News @ M-Media
Tag: US
  • အနာဂတ်ပို့ဆောင်ရေးစနစ် hyperloop ၏ နည်းစနစ်ပိုင်းဆိုင်ရာ စမ်းသပ်မှု အောင်မြင်
    အနာဂတ်ပို့ဆောင်ရေးစနစ် hyperloop ၏ နည်းစနစ်ပိုင်းဆိုင်ရာ စမ်းသပ်မှု အောင်မြင်
    ဇူလိုင် ၁၃၊ ၂၀၁၇
    M-Media
    – အသံထက်မြန်နဲ့နှုန်းနဲ့ ခရီးသည်တွေကို ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားတဲ့ အနာဂတ် ပို့ဆောင်ရေး စနစ်သစ် hyperloop ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ Hyperloop One ကုမ္ပဏီက ကြေငြာလိုက်ပါတယ်။
    သီးသန့်ပြုလုပ်ထားတဲ့ လေဟာနယ် လှိုင်ခေါင်းထဲမှာ ရထားလိုယာဉ်မျိုးနဲ့ ပြေးဆွဲမယ့် ဒီစနစ်မှာ လျှစ်စစ်သံလိုက်လှိုင်း တွန်းကန်အားနဲ့ သံလိုက် ပျံတက်နိုင်အား (mag-lev) နည်းပညာကို အသုံးပြုမှာဖြစ်ပြီး တစ်နာရီကို မိုင်ပေါင်း ၇၅၀ နှုန်းနဲ့ သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ လော့စ်အိန်ဂျလိစ်မြို့နဲ့ ဆန်ဒီယေဂို
    မြို့ ခရီးကို ၁၃ မိနစ်သာ ကြာမြင့်စေမှာ ဖြစ်ပါတယ်။
    Hyperloop ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဂျို့ရှ် ဂျီဂျဲလ်နဲ့ ရှာဗင် ပီရှီဗာတို့က ၁၉၀၃ ခုနှစ်မှာ ကမ္ဘာ့ ပထမဆုံး လေယျာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့ ရိုက်ညီနောင်ဟာ ၅ နှစ်နေမှ လူထုကို ချပြနိုင်ခဲ့ပေမယ့် မိမိတို့အနေနဲ့ အဲဒီလောက် မကြာချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    သူတို့ရဲ့ နည်းနစ်ပိုင်းဆိုင်ရာ ပထမဆုံး စမ်းသပ်မှုကို မေလ ၁၂ ရက်နေ့က ကုမ္ပဏီတည်ရှိရာ နီဗာဒါ သဲကန္တာရမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်နာရီကို မိုင်ပေါင်း ၇၀ နှုန်းနဲ့ သွားနိုင်ခဲ့ပါတယ်။
    ဂျီဂျဲလ်နဲ့ ပီရှီဗာတို့အဖွဲ့ဟာ လက်ရှိမှာ နောက်ထပ် ပြည့်ဝတဲ့ စမ်းသပ်မှုတစ်ခုကို ပြလုပ်ဖို့ စီစဉ်နေပြီး ဒီတစ်ခါမှာတော့ တစ်နာရီကို မိုင်ပေါင်း ၂၅၀ လောက်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
    ဧပြီလမှာ သူတို့ကုမ္ပဏီဟာ အမေရိကန်က သူတို့မျှော်မှန်းထားတဲ့ hyperloop လမ်းကြောင်း ၁၁ ခုကို ချပြခဲ့ပါတယ်။ နောက်ပြီး ကနေဒါ၊ သြစတေးလျ၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ အစ္စရေနဲ့ အာဂျင်တီးနားတို့မှာလည်း ဒီ အသံထက်မြန်တဲ့ ပို့ဆောင်ရေးနစ်ကို အကောင်အထည်ဖော်သွားဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: RT
  • အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၁၆ ဦးသေဆုံး
    အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၁၆ ဦးသေဆုံး
    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media
    – အမေရိကန် မရိန်းတပ်ဖွဲ့မှ လေယာဉ်တစ်စီးမှာ မစ်စစ္စပီပြည်နယ်တွင် ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။
