News @ M-Media

Tag: US

  • လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    galaxy

    – ပေါက်ကွဲမှုကြောင့် လူများ ထိခိုက်ဒဏ်ရာရခြင်း၊ အပူလွန်ကဲခြင်း စသည့် ဖြစ်ရပ်ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည့် ဆမ်ဆောင်း၏ Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန်လေကြောင်းလိုင်းအားလုံးတွင် ပိတ်ပင်သွားမည်ဟု အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင်က အမေရိကန် အရပ်ဖက် လေကြောင်းအုပ်ချုပ်ရေးဌာနမှာ ခရီးသွားများအနေဖြင့် အဆိုပါဖုန်းကို လေယာဉ်ပေါ်တွင် အသုံးမပြုဘဲ ခရီးဆောင်အိတ်တွင်သာ သိမ်းဆည်းထားရန် သို့မဟုတ် လေကြောင်းခရီးစဉ်အတွင်း အားသွင်းခြင်းမပြုရန် ညွှန်ကြားထားသည်။ ယခုပိတ်ပင်မှုမှာ စနေနေ့ နေ့လည်ပိုင်းမှစ၍ အသက်ဝင်မည်ဟု ပို့ဆောင်ရေးဝန်ကြီး အန်သိုနီ ဖောက်စ်က ပြောကြားခဲ့သည်။

    “လေကြောင်းလိုင်းတွေအားလုံးမှာ ဒီလိုပိတ်ပင်မှုဟာ အချို့သော ခရီးသည်တွေကို စိတ်အနှောက်အယှက်ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကဦးစားပေး ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ ဒီလို ထပ်တိုး တင်းကြပ်ရတာက လေယာဉ်အတွင်းမှာ ဖုန်းမီးထလောင်ရင် တစ်ဦးချင်း ကြီးမားတဲ့ အန္တရာယ်တွေ ရှိသလို၊ လူ့အသက်ပေါင်းများစွာကိုလည်း အန္တရာယ်ရှိစေနိုင်တာကြောင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆမ်ဆောင်းကလည်း မိမိတို့အနေဖြင့် ခရီးသွားများအပေါ် ထိုကဲ့သို့ ပိတပင်မှုအတွက် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ပထမဆုံး ထုတ်လုပ်ခဲ့သည့် Galaxy Note 7 တွင် အပူလွန်ကဲခြင်း၊ ဖောက်ကွဲခြင်း စသည့် ပြဿနာများရှိခြင်းကြောင့် ပြန်သိမ်းကာ အသစ်နှင့် အစားထိုးပေးခဲ့သော်လည်း ထိုအစားထိုးပေးသည့် ဖုန်းများတွင်ပါ အပူလွန်ကဲခြင်းကို ထပ်မံတွေ့ရှိခဲ့ရသောကြောင့် ဆမ်ဆောင်းက အဆိုပါဖုန်း ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပြီဟု တနင်္လာနေ့တွင် ကြေငြာခဲ့သည်။

    Ref: USA Today

  • ကန်သမ္မတလောင်းများ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ဘာတွေပြောခဲ့သလဲ

    ကန်သမ္မတလောင်းများ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ဘာတွေပြောခဲ့သလဲ

    အောက်တိုဘာ ၁၀၊ ၂၀၁၆
    M-Media

    debate

    – အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ ဒုတိယအကြိမ်မြောက် စကားစစ်ထိုးမှုအဖြစ် မနေ့မှာ ပြုလုပ်ခဲ့ပြီး ဒီတစ်ခါမှာတော့ ပရိတ်သတ်တွေနဲ့ အမေးအဖြေတွေပါ ပါဝင်ခဲ့ပါတယ်။

    မစ်ဇူရီပြည်နယ် စိန့်လူးဝစ်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စကားစစ်ထိုးပွဲကို တက်ရောက်လာကြတဲ့ ပြည်သူတွေဟာ အကြိုစစ်တမ်း ကောက်ယူမှုအရ ဘယ်သူ့ကို ရွေးချယ်ရမယ်မှန်း မသိသေးတဲ့သူတွေဖြစ်ပြီး ‘ပြည်သူ့အကျိုးစီးပွား’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မေးခွန်းတွေရဲ့ တစ်ဝက်ကို မေးမြန်းခဲ့ကြပါတယ်။ နောက်ထပ် မေးခွန်းတစ်ဝက်ကိုတော့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။

    သမ္မတလောင်းနှစ်ဦး တွေ့ဆုံစဉ်မှာ တစ်ဦးနဲ့တစ်ဦး ပြုံးပြခဲ့ကြပေမယ့် လက်ဆွဲနှုတ်ဆက်ခြင်းတော့ မရှိပါဘူး။

    စကားစစ်ထိုးပွဲစစချင်းမှာပဲ ထရမ့်ရဲ့ အမျိုးသမီးတွေအပေါ်မှာ စော်ကားပြောဆိုမှုတွေကြောင့် သူဟာ ကာကွယ်ရေးဦး စီးချုပ်နေရာနဲ့ သင့်တော်ပါ့မလားဆိုတဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းမှာ ထွက်ပေါ်လာခဲ့ ရာဂကျူးမှတ်ချက်နဲ့ပတ်သက်ပြီး ထရမ့်က ဒါဟာ ယောက်ျားတွေ ပြောနေကြစကားဖြစ်ပြီး မိမိအနေနဲ့ ဂုဏ်ယူခဲ့တာမဟုတ်ကြောင်း ကာကွယ်ခဲ့ပါတယ်။

