွေက တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချပြခဲ့ပါတယ်။
    အမေရိကန်ရေတပ်က အခုလေဆာလက်နက်ဟာ အံ့သြဖွယ်တိကျတာကြောင့် စစ်ပွဲတွေမှာ အပျက်အစီးကို လျှော့ချနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီလေဆာလက်နက်စနစ်တစ်ခုကို ကန်ဒေါ်လာ သန်း ၄၀ တန်ဖိုးရှိပြီး လျှပ်စစ်စွမ်းအင်နဲ့အသုံးပြုရမှာဖြစ်ကာ ဂျင်နရေတာလည်း တွဲရက်ပါဝင်မှာဖြစ်ပါတယ်။ စက်ကိုကိုင်တွယ်ဖို့တော့ လူ ၃ ဦးသာလိုမှာဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ ဒုံးကျည်တွေ၊ အခြားသော ဘယ်လိုလက်နက်ခဲယမ်းမှ ထက်လိုမှာ မဟုတ်ပါဘူး။
    အမေရိကန် ရေတပ်ဟာ အခုလေဆာလက်နက်ထက် ပိုပြီး အားကောင်းတဲ့ ဒုတိယမျိုးဆက် လေဆာလက်နက်တွေကို ထုတ်လုပ်နေပါတယ်။
    Ref: CNN