    KC130 ပို့ဆောင်ရေးလယာဉ်မှာ ပြည်နယ်မြို့ ဂျက်ဆန်မှ မြောက်ဘက် ၁၃၅ ကီလိုမီတာအကွာ ကျေးလက်ဒေသတွင် ယမန်နေ့နှောင်းပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်ပြီး မရိန်းတပ်ဖွဲ့ ပြောကြားဆိုခွင့်ရှိသူ ဆာရာ ဘန်းစ်က လေယာဉ်မှာ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရသည်ဟုသာ ပြောကြားခဲ့သည်။
    မစ်စစ္စပီ အုပ်ချုပ်ရေးမှူး ဖီလ် ဘီရ်ယန့်ကလည်း ဖြစ်ရပ်ဆိုးတစ်ခုဟု ဆိုပြီး ပျက်ကျခဲ့သည့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိချေ။
    စိုက်ခင်းတစ်ခုအလယ်တွင် မီးလောင်နေသည့် လေယာဉ်အပျက်အစီးဓာတ်ပုံများမှာ အွန်လိုင်းတွင် ပြန့်နှံ့ခဲ့သည်။ အဆိုပါလေယာဉ်မှာ လေပေါ်တွင် ဆီဖြည့်ခြင်း၊ ကုန်စည်များသယ်ဆောင်ခြင်းနှင့် ခရီးသည်များ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်သည့်လေယာဉ်ဖြစ်သည်။
    Ref: Aljazeera
  • အမုန်းရာဇ၀တ်မှုကို တွန်းလှန်ဖို့ ကိုယ်လုံပညာသင်လာတဲ့ ကန်မွတ်စလင်အမျိုးသမီးများ
    အမုန်းရာဇ၀တ်မှုကို တွန်းလှန်ဖို့ ကိုယ်လုံပညာသင်လာတဲ့ ကန်မွတ်စလင်အမျိုးသမီးများ
    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media
    – မွတ်စလင်အမျိုးသမီး တော်တော်များများအတွက် ညဘက်မှာ အိမ်ကို လမ်းလျှောက်ပြန်ရတာ၊ ဘတ်စ်ကားစီးရတာ၊ ဗလီဝတ်ကျောင်းတော်မှာ လာရောက်ဝတ်ပြုရတာဟာ နေ့စဉ်ဆောင်ရွက်ရတဲ့ အလုပ်တွေဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အတွက်တော့ ဒီလို ပြုမူဆောင်ရွက်မှုတွေဟာ အန္တရာယ်ရှိလာခဲ့ပြီး အသက်အန္တရာယ် ကြုံရတဲ့အထိ ဖြစ်နိုင်ပါတယ်။
    ဒီအခက်အခဲတွေကို ကျော်လွှားဖို့အတွက် တက္ကဆက် မွတ်စလင်ကျောင်းသားများအသင်း (MSA) ဟာ ဒေသတွင်း ဗလီတွေ၊ အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး မွတ်စလင်အမျိုးသမီးတွေအတွက် ခုခံတိုက်ခိုက်ရေးပညာ သင်တန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ MSA ဥက္ကဌ အလ်တာမာရှာလီ ဟီရာနီက အစီအစဉ်ဟာ နိုင်ငံတစ်ဝှမ်း မြင့်တက်လာတဲ့ အမုန်းဆောင်တိုခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    “ကိုယ်လုံပညာသင်တန်းတွေဟာ လိုအပ်ချက်တစ်ခု ဖြစ်လာပြီလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်တွေကို ဦးတည်တဲ့ အမုန်းဆောင်တိုက်ခိုက်မှုတွေ ဖြစ်လာနေလို့ပါ။ အမျိုးသမီးအချို့ဟာ ဘာသာရေးသွန်သင်ချက်အရ ဟီဂျဘ်ကို ၀တ်တာကြောင့် သူတို့ဟာ ပစ်မှတ်ထားခံရမယ့် အလားအလာ ပိုများတယ်လို့ ကျွန်တော် ယူဆပါတယ်” လို့ ဟီရာနီက ပြောကြားခဲ့ပါတယ်။
    ဗာဂျီးနီးယားက ဟိဂျဘ်ဝတ် မွတ်စလင် ဆယ်ကျော်သက်အမျိုးသမီး နာဘရာ ဟာဆာနီ အသတ်ခံရမှုက နိုင်ငံတစ်ဝှမ်း မွတ်စလင်အမျိုးသမီးတွေကို ကြောက်စိတ်ဝင်စေခဲ့ပြီး ဒီလို လှုပ်ရှားမှုမျိုး ပေါ်လာတာလို့ သူက ဆိုပါတယ်။
