News @ M-Media
Tag: US
  • အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး မုဒိမ်းမှုဖြင့် ထောင်ဒဏ် နှစ် ၂၀၀ ကျော် ကျခံရဖွယ်ရှိနေ
    အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး မုဒိမ်းမှုဖြင့် ထောင်ဒဏ် နှစ် ၂၀၀ ကျော် ကျခံရဖွယ်ရှိနေ
    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media
    – အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားမြို့မှ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအား အမျိုးသမီးများကို အကြိမ်များစွာ အဓမ္မပြုကျင့်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ထောင်ဒဏ်နှစ် ၂၀၀ ကျော်ချမှတ်ရန် ဂျူရီများက အကြံပေးခဲ့ကြသည်ဟု သိရသည်။
    အသက် ၂၉ နှစ်အရွယ်ရှိ ဒန်နီယဲလ် ဟော့ဇ်ကလောဆိုသူ ဖြစ်ပြီး ရှေ့နေများကမူ ၎င်းမှာ ရာဇ၀တ်မှုမှတ်တမ်းများ၊ မူးယစ်ဆေးဝါးပြဿနာများ သို့မဟုတ် ပြည့်တန်ဆာမှတ်တမ်း ရှိသူများကို ရှာဖွေကာ ခြိမ်းခြောက်ပြီး ၎င်း၏ ရာထူးအား အလွဲသုံးစားလုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ၎င်းအား ပထမအဆင့် အဓမ္မကျင့်မှုနှင့် ဓမ္မတာမဟုတ်သော လိင်ဆက်ဆံမှု စုစုပေါင်း စွဲချက် ၃၆ ချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နာရီပေါင်း ၄၀ ကျော်ကြာ စစ်ဆေးကြားနာခဲ့ပြီးနောက် စွဲချက် ၁၈ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
    ဂျူရီများကမူ ဟော့ဇ်ကလောအား ထောင်ဒဏ် စုစုပေါင်း ၂၆၃ နှစ်ချမှတ်ရန် အကြံပြုခဲ့ပြီး လာမည့်လတွင် စီရင်ချက်ချမည်ဖြစ်သည်။
    Ref: CNN
  • သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့် ပိတ်ရေး ဆွေးနွေးရန် ယူကေ ပါလီမန် စဉ်းစားနေ
    သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်အား ပြည်ဝင်ခွင့် ပိတ်ရေး ဆွေးနွေးရန် ယူကေ ပါလီမန် စဉ်းစားနေ
    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media
    uk
    – မက္ကဆီကန်တွေ၊ လူမည်းတွေ၊ ပြောင်းရွှေ့အခြေချသူတွေနဲ့ မသန်စွမ်းသူတွေကို တောက်လျှောက် လူမျိုးရေးခွဲခြားမှု၊ စော်ကားမှုတွေ ပြုလုပ်လာခဲ့ပြီး နောက်ဆုံးမှာ မွတ်စလင်တွေဖက် လှည့်လာခဲ့တဲ့ အမေရိကန် ရီဘက်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရေပန်းစားနေသူ ဒေါ်နယ်ထရမ့်ကို တိုင်းပြည်အတွင်း ၀င်ရောက်ခွင့် ပိတ်ပင်ရေး ဗြိတိန်ပြည်သူတွေက လက်မှတ်ထိုး တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဗြိတိန်ပါလီမန်မှာ ဆွေးနွေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
    Block Donald J Trump from UK entry လို့ အမည်ပေးထားတဲ့ အဲဒီတောင်းဆိုလွှာကို ဗြိတိန်ပြည်သူတွေ လက်မှတ်ရေးထိုးနေရာမှာ မနေ့ကဆိုရင် ၃ သိန်း ကျော်သွားခဲ့ပါပြီ။
