News @ M-Media

Tag: US

  • ဖိလစ်ပိုင်ကွန်တိန်နာသင်္ဘောနှင့်တိုက်မိသည့် ကန်စစ်သင်္ဘောမှ သင်္ဘောသားများ ပျောက်ဆုံးနေ

    ဖိလစ်ပိုင်ကွန်တိန်နာသင်္ဘောနှင့်တိုက်မိသည့် ကန်စစ်သင်္ဘောမှ သင်္ဘောသားများ ပျောက်ဆုံးနေ

    ဇွန် ၁၇၊ ၂၀၁၇
    M-Media

    အမေရိကန် ရေတပ်သင်္ဘော

     

    – ဂျပန်ကမ်းလွန်တွင် ဖိလစ်ပိုင် ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိသည့် အမေရိကန် ဖျက်သင်္ဘောမှ သင်္ဘောသား ၇ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

    ရေငုပ်သင်္ဘောနှင့် သင်္ဘောပေါင်း ၈၀ ဖြင့် ဖွဲ့စည်းထားသည့် အမေရိကန် ရေတပ်မတော် တပ်မ ၇ မှ USS Fitzgerald ဖျက်သင်္ဘောမှာ ယိုကိုဆူကာမြို့ အနောက်တောင်ပိုင်း ရေမိုင် ၅၆ မိုင်တွင် ဒေသစံတော်ချိန် ယနေ့မနက်အစောပိုင်းက ဖိလစ်ပိုင်အလံလွှင့်ထားသည့် ကွန်တိန်နာတင် သင်္ဘော ACX Crystal နှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် မေရိကန်စစ်သင်္ဘောမှ ရေယာဉ်မှူးအပါအ၀င် လူအချို့ ဒဏ်ရာရရှိခဲ့ပြီး စစ်သား ၇ ဦး ပျောက်ဆုံးနေကာ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပူးပေါင်းရှာဖွေပေးနေသည်။

    ACX Crystal သင်္ဘောမှာ တိုက်မိမှု မဖြစ်ပွားခင် ၂၅ မိနစ်အလိုတွင် ရုတ်တရက် ဂငယ်ကွေ့ ကွေ့ခဲ့ပြီး အဘယ့်ကြောင့် ထိုကဲ့သို့ လမ်းကြောင်းပြောင်းသွားခြင်းဖြစ်သည်ကို မသိရှိရဘဲ၊ အမေရိကန်စစ်သင်္ဘော၏ လမ်းကြောင်းကိုမူ မထုတ်ပြန်သေးပေ။

    ဖိလစ်ပိုင်သင်္ဘောသားပေါင်း ၂၀ ပါဝင်သည့် ကွန်တိန်နာသင်္ဘောတွင် မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိဘဲ၊ USS Fitzgerald ဖျက်သင်္ဘောမှာ အရှိန်လျှော့မောင်းနှင်၍ ယိုကိုဆူကာမြို့သို့ ပြန်လည်သွားရောက်ခဲ့သည်။

    ဖိလစ်ပိုင် ကုန်တင်သင်္ဘော

    Ref: BBC

  • ကာတာရေတပ်နှင့် စစ်ရေးလေ့ကျင့်ရန် ကန်စစ်သင်္ဘောများ ဒိုဟာသို့ ရောက်ရှိ

    ကာတာရေတပ်နှင့် စစ်ရေးလေ့ကျင့်ရန် ကန်စစ်သင်္ဘောများ ဒိုဟာသို့ ရောက်ရှိ

    ဇွန် ၁၅၊ ၂၀၁၇
    M-Media

    – ဆော်ဒီအပါအ၀င် ပင်လယ်ကွေ့နိုင်ငံများနှင့် သံတမန်ရေးပြဿနာ ဖြစ်ပွားနေသည့် ကာတာနိုင်ငံ ရေတပ်နှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ရန်အတွက် အမေရိကန် စစ်သင်္ဘောနှစ်စင်းမှာ ဒိုဟာမြို့သို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ကာတာမှာ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး အမေရိကန်စစ်စခန်းကို လက်ခံထားသည့် နိုင်ငံဖြစ်ပြီး အမေရိကန်စစ်သားပေါင်း ၁၁၀၀၀ ကျော်၊ လေယာဉ်ပေါင်း ၁၀၀ ကျော် ကာတာတွင် ရှိနေသည်။

    အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ နီးကပ်သည့်မဟာမိတ် ဆော်ဒီဦးဆောင်သော နိုင်ငံတစ်ချို့က ကာတာမှာ အကြမ်းဖက်အဖွဲ့များကို ပံ့ပိုးပေးနေသည်ဟုဆိုကာ ပြီးခဲ့သည့်တစ်ပတ်က သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကာတာမှာ အကြမ်းဖက်ဝါဒကို ထဲထဲဝင်ဝင် ထောက်ပံ့နေသူဖြစ်သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    ယခု စစ်ရေးလေ့ကျင့်မည့် အမေရိကန်စစ်သင်္ဘောများမှာ ကာတာနိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့ပြီး၊ ကာတာက အမေရိကန်မှ F-15 တိုက်လေယာဉ် ကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ၀ယ်ယူရန် စာချုပ်ကိုလည်း ယနေ့တွင် ၀ါရှန်တန်၌ ချုပ်ဆိုခဲ့သည်။

    ကာတာရေတပ်၏ စစ်ရေးလေ့ကျင်မှုတွင် အမေရိကန်သင်္ဘောများ ပါဝင်ရန် အစီအစဉ်မှာ သံတမန်ပြဿနာမဖြစ်ခင် စီစဉ်ခဲ့လား သို့မဟုတ် လက်ရှိ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ကာတာနိုင်ငံအား ထောက်ခံသည့် လက္ခဏာလည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Ref: Aljazeera

  • အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ဖွင့်လှစ်

    ဇွန် ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဘိုးမောင့်မြို့တွင် ကန်ဒေါ်လာ ၂ သန်းတန် ဗလီဝတ်ကျောင်းတော်သစ်တစ်လုံးကို ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

    ထရီပလက်စ် အစ္စလာမ့်လူ့အဖွဲ့အစည်းအခြေပြု အဆိုပါ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် ၁၀ နှစ်ကြာ စီစဉ်ခဲ့ရပြီး ၂ နှစ်တာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုတစ်ပတ်အတွင်း ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး ထရီပက်လစ် အစ္စလာမ့်လူ့အဖွဲ့အစည်း၏ တာဝန်ရှိသူလည်းဖြစ်သူ တာဟာခန်းက ယခု ဗလီဝတ်ကျောင်းတော်မှာ မွတ်စလင်များအတွက်သာမကဘဲ တက္ကဆက်ပြည်နယ် တောင်ပိုင်းရှိ လူ့အဖွဲ့အစည်းအားလုံးအတွက် တံခါးဖွင့်ထားသည်ဟု ပြောကြားခဲ့သည်

    ဂရိတ်တား ဘိုးမောင့်ဒေသတွင် အစ္စလာမ်ဘာသာဝင် ၁၅၀၀ ခန့်နေထိုင်ပြီး ယခုဗလီဝတ်ကျောင်းတော်မှာ လူပေါင်း ၃၀၀ မှ ၄၀၀ အထိ ပုံမှန်ဝတ်ပြုနိုင်မည် ဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်၏ဘေးတွင် လွန်ခဲ့သည့် ၄ နှစ်က တည်ဆောက်ခဲ့သည့် မွတ်စလင်ပရဟိတစင်တာတစ်ခုရှိပြီး အီမာမ်တာဟာခန်းက ယခုဗလီဝတ်ကျောင်းတော်မှာ တိုးပွားလာသော မွတ်စလင်လူဦးရေကြောင့် ၀တ်ပြုရာနေရာ ချဲ့ထွင်မှု အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်ကို မြေနေရာ စကွဲယားပေ ၉၀၀၀ တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ အမျိုးသားများနှင့် အမျိုးသမီးများအတွက် သီးခြားဝင်ပေါက်များ၊ သီးခြားဝတ်ပြုဆောင်များ ထားရှိပေးထားသည်။