    “ဒီဟာက အင်မတန်ကို တုန်လှုန်စရာ ကောင်းပါတယ်။ ဒီသတင်းကြောင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ တော်တော်များများက ကြောက်ရွံ့လာကြပါတယ်။ မွတ်စလင်တွေဟာ နှုတ်နဲ့ စော်ကားခံရတာမျိုးကို ကျွန်တော်တို့ ကြားဖူးပေမယ့် ကိုယ်ထိလက်ရောက် တိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေက ကျွန်တော်တို့ရဲ့ သြစတင် လူ့အဖွဲ့အစည်းတွေအကြား ကြောက်ရွံ့မှုတွေကို ပိုမို မြင့်တက်စေပါတယ်”
    တက္ကဆက်တက္ကသိုလ်ကျောင်းသူ ဆစ်ဒ်ရာဟ်ရှားက ကျောင်းဝန်းထဲနဲ့ သြစတင်မှာ လုံခြုံတယ်လို့ ထင်ရပေမယ့် ဟီဂျဘ်ဝတ်ထားတာကြောင့် ဘာသာရေးအရ ထင်သာမြင်သာနေတဲ့အတွက် အကာအကွယ်မဲ့တယ်လို့ ခံရကြောင်း ပြောကြားခဲ့ပါတယ်။
    “သတင်းထဲမှာ မွတ်စလင်အပေါ်၊ အထူးသဖြင့် မွတ်စလင်အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အမုန်းဆောင်ရာဇ၀တ်မှုတွေကိုအကြောင်း မြင်ရမှာပါ။ မွတ်စလင်၊ အမျိုးသမီး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒါက ကြောက်စရာအခြေအနေပါပဲ” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
    ဒီလိုတိုက်ခိုက်မှုမျိုး ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အလုံးအထည်၊ ကာကွယ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သူမက စိုးရိမ်နေပါတယ်။
    “ခန္ဓာကိုယ်က သိပ်မတောင့်ဘူး။ တစ်ယောက်ယောက်ကို ရင်ဆိုင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးလည်း ကျွန်မမှာ မရှိပါဘူး။ ခန္ဓာကိုယ် အလုံးအထည်က အားကိုးလောက်ရမယ့် အရာမျိုးတော့ မဟုတ်ပါဘူး”
    ဆွေးနွေးပွဲမှာ ပါဝင်တဲ့ တိုက်ခိုက်ရေး သင်တန်းဆရာ မီကဲလ် အဘ်ဒူလာက သူ့အနေနဲ့ သင်တန်းမှာ တိုက်ခိုက်သူတွေကို ကာကွယ်ရေး၊ ရင်ဆိုင်ရေး၊ ကျော်လွှားရေး နည်းစနစ်တွေကို သင်ကြားပေပြီး ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
    ဒီသင်တန်းကို တက်ရောက်မယ့် တက္ကဆက်တက္ကသိုလ်က ကျောင်းသူ ဆာဒီယာရာရှစ်က ပုံမှန်အားဖြင့် အန္တရာယ်ကင်းတယ်လို့ ခံစားရပေမယ့် အမုန်းဆောင်ရာဇ၀တ်မှုကို ကြုံတွေ့ရဖူးတယ်လို့ ဆိုပါတယ်။
    “ညပိုင်းလမ်းလျှောက်သွားရင် တစ်ချို့တွေက စူးစိုက်ကြည့်တာမျိုးကို ကျွန်မ ခံရဖူးပါတယ်။ (တစ်ကြိမ်မှာ) ကျောင်းအနောက်ဖက်ဝန်းက ထွက်လာတဲ့အချိန် ယောက်ျားလေးအုပ်စုတစ်ခုက အော်တာဆဲတာမျိုးတွေ လုပ်ပါတယ်”
    ဒီလိုအဖြစ်အပျက်မျိုးတွေကို ကြုံတွေ့ပေမယ့် ဒေသတွင်းလူ့အဖွဲ့အစည်းကတော့ ညီရင်းအစ်ကို မောင်ရင်းနှမလို ဆက်ဆံကြောင်း၊ တစ်ချိန် သူနဲ့ အခြားသူတွေ နှုတ်နဲ့ စော်ကားပြောဆိုခံရတဲ့အချိန်မှာ ဒေသခံတွေက ၀ိုင်းဝန်းကာကွယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
    “သြစတင်ပြည်သူတွေက ကျွန်မရှေ့မှာ မားမားမတ်မတ်ရပ်တည်တာ၊ အဲဒီလူတွေကို ပြန်အော်ပေးတာမျိုး မြင်ရတဲ့အတွက် ၀မ်းသာပျော်ရွှင်ရပါတယ်”