    ပြည်သူ ၁ သိန်းကျော်လက်မှတ်ရေးထိုးရင် အဲဒီကိစ္စကို ပါလီမန်မှာ ဆွေးနွေးပေးရမယ်ဆိုတဲ့ မူအရ ထရမ့်ကို ပြည်ဝင်ခွင့်ပိတ်ဖို့ တောင်းဆိုတဲ့ အဲဒီကိစ္စကို ဗြိတိန်ပါလီမန်မှာ ဆွေးနွေးဖို့ စဉ်းစားနေကြပြီး အစိုးရက တရားဝင်တုန့်ပြန်မှုသာ လိုအပ်ပါတော့တယ်။
    “အမုန်းတရားဖြန့်ချီမှုနဲ့ပတ်သက်ပြီး ဗြိတိန်က ပြည်ဝင်ခွင့်ပိတ်ခဲ့တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ အဲဒီ စည်းမျဉ်းတွေဟာ ယူကေကို ၀င်ရောက်ဖို့ ဆန္ဒရှိသူတိုင်းအပေါ်မှာ သက်ရောက်သင့်ပါတယ်” လို့ ပြည်သူတွေရဲ့ ဒီတောင်းဆိုလွှာမှာ ထည့်သွင်းရေးသားထားပါတယ်။
    “တကယ်လို့ ယူကေဟာ နိုင်ငံအတွင်းကို ၀င်ရောက်လာတဲ့သူတွေအပါ် “လက်မခံနိုင်တဲ့အပြုအမူ” စံနှုန်းတွေကို ဆက်လက်သတ်မှတ်လိုတယ်ဆိုရင်တော့ ဆင်းရဲ၊ ချမ်းသာ၊ အာဏာရှိသူ၊ မရှိသူ မရွေး မျှမျှတတ သတ်မှတ်ရပါလိမ့်မယ်”
    အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမေရိကန်သူဌေးကြီး ဒေါ်နယ် ထရမ့်က အမေရိကန်နိုင်ငံအတွင်းကို မွတ်စလင်တွေဝင်ရောက်မှု ပိတ်ပင်ရမယ်လို့ ယခုတစ်ပတ် စောစောပိုင်းက ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း ယူကေပြည်သူတွေရဲ့ ဒီလိုတုန့်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    uk 2
    ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထရမ့်က မွတ်စလင်တွေ အမေရိကန်ထဲဝင်ရောက်ခွင့်ကို လုံးဝပိတ်ပြီး အဲဒီနောက်ပိုင်းမှာ ဘာဖြစ်မလဲဆိုတာကို အစိုးရက စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
    ဒါပေမယ့် သူ့ရဲ့အဲဒီမှတ်ချက်ကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အပါအ၀င် ကမ္ဘာတစ်ဝှမ်းက နိုင်ငံရေးသမားတွေ၊ တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပါတယ်။ ကင်မရွန်းကတော့ ထရမ့်ရဲ့ မှတ်ချက်တွေဟာ “သင်းကွဲအောင်လုပ်နေတာဖြစ်ပြီး အကျိုးမရှိတဲ့ မှားယွင်းတဲ့” ပြောဆိုမှုတွေပဲလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။
    အဓိပတိ ဂျော့ဂ်ျ အော့စ်ဘွန်းက ထရမ့်ရဲ့မှတ်ချက်တွေဟာ “အမေရိကန်ကို ထူထောင်ထားတဲ့ စည်းမျဉ်းတွေကို ကဖျက်ယဖျက်လုပ်နေတာဖြစ်ပြီး ဒီလို မဟုတ်တရုတ်တွေကို ချေဖျက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ သူ့ရဲ့ ခရီးသွားလာခွင့်ကို ပိတ်ပင်တာမျိုးမဟုတ်ဘဲ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ လုပ်ဖို့သာ” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
