News @ M-Media

Tag: US

  • သမ္မတအိုဘားမား ဟောလီးဝုဒ်အလှူရှင်များနှင့် လျှို့ဝှက်တွေ့ဆုံ

    သမ္မတအိုဘားမား ဟောလီးဝုဒ်အလှူရှင်များနှင့် လျှို့ဝှက်တွေ့ဆုံ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    obama 4

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ ဒီမိုကရက်တစ်ပါတီရဲ့ အဓိကအလှူရှင်တွေဖြစ်တဲ့ ဟောလီးဝုဒ်သူဌေးသုံးယောက်နဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ သီးသန့်ညစာစားခဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    အိုဘားမားနဲ့ သီးသန့်ညစာစားပွဲကို တက်ရောက်ခဲ့သူတွေကတော့ DreamWorks ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စီအီးအို ဂျက်ဖရီ ကတ်ဇင်ဘာ့ဂ်၊ ဝေါလ်ဒစ္စနေစတူဒီယို ဥက္ကဌ အလန်ဟွန်း၊ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ၀ီလ်စမစ်တို့ ဖြစ်ပြီး ဘာတွေဆွေးနွေးခဲ့လဲဆိုတာကိုတော့ အိုးဘားမားအစိုးရက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

    အိုဘားမားဟာ ဒီမိုကရက်တစ်ပါတီအတွက် ရန်ပုံငွေရှာဖွေပေးသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့တွေ့ဆုံဖို့ လော့စ်အိန်ဂျလိစ်ကို ရောက်ရှိစဉ်မှာ ဒီလို ညစာစားခဲ့တာဖြစ်ပါတယ်။ အခုတစ်ကြိမ်ဟာ ၂၀၀၉ ခုနှစ် သမ္မတဖြစ်ပြီးနောက် လော့စ်အိန်ဂျလိစ်ကို အိုဘားမားက ၂၁ ကြိမ်မြောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

    ရန်ပုံငွေရှာဖွေတဲ့ပွဲတွေကိုလည်း ပြုလုပ်ခဲ့ကြပြီး အဲဒီအထဲကနှစ်ခုရဲ့ လက်မှတ်တွေဟာ ဒေါ်လာ ၃၃၄၀၀ အထိ ကျသင့်တယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် ကတ်ဇင်ဘာ့ဂ်၊ ဟွန်းနဲ့ ၀ီလ်စမစ်တို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ဘဲ ရန်ပုံငွေပွဲတွေပြီးမှ ညစာစားခဲ့ကြတာပါ။ တွေ့ဆုံမှုအသေးစိတ်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မပြုခဲ့ပါဘူး။

    ကတ်ဇင်ဘာ့ဂ်ဟာ အိုဘားမားအတွက် အဓိကအလှူရှင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက အိုဘားမားထောက်ခံရေးအဖွဲ့ကို ဒေါ်လာသုံးသန်းလှူဒါန်းခဲ့ကာ အခုတစ်ခါ ကလင်တန်ဘက်ကိုလည်း ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ၀ီလ်စမစ်ကတော့ အိုဘားမားအတွက် မဲဆွယ်ရေးလုပ်ငန်းစဉ်တွေမှာ အလှူငွေအများအပြား လှူဒါန်းခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်က ၎င်းနေအိမ်မှာလည်း ဒေါ်လာ ငါးသိန်းအထိ အလှူငွေ ကောက်ခံပေးခဲ့ပါတယ်။

    Ref: RT

  • “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    M-Media
    ဆောင်းပါးရှင် မောင်ရဲဝင်း (တောင်ကြီး)
    635837616810006486-576738601_kennysucks
    မနေ့က နယူးဟမ်ရှားပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီတွင်း ကိုယ်စားလှယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က “ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီ” ဘာနီဆန်းဒါး နဲ့ ရီပတ်ပလစ်ကန် ပါတီဘက်က “အရင်းရှင်ဝါဒီ” ဒေါ်နယ်ထရန့်တို့ အသီးသီး အနိုင်ရခဲ့တယ်။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာပါတီတွေကို ကိုယ်စားပြုပြီး သမ္မတလောင်းတွေအဖြစ် စင်မြင့်ပေါ် ရောက်လာနိုင်ဖွယ်ရှိသူတွေပါ။