    ဒီလိုအဖြစ်အပျက်မျိုးတွေကို ဖြေရှင်းဖို့၊ တားဆီးဖို့အတွက် ဒေသတွင်းအာဏာပိုင်တွေ၊ တက္ကသိုလ်မှာ တာဝန်ကျတဲ့ရဲတွေ၊ စိတ်ကျန်းမာရေး အကြံပေးစင်တာတွေက MSA ကို ဖုန်းခေါ်ပြီး အားပေးတာမျိုး၊ မေးမြန်းတာမျိုးတွေ ရှိတယ်လို့လည်း ဟီရာနီက ပြောကြားခဲ့ပါတယ်။
    “ဒီကိစ္စတွေ ဖြစ်နိုင်တယ်၊ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ မဖြစ်ပါစေနဲ့လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် လက်ရှိ ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ ဘာမှ ကံသေကံမ မပြောနိုင်ပါဘူး”
    Ref: Daily Texano Online
  • အမေရိကန်တွင် လူဖြူအစွန်းရောက်အဖွဲ့၏ ချီတက်မှု တန်ပြန် ဆန္ဒပြခံရ
    အမေရိကန်တွင် လူဖြူအစွန်းရောက်အဖွဲ့၏ ချီတက်မှု တန်ပြန် ဆန္ဒပြခံရ
    ဇူလိုင် ၉၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ယမန်နေ့က လူဖြူ ခရစ်ယာန်အစွန်းရောက်အဖွဲ့ KKK မှ ချီတက်ဆန္ဒပြမှုအတွင်း တန်ပြန်ဆန္ဒပြမှုနှင့် ကြုံတွေ့ခဲ့ရပြီး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသသည်။
    အမေရိကန်ပြည်တွင်းစစ်တွင် ကွန်ဖက်ဒရိတ်ဘက်မှ ဗိုလ်ချုပ် ရောဘတ် အီး လီ၏ ရုပ်တုကို ချားလော့စ်ဗလီမြို့တွင် ဖယ်ရှားမှုကို ဆန့်ကျင်သည့်အနေဖြင့် ကေသုံးလုံးဂိုးဏ်းသား ဒါဇင်အနည်းငယ်က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး၊ ရာနှင့်ချီသည့် လူအုပ်ကြီး၏ တန်ပြန်ဆန္ဒပြမှုနှင့် တွေ့ကြုံခဲ့ရသည်။
    အုပ်စုနှစ်ခုမှာ ထိပ်တိုက်တွေ့ခဲ့ပြီး ရဲတပ်ဖွဲ့က အဆီးအတားများ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ရကာ အနည်းဆုံး လူ ၂၃ ဦးကို ဖမ်းဆီးခဲ့သည်။
    ကေသုံးလုံးအဖွဲ့သားများက ‘လူဖြူစွမ်းအား’ ဟု ကျွေးကြော်ခဲ့ကြပြီး ကွန်ဖက်ဒရိတ်အလံနှင့် ဂျူးဆန့်ကျင်ရေး ဆိုင်းဘုတ်များ ဝှေ့ရမ်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ တန်ပြန်ဆန္ဒပြသူများကလည်း လမ်းဘေးဝဲရာမှနေ၍ ‘လူမျိုးရေးခွဲသူတွေ အိမ်ပြန်’ နှင့် အခြားသော ကျွေးကြော်သံများကို ဟစ်အော်ခဲ့ကြသည်။
    အာဏာပိုင်များမှာ လွတ်လပ်စွာပြောဆိုခွင့် ခေါင်းစဉ်အောက်တွင် ကေသုံးလုံးအဖွဲ့၏ ချီတက်ဆန္ဒပြမှုကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုမှာ ၁ နာရီခန့် ကြာမြင့်ခဲ့သည်။
    မြို့တာဝန်ရှိသူများက ဆန္ဒပြမှုအတွင် လူ ၁၀၀၀ ခန့် ပါဝင်ပြီး ၅၀ ခန့်မှာ KKK အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အမေရိကန်ပြည်တွင်းစစ်တွင် ခွဲထွက်ရေးဘက်မှ အသုံးပြုခဲ့သည့် ကွန်ဖက်ဒရိတ် အလံများနှင့် ရုပ်တုများကို ၂၀၁၅ ခုနှစ်မှစ၍ အမေရိကန်ရှိ အများပြည်သူနှင့်သက်ဆိုင်သော နေရာများမှ စတင်ဖယ်ရှားခဲ့ပြီး၊ လူဖြူအစွန်းရောက်တစ်ဦးက တောင်ကာရိုလိုင်းနားရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် လူမည်း ၉ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ပေါ်ထွက်လာသည့် ဆာင်ရွက်ချက်ဖြစ်သည်။