    အစီအစဉ်တင်ဆက်သူဖြစ်တဲ့ CNN က အန်ဒါဆန် ကူးပါးက “အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ခင်ဗျား ကြွားလုံးထုတ်တာမဟုတ်လား” လို့ မေးမြန်းရမှာ ထရမ့်က “ကျုပ်အဲလို လုံးဝ မပြောခဲ့ဘူးဗျ” လို့ ဖြေကြားခဲ့ပြီးနောက်ပိုင်းမှာ IS အဖွဲ့ဘက်ကို စကားလမ်းကြောင်း လွှဲခဲ့ပါတယ်။

    “ဒီစကားအတွက် ကျွန်တော်ရှက်မိတယ်။ မုန်းလည်းမုန်းပါတယ်။ ဒါပေမယ့် ဒါက ယောက်ျားအချင်းချင်းပြောတတ်တဲ့ စကားမျိုးပါ။ ကျွန်တော် IS ကို ဖြိုမှာဗျ။ ကျွန်တော်တို့ IS ကို ချေမှုန်းနိုင်မှာပါ။ ကျွန်တော်တို့ ပိုပြီးအရေးပါတဲ့ အရာတွေကို စီမံခန့်ခွဲရပါမယ်”

    ကူးပါးက ထပ်ပြီး “ခင်ဗျား အဲဒါမျိုးတွ လုပ်ခဲ့လား” လို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ရည်ညွှန်းမေးမြန်းခဲ့ရာမှာတော့ ထရမ့်က “မလုပ်ရပါဘူးဗျာ” လို့ ပြန်ဖြေခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ ထရမ့်က ဟီလာရီကလင်တန်ကို စကားနာထိုးခဲ့ပြီး သူမရဲ့ယောက်ျား ကန်သမ္မတဟောင်း ဘီလ်ကလင်တန်လောက် “အမျိုးသမီးတွေအပေါ် စော်ကားခဲ့တဲ့တဲ့ နိုင်ငံရေးသမားမျိုး ဒီနိုင်ငံရဲ့သမိုင်းမှာ မရှိခဲ့ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။

    လက်မလျှော့

    အရင်ကတည်းက အမျိုးသမီးတွေကို စော်ကားမှု၊ လူမျိုးရေးခွဲခြားမှုတွေကြောင့် အပုပ်နှံတွေလှိုင်ခဲ့တဲ့ ထရမ့်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ပြောခဲ့တဲ့ သူ့ရဲ့ ရာဂကျူးစကားတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ သူ့ရဲ့ ပါတီဝင်တွေအပါအ၀င် လူတော်တော်များများက သမ္မတလောင်းအဖြစ် သတ်မှတ်ထားမှုကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒါပေမယ့် ထရမ့်ကတော့ သူအနေနဲ့ ဒီလိုဖြစ်လာမှာဟုတ်ဘူးလို့ ဆိုပါတယ်။

    စကားစစ်ထိုးပွဲရဲ့ နောက်ပိုင်းမှာ ထရမ့်က သူ့အနေနဲ့ သမ္မတဖြစ်လာရင် ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးဘ၀က အီးမေလ်းပြဿနာနဲ့ပတသ်က်ပြီး တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး သူ့သက်တမ်းအတွင်း ဟီလာရီကို ထောင်ထဲမှာ မြင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    “ကျုပ်နိုင်ရင် ရှေ့နချုပ်ကို ခင်းဗျားရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အထူးတရားစီရင်မှုလုပ်ဖို့ ညွှန်ကြားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီလို လိမ်လည်တာမျိုး၊ လှည့်စားတာမျိုး ကျုပ်တစ်ခါမှ မမြင်ဖူးဘူး” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ပရိတ်သတ်ထဲက မွတ်စလင်အမျိုးသမီးတစ်ဦးက အစ္စလာမ်ကြောက်ရောဂါ၊ ထရမ့်က မွတ်စလင်တွေကို အမေရိကန်ထဲ ၀င်ခွင့်ပိတ်ပစ်မယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာတော့ ထရမ့်က သူ့ရဲ့ မွတ်စလင်ရွှေ့ပြောင်းအခြေချချသူ ပေါ်လစီဟာ အစွန်းရောက် နောက်ကြောင်းကို ပုံပြောင်းစေခဲ့တယ်လို့ ဆိုပြီး ကလင်တန်အနေနဲ့ “အစွန်းရောက် အစ္စလာမ့်မစ် အကြမ်းဖက်” လို့ မခေါ်တဲ့အတွင် အကြမ်းဖက်ဝါဒကို တိုက်ဖျက်နိုင်မှာမဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စကားစစ်ထိုးပွဲတစ်လျှောက်လုံးမှာ ထရမ့်ဟာ ပွဲတင်ဆက်သူတွေအနေနဲ့ ကလင်တန်ကို အချိန်ပိုပေးတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