    Ref : Beaumont Enterprise

  • အမေရိကန်တွင် လူမည်းလူငယ်ကိုရိုက်နှက်သည့် ရဲတစ်ဦး တရားစွဲခံရ

    အမေရိကန်တွင် လူမည်းလူငယ်ကိုရိုက်နှက်သည့် ရဲတစ်ဦး တရားစွဲခံရ

    ဇွန် ၁၃၊ ၂၀၁၇
    M-Media

    – ဆယ်ကျော်သက် လူမည်းတစ်ဦးကို ရိုက်နှက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပြင်းပြင်းထန်ထန် နာကျင်စေမှုဖြင့် တရာစွဲဆိုထားသည်ဟု NBC သတင်းဌာနက ဖော်ပြခဲ့သည်။

    ကာတီရတ်မြို့မှ အသက် ၃၁ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင် ဂျိုးဆက်ပ် ရိုင်မန်ဆိုသူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် လူမည်းလူငယ်က ၎င်း၏ကားဖြင့် ဂျိုးဆက်ပ်၏ ရဲကားကို တိုက်ခဲ့ပြီးနောက် ရိုင်မန်မှာ ထိုလူငယ်ကို အကြိမ်များစွာ ထိုးကြိတ်ကန်ကျောက်ခဲ့သည်ဟု အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။

    ဂျိုးဆက်ပ်မှာ ကာတီရတ်မြို့တော်ဝန် ဒန်နီယဲလ် ရိုင်မန်၏ ညီလည်းဖြစ်သည်။

    ထိုသို့ ထိုးကြိတ်ခဲ့ပြီးနောက် လူမည်းလူငယ်ကို ဆေးရုံသို့ ခေါ်ဆောင်သွားခြင်း၊ လူနာတင်ယာဉ် ခေါ်ပေးခြင်းမရှိပေ။ အခင်းဖြစ်ပွားချိန်တွင် ဂျိုးဆက်ပ်၏ ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ရသည့် ကင်မရာ မပါသော်လည်း ရဲပတ္တရောင်ကား၏ ဒက်ရှ်ဘုတ်ပေါ်မှ ကင်မရာက ထိုအဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

    ရဲတပ်ဖွဲ့ဝင် ဂျိုးဆက်ပ်မှာ ပြင်းပြင်းထန်ထန် နာကျင်စေမှု အပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုခံထားရပြီး ရာထူးမှလည်း လစာမဲ့ အနားပေးခြင်း ခံထားရသည်။ ထိုအဖြစ်အပျက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

    အရိုက်ခံခဲ့ရသည့် လူမည်းလူငယ်၏ မိသားစုများက အဆိုပါ ရဲတပ်ဖွဲ့ဝင်ကို တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် စီစဉ်နေသည်။

    Ref: Blackmatters US

  • အမေရိကန်ရှိ ကာတာဆန့်ကျင်ရေးလော်ဘီများ အစ္စရေး၊ ဆော်ဒီနှင့် ယူအေအီးတို့၏ ပံ့ပိုးမှု ရရှိနေ

    အမေရိကန်ရှိ ကာတာဆန့်ကျင်ရေးလော်ဘီများ အစ္စရေး၊ ဆော်ဒီနှင့် ယူအေအီးတို့၏ ပံ့ပိုးမှု ရရှိနေ

    ဇွန် ၁၀၊ ၂၀၁၇
    M-Media

    သောကြာနေ့က ဂါဇာရှိ ပါလက်စတိုင်းပြည်သူများ ကာတာအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေစဉ်

    – “ပါလက်စတိုင်း အကြမ်းဖက်” ဆိုတာကို ထောက်ပံ့တဲ့အတွက် ပိတ်ဆို့မှုလုပ်မယ်လို့ ကာတာကို ခြိမ်းခြောက်ထားတဲ့ အမေရိကန်လွှတ်တော်က ဥပဒေမူကြမ်းတစ်ခုကို တင်သွင်းတဲ့ လွှတ်တော်အမတ် ၁၀ ဦးဟာ အစ္စရေး၊ ဆော်ဒီနဲ့ ယူအေအီးတို့ကနေ လွန်ခဲ့တဲ့ ၁၈ လအတွင်း ကန်ဒေါ်လာ ၁ သန်းကျော်လောက် ရခဲ့တယ်လို့ Aljazeera သတင်းဌာနက ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။