    အတိုက်အခံလေဘာပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျယ်ရီမီ ကော်ဘန်က “မွတ်စလင်တွေကို အမေရိကန်ထဲဝင်ရောက်မှု ပိတ်ပင်ဖို့ ထရမ့်ရဲ့ ဆော်သြမှုဟာ ဒီမိုကရက်တစ်တန်းဖိုးတွေကို တိုက်ခိုက်လိုက်တာဖြစ်ပြီး ဘုံလူသားဆန်မှုကို စော်ကားလိုက်တာပါ။ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြပါစို့” လို့ သူ့ရဲ့ Twitter စာမျက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
    ဗြိတိန်မွတ်စလင်ကောင်စီက အထွေထွေအတွင်းမရေးမှူးဖြစ်သူ မစ်က်ဒဒ် ဗာဆီကလည်း ထရမ့်ကို ဝေဖန်ခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရဖို့အရေး ဒီလို ငါ့စကားနွားရပြောတာ ဖြစ်ပေမယ့် ဒါဟာ ယူကေက မွတ်စလင်တွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
    “သူရဲ့မှတ်ချက်တွေက အစွန်းတစ်ဖက်ရောက်နေတဲ့ အယူသည်းမှုကို လူတွေက အကျိုးအကြောင်းဆီလျော်တယ်၊ အလယ်အလတ်ကျတယ်လို့ မြင်လာစေပါလိမ့်မယ်။ ဒါဟာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာနေတဲ့ ယူကေလိုနေရာမျိုးမှာ စိုးရိမ်စရာဖြစ်ပါတယ်”
    “အလုံးစုံတည်ငြိမ်ဖို့ဟာ အရေးအကြီးဆုံးပါ။ တကယ်လို့ အစိုးရဟာ အမုန်းတရား ဟောပြောလှုံ့ဆော်နေတဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ အမေရိကန်သမ္မတလောင်း ဒါမှမဟုတ် အယူဝါဒတစ်ခုက တရားဟောဆရာ မခွဲခြားပဲ အားလုံးအပေါ် တစ်ပြေးညီသတ်မှတ်သင့်ပါတယ်” လို့ ဗာဆီက ပြောခဲ့ပါတယ်။
    ထရမ့်ရဲ့ ဒီလိုပါးစပ်သရမ်းမှုကြောင့် သူပိုင်တဲ့လုပ်ငန်းတွေနဲ့ တွဲလုပ်နေတဲ့သူတွေကလည်း လုပ်ငန်းရပ်ဆိုင်းတာမျိုးတွေရှိနေပြီး Gulf – Lifestyle က မှန်ချပ်တွေ၊ လက်ဝတ်လက်စားထည့်တဲ့ ဘူးတွေအပါအ၀င် ထရမ့်ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းတွေအားလုံး ရောင်းချမှုကို ရပ်ဆိုင်းပစ်လိုက်ပါတယ်။
    ယူကေ အဘာဒီန်းမှာရှိတဲ့ Robert Gordon တက္ကသိုလ်ကလည်း ၂၀၁၀ ခုနှစ်မှာ ထရမ့်ကို ပေးအပ်ထားတဲ့ ဂုဏ်ပြုဆုတစ်ခုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး “မစ္စတာထရမ့်ရဲ့ မှတ်ချက်တော်တော်များများဟာ တက္ကသိုလ်ရဲ့ ကျင့်ဝတ်၊ တန်ဖိုးတွေနဲ့ လုံးဝ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်” လို ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
    Ref: Aljazeera
  • တောင်တရုတ်ပင်လယ် စောင့်ကြည့်ရန်အတွက် ကန်ထောက်လှမ်းရေးလေယာဉ် စင်ကာပူတွင် ချထား
    တောင်တရုတ်ပင်လယ် စောင့်ကြည့်ရန်အတွက် ကန်ထောက်လှမ်းရေးလေယာဉ် စင်ကာပူတွင် ချထား
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    us
    – တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းမှုများ ပြုလုပ်ရန်အတွက် ခေတ်မီထောက်လှမ်းရေးလေယာဉ် Poseidon ကို စင်ကာပူ၌ ချထားရန် အမေရိကန်က ဆုံးဖြတ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အရှ်တန်ကာတာက ပြောကြားခဲ့သည်။
