News @ M-Media

Tag: US

  • အမေရိကန်တွင် တော်နေးဒိုးမုန်တိုင်းများကြောင့် လူ ၂၀ ကျော်သေဆုံး

    အမေရိကန်တွင် တော်နေးဒိုးမုန်တိုင်းများကြောင့် လူ ၂၀ ကျော်သေဆုံး

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    us

    – ယခုတစ်ပတ်အတွင်း အမေရိကန်နိုင်ငံတွင် တိုက်ခတ်ခဲ့သော တော်နေးဒိုးမုန်တိုင်းများကြောင့် သေဆုံးသူအရေအတွက်မှာ ၂၂ ဦး ရှိလာခဲ့ပြီဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    တက္ကဆက်ပြည်နယ်၌ တော်နေးဒိုးမုန်တိုင်းနှင့် စက်ဆက်သည့် အဖြစ်အပျက်များကြောင့် ယမန်နေ့တစ်နေ့တည်းတွင်ပင် ဒါးလက်စ်မြို့အနီးရှိ ဂါလန်းမြို့တွင် လူ ၄ ဦး သေဆုံးခဲ့သည်။ အမေရိကန်မိုးလေ၀သဌာနကလည်း စနေနေ့ညနေပိုင်းတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းမှာ ဒါးလက်စ်မြို့ဝန်းကျင်ရှိ မြို့များသို့ ထိခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    တော်နေဒိုးမုန်တိုင်းများမှာ ယခုတစ်ပတ်အတွင်း ဆက်တိုက် တိုက်ခတ်ခဲ့ပြီး မစ္စစီပီ၊ ကယ်လီဖိုးနီးယား၊ တန်နက်စီး၊ အာရ်ကန်းနက်စ်နှင့် အလာဘားမားပြည်နယ်တို့တွင်လည်း မုန်တိုင်းဒဏ်ခံစားခဲ့ရကာ အသေအပျောက်များလည်း ရှိခဲ့သည်။ မိုးလေ၀သဌာနကမူ ယမန်နေ့ညအထိ မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားပြီး နယူးမက္ကဆီကို၊ တက္ကဆက်အနောက်ပိုင်းနှင့် အင်ဒီယားနားပြည်နယ်များရှိ အခြေအနေများကိုပါ စောင့်ကြည့်ရန် ညွှန်ကြားထားသည်။

    Ref: Channelnewsasia

  • အမေရိကန်တွင် လူမည်းများက Black Christmas ဆန္ဒပြမှု ပြုလုပ်

    အမေရိကန်တွင် လူမည်းများက Black Christmas ဆန္ဒပြမှု ပြုလုပ်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    american

    – အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် လူမည်းများမှာ ခရစ္စမတ်ကာလ နောက်ဆုံးအချိန်တွင် ကုန်တိုက်များ၌ ဈေးဝယ်မည့်သူများအား ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး ပြီးခဲ့သည့်နှစ်က လူမည်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်၍ မြို့တော်ဝန်အား နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ဆယ်ကျော်သက်လူမည်းလူငယ် လက်ကွမ် မက်ဒေါ်နယ်အား ချီကာဂို ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျေဆန် ဗန် ဒိုက်ကီက သေနတ်ဖြင့် ၁၆ ချက် ပစ်သတ်ခဲ့သည်။ ထိုအဖြစ်အပျက်အား မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့ပြီး ရဲအရာရှိ ဒိုက်ကီကိုလည်း ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။ သို့သော်လည်း ပြည်သူများကမူ ထိုအရေးယူမှုမှာ နည်းလွန်းသည်ဟု ယူဆနေကြသည်။

    ယခုဆန္ဒပြမှုမှာ Thanksgiving ပိတ်ရက်နောက်ပိုင်း Black Friday ဟု အမည်ပေးထားသည့် လူမည်းများ၏ ဆန္ဒပြမှု
    နောက်ဆက်တွဲဖြစ်ပြီး ယခုဆန္ဒပြမှုကို Black Christmas ဟု အမည်ပေးထားသည်။ ဆန္ဒပြမှုမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်ခဲ့ကာ လူ ၂ ဦးကို ထိန်းသိမ်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ဆန္ဒပြသူအချို့မှာ “မြို့တော်ဝန်အသစ်အတွက် ဈေးဝယ်ခြင်း” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး ချီကာဂို မြို့တော်ဝန် ရမ် အီမန်နျူယဲလ်နှင့် ပြည်နယ်တရားသူကြီးချုပ် အန်နီတာ အလ်ဗာရက်ဇ်တို့ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ဗုဒ္ဓဟူးနေ့ကလည်း မက်ဒေါ်နယ်အား သတ်ဖြတ်မှုကိစ္စနှင့်ပတ်သက်၍ မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့ရှိ Mall of America တွင် ထိုကဲ့သို့ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ရသည်။

    Ref: RT

  • မိမိတို့၏ အကျိုးစီးပွားကို လေးစားရန် တရုတ်က အမေရိကန်ကို တောင်းဆို

    မိမိတို့၏ အကျိုးစီးပွားကို လေးစားရန် တရုတ်က အမေရိကန်ကို တောင်းဆို

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    chi

    – အမေရိကန်အနေဖြင့် မိမိတို့နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားများကို လေးစားရန် တရုတ်က တောင်းဆိုလိုက်ပြီး တောင်တရုတ်ပင်လယ်ရှိ မိမိတို့၏ ကျွန်းစုများအနီး အင်အားပြခြင်းကိုလည်း ရှောင်ကျဉ်ရန် ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ယမန်နေ့က တယ်လီဖုန်းပြောဆိုရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ စစ်လက်နက်ကရိယာများ ရောင်းချမှုကို ရပ်တန့်ရန်နှင့် (တရုတ်က နန်ရှာကျွန်းစုဟုခေါ်သော) စပရက်တလေကျွန်းစုအနီးတွင် ကင်းထောက်လေယာဉ်များ ပျံသန်းမှုကို အဆုံးသတ်ပေးရန် လိုအပ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်က အဆိုပါကျွန်းများမှာ တရုတ်နိုင်ငံက ဖန်တီးနေသည့် ကျွန်းတုများဟု ပြောကြားထားသည်။

    “အမေရိကန်က တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိတယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေကို လေးစားမှုရှိရမှာဖြစ်ပါတယ်” ဟု ၀မ်ယီက ထည့်သွင်းပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်နေ့က အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ် ၂ စင်းမှာ စပရက်တလေကျွန်းစု၏ အလွန်နီးကပ်သည့်နေရာမှ ပျံသန်းသွားခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးကမူ အမေရိကန်မှာ ဒေသအတွင်း တင်းမာမှုများ မြင့်တက်စေရန် တမင်တကာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    အမေရိကန်မှာ ထိုင်ဝမ်နှင့် ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းဝယ်ရေး သဘောတူညီမှုကို ပြီးခဲ့သည့်တစ်ပတ်က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ထိုင်ဝမ်သည် စစ်ရေယာဉ်နှစ်စီးကို လက်ခံရရှိမည်ဖြစ်ပြီး မြေပြင်နှင့် အဏ္ဏ၀ါ နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် တိုက်ခိုက်ရေးယာဉ်များ၊ ဒုံးကျည်များကို ရရှိမည်ဖြစ်သည်။ အဆိုပါ လက်နက်ကိရိယာမျာမှာ ၁၉၇၀ ပြည့်နှစ်များက ထုတ်လုပ်ထားသည်များ ဖြစ်သည်။

    “အမေရိကန်က ထိုင်ဝမ်နဲ့ လက်နက်သဘောတူညီမှုဟာ အလွန် ထိလွယ်ရှလွယ်ပြီး အန္တရာယ်ကြီးတဲ့အတွက် အထူးသတိထားသင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟွမ်လီ က ပြောကြားခဲ့သည်။

    တရုတ်မှာ ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွင် ထိုင်ဝမ်နိုင်ငံသည်လည်း ရပိုင်ခွင့် တောင်းဆိုထားသူဖြစ်သည်။

    အမေရိကန်မှာ နယ်မြေဆိုင်ရာ အငြင်းပွားမှုတွင် တရုတ်၏ပြိုင်ဘက်များကို အားပေးထောက်ခံမှုများ ပြုလုပ်လျက်ရှိပြီး တရုတ်ကမူ အမေရိကန်မှာ တောင်တရုတ်ပင်လယ်တွင် တင်းမာမှုမြင့်တက်စေရန် ဒေသတွင်းပြဿနာများကို မီးထိုးပေးနေသည်ဟု စွပ်စွဲပြောဆိုထားသည်။

    Ref: Presstv

  • ဒေါ်နယ်ထရမ့် အလိုမရှိ။ နိုင်ငံတွင်း မွတ်စ်လင်မ်များ ၀င်ရောက်ခြင်းကို ငါတို့ မတားဆီး (ဟီလာရီကလင်တန်၏ သ၀ဏ်စကား)

    ဒေါ်နယ်ထရမ့် အလိုမရှိ။ နိုင်ငံတွင်း မွတ်စ်လင်မ်များ ၀င်ရောက်ခြင်းကို ငါတို့ မတားဆီး (ဟီလာရီကလင်တန်၏ သ၀ဏ်စကား)

    ဒီဇင်ဘာ ၁၇၊ ၂၀၁၅

    M-Media

    hilarry

    – ဒေါ်နယ်ထရမ့်ဟာ တစ်ဖက်သတ်အစွဲနဲ့ သံသယလွန်စိတ်ဖောက်ပြန်မှုတွေကို ကုန်ကူးခြင်းအားဖြင့် ဒီရွေးကောက်ပွဲမှာ ကိုယ့်ကိုယ်ကို ဂုဏ်တင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုထဲကို မွတ်စ်လင်မ်တွေ ၀င်ရောက်ခြင်းမှ တားဆီးလိုတယ်လို့ သူက ပြောကြားလိုက်တယ်။ ဒါဟာ ရှက်ဖွယ်လိလိ အတွေးအမြင် ဖြစ်ပါတယ်။ အန္တရာယ်လည်း ကြီးမားပါတယ်။ ကျွန်မတို့ လုပ်နိုင်စွမ်းရှိသလောက် တစ်ယူသန်ဂျိဟာဒ်သမားတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ ပြုလုပ်နေချိန်မှာ မစ္စတာထရမ့်ကတော့ ၀ါဒဖြန့်မှုအသစ်တစ်ရပ်နဲ့ သူတို့ကို အားပေးအားမြှောက်ပြုနေပါတယ်။ သူတို့တစ်တွေရဲ့လက်ထဲ အခွင့်အရေးပေးအပ်နေသလိုပါပဲ။

    ဒေါ်နယ်ထရမ့်ရဲ့ နောက်ဆုံးမှတ်ချက်စကားတွေဟာ သဲထဲရေသွန် ဖြစ်သွားပြီလို့ ရီပတ်ဘလစ်ကန်အမတ်လောင်းအချို့က ဆိုနေကြတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ GOP ကိုယ်စားလှယ်လောင်းများစွာက မွတ်စ်လင်မ်တို့နဲ့ပတ်သက်ပြီး အစွန်းရောက်စကားတွေ ဆိုနေကြဆဲပါ။ သူတို့ရဲ့ပြောဆိုပုံက မစ္စတာထရမ့်ရဲ့စကားထက် ပိုပြီး သိုသိပ်ပါတယ်။ ဒါပေမယ့်သူတို့ရဲ့အတွေးအမြင်များကတော့ သိပ်မကွာခြားလှပါဘူး။

    မွတ်စ်လင်မ်ကို သမ္မတ မခန့်အပ်သင့်ဘူးလို့ ဘင်န်ကာဆင်က ပြောတယ်။ မာကို ရူဘီယိုက မွတ်စ်လင်မ်တွေကို နာဇီပါတီဝင်တွေနဲ့ခိုင်းနှိုင်းပြီး၊ ဗလီတွေကို စောင့်ကြည့်ခြင်းနဲ့ပိတ်သိမ်းခြင်းအမိန့် ထုတ်စေချင်နေတယ်။ ဂျက်ဘုရှ်နဲ့ တက်ခရုဇ်ကတော့ ခရစ်ယာန်များသာ ဖြေဆိုနိုင်မယ့် ဆီးရီးယားဒုက္ခသည်များအတွက် ဘာသာရေးဆိုင်ရာ စစ်ဆေးချက်လုပ်ဖို့ ကြံဆနေပါတယ်။ ခရစ် ခရစ္စတင်းန်ကလည်း သုံးနှစ်အရွယ် ဆီးရီးယားမိဘမဲ့ကလေးငယ်တစ်ဦးတစ်လေမျှကိုပင်လျှင် မချန်ရစ်ထားသင့်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ဟာ “တစ်ယူသန် အစ္စလာမ်မစ် အကြမ်းဖက်ဝါဒ” ဆိုတဲ့ ခွဲခြားရေးအသုံးအနှုန်းကို တွင်တွင်သုံးနေကြတယ်။ စင်စစ်မှာတော့ ဘာအသံမှမထွက်သူတွေကို သူတို့က ဝေဖန်နေကြခြင်းသာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကျွန်မတို့ဟာ ဘာသာရေးစစ်ပွဲကြီးတစ်ရပ် ဆင်နွှဲနေပါတယ်လို့ ဂျေဟာဒ်ဝါဒီများ စွပ်စွဲချင်နေတဲ့ လမ်းကြောင်းထဲ အတိအကျတွန်းပို့နေခြင်းသာ ဖြစ်ပါတယ်။

    မွတ်စ်လင်မ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောကြားထားသလဲဆိုတာ ရီပတ်ဘလစ်ကန်နယ်ပယ်ထဲ နောက်ခြေတစ်လှမ်း ပြန်လှည့်ပြီး ကြည့်လိုက်ပါ။ သမ္မတနေရာ ၀င်ပြိုင်ခဲ့တဲ့ တစ်ဦးစ နှစ်ဦးစမျှသာ မဟုတ်ဘူး၊ အဲ့ဒီလူတွေအားလုံးလိုလိုက မစ္စတာထရမ့်ရဲ့ ကြိုးပမ်းမှုပုံစံနဲ့ ပြဿားတစ်လမ်းသံတစ်လမ်းပါ။ သူဟာ အခြား တန်းမ၀င်သူများရဲ့ အတွေးကောက်ချက်တွေအပေါ် သံယောင်လိုက်ပြီး ပြောဆိုနေခြင်းမျှသာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း အင်တာဗျူးတစ်ခုမှာ မစ္စတာထရမ့်က “ကျွန်တော် ဘာပြောပြော သူတို့က အပီအပြင် ကန့်ကွက်ရှုတ်ချကြတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ဖက်ကို သူတို့ ရောက်လာကြတယ်လေ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

    ဒါတွေဟာ ကျွန်မတို့အားလုံးကို စိုးရိမ်စေပါတယ်။ ဒီလို ၀ါဒဖြန့်ပြောဆိုချက်တွေက တစ်ယူသန်ဂျိဟာ့ဒ်သမားများကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာ ကျွန်မတို့ကို တွန့်ဆုတ်သွားစေပါတယ်။ အစ္စလာမ်ကို ခုတုံးလုပ်ပြီး စုပြုံသတ်ဖြတ်ရေးလုပ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့မိစ္ဆာရန်သူတွေကို ကျွန်မတို့က နိုင်အောင်တိုက်ကြရမှာပါ။ ဒီဂျိဟာဒ်ဝါဒီတွေကို တစ်စမကျန်တဲ့အထိ အနိုင်ယူဖို့လိုအပ်ပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက တအုံတကျင်းသော မွတ်စ်လင်မ်အများစုဟာ ကျွန်မတို့ဖက်က ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ ပြည်တွင်းမွတ်စ်လင်မ်တွေအပါအ၀င် တစ်ယူသန်ဝါဒ တားဆီးကာကွယ်ရေးမှာ ကူညီနေသူ အများအပြား ရှိနေကြပါတယ်။ သူတို့ဟာ ရန်သူတွေပါလို့ ဘာကြောင့် တွေးထင်နေရပါသလဲ ? ဒီထင်မြင်ချက်က ကျွန်မတို့ကို ဘာကောင်းကျိုးပေးနိုင်လို့လဲ ? အမေရိကန်ပြည်ထောင်စုဟာ မွတ်စ်လင်မ်တွေအပေါ် မုန်းတီးနေတယ်လို့ ဂျိဟာဒ်ဝါဒီများက လူတွေကို ပြောဆိုနေကြတယ်။ ဒီကြားထဲမှာမှ ဒေါ်နယ်ထရမ့်က တီဗီပေါ်ကနေ မွတ်စ်လင်မ်အားလုံးကို ဖယ်ထုတ်ရေးဆိုပြီး အော်ဟစ်နေတယ်။ ဒါဟာ အကြမ်းဖက်သမားတွေရဲ့ စွပ်စွဲပြောဆိုနေချက်ကို အားဖြည့်ပေးနေတာပါပဲ။

    ကျွန်မတို့ရဲ့တန်ဖိုးထားမှုများကိုလည်း သူက ထိပါးနေပါတယ်။ ဘာသာရေးညှင်းပန်းမှုကနေ အလွတ်ရုန်းထွက်လာခဲ့တဲ့သူတွေနဲ့ ကျွန်မတို့နိုင်ငံကို တည်ထောင်ထားခဲ့တာပါ။ ဒီနေရာမှာ အထူးသတိပေးချင်တာကတော့ လူထုဟာ မည်သည့်ယုံကြည်ချက် ဘာသာတရားကိုမဆို လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိတယ်။ ဒါဟာ အမေရိကရဲ့ အမြတ်နိုးဆုံး စည်းမျဉ်းဥပဒေသများထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မစ္စတာထရမ့်ဟာ သမ္မတ ၀ါရှင်တန်ရဲ့ ၁၉၇၀ ခုနှစ်က ရို့ဒ်အိုင်လန်၊ နျူးပေါ့က ဂျူးလူ့အဖွဲ့အစည်းဆီ ရေးခဲ့တဲ့စာကို ပြန်ဖတ်သင့်နေပါပြီ။ အဲ့ဒီ ရို့ဒ်အိုင်လန်ပေးစာမှာ အမေရိကန်ပြည်ထောင်စုတည်းဟူသော နိုင်ငံသစ်ထဲမှာ သူတို့ရဲ့ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ သူတို့ကို အာမခံချက်ပေးထားခဲ့ပါတယ်။ “အမေရိကန်ပြည်ထောင်စုအစိုးရက တစ်ဖက်သတ်မပြုမူခြင်းအပေါ် ဘက်လိုက်ပါမယ်၊ လက်တွဲကူညီမှုမရှိခြင်းအပေါ် ဖိနှိပ်ပါမယ်” လို့ ၀ါရှင်တန်က ပြောဆိုခဲ့ပါတယ်။ တစ်နည်းအားဖြင့် အသင်တို့ဟာ အသင်တို့ဘာပဲဖြစ်နေနေ ကျွန်ုပ်တို့နဲ့ အတူရှိကြသူများပါပဲ လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

    လက်ရှိအချိန်မှာ အမေရိကန်မွတ်စ်လင်မ်အများအပြားက ဒီစကားကို ကြားလိုနေကြတယ်ဆိုတာ ကျွန်မ အတိုင်းအတာတစ်ရပ်အထိ လောင်းကြေးထပ်ရဲပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေက အသင်တို့ကို တရားဝင်ဖြစ်ဖို့ ခြိမ်းခြောက်တယ်၊ အသင်တို့ဘာသာဟာ အကြမ်းဖက်ဘာသာဖြစ်တယ် – အသင်တို့ဟာ အကြမ်းဖက်သူဖြစ်တယ် – အသင်တို့ဟာ ရန်သူဖြစ်တယ် ဆိုတာမျိုး သဘောထားနဲ့ အသင်တို့ကို ဆွပေးတယ်။ အမေရိကန် ၃ သန်းနီးပါးက မွတ်စ်လင်မ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်မတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ၊ လက်တွဲလုပ်ကိုင်နေသူကြသူတွေပါ။ သူတို့တစ်တွေဟာ စစ်တပ်ထဲ တာဝန်ထမ်းဆောင်နေကြတယ်။ ဆရာဝန်၊ သူနာပြုတွေအဖြစ်နဲ့ အသက်ကို ကယ်တင်နေကြတယ်။ ရဲဝန်ထမ်းများ၊ မီးသတ်သမားများ၊ ဆရာများ၊ လူထုခေါင်းဆောင်များအဖြစ်နဲ့ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းကို အလုပ်အကျွေးပြုနေကြပါတယ်။ သူတို့ဟာ ကျွန်မတို့လိုပါပဲ တိုင်းချစ်ပြည်ချစ်တွေ၊ ဂုဏ်ယူစရာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဒီစကားထက်ကိုပင် ထိုက်တန်ကြတဲ့သူတွေပါ။

    ဒါကြောင့်မို့ ဒီကနေ့ ကျွန်မအနေနဲ့ တစ်မူထူးခြားသော စကားသ၀ဏ်တစ်ရပ် ပါးလိုက်ချင်ပါတယ်။

    အမေရိကန်နိုင်ငံသား မွတ်စ်လင်မ်များရှင့်။

    ဒေါ်နယ်ထရမ့်နဲ့ အခြား ရီပတ်ဘလစ်ကန်ပါတီဝင်တွေဆီက အသင်တို့ ကြားသိရသမျှတွေဟာ အကြွင်းမဲ့ မှားယွင်းနေပါတယ်။ အဲ့ဒါတွေဟာ အားလုံးဝိုင်းဝန်းတည်ထောင်ထားသောတိုင်းပြည်ဆိုတဲ့ ကျွန်မတို့ရဲ့တန်ဖိုးများနဲ့ အလျဉ်း မကိုက်ညီပါဘူး။ ဒီနိုင်ငံဟာလည်း အသင်တို့ရဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်မအနေနဲ့လည်း အမေရိကန်ပြည်သူတစ်ဦးဖြစ်ရတာကို ဂုဏ်ယူပါတယ်။ အခြားသော အမေရိကန်နိုင်ငံသားများစွာကလည်း အလားတူပါပဲရှင်။

    ကျွန်မတို့အားလုံး အထူးသဖြင့် ရီပတ်ဘလီကန်များအတွက် အန္တရာယ်မကင်းတဲ့ အမုန်းတရားစကားတွေ၊ လုပ်ရပ်တွေရှေ့မှာ မားမားမတ်မတ် ရပ်ပြီးရင်ဆိုင်ဖို့ အချိန်အခါကျရောက်လာပါပြီ။

    လွန်ခဲ့တဲ့ရက်အနည်းငယ်က အော်စတင်မှာရှိတဲ့ တက္ကဆက်တက္ကသိုလ်အနီး ကဖေးဆိုင်တစ်ခုမှာ ဦးခေါင်းရုံပုဝါဆောင်း မိန်းကလေးငယ်နှစ်ဦး နံနက်စာစားဖို့ ပြင်နေချိန် အခြားစားပွဲဝိုင်းက သူမတို့ကို လူမျိုးရေးစော်ကားချက်တွေနဲ့ အော်ဟစ်ခဲ့ကြတယ်။ မကြားဝံ့မနာသာစကားတွေကြောင့် သူမတို့ဟာ မျက်ရည်ကျပြီး ထွက်ခွာခဲ့ကြရတယ်။ အဲ့ဒီ လူစည်ကားတဲ့ ကဖေးဆိုင်ထဲမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း သူတို့အတွက် မကာကွယ်ပေးခဲ့ကြဘူးလေ။ သူတို့ ဆိုင်ပြင်ထွက်ခွာတဲ့အခါ မိန်းမငယ်လေးနှစ်ဦးအနက်တစ်ဦးက အခန်းထဲကလူတွေကို “ကျွန်မတို့ကို ဘယ်သူများ အရေးတယူပြုလိုပါသလဲ” လို့မေးမြန်းလိုက်ပါတယ်။ “ဘယ်သူမှ မရှိဘူး” လို့ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပါတယ်။ သူတို့ကလည်း “ကျွန်မတို့ ကျောခိုင်းပါပြီ။ ဒါဟာ အဖြစ်မှန်ပါပဲ” လို့ ဆိုခဲ့ရှာပါတယ်။

    မဟုတ်ပါဘူး။ ဒါဟာ အဖြစ်မှန် မဟုတ်ပါဘူး။ ကျွန်မတို့ဟာ အမေရိကန်များအဖြစ် ကျွန်မတို့ရဲ့တန်ဖိုးများအပေါ် ဘယ်ပုံဘယ်နည်းနဲ့ အစစ်အမှန်ရပ်တည်ကြောင်း အမေရိကန်မွတ်စ်လင်မ်တွေ သိရှိအောင် အခိုင်အမာပြုလုပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ဒီနှစ်များရဲ့နောက်ပိုင်းမှာ ကျွန်မတို့က ဘယ်လိုလူစားမျိုးတွေဆိုတာ – အမျိုးသားနဲ့အမျိုးသမီးအားလုံးကို တန်းတူညီမျှသဘောထားသော ခိုင်မာညီညွတ်ပြီး ဂုဏ်ယူဖွယ်နိုင်ငံတစ်ခုဆိုတာ ကမ္ဘာကိုသိအောင် ပြသကြရတော့မှာဖြစ်ပါတယ်ရှင်။

    Ref : .hillaryclinton.com

  • အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ပါဝင်ရန် အမေရိကန်လေယာဉ်တင်စစ်သင်္ဘော ပါရှန်ပင်လယ်ကွေ့သို့ ရောက်မည်

    အရှေ့အလယ်ပိုင်းစစ်ပွဲတွင် ပါဝင်ရန် အမေရိကန်လေယာဉ်တင်စစ်သင်္ဘော ပါရှန်ပင်လယ်ကွေ့သို့ ရောက်မည်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    ship

    – အမေရိကန်လေယာဉ်တင်စစ်သင်္ဘော USS Harry S. Truman မှာ စူးအက်တူးမြောင်းကိုဖြတ်၍ လာမည့်ရက်အနည်းငယ်အတွင်း ပါရှန်ပင်လယ်ကွေ့သို့ ရောက်ရှိတော့မည်ဖြစ်ကာ အီရတ်နှင့်ဆီးရီးယားရှိ IS အကြမ်းဖက်အုပ်စုများကို စတင်တိုက်ခိုက်သွားမည်ဟု သိရသည်။

    USS Harry S. Truman၊ ၎င်းနှင့်အတူ လိုက်ပါလာသော တိုက်သင်္ဘောအုပ်စုမှာ ယခုလအစောပိုင်းတွင် ရောက်ရှိခဲ့သည့် ပြင်သစ်လေယာဉ်တင်စစ်သင်္ဘော ချားလ်စ်ဒီဂေါနှင့် သွားရောက်ပူးပေါင်းမည်ဖြစ်သည်။

    ဗဟိုစစ်ဌာနချုပ်၏ စာရင်းဇယားများအရ အမေရိကန်မှာ IS များကို လေကြောင်းတိုက်ခိုက်မှုများ တဖြည်းဖြည်း တိုးမြှင့်ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာလတွင် ဗုံးကြဲမှုပေါင်း ၃၂၇၁ ခု ပြုလုပ်ခဲ့သည်။

    ပါရှန်းပင်လယ်ကွေ့တွင် USS Harry S. Truman သင်္ဘောရောက်ရှိမှုမှာ ထိုဒေသအတွင်း အမေရိကန်စစ်သင်္ဘောမရှိသည့် လစ်ဟာမှုကို အဆုံးသတ်စေမည့် အမှတ်အသားလည်းဖြစ်သည်။ ယခင်ရှိခဲ့သည့် USS Theodore Roosevelt မှာ အောက်တိုဘာလ အစောပိုင်းက ထိုဒေသမှ ထွက်ခွာခဲ့သည်။

    မဟာမိတ်အဖွဲ့များ၏ ကြောင်းတိုက်ခိုက်မှုမှာ IS တို့ကို အပြီးတိုင်ချေမှုန်းနိုင်စွမ်းမရှိသေး၍ အင်အားဖြည့်တင်းမှုများ ပိုမိုပြုလုပ်ရန်လိုအပ်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာက ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် မဟာမိတ်နိုင်ငံများမှာ ၂၀၁၄ ကတည်းက အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေသော်လည်း အောင်မြင်မှု မရရှိသေးပေ။

    Ref: PresstV