    HR271 လို့ အမည်ပေးထားတဲ့ အဲဒီ အက်ဥပဒေမူကြမ်းကို မေလ ၂၅ ရက်နေ့မှာ အောက်လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပေမယ့် အခုအချိန်ထိတော့ အပြည့်အစုံ ထွက်မလာသေးပါဘူး။

    ဒီမူကြမ်းမှာ “ဟားမက်စ်ဟာ ကာတာကနေ ဘဏ္ဍာရေးနဲ့ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုတွေ သိသိသာသာ ရရှိခဲ့ပါတယ်” လို့ ဖော်ပြထားပြီး ကာကွယ်ရေနည်းပညာတွေ၊ လက်နက်တွေ၊ နှစ်ရှည်ချေးငွေတွေနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုအပါအ၀င် စုစုပေါင်း ဒေါ်လာ ၁၀ သန်းကျော်ဖိုးလောက် ပိတ်ဆို့မှုလုပ်မယ်လို့လည်း ဆိုပါတယ်။

    သောကြာနေ့မှာ ဆော်ဒီ၊ ယူအေအီးနဲ့ အီဂျစ်တို့က ကာတာနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အသင်းအဖွဲ့ ၁၂ ခု၊ လူပုဂ္ဂိုလ် ၅၉ ဦးကို အကြမ်းဖက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

    အမေရိကန်က အီရန်နွယ်ဖွားတွေရဲ့ အသံကို မြှင့်တင်နိုင်ရေး ဖွဲ့စည်းထားတဲ့ NIAC အသင်းကို တည်ထောင်သူ စာရေးဆရာ ထရီတာ ပါရ်စီက အမေရိကန်မဟာမိတ် အာရပ်နိုင်ငံတွေက ထုတ်ပြန်တဲ့ အကြမ်းဖက်စာရင်းနဲ့ HR2712 မှာပါတဲ့စာရင်းကို ကြည့်မယ်ဆိုရင် ပယ်လယ်ကွေ့ အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာတာကို ပြသနေတယ်လို့ ဆိုပါတယ်။

    အစ္စရေး၊ အီဂျစ်နဲ့ ဆော်ဒီတို့ဟာ အစ္စလာမ့်မစ်နိုင်ငံရေးအဖွဲ့တစ်ခုဖြစ်တဲ့ ‘မွတ်စလင်ညီနောင်များအဖွဲ့’ ကို ခြိမ်းခြောက်မှုတစ်ခုလို့မြင်ပြီး၊ ၂၀၁၄ ခုနှစ်မှာ ဒီအဖွဲ့ကနေ ရွေးကောက်ခံသမ္မတ ဖြစ်လာတဲ့ မိုဟာမက် မော်စီဟာလည်း အီဂျစ်စစ်တပ်ရဲ့ ဖြုတ်ချခြင်းကို ခံလိုက်ရပါတယ်။

    အစ္စရေးရဲ့ ပိတ်ဆို့ခြင်းကို ခံထားရတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ကို အုပ်စိုးနေတဲ့ ဟားမက်စ်အဖွဲ့ဟာ အယူအဆပိုင်းဆိုင်ရာမှာ မွတ်စလင်ညီနောင် များအဖွဲ့ကို အခြေခံတာဖြစ်ပြီး ကာတာက ဒီနှစ်ဖွဲ့စလုံးကို ထောက်ပံ့ပေးနေမှု ရပ်တန့်ဖို့ ဆော်ဒီရဲ့တောင်းဆိုမှုဟာ အီဂျစ်နဲ့ အစ္စရေးတို့ရဲ့ ပေါ်လစီနဲ့ သွားညီနေပါတယ်။

