News @ M-Media

Tag: US

  • အမေရိကန်ရဲတပ်ဖွဲ့ လူမည်းလူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ပြန်

    အမေရိကန်ရဲတပ်ဖွဲ့ လူမည်းလူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ပြန်

    မတ် ၈၊ ၂၀၁၅
    M-Media

    aab
    ပြီးခဲ့သည့်နှစ်က မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုတွင် သေဆုံးသွားသော လူမည်းလူငယ် မိုက်ကယ်ဘရောင်း

     

    – အမေရိကန်ပြည်ထောင်စု မက်ဒီဆင်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် လက်နက်မဲ့ လူမည်းလူငယ်အား သေနတ်ဖြင့် ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သောကြောနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရဲတပ်ဖွဲ့ဝင်မှာ အိမ်တစ်အိမ်တွင် လူတစ်ယောက် နှောက်ယှက်နေသည်ကို ကြားရသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာမှ အဆိုပါလူမည်းလူငယ်က လက်ရောက်ကျူးလွန်သောကြောင့် သေနတ်ဖြင့် ပစ်ခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    “အိမ်ထဲမှာ လူတစ်ယောက်ကို ထုရိုက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အဲဒီလူငယ်ဟာ ကျွန်တော်ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ကို လက်ရောက်ကျူးလွန်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ယောက်သား လုံးထွေးသတ်ပုတ်ကြရင်း ရဲက ခြောက်လုံးပြူးထုတ်ပြီး အဲဒီလူကို ပစ်လိုက်တာပါ” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ မိုက် ကိုဗဲလ်က ပြောကြားခဲ့သည်

    သေနတ်မှန်သွားသော အဆိုပါလူငယ်အား အဆိုပါ ရဲတပ်ဖွဲ့ဝင်က ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေးခဲ့ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ နောက်ပိုင်းတွင် အဆိုပါလူငယ်မှာ ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေမှုများအရ မည်သည့်လက်နက်မှ မတွေ့ရကြောင်း ကိုဗဲလ်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါအဖြစ်အပျက်အား မြို့၏ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကောင်စီက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် ထိုမြို့မှ ပြည်သူများမှာ အခင်းဖြစ်ပွားရာနေရာအနီးသို့ လာရောက်စုဝေးခဲ့ကြပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်မှစ၍ အမေရိကန်တွင် လူမည်းများအား ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူများကမူ ထိုအဖြစ်အပျက်များတွင် လူမျိုးရေးခွဲခြားမှု အကြောင်းအရင်းများ ပါဝင်လိ့မ်မည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

  • THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် အမေရိကန် စဉ်းစားနေ

    THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် အမေရိကန် စဉ်းစားနေ

    မတ် ၅၊ ၂၀၁၅
    M-Media

    thaha

    – မိမိတို့၏ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကို အရှေ့အလယ်ပိုင်းတွင် ချထားရန် စဉ်းစားနေသည်ဟု ပစိဖိတ်ဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်မှ တပ်မှူး ဗိုလ်ချုပ် ဗင်းဆင့် ဘရွက်စ်က ပြောကြားလိုက်သည်။

    Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဒုံးကျည်စနစ်များ ရှိနေကာထိုဒုံးကျည်များကို သုံးစွဲရန် ဆန္ဒရှိနေသည့် ရန်သူများကို ပြန်လည်တုံ့ပြန်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ချထားရမည့်နေရာမှာ အရှေ့အလယ်ပိုင်းနှင့် မြောက်ကိုရီယား၏ ခြိမ်းခြောက်မှုများရှိနေသည့် တောင်ကိုရီးယားတို့၌ဖြစ်ကြောင်း ဘရွက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    “လိုအပ်တာကတော့ အဲဒီနှစ်နေရာဖြစ်ပြီး အရေးတကြီး လိုအပ်နေတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ အစွမ်းအစတွေရှိတဲ့ ပြိုင်ဘက်တွေကြောင့်ဖြစ်ပြီး သူတို့တွေကလည်း ဒီအစွမ်းအစတွေကို သုံးချင်တဲ့ဆန္ဒ ရှိနေပါတယ်” ဟု ဘရွက်စ်က ပြောကြားခဲ့သည်။

    ဘရွက်စ်မှာ အီရန်နိုင်ငံအား ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသော်လည်း အမေရိကန် စစ်ဘက်တာဝန်ရှိသူများမှာ အီရန်၏ အစ္စရေးနှင့် ဥရောပတို့အထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်များ ထုတ်လုပ်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိခဲ့သည်။

    ဘရွက်စ်ကမူ ထိုသို့ချထားရန်ကိုမူ မဆုံးဖြတ်ရသေးကြောင်း အဆိုပါစနစ် ချထားမှုအတွက် ငွေကြေးအမြောက်အများ ကုန်ကျမည်ဖြစ်သောကြောင့် အမေရိကန်စစ်တပ်အနေဖြင့် ချင့်ချိန်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် လေဆာလက်နက် ခြိမ်းခြောက်မှုအား ကာကွယ်ရေးအတွက်လည်း အမေရိကန်စစ်တပ်က ရှာဖွေစူးစမ်းမှုများ ပြုလုပ်နေကြာင်း ဘရွက်စ်က အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဝေဖန်သူများကမူ ထိုကဲ့သို့ ချထားခြင်းကို တရုတ်နှင့် ရုရှားတို့က ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု မှတ်ယူနိုင်သောကြောင့် ထိုနိုင်ငံများနှင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Channelnewsasia

  • ကမ္ဘာ့အချမ်းသာဆုံးသူများ စာရင်းတွင် ဘီလ်ဂိတ် ၁၆ နှစ်ဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်

    ကမ္ဘာ့အချမ်းသာဆုံးသူများ စာရင်းတွင် ဘီလ်ဂိတ် ၁၆ နှစ်ဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်

    မတ် ၄၊ ၂၀၁၅
    M-Media

    Bill Gates speaks in Washington

    – Forbes မဂ္ဂဇင်းမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် မိုက်ခရိုဆော့ဖ်ပိုင်ရှင် ဘီလ်ဂိတ်က ထိပ်ဆုံး၌ ဆက်ရှိနေပြီး Facebook တည်ထောင်သူ ဇူကာဘက်မှာ ထိပ်ဆုံး ၂၀ စာရင်းတွင် ပထမဆုံး ပါဝင်လာသည်ဟု သိရသည်။

    ဘီလ်ဂိတ်၏ အသားတင် ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၇၉.၂ ဘီလီယံအထိ ရှိလာခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၂ ဘီလီယံကျော် တက်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ထိပ်ဆုံးနေရာတွင် ရှိနေခြင်းမှာ ပြီးခဲ့သည့် ၂၁ နှစ်အတွင်း ၁၆ နှစ်ဆက်တိုက် ရှိနေခြင်းလည်း ဖြစ်သည်။

    မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းရှင် ကားလို့စ် စလင်မ်း ဟီလူက ပိုင်ဆိုင်မှု ၇၇.၁ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရှိနေခဲ့ပြီး Berkshire Hathaway Inc ၏ အကြီးအကဲ ၀ရန့် ဘက်ဖက်တီက ၇၂.၇ ဘီလီယံဖြင့် တတိယနေရာတွင် ရှိနေသည်။

    ဘက်ဖက်တီမှ ယမန်နှစ်ကထက် ၀င်ငွေ ၁၄.၅ ဘီလီယံ တိုးလာခဲ့ပြီး စာရင်းတွင်ပါဝင်သူအားလုံးတွင် ၀င်ငွေအများဆုံးတိုးသူလည်း ဖြစ်ခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၂.၈ ဘီလီယံကို အလှူဒါန အဖွဲ့အမျိုးမျိုးအတွက် လှူဒါန်းခဲ့သည်။

    Forbes မဂ္ဂဇင်းမှာ ပြီးခဲ့သည့်နှစ်က ဘီလီယံနာ ၁၆၄၅ ဦးကို လေ့လာဆန်းစစ်ခဲ့ပြီး ယခုနှစ်အတွင်း ၁၈၂၆ ဦးအထိ မြင့်တက်လာကာ ၎င်းတို့အားလုံး၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ဒေါ်လာ ၇.၀၅ ထရီလီယံရှိသည်ဟု ဖော်ပြခဲ့သည်။

    အဆိုပါစာရင်းတွင် အမျိုးသမီး ၁၉၇ ဦး ပါဝင်ပြီး Wal-Mart Stores Inc မှ အမွေခံ ခရစ္စတီ ဝေါလ်တန်က အဆင့် ၈ နေရာဖြင့် အမြင့်ဆုံးဖြစ်သည်။

    Facebook ပိုင်ရှင် အသက် ၃၀ အရွယ် ဇူကာဘက်မှာ ပြီးခဲ့သည့်နှစ်က အဆင့် ၂၁ ရှိရာမှာ ယခုနှစ်တွင် ပိုင်ဆိုင်မှု ၃၃.၄ ဘီလီယံဖြင့် အဆင့် ၁၆ နေရာသို့ ရောက်ရှိလာခဲ့ပြီး ထိပ်ဆုံး ၂၀ စာရင်းတွင် ပထမဆုံး ၀င်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    ထိုစာရင်းမှ အငယ်ဆုံး ဘီလီယံနာမှာ Shanpchat မက်ဆေ့ခ်ျ အက်ပလီကေးရှင်းကို ပူးပေါင်းတည်ထောင်ခဲ့သူ အသက် ၂၄ နှစ်အရွယ် အီဗန် စပီဂျဲလ်နှင့် အသက် ၂၅ နှစ်အရွယ် ဘော့ဘီ မာဖီတို့ ဖြစ်ကြသည်။

    Ref: Alarabiya

  • အမေရိကန်စနိုက်ပါအားသတ်သူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    အမေရိကန်စနိုက်ပါအားသတ်သူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    Eddie Ray Routh enters the court during his capital murder trial in Stephenville

    – အမေရိကန်စနိုက်ပါသမိုင်းတွင်း ရန်သူအများဆုံး သတ်ဖြတ်နိုင်ခဲ့သော စနိုက်ပါသမား ခရစ်ကီလီကို သတ်ဖြတ်ခဲ့သည့် မရိန်းစစ်သားဟောင်း အက်ဒီ ရေး ရောက်သ်အား တက္ကဆက်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။

    အသက် ၂၇ နှစ် မရိန်းစစ်သားဟောင်း ရောက်သ်မှာ ကီလီနှင့် ၎င်း၏ သူငယ်ချင်း ချက်ဒ် လစ်တဲလ်ဖီးလ်ဒ်တို့အား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက သေနတ်ဖြင့်ပတ်သတ်ခဲ့မှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။

    တရားသူကြီးများကမူ ရောက်သ်မှာ ကီလီတို့အနောက်မှ ပုန်းကွယ်စောင့်နေပြီး ကီလီက ၎င်း၏လက်နက် ချပြီးသည်ကို စောင့်ပြီးမှ စနစ်တကျ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရောက်သ်၏ ရှေ့နေကမူ ၎င်း၏အမှုသည်မှာ စိတ်ကစဥ့်ကလျားရောဂါ ခံစားနေရပြီး ရူးသွပ်မှုကြောင့် ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လွှတ်ပေးရန် လျှောက်ထားခဲ့သော်လည်း တရားသူကြီးများက ပယ်ချခဲ့ကာ ရောက်သ်မှာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုပြစ်မှုအတွက် သေဒဏ်အထိချမှတ်နိုင်သော်လည်း တရားသူကြီးများက ခံဝန်ချက်ဖြင့် လွှတ်ပေးနိုင်သည့် အခွင့်အရေးကို ပိတ်ပင်ကာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    အမေရိကန် ဆီးလ်တပ်ဖွဲ့ဝင်ကီလီမှာ သမိုင်းတစ်လျှောက် ရန်သူအများဆုံး သတ်ဖြတ်နိုင်သော စနိုက်ပါသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ၎င်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိကို ဒါရိုက်တာ ကလင့် အီစ်ဝုဒ်က American Sniper အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။

    သို့သော်လည်း အဆိုပါဇာတ်ကားမှာ ကလေးများနှင့် အမျိုးသမီးများပါမကျန် ပစ်သတ်သည့် အမေရိကန်စစ်သားများ၏ ကျင့်ဝတ်ဖောက်ဖျက်မှုကို တရားဝင်ပြုလုပ်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

    Ref: reuters

  • အမေရိကန်ရဲအရာရှိဟောင်း ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

    အမေရိကန်ရဲအရာရှိဟောင်း ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    ny

    – အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားရဲအရာရှိတစ်ဦးက ၎င်း၏ ဆယ်ကျော်သက် သမီးနှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဟဲရစ်ဆန်မြို့တွင်နေထိုင်သူ အသက် ၅၂ နှစ်အရွယ်ရှိ ဂလန် ဟိုချမန်ဆိုသူဖြစ်ပြီး သမီးများဖြစ်ကြသည့် အသက် ၁၇ နှစ် အရွယ် အဲလစ်စာနှင့် အသက် ၁၃ နှစ်အရွယ် ဒီယဲန်နာတို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်ကိုလည်း ထိုသေနတ်ဖြင့်ပင် အဆုံးစီရင်ခဲ့သည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် ဟိုချမန်၏ ဇနီးဖြစ်သူနှင့် သမီးကြီးတို့မှာ အိမ်တွင် ရှိမနေဘဲ အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းကိုလည်း သိရှိရခြင်း မရှိသေးပေ။

    “၀ှိုက်ပလိန်း ရဲဌာနအနေနဲ့ ဒီကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်သတင်းကြောင့် တုန်လှုပ်ချောက်ခြားခဲ့ရပါတယ်” ဟု ရဲဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ဟိုချမန်မှာ ၀ှိုက်ပလိန်းရဲဌာနတွင် ၂၂ နှစ် ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ထိုဌာန၏ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။

    အဲလစ်ဆာမှာ ဟဲရစ်ဆန်အထက်တန်းကျောင်းတွင် တက်ရောက်နေသူဖြစ်ပြီး ၎င်းတို့ ညီအမနှစ်ဦး သေဆုံးမှုအတွက် အဆိုပါ အထက်တန်းကျောင်းမှ ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကာ ၎င်း၏ သူငယ်ချင်းများကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းနည်းကြောင်းပြောကြားခဲ့သည်။

    Ref: nbcnewyork