    အလ်ဂျာဇီးရားက သုံးသပ်သူတစ်ဦးဖြစ်တဲ့ အလန်ဖစ်ရှာက အခု စကားစစ်ထိုးပွဲမှာ ဟီလာရီကလင်တန်ဟာ အီးမေးလ်တွေ ဖျက်ပစ်တာလို အဓိကပြဿနာတွေနဲ့ပတ်သက်ပြီး ဖိအားရခဲ့ပြီး၊ ထရမ့်ကလည်း ဟီလာရီမေးတဲ့ မေးခွန်းတွေကို သိပ်မဖြေခဲ့ဘူးလို့ ဆိုပါတယ်။

    “ထရမ့်က သူ့ဉာဉ်အတိုင်းပဲ လုပ်သွားတာပါ။ သူက မေးခွန်းအမေးခံတယ်။ ပြီးရင် သူ့ထောက်ခံသူတွေရဲ့ သည်းခြေကြိုက်ကိစ္စတွေဖက်ကို ဆွဲပြောသွားတယ်။ ကလင်တန်ဟာ နှစ်ပေါင်း ၃၀ လောက် နိုင်ငံရေးသမားဘ၀နဲ့ ဘာမှ အောင်မြင်မှု မယ်မယ်ရရ မရခဲ့ဘူးလို့ပြောရင်၊ ကုန်သွယ်ရေးအကြောင်း၊ IS အကြောင်းပြောရင် သူ့ကို ထောက်ခံသူတွေ သည်းခြေကြိုက်ဖြစ်မယ်ဆိုတာ သူက ကောင်းကောင်းသိပါတယ်”

    “သူက သူပြောချင်တာကို အဓိကထားပြောသွားပြီး ပထမ စကားစစ်ထိုးပွဲတုန်းကလို ဆတ်ဆတ်ထိမခံတာ၊ စိတ်ဆိုးတာတွေ မရှိတော့ပါဘူး။ သူ့ပရိတ်သတ် စိတ်ကျေနပ်အောင်ပဲ လုပ်သွားပြီး၊ ဒီရွေးကောက်ပွဲမှာ သူနိုင်ရင် ထောက်ခံသူ နယ်ပယ်ကို ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်”

    စကားစစ်ထိုးပွဲရဲ့ နောက်ဆုံးမှာ ပရိတ်သတ်ထဲကတစ်ယောက်က သမ္မတလောင်းတွေအနေနဲ့ အချင်းချင်း လေးစားတဲ့အချက်ရှိရင် ပြောပါလို့ ဆိုတဲ့အခါ ဟီလာရီက ထရမ့်ရဲ့ ကလေးတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်ကတော့ ဟီလာရီဟာ ဘယ်တော့မှာ အရှုံးပေးမှာမဟုတ်တဲ့ ဖိုက်တာတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • အမျိုးသမီးများကို ချိုးနှိမ်ပြောကြားသည့် ထရမ့်၏ ရာဂကျူး မှတ်ချက်တစ်ခု ပေါ်ထွက်လာပြန်

    အမျိုးသမီးများကို ချိုးနှိမ်ပြောကြားသည့် ထရမ့်၏ ရာဂကျူး မှတ်ချက်တစ်ခု ပေါ်ထွက်လာပြန်

    အောက်တိုဘာ ၈၊ ၂၀၁၆
    M-Media

    trump

    – နိုဝင်ဘာမှာ ပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အပုပ်နံ့နောက်ထပ်တစ်ခု မနေ့က ပေါ်ထွက်လာခဲ့ပြန်ပါတယ်။

    အဲဒါကတော့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ချိုးချိုးနှိမ်နှိမ် ပြောကြားချက်တစ်ခုဖြစ်ပြီး၊ သူ့ရဲ့ ရာဂတဏှာစိတ် ကြီးမှုကိုလည်း အဲဒီမှတ်ချက်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။

    လွန်ခဲ့တဲ့ ၁၁ နှစ်က Access Hollywood ဆို အစီအစဉ်မှာ ပါဝင်မှုမတိုင်ခင် အစီအစဉ်တင်ဆက်သူ ဘီလီဘုရှ်နဲ့ စကားပြောဆိုရင်း မတော်တဆ အသံသွင်းမိသွားခဲ့တာဖြစ်ပါတယ်။

    အဲဒီဗီဒီယိုရိုက်ကူးထားမှုကို Washintong Post နဲ့ NBC သတင်းဌာနတွေက ယမန်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီကလင်တန်နဲ့ ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲပြုလုပ်ဖို့ ၂ ရက်အလိုမှာ ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

    ပထမတစ်ကြိမ်ကတုန်းကလည်း ထရမ့်ဟာ သူ့ရဲ့ အမျိုးသမီးတွေအပေါ် နှိမ့်ချပြောဆိုမှုအတွက် ကလင်တန်ရဲ့ ပြစ်ပြစ်နှစ်နှစ် ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

    ၂၀၀ ၅ ခုနှစ်က ရိုက်ကူးဖြစ်ခဲ့တဲ့ အခု ဗီဒီယိုမှတမ်းမှာတော့ ထရမ့်ဟာ အမည်မသိ အမျိုးသမီးတစ်ဦးကို သူ့ဘက်ပါလာအောင် မဆွဲဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး ဘီလီဘုရှ်ကို ညည်းတွားပြောကြားခဲ့ပါတယ်။

    “သူ့ကို ချဉ်းကပ်တယ်ဗျ။ မရဘူးလို့ ၀န်ခံရမယ်။ သူကို့ ကျွန်တော် လိင်ဆက်ဆံဖို့ ကြိုစားသေးတယ်။ သူ လက်ထပ်ပြီးသားဗျ။ ပြီးတော့ သူ့ကို ကျွန်တော် တော်တော်လေးကို လိုက်ကြောင်းခဲ့တာပါ။ ပြောရရင်ဗျာ – အိမ်ထောင်ပရိဘောဂတွေ လိုက်ဝယ်ပေးတယ်။ သူက ပရိဘောက လိုချင်တယ်လို့ပြောတယ်။ ကျွန်တော်ကလည်း ‘ပရိဘောဂကောင်းကောင်း ဘယ်မှာရှိလဲဆိုတာ ငါ လိုက်ပြမယ်’ လို့ ပြောခဲ့တယ်”

    နောက်ပိုင်းမှာ ထရမ့်က အဲဒီအမျိုးသမီးကို ‘ခွေးမလို လိုက်ကျောင်းခဲ့တယ်’ လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောကြားခဲ့ပြီး အဲဒီအမျိုးသမီးရဲ့ ရင်သား အစားထိုးပြင်ဆင်မှုကိုလည်း စော်စော်ကားကား ပြောခဲ့ပါသေးတယ်။

    သူပါဝင်ရမယ့် ရုပ်သံအစီအစဉ်တင်ဆက်မှု စက်တင်မှာ မင်းသမီး အေရီယန်နီ ဇက်ကာကို တွေ့ပြီးတဲ့နောက်မှာတော့ ထရမ့်ရဲ့ ရာဂစိတ်ဟာ ငယ်ထိပ်ရောက်ပြီး ဒီမင်းသမီးကို ‘နမ်းဖို့အတွက် ပီကယ်မွှေး လိုရမယ်ရ ဆောင်ထားရမယ်’ လို့ ပြောကြားခဲ့ပါတော့တယ်။

    “အလှပဂေးတွေက ကျွန်တော့်ကို အလိုလိုကြွေတာဗျ။ ကျွန်တော်က စ,နမ်းလိုက်တာပဲ။ အဲဒါက သံလိုက်လိုပဲဗျ။ နမ်းပြီးတာနဲ့ ကျွန်တော် မနေနိုင်တော့ဘူး။ ခင်ဗျားက နာမည်ကြီးတစ်ယောက်ဖြစ်ရင် သူတို့က အနမ်းခံတယ်။ ကြိုက်သလိုလည်း လုပ်လို့ရပါတယ်။ ပင်တီလေးကိုသာ လှမ်းဆွဲလိုက်ဗျ။ ကြိက်တာလုပ်လို့ ရတယ်”

    တောင်းပန်

    ဒီဗီဒီယို ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ ထရမ့်က Twitter ကနေ တောင်းပန်ခဲ့သလို သူ့အနေနဲ့ ခြောက်ပြစ်ကင်း သဲလဲစင် လူတစ်ယောက်ဖြစ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့တဲ့အကြောင်း၊ ဟန်လည်းမဆောင်ခဲ့ကြောင်း၊ ဒီလို ပြောကြားမှုအတွက် နောင်တရကြောင်း၊ အဲဒီအမှားအတွက်လည်း တောင်းပန်ပါတယ်လို့ ဗီဒီယိုကနေတစ်ဆင့် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

    “ကျွန်တော် ပေါက်ကရတွေ လျှောက်ပြောခဲ့ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ပြောစကားနဲ့ သူ့ရဲ့လုပ်ရပ်တွေမှာ ခြားနားမှုတွေ အများကြီးရှိပါတယ်။ ဘီလ်ကလင်တန်ဟာ အမျိုးသမီးတွေကို နှိပ်စက်ခဲ့ပြီး ဟီလာရီကလည်း သူ့ယောက်ျား နှိပ်စက်ထားတဲ့သူတွေကို ရိုက်ပုတ်တာ၊ တိုက်ခိုက်တာ၊ အရှက်ရစေတာ၊ ခြောက်လှန့်တာမျိုးတွေ လုပ်ခဲ့ပါတယ်” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    George Mason တက္ကသိုလ်က နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ဦးဖြစ်ပြီး၊ မူဝါဒ၊ အစိုးနဲ့ နိုင်ငံတကာရေးရာ ပါမောက္ခဖြစ်သူ ဘီလ် ရှနိုက်ဒါကတော့ ထရမ့်ရဲ့ ဒီမှတ်ချက်တွေဟာ တော်တော်လေးဆိုးရွားပြီး အဆိပ်အတောက်ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်ပြည်သူအများစုက သူဟာ သမ္မလောင်းအဖြစ် မထိုက်တန်ဘူးလို့ ယူဆနေကြတာပါ။ တကယ်လို့ သမ္မတပြေးလမ်းကြောင်းမှာ ဆက်ရှိနေဖို့ဆိုရင်တော့ ဒါဟာ သူ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါပေမယ့် သူက ရှုံးဖို့ သေချောသလောက်ကို ရှိနေပါပြီ”

