ဖေဖော်ဝါရီ ၆၊ ၂၀၁၆
M-Media
– IS အကြမ်းဖက်အဖွဲ့ဝင်တွေဟာ မွတ်စလင်တွေ မဟုတ်ကြဘဲ၊ အစ္စလာမ်ဘာသာကို အမည်ဖျက်နေတဲ့ ဖောက်ပြန်ရေးသမားများတွေသာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖေဖော်ဝါရီ ၄ ရက်နေ့ ရောမမှာပြုလုပ်တဲ့ မဟာမိတ်များ အခမ်းအနားတစ်ခုမှာ ပြောကြားလိုက်ပါတယ်။
“အမှန်တော့ ISIS တွေဟာ လူသတ်သမားတွေ၊ ပြန်ပေးသမားတွေ၊ ရာဇ၀တ်ကောင်တွေ၊ လူဆိုးလူမိုက်တွေနဲ့ သူခိုးဂျပိုးတွေ စုပေါင်းထားတာထက် ဘာမှမပိုပါဘူး။ ပြီးတော့ ဒီလူတွေဟာ ဘာသာရေး အရေခြုံ၊ တကယ့်အစစ်အမှန်တရားကို လိမ်လည်ဖုံးကွယ်ပြီးတော့ သူတို့လိုဘပြည့်ဖို့ လုပ်နေတဲ့ ဖောက်ပြန်ရေးသမားတွေပါပဲ” လို့ ဂျွန်ကယ်ရီက ပြောကြားလိုက်တာပါ။
ကယ်ရီရဲ့ IS တွေကို ဒီလို သုံးနှုန်းဖော်ပြမှုဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ Saban ဖိုရမ်မှာလည်း ကယ်ရီက IS တွဟာ ဘာသာတရားကို ပြန်ပေးဆွဲထားတဲ့ ဖောက်ပြန်သူတွေသာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြောကြားခဲ့ပါတယ်။
အီရတ်နဲ့ ဆီးရီးယားနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ IS အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက တစ်ညီတစ်ညွတ်တည်း ရှုတ်ချပြောဆိုထားပြီး အစ္စလာမ့်ရဲ့ ရန်သူလို့ သတ်မှတ်ထာတာဖြစ်ပါတယ်။
Ref; Daily caller









