News @ M-Media

Tag: US

  • ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    ဆီးရီးယားတွင် အမေရိကန်က လေတပ်စခန်းနှစ်ခု ဆောက်လုပ်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    us airbase

    – ဆီးရီးယားက ကာ့ဒ်တွေ သိမ်းပိုက်ထားရာ နိုင်ငံမြောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒုတိယမြောက် လေတပ်စခန်းတစ်ခု ဆောက်လုပ်နေမှုဟာ ပြီးလုပြီးခင် ဖြစ်နေပြီလို့ သိရပါတယ်။

    အဲဒီ ဒုတိယမြောက်လေတပ်စခန်းဟာ စစ်ဖက်ရော အရပ်ဖက်မှာပါ အသုံးပြုသွားမှာ ဖြစ်တယ်လို့ အာရ်ဘီးလ်မြို့အခြေစိုက် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ BasNews ရဲ့ ဖော်ပြမှုကို ကိုးကားကာ Reuters သတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပေမယ့် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အနေနဲ့ ဆီးရီးယားမှာ မည်သည့်လေယာဉ်ကွင်းကိုမှ ထိန်းချုပ်ထားတာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒီလေတပ်စခန်းဟာ ဟာဆာကာပြည်နယ် ရာမီလန်မြို့မှာ တည်ရှိတာဖြစ်ပြီး ပြေးလမ်းဖောက်လုပ်တဲ့ လုပ်ငန်းအများစုဟာ ပြီးစီးသွားကာ၊ တူရကီနဲ့ကပ်နေတဲ့ ကိုဘာနီမြို့မှာလည်း အမေရိကန်က လေတပ်စခန်းတစ်ခုကို ဆောက်လုပ်နေတယ်လို့ အမည်မဖော်ပြတဲ့ စစ်တပ်သတင်းရင်းမြစ်ကို ကိုးကားပြီး BasNews က ဖော်ပြခဲ့တာပါ။

    ဒီစီမံကိန်းတွေမှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေကလည်း သူတို့ဟာ ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက် အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်နဲ့ ရာမီလန် လေတပ်စခန်းကို အသုံးပြုခဲ့တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

    IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို အကူအညီပေးနိုင်ဖို့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆီးရီးယားမြောက်ပိုင်းကို အထူးတပ်သားပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။ ဆီးရီးယားက ကာ့ဒ်တွေကို အကြမ်းဖက်သူပုန်တွေလို့ သတ်မှတ်ထားတဲ့ နေတိုးမဟာမိတ် တူရကီရဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း အမေရိကန်စစ်ဘက်ဟာ ကာ့ဒ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ပက်သက်ခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ လေတပ်စစ်ဆင်ရေးတွေဟာ လွန်ခဲ့တဲ့တစ်နှစ်က စတင်ခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS တွေကို ရည်ရွယ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို တိုက်ခိုက်မှုတွေဟာ အစွန်းရောက်စစ်သွေးကြွတွေကို မနှိမ်နှင်းနိုင်သေးပါဘူး။

    Ref; Presstv

  • အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    calc

    – ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုက တခြားပြည်နယ်တွေထက် ၂၀၁၅ ခုနှစ်အတွင်း မုန်းတီးရေးအုပ်စု ပိုများလာတယ်လို့ တောင်ပိုင်းဆင်းရဲမွဲတေမှုဆိုင်ရာ ဥပဒေဌာန (SPLC) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့က လော့စ်အိန်ဂျလိစ်အပြင်ဘက် အေနာဟမ်မြို့မှာ လူဖြူအစွန်းရောက်အဖွဲ့ Ku Klux Klan (KKK) က ချီတက်ဆန္ဒပြမှု ပြုလုပ်ဆောင်ရွက်အပြီးမှာ ကယ်လီဖိုးနီးယားပြည်နယ်က အမုန်းအခြေခံ အုပ်စုတွေအပေါ် သတိထားမိလာကြတာ ဖြစ်ပါတယ်။

    တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၅ ခုနှစ် အမေရိကန်မှာ မုန်းတီးရေးအုပ်စု စုစုပေါင်း ၈၉၂ ခု ရှိပြီး အဲ့ဒီထဲကမှ ၆၈ ဖွဲ့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေတာဖြစ်ပါတယ်။ ၈၉၂ ဆိုတဲ့ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းလောက် မြင့်တက်လာတာ ဖြစ်တယ်လို့ SPLC က ဆိုပါတယ်။