    ဒါပေမယ့် ဒီလို မဆင်မခြင်ပြောကြားမှုတွေ ရှိနေပေမယ့်လည်း သူ့ရဲ့ အမာခံတွေကတော့ ဆက်ရှိနေကြအုံးမယ်လို့ ရှနိုက်ဒါက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဆန့်ကျင်ကြ

    ထရမ့်ရဲ့ ဒီမှတ်ချက်အတွက် ဟီလာရီကလင်တန်ရဲ့ မဲဆွယ်ရေးအဖွဲ့တင် မကဘဲ ရီပက်ဘလစ်ကန် ပါတီဝင်တွေကိုယ်တိုင်က ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။

    “ဒါဟာ သိပ်ကိုဆိုးရွားပါတယ်။ ဒီလိုလူမျိုးကို ကျွန်မတို့ သမ္မတအဖြစ်မခံနိုင်ပါဘူး” လို့ ကလင်တန်က မဲဆွယ်ရေး Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။

    လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန်ကလည်း “ဒီလိုစကားအတွက် အော့နှလုံးနာတယ်” လို့ ဝေဖန်ခဲ့ပါတယ်။

    ကော်လိုရာဒိုက ရီပက်ဘလစ်ကန် အောက်လွှတ်တော်အမတ် မိုက် ကော့ဖ်မန်းကတော့ ထရမ့်ကို ဖြုတ်သင့်ပြီး “တိုင်းပြည်ကောင်းဖို့အတွက်၊ ဟီလာရီကလင်တန်အပေါ် ရီပက်ဘလစ်ကန်တွေအနိုင်ရရေး အခွင့်ရေး ပေးဖို့အတွက်” ပါတီက ရွေးချယ်ထားတဲ့ သမ္မတလောင်းကို ပြိုင်ပွဲကနေ နှုတ်ထွက်ခိုင်းသင့်ပြီလို့ ပြောကြားခဲ့ပါတယ်။

    ယူတာက ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် မိုက်လီကလည်း ထရမ့်ကို သမ္မတလောင်းအဖြစ်ကနေ ဖယ်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။

    တစ်ကြိမ်မဟုတ်တော့

    ထရမ့်ကအနေနဲ့ ရာဂကျူးပြောဆိုချက်တွေကို ပြောတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးမဟုတ်ဘဲ အခေါက်ခေါက်အခါခါ ရှိနေပြီဖြစ်ပါတယ်။

    The Apprentice ဆိုတဲ့ တီဗီအစီအစဉ်မှာ ပါဝင်တက်ဆက်ခဲ့တုန်းကလည်း ထရမ့်ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ မလေးမစား ခေါ်ဝေါ်သုံးနှုန်းခဲ့တာ၊ အမျိုးသမီး ၀င်ရောက်ယှဉ်ပြိုင်သူတွေကို ရင်သားအရွယ်အစားနဲ့ အဆင့်သတ်မှတ်တာ၊ ဘယ်အမျိုးသမီးနဲ့ လိင်ဆက်ဆံချင်တယ်လို့ ပြောတာမျိုးတွေ ရှိခဲ့တယ်လို့ AP သတင်းဌာနက ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ဖော်ထုတ်တင်ပြခဲ့ပါတယ်။

    ၁၉၉၀ ပြည့်နှစ်တွေက ဟောင်းဝဒ် စတာန်နဲ့ မကြာခဏပြုလုပ်တဲ့ ရေဒီယိုအင်တာဗျူးမှာလည်း ထရမ့်ဟာ အဲဒီတုန်းက ကားမတော်တဆမှုဖြစ်ပြီး သေဆုံးသွားတာ မကြာသေးတဲ့ ဝေလမင်းသမီး ဒိုင်ယာနာနဲ့ လိင်ဆက်ဆံခဲ့ရမယ်ဆိုတဲ့ မကျေမနပ်စကားတွေ ပြောခဲ့တာမျိုးတွေလည်း ရှိပါတယ်။

    နောက်ပြီး ဟာသအမျိုးသမီး သရုပ်ဆောင်ဖြစ်တဲ့ ရိုစီ ဒွန်နဲလ်ကို ‘၀က်မ’ ‘ဘုတ်ထိုင်း’ စသဖြင့် ခေါ်ဝေါ်ခဲ့ပြီး ကိုယ့်ကိုယ်ကို မှန်ကြည့်ရင် စိတ်ပျက်သွားလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    လော့စ်အိန်ဂျလိစ်တိုင်မ်းက ပြီးခဲ့တဲ့ တစ်ပတ် သတင်းဖော်ပြမှုမှာ ထရမ့်ဟာ တောင်ကယ်လီဖိုးနီးယားက ဂေါက်ကွင်းမှာ ဂေါက်ရိုက်တဲ့အခါ စွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုသာ သူ့နဲ့အတူလိုက်ပြီး ၀န်ဆောင်မှုပေးဖို့ မန်နေဂျာတွေကို မှာထားတတ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • ယခုနှစ်အတွင်း အမေရိကန်က မွတ်စလင်ဒုက္ခသည် စံချိန်တင် လက်ခံခဲ့