    ထူးခြားချက်ကတော့ သူတို့နှစ်ဦးလုံးက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းကို ဆန့်ကျင်နေတဲ့ အယူဝါဒတွေကို ဟောပြောပြီး လူတွေရဲ့ ထောက်ခံမှုကို ရယူလာခဲ့ကြတာဖြစ်ပါတယ်။

    ဘာနီဆန်းဒါးက သူ့ရဲ့နိုင်ငံရေး အသက်မွေးဝမ်းကြောင်းတလျောက်မှာ အခြေခံလူတန်းစားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့သူပါ။ လူချမ်းသာတွေရဲ့ ကြီးစိုးနေမှုတွေကို ရှေ့တန်းက ဝေဖန်တိုက်ခိုက်လာခဲ့သူပါ။ အရင်းရှင်ဝါဒကို အခြေခံတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး စင်မြင့်ထက်ကို ဆိုရှယ်လစ် အရောင်သန်းသူတွေ တိုးမပေါက်နိုင်ပေမယ့် ဘာနီကတော့ ထူးထူးဆန်းဆန်း ထိပ်ဆုံးထိပ်ကို ရောက်ရှိ လာနေပြီဖြစ်ပါတယ်။

    ဘာနီဟာ နိုင်ငံရေးသမားတွေ အားကိုးနေရတဲ့ လူချမ်းသာတွေကို ကျောခိုင်းပြီး အခြေခံလူတန်းစားတွေဘက်က ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ ကြွေးကြော်ချက်တွေနဲ့ ရှေ့ရောက်လာခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ ချမ်းသာတယ်ဆိုပေမယ့် နိုင်ငံတဝှမ်းက ဓနဥစ္စာပေါင်း ၃ပုံ ၁ပုံဟာ အမေရိကန် လူဦးရေရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းသော လူချမ်းသာတွေရဲ့ လက်ထဲမှရှိနေတာပါ။ လူများစုဖြစ်တဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက နိုင်ငံတဝှမ်းက ဓနဥစ္စာစုစုပေါင်းရဲ့ ၁၅% ကိုသာပိုင်ဆိုင်ကြပါတယ်။ ဓနဥစ္စာမဲ့ပြည်သူတွေ၊ ရရစားစား ဘဝနဲ့ ရုန်းကန်နေရသူတွေက ပိုများပါတယ်။ ပိုင်ဆိုင်မှုတွေက လူတစုလက်ထဲမှာသာရှိပြီး အများပြည်သူရဲ့ ရေရှည် တိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ အားနည်းလာနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြားမှာ တဖြေးဖြေး နောက်ကျလာနေပါတယ်။ လူချမ်းသာတွေကလည်း ချမ်းသာ သထက်ချမ်းသာအောင် နိုင်ငံရေးသမားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ကြပါတယ်။ ဒီလို ထိန်းချုပ် မနိုင်ဖြစ်နေတဲ့ အရင်းရှင်ဝါဒအောက်က လူချမ်းသာတွေရဲ့ ချယ်လှယ်မှုကို စိန်ခေါ်တဲ့ ဘာနီဟာ အမေရိကန်ပြည်သူတွေအကြား သူရဲကောင်းကြီးဖြစ်လာပါတော့တယ်။

    ဘာနီနဲ့အပြိုင် ရီပတ်ပလစ်ကန်ပါတီဘက်က ပြည်သူတွေရဲ့ သူရဲကောင်းကြီးအဖြစ် တက်လာနေတာ ကတော့ မြေရှင် သူဌေးကြီး ဒေါ်နယ်ထရန့်ပါပဲ။ အမေရိကန်တွေရဲ့အခြေခံ ခံယူချက်မူဝါဒတွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတာတွေကို ကျောခိုင်းထားပေမယ့် “အမေရိကန်နိုင်ငံကို အောင်မြင်ကျော်ကြားအောင် ပြန်လုပ်မယ်”ဆိုတဲ့ ဒေါ်နယ် ရဲ့ ကြွေးကြော်သံဟာ အမေရိကန်တွေနားထဲ နာဝင်ချိုလှပါတယ်။ ဟောပြောရာမှာ ကျိုးကြောင်းဆီလျော်မှုမရှိ၊ ရှေ့နှောက်မညီနဲ့ ပါးစပ်ထဲတွေ့ရာ ဇွတ်ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ သမ္မတဖြစ်ရေး အိမ်မက်ဟာ အချိန်တိုအတွင်း နိဂုံးချုပ်သွားမယ်လို့ ထင်ကြေးပေးသူတွေလည်း အခုအခါမှာတော့ အတော် အံအားသင့်နေရပါပြီ။ သူဟာ သမရိုးကျနိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေ၊ နည်းဗြူဟာတွေ၊ သံတမန်ရေးတွေကို အရေးမပေးဘဲ အမေရိကန်နိုင်ငံကြီး ဦးမော့ရင်ကောနိုင်ဖို့ အရေး တားသင့်တာတား၊ ပိတ်သင့်တာပိတ်၊ ခွဲခြားသင့်တာ ခွဲခြားမယ်လို့ ရဲရဲရင့်ရင့်ကြီး ဖွင့်ဟခဲ့ပါတယ်။

    နိုင်ငံရေးသမားတွေ ကိုယ့်သိက္ခာ ကိုယ်ငှဲ့လို့ပဲဖြစ်ဖြစ်၊ မပြောသင့် မပြောထိုက်လို့ပဲဖြစ်ဖြစ် ဒဲ့မပြောတဲ့ စကားတွေကိုလည်း သူက စကား အလှဆင်မနေပဲ ဒဲ့ဒိုး ပြောဆိုတက်လို့ လူအများက သဘောကျကြပါတယ်။ သူ့အနေနဲ့ လူတယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ရင်တောင်မှ သူ့ကိုထောက်ခံသူတွေလျော့သွားမှာ မဟုတ်ဘူးလို့ ကိုယ့်ကို ကိုယ်ယုံကြည့်မှု အပြည့်နဲ့ ကြွေးကြော်ခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံ ဖယိုဖရဲဖြစ်လာနေလို့ လက်ညိုးထိုး အပြစ်ပုံချမယ့် သူရှာနေတဲ့ ပြည်သူတွေကို ဒေါ်နယ်ထရန့်က “အိမ်နီးချင်းနိုင်ငံက ခိုးဝင်လာတဲ့ သူခိုးဂျပိုး၊ လူဆိုးလူပေ မုဒိန်းကောင်ပေါတဲ့ မက္ကဆီကန် လူမျိုးတွေကြောင့်၊ ဘာသာရေးဘန်းပြပြီး အကြမ်းဖက်နေတဲ့ မွတ်စလင်တွေကြောင့်၊ စီးပွားရေးအရဝါးမျိုးနေတဲ့ တရုတ်တွေကြောင့်” လို့ လက်ညိုးထိုး အပြစ်တင်ဖို့ အမုန်းတရားတွေဆော်သြရင်း လူကြိုက်များလာခဲ့တာပါ။

    စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အပါအဝင် နိုင်ငံရဲ့အခန်းကဏ္ဍတိုင်းလိုလိုမှာ နောက်ကျနေတဲ့ အမေရိကန်နိုင်ငံကို ကယ်တင်ကြဖို့ ကယ်တင်ရှင် ရှာရင်း ဘာနီဆန်းဒါးနဲ့ ဒေါ်နယ်ထရန့် တို့ကို အမေရိကန်ပြည်သူတွေက မျက်စေ့ကျနေကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးထဲက တစ်ဦးဦးဟာ အမေရိကန်သမ္မတကြီးဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံကြီးဟာ တမူထူးခြားတဲ့ လမ်းခရီးသစ်ပေါ် လျောက်လှမ်းရမှာတော့ သေချာပါတယ်။ ဒါပေမယ့် သူတို့ပြိုင်ဘက်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်၊ တဒ်ခရူး၊ မာကိုရူဘီယို၊ ဂျောန်ကာဆလ်နဲ့ ဂျက်ဘွတ်ရှ် တို့ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်မယ်လို့ မဲဆွယ်စည်းရုံးရင်း အမှီလိုက်နေပါသေးတယ်။

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

  • မြောက်ကိုရီးယားရန်ကြောင့် ကျွန်းဆွယ်တွင် ဒုံးကျည်စနစ်ချထားရန် ကန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    မြောက်ကိုရီးယားရန်ကြောင့် ကျွန်းဆွယ်တွင် ဒုံးကျည်စနစ်ချထားရန် ကန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    US 5

    – ခြိမ်းခြောက်မှုလို့ သမုတ်ထားတဲ့ မြောက်ကိုးရီးယားရဲ့ ဆောင်ရွက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်ဒုံးကျည်စနစ် ဖြန့်ကျက်နိုင်ရေး တောင်ကိုးရီးယားနဲ့ အမေရိကန်စစ်တပ်အရာရှိတွေကတရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ ရှိနေပါတယ်။

    မြောက်ကိုးရီးယားက မနေ့မှာ တားမြစ်ထားတဲ့ တာဝေးပစ်ဒုံးကျည်နဲ့ ကမ္ဘာမြေစူးစမ်းလေ့လာရေး ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းကြောင်းထဲ အောင်မြင်စွာပစ်လွှတ်နိုင်ပြီးတဲ့နောက်ပိုင်း ပြိုင်ဘက်နှစ်နိုင်ငံရဲ့ အဆိုပါကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ အဲဒီပစ်လွှတ်မှုဟာ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်တာဖြစ်တယ်ဆိုပြီး ရှုတ်ချခဲ့ပါတယ်။

    “တောင်ကိုးရီးယား-အမေရိကန် မဟာမိတ်ဆိုင်ရာ ဒုံးကျည်စနစ် မြှင့်တင်မှု အစိတ်အပိုင်းအဖြစ် တောင်ကိုးရီးယားမှာ THAAD ဒုံးကျည်စနစ်ကို ဖြန့်ကျက်တပ်ဆင်သွားဖို့အတွက် ဖြစ်နိုင်ချေတွေကို စတင်ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ” လို့ တောင်ကိုးရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ယူ ဂျေဆောင်းက အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး သောမတ်စ် ဗန်ဒါးလ်နဲ့အတူ ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကတော့ ကိုရီးယားကျွန်းဆွယ်မှာ ချထားမယ့် ဒုံးကျည်စနစ်ဟာ မြောက်ကိုးရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည်စီမံကိန်းစနစ်ကို ကာကွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ ရုရှားတို့ကတော့ မြောက်ကိုရီးယားရဲ့ ထိုလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်စေမယ်လို့ ပြောဆိုခဲ့ပါတယ်။

    “တောင်ကိုးရီးယား-အမေရိကန် မဟာမိတ်အဖွဲ့အနေနဲ့ အခုလိုကာကွယ်ရေးစနစ် မလုပ်မဖြစ်တော့လို့ လုပ်ရတာဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ မြောက်ကိုးရီးယားက ရန်စမှုတွေပြုလုပ်လာပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးအပေါ် ဆွေးနွေးဖို့ကိုလည်း ငြင်းဆိုထားတဲ့အတွက် ဖြစ်ပါတယ်” လို ယူက ဆိုပါတယ်။

    မြောက်ကိုးရီးယားက ဒုံးကျည်အသုံးပြုကာ ဂြိုဟ်တုပစ်လွှတ်မှုအပေါ် ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်တို့ကတောင်းဆိုလာတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ယမန်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

    အဲဒီသုံးနိုင်ငံစလုံက မြောက်ကိုးရီးယားအနေနဲ့ ဘယ်လို နျူကလီးယားလှုပ်ရှားမှု ဒါမှမဟုတ် ဒုံးကျည်ပစ်လွှတ်မှုမှ မပြုလုပ်ဖို့ တာမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    မြောက်ကိုးရီးယားကတော့ ရန်သူတွေရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်နေရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုးရီးယားနဲ့ အမေရိကန်တို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုးရီးယားကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ယူဆပြီး ဒေါသထွက်စေခဲ့တာ ဖြစ်ပါတယ်။

    Ref : Presstv

  • နယူးယောက်မြို့ရှိ နျူဓာတ်အားပေးစက်ရုံ ယိုစိမ့်မှုကြောင့် မြေအောက်ရေကို ထိခိုက်

    နယူးယောက်မြို့ရှိ နျူဓာတ်အားပေးစက်ရုံ ယိုစိမ့်မှုကြောင့် မြေအောက်ရေကို ထိခိုက်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    – အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ Indian Point နျူကလီးယားဓာတ်အားပေးစက်ရုံမှ ယိုစိမ့်မှုကြောင့်ပတ်ဝန်းကျင်တစ်ဝိုက်ရှိ မြေအောက်ရေအား ရေဒီယိုသတ္တုကြွကာ ထိခိုက်စေခဲ့သည်ဟု မြို့တော် အုပ်ချုပ်ရေးမှူး အန်ဒရူး ကျူအိုမိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ ဓာတ်အားပေးစက်ရုံအောက်ရှိ မြေအောက်ရေမှာ နယူးယောက်မြို့မြောက်ပိုင်း ၂၅ မိုင်မှ ဟဒ်ဆန်မြစ်အတွင်း စီးဝင်သည့် ရေလမ်းကြောင်းဖြစ်ပြီး ရေဒီယိုသတ္ထုကြွမှု ရာခိုင်နှုန်း ၆၅၀၀၀ ခန့်ရှိနေသည်။ သို့သော်လည်း ထိုရေမှာ သောက်ရေ ဖြန့်ဖြူးပေးသည့် ရေအရင်းအမြစ်မဟုတ်ပေ။

    ဓာတ်အားပေးစက်ရုံအား တာဝန်ယူလည်ပတ်နေသော Entergy ကုမ္ပဏီကမူ အဆိုပါ ရေဒီယိုသတ္တုကြွမှုကို အတည်ပြုခဲ့သော်လည်း ပြည်သူများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး နောက်ဆက်တွဲပြဿနာများ ရှိမည်မဟုတ်ဟု ဆိုသည်။

    ထို့ပြင် ရေသို့ပျော်ဝင်ပါက ရေဒီယိုသတ္တုကြွမှုကို အားပျော့စေမည်ဖြစ်သောကြောင့် ဟူစတန်မြစ်ကိုလည်း ထိခိုက်ပျက်စီးစေမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အုပ်ချုပ်ရေးမှူး ကျူအိုမိုကမူ ထိုကဲ့သို့ ယိုစိမ့်မှုအတွက် အလွန်အမင်း စိုးရိမ်မိပြီး၊ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနသို့ ညွှန်ကြားထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ၁၀ မိုင်ပတ်ဝန်းကျင်ကို ကယ်ဆယ်ရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ထိုနေရာတွင် လူဦးရေ ၃၁၇၀၀၀ ခန့် ရှိနေသည်။

    Ref: CNN

  • IS အဖွဲ့မှာ အစ္စလာမ်ကို နာမည်ဖျက်နေသူများဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    IS အဖွဲ့မှာ အစ္စလာမ်ကို နာမည်ဖျက်နေသူများဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    kerry 3

    – IS အကြမ်းဖက်အဖွဲ့ဝင်တွေဟာ မွတ်စလင်တွေ မဟုတ်ကြဘဲ၊ အစ္စလာမ်ဘာသာကို အမည်ဖျက်နေတဲ့ ဖောက်ပြန်ရေးသမားများတွေသာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖေဖော်ဝါရီ ၄ ရက်နေ့ ရောမမှာပြုလုပ်တဲ့ မဟာမိတ်များ အခမ်းအနားတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

    “အမှန်တော့ ISIS တွေဟာ လူသတ်သမားတွေ၊ ပြန်ပေးသမားတွေ၊ ရာဇ၀တ်ကောင်တွေ၊ လူဆိုးလူမိုက်တွေနဲ့ သူခိုးဂျပိုးတွေ စုပေါင်းထားတာထက် ဘာမှမပိုပါဘူး။ ပြီးတော့ ဒီလူတွေဟာ ဘာသာရေး အရေခြုံ၊ တကယ့်အစစ်အမှန်တရားကို လိမ်လည်ဖုံးကွယ်ပြီးတော့ သူတို့လိုဘပြည့်ဖို့ လုပ်နေတဲ့ ဖောက်ပြန်ရေးသမားတွေပါပဲ” လို့ ဂျွန်ကယ်ရီက ပြောကြားလိုက်တာပါ။

    ကယ်ရီရဲ့ IS တွေကို ဒီလို သုံးနှုန်းဖော်ပြမှုဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ Saban ဖိုရမ်မှာလည်း ကယ်ရီက IS တွဟာ ဘာသာတရားကို ပြန်ပေးဆွဲထားတဲ့ ဖောက်ပြန်သူတွေသာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြောကြားခဲ့ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ IS အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက တစ်ညီတစ်ညွတ်တည်း ရှုတ်ချပြောဆိုထားပြီး အစ္စလာမ့်ရဲ့ ရန်သူလို့ သတ်မှတ်ထာတာဖြစ်ပါတယ်။

    Ref; Daily caller