    အဆိုပါအဖွဲ့တွေဟာ လူမျိုးရေးခွဲခြားတတ်တဲ့အဖွဲ့အစည်းတွေ သက်သက်သာ မဟုတ်ဘဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အုပ်စုတွေကတော့ ၂၀၁၄ ကထက် ၄၅ ရာခိုင်နှုန်းလောက် ပိုများလာပါတယ်။ အဲဒီလို အမုန်းတရားအခြေခံ အုပ်စုအရေအတွက် ပိုများလာတာထက် အဲဒီအုပ်စုတွေနဲ့ ဆက်နွယ်နေတယ်လို့ သတင်းထွက်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုက ပိုများတယ်လို့ SPLC ရဲ့ အကြီးတန်းတာဝန်ရှိသူ မာ့ခ် ပိုတော့က ပြောကြားခဲ့ပါတယ်။

    အေနာဟမ် ချီတက်ဆန္ဒပြမှုနောက်ပိုင်း သေစေနိုင်တဲ့ လက်နက်နဲ့ လုပ်ကြံမှုတစ်ခုမှာ ပါဝင်တယ်လို့ သံသယရှိတဲ့အတွက် KKK အဖွဲ့ဝင်ငါးဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြင်းထန်စွာ နာကျင်စေဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်မယ်လို့ ယူဆရတဲ့ လူ ၇ ဦးလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။

    Ref: IINA

  • အမေရိကန်တွင် လူမည်းသင်းအုပ်ဆရာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    အမေရိကန်တွင် လူမည်းသင်းအုပ်ဆရာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    မတ် ၁၊ ၂၀၁၆
    M-Media

    black pastor

    – အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့မှာရှိတဲ့ ခရစ်ယာန်နှစ်ခြင်းအသင်းတော်က အာဖရိကနွယ်ဖွား သင်းအုပ်ဆရာတစ်ဦးဟာ ၀တ်ပြုဆုတောင်းမှု အစီအစဉ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

    အသက် ၇၀ အရွယ်ရှိတဲ့ ၀ီလီယံ ဘီ စကူလာဖြစ်ပြီး တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၁၂း၃၀ ၀န်းကျင်လောက်က စိန့်ပီတာသာသနာပြု နှစ်ခြင်းဘုရားကျောင်းမှာ သေနတ်နဲ့အပစ်ခံရတာ ဖြစ်ပါတယ်။ အဲဒီသင်းအုပ်ဆရာကို ၎င်းရဲ့ ညီအကိုဖြစ်သူက သတ်သွားတယ်လို့ ယုံကြည်ရပါတယ်။

    သေနတ်ပစ်ခတ်မှုအတွက် ဘုရားကျောင်းထဲမှာရှိတဲ့ အသက် ၆၈ နှစ်အရွယ် ဒန်နီယဲလ် ဂရီဂိုရီ စကူလာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မောင့်ဂိုမာရီ ခရိုင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားကာ လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

    ဘာကြောင့်ပစ်သတ်ရလဲဆိုတာကို မသိရပေမယ့် သင်းအုပ်ဆရာကို တမင် ရည်ရွယ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြာပါတယ်။ တူဖြစ်သူ ဂျွိုက်စ် နပီးရ်က ဒန်နီယဲလ် စကူလာဟာ စိတ်ရောဂါဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ သင်းအုပ်ဆရာဟာ ဒေတန်ကျောင်းဘုတ်အဖွဲ့မှာ ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့အပြင် ဒေသတွင်း နှစ်ခြင်းသင်း အုပ်ဆရာများအသင်းရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

    Ref: Presstv

  • ဒေါ်နယ်ထရမ့်အား အမေရိကန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဒေါ်နယ်ထရမ့်အား အမေရိကန်ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆
    M-Media

    anti trump

    – ရီပက်ဘလစ်ကန်သမ္မတလောင်းဖြစ်ရေး ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဆူဆူပူပူဖြစ်စေတဲ့ အပြောအဆိုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်မှာ အမေရိကန်ပြည်သူတွေက ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

    တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြမှုမှာ လူရာပေါင်းများစွာ ပါဝင်ခဲ့ပြီး “အမုန်းတရားကိုဆန့်ကျင်ကာ စည်းလုံးကြ၊ ထရမ့်နဲ့ တယူသန်မှုအားလုံးကို ဆန့်ကျင်ကြ” စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    ဆန္ဒပြသူတစ်ဦးက “ထရမ့်ရဲ့ဟောပြောချက်တွေဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်ကြောက်မက်ဖွယ်ရာကောင်းတယ်ဆိုတာ တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးကို သိစေချင်ပါတယ်။ ကျွန်တော်တို့ ဒါကို မထောက်ခံပါဘူး။ ကျွန်တော်တို့က ဒီလိုအမုန်းတရားတွေနဲ့ ခွဲခြားမှုမပါဘဲ ဦးဆောင်မှုပေးနိုင်တဲ့သူမျိုးကိုသာ ရှာဖွေနေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

    ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်တဲ့ကာလတစ်လျှောက်လုံး လူဝင်မှုကိစ္စ၊ ဒုက္ခသည်များရဲ့အခြေအနေ၊ အစ္စလာမ်ဘာသာအပေါ် ဝေဖန်ပြောဆိုနေခဲ့တာပါ။ ၂၀၁၅ ဒီဇင်ဘာမှာ အမေရိကန်နိုင်ငံကို ဘယ်မွတ်ဆလင်တစ်ဦးတစ်ယောက်မှ ၀င်ရောက်ခြင်းမပြုဖို့ ၎င်းက ပြောဆိုလိုက်ပြီးနောက်တွင် သူ့အား ပြင်းပြင်းထန်ထန် ၀ိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။

    အခုလို အငြင်းပွားစရာမှတ်ချက်တွေချခဲ့သော်လည်း ထရမ့်အနေနဲ့ နိုင်ငံတစ်ဝှမ်းမှာ မဲအရေအတွက် ဦးဆောင်လျက်ရှိပြီး ရီပက်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း အမည်စာရင်းမှာ လက်ရှိအချိန်ထိ လူကြိုက်အများဆုံးဖြစ်နေခဲ့ပါတယ်။

    Ref : Presstv

  • ဒေါ်နယ်ထရမ့်၏ ခရစ်ယာန်အယူဝါဒကို ပုပ်ရဟန်းမင်းကြီး မေးခွန်းထုတ်

    ဒေါ်နယ်ထရမ့်၏ ခရစ်ယာန်အယူဝါဒကို ပုပ်ရဟန်းမင်းကြီး မေးခွန်းထုတ်

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    pope 2

    – ယခုနှစ်အတွင်း ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု တစ်ပြေးနေသည့် သန်းကြွယ်သူဌေးကြီး ဒေါ်နယ်ထရမ့်အား ပုပ်ရဟန်မင်းကြီး ဖရန်စစ်က ဝေဖန်လိုက်ပြီး ၎င်း၏ ခရစ်ယာန်အယူဝါဒအတွက်လည်း မေးခွန်းထုတ်လိုက်သည်။

    ဒေါ်နယ်ထရမ့်မှာ နိုင်ငံအတွင်းရှိ မက္ကဆီကန်များ၊ လူမည်းများ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေး ခွဲခြားစော်ကားမှုများ ပြုလုပ်ခဲ့ပြီး ၎င်းသမ္မတဖြစ်ပါက အထောက်အထားမရှိသည့် ပြောင်းရွှေ့အခြေချသူများကို နယ်နှင်ဒဏ်ပေးမည်ဟု ပြောကြားခဲ့သည်။

    မက္ကဆီကိုသို့ ၅ ရက်ကြာ အလည်အပတ်ခရီး အဆုံးသတ်ခဲ့ပြီးနောက် ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့်တွေ့ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ထရမ့်ကိုရည်ညွှန်း၍ “ပေါင်းကူးတံတားဆောက်ပေးဖို့ မဟုတ်ဘဲ တံတိုင်းကာဖို့သာ စဉ်းစားနေတဲ့ လူမျိုးဟာ ခရစ်ယာန်တစ်ယောက် မဟုတ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။

    “သူကို မဲပေးပေး၊ မပေးပေး ကျွန်တော်က ၀င်စွက်မှာမဟုတ်ပါဘူး။ တကယ်လို့ သူက ဒီလိုတွေပြောတယ်ဆိုရင် အဲဒီလူက ခရစ်ယာန်မဟုတ်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ထရမ့်ကမူ ဖရန်စစ်၏ ထိုမှတ်ချက်အား Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်။

    “ဘယ်ခေါင်းဆောင်မှ – အထူးသဖြင့် ဘယ်ဘာသာရေးခေါင်းဆောင်မှ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရား၊ ယုံကြည်ချက်ကို မေးခွန်းထုတ်လို့ မရပါဘူး။ ကျွန်တော်ဟာ ခရစ်ယာန်ဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ခရစ်ယာန်သာသနာ တိုက်ခိုက်ခံရမှာ၊ အားနည်းသွားမှာကို ကျွန်တော် ခွင့်မပြုနိုင်ပါဘူး” ဟု ဒေါ်နယ်ထရမ့်က ရေးသားခဲ့သည်။

    ထို့ပြင် IS အဖွဲ့က ဗာတီကန်ကို တိုက်ခိုက်ခံရမည့်အခြေအနေမျိုး ဖြစ်သည့်အချိန်မှ ဖရန်စစ်မှာ “ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပါက ကောင်းလေစွ” ဟု ဆုတောင်းမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Aljazeera