    ဝေဖန်သူများက ထိုကဲ့သို့ အမှတ်တရများ ထားရှိခြင်းမှာ ကျွန်စနစ်လိုလားသည့် တောင်ပိုင်း ခွဲထွက်ရေးအဖွဲ့ ခေါင်းဆောင်များအား သိဒ္ဓိတင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ဗလီသစ်တစ်လုံး တည်ဆောက်မည်
    အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ဗလီသစ်တစ်လုံး တည်ဆောက်မည်
    ဇူလိုင် ၆၊ ၂၀၁၇
    M-Media
    ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော် ပုံစံငယ်
    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ပရင့်စ်ဝီလီယံကောင်တီက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးတာဝန်တွေ ထမ်းဆောင်ဖို့အတွက် ဗလီဝတ်ကျောင်းတော်တစ်လုံးကို မကြာခင်မှာ စတင်ဆောက်လုပ်တော့မယ်လို့ သိရပါတယ်။
    ကောင်တီအစိုးရက ခွင့်ပြုချက်ပေးခဲ့ပြီးတဲ့နောက် ၁၄ ဧကရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာဖြစ်ပြီး ဂိန်းစ်ဗီလီနဲ့ ဘရစ္စတိုးတို့က အစ္စလာမ်ဘာသာဝင် ၂၀၀ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံတာ၊ ဆောက်လုပ်ရေးပါမစ်လျှောက်တာနဲ့ လုပ်ငန်းစတင်မှာတွေကြောင့် ဆောက်လုပ်ရေး ပထမဆင့်လုပ်ငန်းတွေဟာ ၁ နှစ်ကနေ ၂ နှစ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။
    “ဒါက ကျွန်တော်တို့မွတ်စလင်လူ့အဖွဲ့အစည်းကို အားတက်စေပါတယ်။ လူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရပြီး၊ သာတူညီမျှ ဆက်ဆံခံရတယ်လို့လည်း ခံစားရပါတယ်” လို့ ဂိန်းစ်ဗီလီ မွတ်စလင်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ ဆယဒ် မူရ်တာဇာက ပြောကြားခဲ့ပါတယ်။
    လက်ရှိ ဂိန်းစ်ဗီလီက မွတ်စလင်တွေဟာ ၀တ်ပြုရာနေရာမရှိတာကြောင့် သောကြာနေ့ စုပေါင်းဝတ်ပြုမှုအတွက် ဟော်တယ် အစည်းအဝေးခန်းမကို ငှားရမ်းအသုံးပြုရသလို၊ ကလေးတွေကို အစ္စလာမ့်အခြေခံဓမ္မတွေ သင်ကြားပေးဖို့အတွက် အစိုးရစာသင်ကျောင်းကို အသုံးပြုနေရပါတယ်။
    ဗလီဝတ်ကျောင်းတော်ကို ဘေးနှစ်ဖက်မှာ အဆောက်အဦးနှစ်ခုထားပြီး အလယ်က ၀တ်ပြုဖို့ ဟောခန်းမအဖြစ် တည်ဆောက်သွားမှာပါ။ ပထမအဆင့်အနေနဲ့ လူ ၁၅၀ ကနေ ၂၀၀ ဆန့်တဲ့ ဟောခန်းမတစ်ခုနဲ့ တနင်္ဂနွေနေ သင်တန်းအတွက် စာသင်ခန်း ၁၀ ခန်းကို အရင်ဆုံး တည်ဆောက်သွားမှာဖြစ်ပြီး စီမံကိန်းပြီးစီးဖို့အတွက် ၅ နှစ်ကနေ ၈ နှစ်အထိ ကြာနိုင်တယ်လို့ မူရ်တာဇာက ပြောကြားခဲ့ပါတယ်။
    ဒီဗလီဝတ်ကျောင်းတော်ကို လှုမှုစင်တာတစ်ခုအနေနဲ့လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။
    မူရ်တာဇာကတော့ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ဗလီဝတ်ကျောင်းတော် အသင်းဝင်အရေအတွက်ဟာ တိုးတက်လာမယ်လို့ မျှော်လင့်နေပါတယ်။
    Ref: Fauquier.com