    ယခုနှစ်အတွင်း အမေရိကန်က မွတ်စလင်ဒုက္ခသည် စံချိန်တင် လက်ခံခဲ့

    အောက်တိုဘာ ၇၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မွတ်စလင်ဒုက္ခသည်ပေါင်း ၃၈၉၀၁ ယောက်ကို လက်ခံခဲ့ပြီး နိုင်ငံက လက်ခံခဲ့သည့် စုစုပေါင်း ဒုက္ခသည်အရေအတွက် ၈၅၀၀၀ နီးပါး၏ ၄၆ ရာခိုင်နှုန်း ရှိနေသည်ဟု Pew Research Center က ဖော်ပြခဲ့သည်။

    အမေရိကန်အစိုးရ၏ ဒုက္ခသည်စီစစ်ရေးစင်တာမှ အချက်အလက်များကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်ကစ၍ ဘာသာအလိုက် ဒုက္ခလက်ခံမှုစာရင်းများ ထွက်လာခဲ့ပြီးနောက်ပိုင်း ယခုနှစ်မှာ မွတ်စလင်ဒုက္ခသည် အများဆုံး လက်ခံသည့် ခုနှစ်လည်း ဖြစ်သည်။

    ယခုနှစ်အတွင်း လက်ခံခဲ့သည့် ခရစ်ယာန်ဒုက္ခသည်အရေအတွက်မှာမူ ၃၇၅၂၁ ဦး ရှိနေပြီး စုစုပေါင်း ပမာဏ၏ ၄၄ ရာခိုင်နှုန်းရှိနေသည်။ ထိုကဲ့သို့ မွတ်စလင်ဒုက္ခသည်အရေအတွက်က ခရစ်ယာန်ဒုက္ခသည်အရေအတွက်ထက် မြင့်တက်မှုမှာ ဆိုမာလီဒုက္ခသည်များ ၀င်ရောက်လာခဲ့သည့် ၂၀၀၆ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ပထမဆုံးလည်း ဖြစ်သည်။

    ယခုနှစ်တွင် အမေရိကန်သို့ ရောက်ရှိလာသည့် မွတ်စလင်ဒုက္ခသည်များ၏ ထက်ဝက်ကျော်မှာ ဆီးရီးယားနှင့် ဆိုမာလီယာနိုင်ငံတို့မှာဖြစ်ပြီး အခြား ဒုက္ခသည်များမှာ အီရတ်၊ မြန်မာ၊ အာဖဂန်နှင့် အခြားနိုင်ငံများမှ ဖြစ်သည်။

    Ref: pewresearch.org

  • အကြမ်းဖက်များ၏ တိုက်ခိုက်မှု၊ ၀ါဒဖြန့်မှု ဗီဒီယိုများကို အမေရိကန်က ဖန်တီးခြင်းဖြစ်ကြောင်း ပေါ်ထွက်လာ

    အကြမ်းဖက်များ၏ တိုက်ခိုက်မှု၊ ၀ါဒဖြန့်မှု ဗီဒီယိုများကို အမေရိကန်က ဖန်တီးခြင်းဖြစ်ကြောင်း ပေါ်ထွက်လာ

    အောက်တိုဘာ ၄၊ ၂၀၁၆
    M-Media

    pen

    – အမေရိကန်နဲ့ ကမ္ဘာကြီးဟာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်လို့ အထင်ရောက်အောင် ပြုလုပ်တဲ့ အမေရိကန်ရဲ့ လျှို့ဝှက်ဝါဒဖြန့်ချီမှု အစီအစဉ်အတွင်း အီရတ်မှာ အကြမ်းဖက်သမားတွေရဲ့ ဗီဒီယိုအတုတွေ ဖန်တီးဖို့အတွက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ဟာ ယူကေ လော်ဘီလုပ်ငန်းတစ်ခုကို ဒေါ်လာ သန်း ၅၀၀ ကျာ် ပေးချေခဲ့တယ်လို့ ဗြိတိန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း The Bureau of Investigative Journalism (TBIJ) က ဖော်ထုတ်လိုက်ပါတယ်။

    Bell Pottinger လို့ခေါ်တဲ့ အဲဒီ လော်ဘီအဖွဲ့ရဲ့ ဖောက်သည်တွေထဲမှာ ဆ်ာဒီအစိုးရနဲ့ ချီလီအာဏာရှင် အော်ဂတ်စ်တို ပီနိုချက်ရဲ့ ဖောင်ဒေးရှင်းတို့လည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အမေရိကန်စစ်တပ်က သူတို့ရဲ့ လျှို့ဝှက် စစ်ဆင်ရေးအတွက် ၀ါဒဖြန့်အစီအစဉ်ဖန်တီးဖို့ ဒီလုပ်ငန်းနဲ့ ပတ်သက်ခဲ့တာဖြစ်ပါတယ်။

    ဒီ လော်ဘီလုပ်နင်းရဲ့ တာဝန်ကတော့ အလ်ကိုင်းဒါးအဖွဲ့ကို မကောင်းတဲ့အမြင်နဲ့ ကမ္ဘာ့ပြည်သူလူထုက ရှုမြင်လာအောင် ပုံဖော်ဖို့၊ ဒီအဖွဲ့ကို အားပေးထောက်ခံသူတွေလို့ သံသယရှိသူတွေကို ခြေရာခံဖို့ဆိုတဲ့ တာဝန်နဲ့အတူ ဒီဝါဒဖြန့်မှု စီမံကိန်းနဲ့ပတ်သက်လို့ စီအိုင်အေ၊ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) နဲ့ ပင်တဂွန်တို့ကို အစီရင်ခံရတာဖြစ်ပါတယ်။

    ဒီအေဂျင်စီက ထုတ်လုပ်ပေးတဲ့ အကြောင်းအရာတွေကို ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း အီရတ်မှာ အမေရိကန် ကြပ်တပ်ရဲ့ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ် ဒေးဗစ် ပီထရီယက်စ်နဲ့ အိမ်ဖြူတော်တို့က နောက်ဆုံး စစ်ဆေးရတာ ဖြစ်ပါတယ်။

    ပင်တဂွန် ကျောထောက်နောက်ခံပြုထားတဲ့ ဒီဝါဒဖြန့်မှု အစီအစဉ်ကို Bell Pottinger က အမေရိကန် အီရတ်ကို ကျူးကျော်တိုက်ခိုက်ပြီးပြီးချင်းမှာ စတင်ခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အီရတ်နိုင်ငံရဲ့ အုပ်ချုပ်မှုယန္တရားကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်နိုင်ရေး လှုံ့ဆော်ဖို့ဖြစ်ကာ နောက်ပိုင်းမှာတော့ အတွေးအခေါ်ရိုက်သွင်းဖို့နဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေအထိ ခြေဆန့်ခဲ့ပါတယ်။

    Bell Pottinger က ၀န်ထမ်းဟောင်းဖြစ်တဲ့ မာတင်ဝဲလ်က TBIJ ကို ပြောကြားရာ ဒီလော်ဘီအဖွဲ့မှာ ဗီဒီယိုအယ်ဒီတာအဖြစ် အလုပ်ခန့်အပ်ခံရပြီးတဲ့နောက်ပိုင်း ၄၈ နာရီအတွင်းမှာပဲ ဘဂ္ဂဒတ်ကို သွားခဲ့ရပြီး နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ ဌာနချုပ်ဖြစ်တဲ့ Camp Victory မှာ လျှို့ဝှက် ‘စိတ်ဓာတ် စစ်ဆင်ရေး’ တွေအတွက် ဗီဒီယိုအက်ဒစ် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီလော်ဘီအဖွဲ့ဟာ အလ်ကိုင်းဒါးအဖွဲ့ကို မကောင်းမြင်လာစေတဲ့ တီဗီကြေငြာတွေကို ဖန်တီးသလို၊ ဒီအကြောင်းအရာတွေကိုလည်း အရှေ့အလယ်ပိုင်းက ရုပ်သံတွေ၊ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့တွေကို ထောက်ခံအားပေးတဲ့ ရုပ်သံတွေ၊ ၀ဘ်ဆိုက်တွေကနေ ပေါ်ထွက်လာအောင်လည်း ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။

    နောက်ပြီး ဗုံးကြဲမှုတွေကို အရည်အသွေး ခပ်ညံ့ညံ့ပုံးစံမျိုးနဲ့ ရိုက်လာဖို့ အဖွဲ့ဝင်တွေကို စေလွှတ်ပြီး နောက်ပိုင်းမှာတော့ အာရဘီဘာသာစကားပြော အကြမ်းဖက်သမားတွေပါတဲ့ သတင်းပုံစံမျိုးဖြစ်အောင် ဖန်တီးကာ သတင်းမီဒီယာတွေကို ပေးပို့တာကလည်း Bell Pottinger ရဲ့ လက်ချက်ပဲဖြစ်တယ်လို့ မာတင်ဝဲလ်က ဆိုပါတယ်။

    သူအလုပ်လုပ်ရတဲ့ အဆောက်အဦးနဲ့ပတ်သက်ပြီး မာတင်ဝဲလ်က “အင်မတန်လုံခြုံတဲ့အဆောက်ဦးပါ။ အပြင်မှာ ‘ကန့်သတ်ဧရိယာဖြစ်သည်။ မ၀င်ရ။ စစ်ဆေးခံမှု မပြုရသေးလျှင် မ၀င်ရ’ ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားပါတယ်” လို ပြောကြားခဲ့ပါတယ်။

    မာတင်ဝဲလ် အလုပ်လုပ်ပေးရတဲ့ အပိုင်းက ၃ ပိုင်းရှိပြီး တစ်ပိုင်းက အလ်ကိုင်းဒါးကို မကောင်းမြင်လာစေတဲ့ ကြော်ငြာဗီဒီယိုတွေ ဖန်တီးတာဖြစ်ကာ၊ နောက်တစ်ခုကတော့ အာရဘီ ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ TV တွေက ဖန်တီးထားတဲ့ သတင်းပုံစံမျိုး အကြမ်းဖက်သမားတွေရဲ့ သတင်းတွေ ဖန်တီးရတာဖြစ်ပါတယ်။

    မာတင်ဝဲလ် အဓိကထား ဆောင်ရွက်ရတဲ့ တာဝန်တွေထဲက နောက်တစ်ခုကတော့ အလျှို့ဝှက်ဆုံး ဗီဒီယိုတွေကို ထုတ်လုပ်ရတာဖြစ်ပါတယ်။ အလ်ကိုင်းဒါးအဖွဲ့က ထုတ်တဲ့ ၀ါဒဖြန့်ဗီဒီယိုတွေလို ဗီဒီယိုမျိုး ဖန်တီးထုတ်လုပ်ရာမှာ မာတင်ဝဲလ်က ကြီးကျပ်ရတာဖြစ်ပြီး ဒီအတွက် အမေရိကန်စစ်တပ်က ဒီဗီဒီယိုတွေ ဘယ်လို ဖန်တီးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် ညွှန်ကြားတာဖြစ်ပါတယ်။

    “ဒီလိုပုံစံမျိုး ဗီဒီယိုတွေကို ကျွန်တော်တို့ ဖန်တီးဖို့လိုတယ်။ အလ်ကိုင်းဒါရဲ့ ဗီဒီယိုအဖြစ် အသုံးချမယ်။ ၁၀ မိနစ်ကြာရမယ်။ ဒီလို file format ရှိရမယ်။ ဒီလိုပုံစံနဲ့ encode လုပ်ရမယ် (ဒါမျိုးပြောတာပါ)” လို့ ၀ဲလ်က TBIJ ကို အမေရိကန်စစ်တပ်ရဲ့ ညွှန်ကြားမှုနဲ့ ပတ်သက်ပြီး ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန် မရိန်းတပ်ဖွဲ့တွေ အီရတ်တစ်ခွင် ပတ္တယောင်လှည့်ရမှာတော့ ဒီဗီဒီယိုတွေပါဝင်တဲ့ DVD အခွေတွေကို သူတို့ ၀င်ရောက်စီးနင်းတဲ့ အိမ်တွေမှာ ထားရှိကာ ထောင်ချောက်ဆင်ကြတာဖြစ်တယ်လို့လည်း ၀ဲလ်က ပြောကြားခဲ့ပါတယ်။ အဲဒီ စီးနင်းတဲ့ နေရာတစ်ခုချင်းစီတိုင်းမှာ ထားရှိတဲ့ DVD တိုင်းမှာ ဂူးဂဲလ်ရဲ့ Analytics code တစ်ခုစီပါဝင်ပြီး ဖွင့်ကြည့်တဲ့နေရာစာရင်းတွေက ပင်တဂွန်မှာ သွားပေါ်တာ ဖြစ်ပါတယ်။

    “သူတို့ အိမ်တစ်လုံးကို ၀င်စီးရင် ဟိုဟာဒီဟာရှာသလို ရှုပ်မယ်၊ ဖွမယ်။ နောက်ပြီးရင် DVD တစ်ချပ်ကို ပစ်ချလိုက်မယ်” လို့ ၀ဲလ်က ပြောကြားခဲ့ပါတယ်။

    ပင်တဂွန်ကလည်း သူတို့နဲ့ Bell Pottinger တို့ရဲ့ ဆက်နွယ်မှုကို အတည်ပြုခဲ့ပြီး ‘သတင်းအချက်အလက်စစ်ဆင်ရေးလုပ်ငန်းအဖွဲ့’ (Information Operations Task Force) ဆိုတဲ့ခေါင်းစဉ်အောက်မှာ လျှို့ဝှက် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် ကာကွယ်ရေးဌာန (DoD) က တာဝန်ရှိသူတစ်ဦးကတော့ Bell Pottinger ရဲ့ လုပ်ငန်းဟာ ‘စိတ်ဓာတ်စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့’ (Joint Psychological Operations Task Force) က အသုံးပြုခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    IBIJ ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ၂၀၀၇ ခုနှစ် မေလကနေ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင်းမှာ သတင်းအချက်အလက် စစ်ဆင်ရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတို့ ဆောင်ရွက်ဖို့အတွက် DoD နဲ့ Bell Pottinger တို့အကြား ကန်ဒေါ်လာ သန်း ၅၄၀ အပေးအယူရှိခဲ့ပြီး ဒီပမာဏဟာ တစ်နှစ်ကို သန်း ၁၂၀ လောက် ရှိနေပါတယ်။

    ဒါပေမယ့် အမည်မဖော်လိုတဲ့ ပင်တဂွန် တာဝန်ရှိသူတစ်ဦးကတော့ Bell Pottinger ရဲ့ ဆောင်ရွက်ပေးရတဲ့ အလုပ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “အရင်ကလုပ်ဆောင်ခဲ့တဲ့၊ အခုလုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေအတွက် ထောက်လှမ်းရေးသတင်း စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

    Ref: RT,usuncut