    အမေရိကန်သို့ ရောက်ရှိနေသည့် စင်ကာပူကာကွယ်ရေးဝန်ကြီးနှင့် ပူးတွဲထုတ်ပြန်ခဲ့သော ကြေညာချက်တွင် စင်ကာပူ၌ အမေရိကန် P8 Poseidon ထောက်လှမ်းရေးလေယာဉ် ဖြန့်ကျက်ထားရှိရေး နှစ်ဖက် သဘောတူညီချက်များ ပါရှိကြောင်း ကာတာက ဆိုသည်။ အဆိုပါ တပ်ဖြန့်ချထားမှုမှာ ၀ါရှင်တန်ရှိ ပင်တဂွန်စစ်ဌာနချုပ်၌ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့သည့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် DCA ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
    ဘိုးအင်းကုမ္ပဏီမှ ထုတ်လုပ်သော အဆိုပါ Poseidon ထောက်လှမ်းရေးလေယာဉ်မှာ ဒီဇင်ဘာ ၇ ရက်မှ ၁၄ ရက်အတွင်း စင်ကာပူ၌ အခြေချမည်ဖြစ်သည်။ ထိုလေယာဉ်မှာ ဂျပန်နှင့် ဖိလစ်ပိုင်မှ လေယာဉ်များနှင့်အတူ ထောက်လှမ်းပျံသန်းမှုများကို ပြုလုပ်နေခဲ့သည့် လေယာဉ်လည်းဖြစ်ပြီး ထောက်လှမ်းရေးလုပ်ငန်းများအတွက် မလေးရှားအနီးရှိ လေယာဉ်ကွင်းများကိုလည်း အသုံးပြုမည်ဖြစ်သည်။
    အထက်ပါသဘောတူညီချက်အရ ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုများကို ခြေရာခံရန် စင်ကာပူလေယာဉ်ကွင်းမှာ မဟာဗျူဟာမြောက် နေရာအဖြစ် အသုံးပြုခွင့်ရမည် ဖြစ်သည်။ တောင်တရုတ်ပင်လယ်မှာ ဒေါ်လာ ၅ ထရီလီယံ တန်ဖိုးရှိသော ကုန်သင်္ဘောများ နှစ်စဉ် ဖြတ်သန်းသွားလာရာ ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။
    မည်သို့သော အခြေအနေတွင်ဖြစ်စေ တောင်တရုတ်ပင်လယ်တွင် မိမိတို့၏ အချုပ်အခြာအာဏာသာ တည်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရက အခိုင်အမာ ပြောဆိုထားသည်။ သို့သော်လည်း အမေရိကန်ကမူ တရုတ်အစိုးရမှာ တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများတည်ဆောက်ကာ နယ်မြေသိမ်းယူမှုအစီအစဉ်များ ပြုလုပ်နေသည်ဟု စွပ်စွဲထားသည်။
    အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ကျွန်းတုများ တည်ဆောက်ခြင်းနှင့် ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် နေရာများကို စစ်ဖက်ဆိုင်ရာ နေရာများအဖြစ် မပြုလုပ်ရန် တရုတ်အစိုးရအား သတိပေးထားသည်။ တရုတ်နိုင်ငံကမူ အဆိုပါသတိပေးချက်များကို လျစ်လျူရှု၍ ကျွန်းတုများ ဆက်လက်တည်ဆောက်သွားမည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
    တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ပိုင်ဆိုင်ကြောင်း ကြေငြာထားသည့် ကျွန်းများအနီးတွင် အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ်များမှာ ပြီးခဲ့သည့်လက ပျံသန်းခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းကလည်း ပဲ့ထိန်းဒုံးကျည်တပ် အမေရိကန် စစ်သင်္ဘောတစ်စီးမှာ ကျွန်းမှ ရေမိုင် ၁၂ မိုင်အတွင် ၀င်ရောက်ခုတ်မောင်းခဲ့သည်။
    ပြီးခဲ့သည့် မေလကလည်း ထိုကျွန်းများအနီးတွင် ပျံသန်းသော အမေရိကန် P-8 ထောက်လှမ်းရေးလေယာဉ်တစ်စီးကို တရုတ်ရေတပ်က ၈ ကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့သည်။
    Ref : PressTV
  • အမေရိကန်တွင် လူနှစ်ဦး အရှင်လတ်လတ် မီးရှို့ခံရ
    အမေရိကန်တွင် လူနှစ်ဦး အရှင်လတ်လတ် မီးရှို့ခံရ
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    us
    – အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် စကားများရာမှတစ်ဆင့် အရှင်လတ်လတ်မီးရှို့မှုကြောင့် လူ ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အတူအလုပ်လုပ်ကိုင်သူ ၄ ဦးမှာ ကားနှစ်စီးဖြင့် မောင်းနှင်လာကြစဉ် ၀ှိုက်မာရှ်ဒေသရှိ အဝေးပြေးလမ်း၌ တစ်စီးမှာ ဆီကုန်သွားသောကြောင့် ဆီဖြည့်ပြီးနောက် အချင်းချင်း စကားများခဲ့ကြခြင်း ဖြစ်သည်။
    ထို့နောက် ၎င်းတို့ထဲမှ အသက် ၂၈ နှစ်အရွယ် ခရစ္စတိုဖာ ဟာရစ္စန်ဆိုသူက လုပ်ဖော်ကိုင်ဖက်နှစ်ဦးအား ဓာတ်ငွေ့ဖြင့်ဖြန်းကာ မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထို့အဖြစ်အပျက်အား အခြား လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဒေးဗစ်ဝိုက်ဒနာက ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်။ ၀ိုက်ဒနာကမူ ၎င်းမှာ ရန်ဖြစ်မှုကို မှတ်တမ်းတင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မီးရှို့ခံရသူ ၂ ဦးအနက် တစ်ဦးမှာ ခန္ဓာကိုယ်၏ ၉၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ပြီး၊ အခြားတစ်ဦးမှာ ၅၀ ရာခိုင်နှုန်း မီးလောင်ခဲ့ကာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။
    ရဲတပ်ဖွဲ့ကမူ ဟာရစ္စန်အား ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည့် စုံစမ်စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ဆိုသည်။
    Ref: CNNs
  • IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    obama
    – IS အဖွဲ့၏ “တစ်ဘ၀စံ ၀ါဒ” က နိုင်ငံအား သွေးကွဲခွင့် ပေး၍မရဘဲ အမေရိကန်မွတ်စလင်များကို အမုန်းတရားများဖြင့် ဘေးဖယ်ခြင်းထက် IS အား အမြတ်ပြတ်သုတ်သင်ရေး ကြိုးပမ်းမှုတွင် ထည့်သွင်းရန် လိုအပ်သည်ဟု မေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
    ယမန်နေ့ညက ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်အား ပြောကြားသည့်မိန့်ခွန်းတွင် အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က ကယ်လီဖိုးနီးယားတွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုကို ထောက်ပြ၍ IS ၏ သြဇာလွှမ်းမိုးမှုကို ဆက်စပ် ပြောကြားခဲ့သည်။
    လေ့လာသူများကမူ နိုင်ငံတကာတွင် မကြာသေးမီကာလအတွင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်သူများအား စိတ်သက်သာရာ ရစေရန် ထိုကဲ့သို့ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
    “အီရတ်နဲ့ ဆီးရီးယားတို့မှာ စစ်ပွဲကြောင့် ၀ရုန်းသုန်းကားဖြစ်မှုတွေ ဖြစ်လာစဉ်အတွင်း IS လိုအဖွဲ့မျိုးတွေဟာ ကြီးထွား တောင့်တင်းလာကြတဲ့အချိန်၊ မွတ်စလင်နိုင်ငံတွေရဲ့ ဝေးကွာမှုကို အင်တာနက်က ကျုံ့ပေးလိုက်တဲ့အချိန်မှာ ဘော်စတွန်မာရသွန် ဗုံးခွဲသမားလိုမျိုး၊ ဆန်ဘာရ်နာဒီနို လူသတ်သမားတွေလိုမျိုး လူတွေရဲ့ စိတ်ဓာတ်တွေကို အကြမ်းဖက်သမားတွေက အဆိပ်ခပ်ပေးမှုဟာလည်း ကြီးထွားလာပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ဆန်ဘာရ်နာဒီနို ပစ်ခတ်မှုမှာ IS ၏ နောက်လိုက်များက ပြုလုပ်ခြင်း ဟုတ်၊ မဟုတ်ကိုမူ FBI က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သမ္မတအိုဘားမား၏ IS အဖွဲ့အား ကိုင်တွယ်မှုကို အမေရိကန်ပြည်သူ ၅၇ ရာခိုင်နှုန်းက မကျေနပ်ကြဘဲ ၇၂ ရာခိုင်နှုန်းကမူ ထိုဆောင်ရွက်မှုမှာ ဆိုးရွားသည်ဟု ပြောကြားခဲ့ကြသည်။ အခြား ၆၀ ရာခိုင်နှုန်းက IS အဖွဲ့အား တိုက်ခိုက်ရန်အတွက် အီရတ်နှင့် ဆီးရီးယားတို့တွင် အမေရိကန်က စစ်တပ်များကို ပိုမို စေလွှတ်ချိန်တန်ပြီဟု ပြောကြားခဲ့သည်။
    အိုဘားမားကမူ IS ၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့မှုကို အသုံးပြု၍ မီးမွှေးရန်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အစ္စလာမ်ကြားက စစ်ပွဲလို့ အဓိပ္ပါယ်သတ်မှတ်တာမျိုးကို ခွင့်ပြုပြီး တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးလို့ မရပါဘူး။ ဒါမျိုးကို IS က လိုချင်နေတာပါ။ IS ဟာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုပါဘူး။ သူတို့ဟာ ရာဇ၀တ်သားတွေ၊ လူသတ်သမားတွေ၊ တစ်ဘ၀စံတွေပါပဲ။ ပြီးတော့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး၊ IS ရဲ့ အမုန်းဝါဒကို ဆန့်ကျင်ကြတဲ့ အမေရိကန်မွတ်စလင်တွေ အပါအ၀င် ကမ္ဘာ့တစ်ဝှမ်းက သန်းတစ်ထောင်ကျော်သော မွတ်စလင်တွေထဲကမှ IS ဟာ သေးသေးကွေးကွေး အုပ်စုလေးပါပဲ”
    “နောက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်နေရသူ အများစုဟာလည်း မွတ်စလင်တွေပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုကို အောင်မြင်လိုတယ်ဆိုရင်တော့ မွတ်စလင်လူ့အဖွဲ့အစည်းတွေကို သံသယတွေ၊ အမုန်းတွေနဲ့ ဘေးဖယ်ထားတာထက် ကျွန်တော်တို့ရဲ့ အခိုင်အမြဲဆုံး မဟာမိတ်တွေအဖြစ် မဖြစ်မနေ ထည့်သွင်းရပါလိမ့်ယ်” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
    “ကမ္ဘာကြီးကို နားလည်အောင်လုပ်ရမယ့် အဓိကအချက်တစ်ခုက နိုင်ငံတစ်ခု၊ ဒေသတစ်ခုတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးနဲ့ ဆိုင်နေတယ်လို့ သူတို့ရှုမြင်နေကြတဲ့ အကြမ်းဖက်ဝါဒဟာ အစ္စလာမ်ကို ကိုယ်စားမပြုဘူးဆိုတာပါပဲ”
    Ref: Aljazeera