    အမေရိကန်က ပေါ်လစီချမှတ်သူတွေအပေါ် အစ္စရေးက လွှမ်းမိုးမှုရှိနေတာဟာ သိသာပါတယ်။ HR2712 ကို တင်သွင်းကြတဲ့ လွှတ်တော်အမတ်တွေဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလမှာတင် အစ္စရေးလိုလားသူ လူပုဂ္ဂိုတွေ၊ အဖွဲ့တွေကနေ ကန်ဒေါ်လာ ၁ သန်းကျော်လောက် ရရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံရေးမှာ ငွေအသွားအလာကို စောင့်ကြည့်နေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ Center for Responsive Politics က ပြောကြားခဲ့ပါတယ်။

    HR2712 မူကြမ်းကို တင်သွင်းတဲ့သူတွေထဲမှာ ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ခုစလုံးက အမတ်တွေ ပါဝင်ပြီး ရီပက်ဘလစ်ကန်အမတ် အဒ်ရွိုက်စ်ဟာ ၂၀၁၆ ရွေးကောက်ပွဲကာလမှာ အစ္စရေးလိုလားတဲ့ ရင်းမြစ်တွေကနေ ၂၄၂၁၄၃ ဒေါ်လာ ရရှိခဲ့ပါတယ်။ ဒီမိုကရက်အမတ် အီလီယော့တ် အိန်ဂျဲလ်ဟာ ၁၉၀၁၅၀ ဒေါ်လာ ရရှိခဲ့ပြီး အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်မှုပြီးတဲ့အချိန် အစ္စရေးစစ်တပ်မှာ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရီပက်ဘလစ်ကန် လွှတ်တော်အမတ် ဘရိုင်ယန်မက်စ်က ၉၀၁၇၈ ဒေါ်လာ ရရှိခဲ့ပါတယ်။

    ဖလော်ရီဒါက ရီပက်ဘလစ်ကန်အမတ်တစ်ဦးဖြစ်တဲ့ အီလီယာနာ ရို့စ်-လီတီနန်က ၂၀၁၆ ခုနှစ်မှာ ၁၅၀၃၀၀ ဒေါ်လာ ရရှိခဲ့ပြီး သူမရဲ့ လွှတ်တော်အမတ် သက်တမ်းတစ်လျှောက်လုံးမှာ အစ္စရေးလိုလားသူတွေဆီကနေ ရရှိခဲ့တဲ့ ငွေကြေးဟာ ကန်ဒေါ်လာ ၁ သန်းကျော် ရှိနေပါပြီ။

    HR2712 ကို ထောက်ခံသူ အမေရိကန်လွှတ်တော်အမတ်တွေဟာ ၂၀၁၆ ခုနှစ် တစ်ခုတည်းမှာ အစ္စရေးလိုလားသူတွေဆီကနေ ကန်ဒေါ်လာ ၁ သန်းကျော်အပြင်၊ ဆော်ဒီနဲ့ ယူအေအီး လော်ဘီအုပ်စုတွေကနေလည်း ပြီးခဲ့တဲ့ ၁၈ လအတွင်း ၂၅၇၀၀ ဒေါ်လာ ရရှိခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက အများပြည်သူကို ထုတ်ပြန်တဲ့ စာရင်းထဲမှာ ပါဝင်လာပါတယ်။

    အလ်ဂျာဇီးရားသတင်းဌာနကတော့ သူတို့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ အမေရိကန်မှာ ကာတာဆန့်ကျင်ရေး လော်ဘီလုပ်ဖို့ ဆော်ဒီနဲ့ ယူအေအီးတို့က အဖွဲ့ ၁၀ ခုဟာ ပူးပေါင်းခဲ့ကြပြီး၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာတာဆန့်ကျင်ရေးအတွက် ဒီနှစ်နိုင်ငံက လော်ဘီလုပ်မှု ချဲ့ထွင်လာတာကာ အခြားထောက်ပံ့သူတွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

    HR2712 ကို တင်သွင်းသူ၊ ထောက်ခံသူတွေကို မေးမြန်းရာမှာတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့ဘူးလို့လည်း အလ်ဂျာဇီးရားက ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera