News @ M-Media

Tag: US

  • တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    -အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတဲ့အတွက် အရှေ့အလယ်ပိုင်းဒသကို နောက်ထပ် တပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး စေလွှတ်သွားမယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်က အင်အားတောင့်တင်းတဲ့ ပြည်သူ့စစ်အဖွဲ့ PMF ရဲ့ အခြေစိုက်စခန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းက အမေရိကန်က တိုက်ခိုက်ခဲ့တာ၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆူလိုင်မာနီကို မနေ့က အီရတ်မှာ လုပ်ကြံသတ်ဖြတ်တာတွေ ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။

    အခုတစ်ပတ်အစောပိုင်းက ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို အီရတ်ပြည်သူတွေ စီးနင်းခဲ့တဲ့အတွက် အမေရိကန်ဟာ အခုသီတင်းပတ် အစောပိုင်းကလည်း ကူဝိတ်က အခြေစိုက်စခန်းကို တပ်ဖွဲ့ဝင် ၇၅၀ စေလွှတ်ခဲ့ကာ ထပ်တိုး ၃၀၀၀ နီးပါးကိုလည်း ကူဝိတ်မှာ ချထားမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုကြောင့် အီရန်ဖက်က တုန့်ပြန်လက်စားချေလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ရန်ကို တုန့်ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ် မေလကစလို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀၀၀ လောက်ကို ထပ်မံစေလွှတ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အီရန်ထိပ်တန်းဗိုလ်ချုပ်ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်

    အီရန်ထိပ်တန်းဗိုလ်ချုပ်ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်

    ဇန်နဝါရီ ၃၊ ၂၀၂၀
    M-Media

    လုပ်ကြံခံခဲ့ရသည့် အီရန်ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ

    -အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံခဲ့ပြီး အဓိပတိ အယာတိုလာ အလီခါမေနီက ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    ဆိုလိုင်မာနီနဲ့ အခြားတာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ကားနှစ်စီးဟာ ဒီကနေ့မနက် အစောပိုင်းက ဘဂ္ဂဒတ်မြို့နိုင်ငံတကာလေဆိပ်ကို မောင်းနှင်နေစဉ် အမေရိကန်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အီရန်က PMF လက်နက်ကိုင်အဖွဲ့ရဲ့ တပ်မှူး အဘူ မဟ်ဒီ အလ်-မူဟန်ဒစ်နဲ့ အခြား လူ ၃ ဦးလည်း သေဆုံးခဲ့ပါတယ်။

    အိမ်ဖြူတော်နဲ့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်တို့က တိုက်ခိုက်မှုကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး အနာဂတ်မှာ အမေရိကန်အပေါ် တိုက်ခိုက်လာနိုင်ချေကို တားဆီးဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဆိုလိုင်မာနီသေဆုံးမှုအတွက် ၃ ရက်တာ အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း အီရန်က ကြေငြာခဲ့ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဆိုလိုင်မာနီကို အာဇာနည်အဖြစ် သမုတ်ခဲ့ပြီး ရာဇဝတ်ကောင်တွေကို ပြင်းပြင်းထန်ထန် လက်စားချေမယ်လို့ ပြောကြားခဲ့ပါတယ်။

    သမ္မတ ဟာဆန်ရူဟာနီကလည်း ခါမေနီရဲ့စကားကို ထောက်ခံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ ဖြစ်မယ့် ကိစ္စတွေကို အမေရိကန်က တာဝန်ယူရမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အထူးတပ်ဖွဲ့ Quds Force ကို ဦးဆောင်တဲ့ ကာစင် ဆိုလိုင်မာနီဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်ရဲ့ဩဇာ ဖြန့်ကျက်မှုမှာ အဓိကအရေးပါတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • IS ကို အမေရိကန်က ဖန်တီးခြင်းဟု အီရန်အဓိပတိ စွပ်စွဲ

    IS ကို အမေရိကန်က ဖန်တီးခြင်းဟု အီရန်အဓိပတိ စွပ်စွဲ

    ဇန်နဝါရီ ၂၊ ၂၀၂၀
    M-Media

    -အီရတ်နဲ့ ဆီးရီးယားတို့က ရှီအာပြည်သူ့စစ်အဖွဲ့ Hashd al-Sha’abi ကို အမေရိကန်က တိုက်ခိုက်ခဲ့တာဟာ ဒီအဖွဲ့က IS အပေါ် ချေမှုန်းလိုက်တာကို မကျေနပ်လို့ လက်တုန့်ပြန်တာသာဖြစ်တယ်လို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်ပါတယ်။

    အမေရိကန်ဟာ တနင်္ဂနွေနေ့က Hashd al-Sha’abi အဖွဲ့ရဲ့ အီရတ်နဲ့ ဆီးရီးယားတို့က ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့ပါတယ်။

    Hashd al-Sha’abi အဖွဲ့ဟာ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အီရတ်နဲ့ ဆီးရီးယားက IS အကြမ်းဖက်အဖွဲ့တိုက်ဖျက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒီတိုက်ခိုက်မှုကို မကျေနဲ့တဲ့အတွက် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အမေရိကန်သံရုံးရှေ့မှာ အင်္ဂါနေ့က ‌ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ပြီး သံရုံးကို ဖျက်ဆီးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက အမေရိကန်ရဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး Hashd al-Sha’abi ရဲ့ IS ကို ချေမှုန်းမှုကို မကျေနပ်လို့ လက်တုန့်ပြန်တာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်က ဘာတွေလုပ်ဆောင်နေလဲဆိုတာ ခင်ဗျားတို့ မြင်နေရတယ်။ Hashd al-Sha’abi က IS အဖွဲ့ကို ‌ချေမှုန်းမှုအပေါ် လက်စားချေတာပါ။ IS ဟာ အမေရိကန်က ဖန်တီးပြီး မြေတောင်မြှောက်ပေးထားတဲ့ အဖွဲ့ပါ”

    စစ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်နဲ့ပစ်ခတ်တာကို လက်တုန့်ပြန်တာဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။

    အီရတ်က သံရုံးကို ပြည်သူတွေက စီနင်းမှုအတွက် အီရန်မှာ လုံး၀ တာဝန်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားမှုကိုလည်း ခါမေနီက ဝေဖန်ခဲ့ပြီး ဒေသတွင်းမှာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကြောင့် အီရတ်၊ ဆီးရီးယားနဲ့ အာဖဂန်ပြည်သူတွေက ဘယ်လောက်အထိ မုန်းတီးနေလဲဆိုတာကို အမေရိကန်အနေနဲ့ နားလည်သင့်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အီရန်ဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို သတိဝိရိယရှိရှိ၊ သတ္တိရှိရှိ ရင်ဆိုင်သွားဖို့ အသင့်ရှိနေတယ်လို့လည်း ခါမေနီက ဆိုပါတယ်။

    Ref: Press TV

  • သံရုံးတိုက်ခိုက်ခံရမှုကြောင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် ထပ်တိုးချမည်

    သံရုံးတိုက်ခိုက်ခံရမှုကြောင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင် ထပ်တိုးချမည်

    ဇန်နဝါရီ ၁၊ ၂၀၂၀
    M-Media

    -အရှေ့အလယ်ပိုင်းကို တပ်ဖွဲ့ဝင် ၇၅၀ ထပ်မံပို့ဆောင်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပြီး အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အမေရိကန်သံရုံး တိုက်ခိုက်ခံရပြီးတဲ့နောက် ဒီကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ‌အီရတ်နိုင်ငံက အင်အားတောင့်တင်းတဲ့ ပြည်သူ့စစ်အဖွဲ့ Hashd al-Shaabi ကို ထောက်ခံသူတွေဟာ မနေ့က ဘဂ္ဂဒတ်မှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ စုရုံးကာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဆန္ဒပြသူတွေဟာ သံရုံးထဲကို ဝင်ရောက်စီးနင်း တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    အမေရိကန်က အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ Hashd al-Shaabi လက်အောက်ခံအဖွဲ့ Kataib Hezbollah ကို တနင်္ဂနွေနေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီလိုဆန္ဒပြမှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကို သုတ်သင်ရှင်းလင်းရာမှာ ပါဝင်ခဲ့တဲ့ ဒီအဖွဲ့တွေကို အီရန်က ကျောထောက်နောက်ခံပြုထားတာပါ။

    မနေ့က သံရုံးရှေ့ ဆန္ဒပြမှုနဲ့ သံရုံးတိုက်ခိုက်မှုအတွက် အီရန်မှာ အပြည့်အ၀ တာဝန်ရှိပြီး၊ ဆန္ဒပြသူတွေကိုလည်း အရေးယူသွားမှာဖြစ်ကြောင်း၊ သံရုံးကိုကာကွယ်ရေး အီရတ်က အင်အားအသုံးပြုဖို့ မျှော်လင့်ပြီး ဒီအတွက်လည်း အကြောင်းကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်ခံရမှုအပြီး ကူဝိတ်က တပ်ဖွဲ့ဝင်တွေကို ဘဂ္ဂဒတ်သံရုံးမှာ အမေရိကန်က ထပ်မံ ချထားခဲ့သလို၊ အရှေ့အလယ်ပိုင်းကို နောက်ထပ် တပ်ဖွဲ့ဝင် ၇၅၀ ပို့ဆောင်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အီရန်ရဲ့ရန်ကို စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရှေ့အလယ်ပိုင်းကို အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် မေလကစလို့ ၁၄၀၀၀ လောက် ရှိလာပြီဖြစ်ပါတယ်။‌ ဒီမတိုင်ခင်က အီရတ်မှာ အမေရိကန်တပ်ဖွဲ့ ၅၂၀၀ လောက် ရှိနေပြီး အီရတ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့နဲ့ IS အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်ရေး ကူညီဖို့ ဖြစ်ပါတယ်။

    Ref: Aljazeera

  • Vape နှင့် e-cigarette က အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်နိုင်ချေရှိ

    Vape နှင့် e-cigarette က အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်နိုင်ချေရှိ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၉
    M-Media

    -Vape နဲ့ e-cigarette ကို ရေရှည်သောက်သုံးတာဟာ အဆုတ်ရောဂါ (COPD)၊ လည်ချောင်းနာရောဂါ၊ ပန်းနာရင်ကြပ်ရောဂါတွေလို နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ အမေရိကန်က လေ့လာမှုတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    လေ့လာမှုဟာ e-cigarette‌ သောက်သုံးမှုနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆက်နွယ်မှုကို အဓိကထားခဲ့တာဖြစ်ပြီး ၃ နှစ်တာ ကြာမြင့်ခဲ့ပါတယ်။ ရလဒ်ကိုတော့ အခုတစ်ပတ်အစောပိုင်းက American Journal of Preventive Medicine မှာ ဖော်ပြခဲ့ပါတယ်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းက အဆုတ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားတဲ့ ဝေဒနာသည် ၃၂၃၂၀ ဦးရဲ့ အချက်အလက်တွေကို စုဆောင်းကာ e-cigarette သောက်သုံးမှု Vape လို အခြား ဆေးရွက်ကြီးပစ္စည်းမှီဝဲမှုတွေနဲ့ ဆက်စပ် လေ့လာခဲ့တာ ဖြစ်ပါတယ်။

    လေ့လာမှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ပညာရှင် စတန်တွန် ဂလန့်ဇ်က e-cigarette‌ နဲ့ အဆုတ်ရောဂါ ဆက်နွယ်မှုကို ဒီလေ့လာမှုမှာ တွေ့ခဲ့ရကြောင်း၊ နောက်ထပ် ၅ နှစ်တာ လေ့လာမှုဆက်လုပ်မယ်ဆိုရင် ပိုမိုကြီးမားတဲ့ သက်ရောက်မှုတွေကို တွေ့လာဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။

    e-cigarette နဲ့ ရိုးရိုး စီးကရက် ၂ ခုစလုံးကို သောက်သုံးမယ်ဆိုရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါဖြစ်ပွားမှုအန္တရာယ်ဟာ ၂ ဆလောက် မြင့်တက်လာနိုင်တယ်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    Vape သောက်သုံးမှုဟာ ကျန်းမာရေးအန္တရာယ်ကင်းတယ်လို့ ယေဘူယျအားဖြင့် ယူဆထားပေမယ့်မှာ အပူပေးမှု အလွန်များတဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေကနေ အမှုန်အမွှားတွေထွက်ကာ လေပြွန်ထဲကနေတစ်ဆင့် အဆုတ်ထဲကို ဝင်ရောက်ပြီး နာတာရှည်ရောဂါတွေ ဖြစ်နိုင်လာနိုင်တယ်ဆိုတာကိုလည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    ဒီလိုလေ့လာမှုတွေဟာ ဓာတ်ခွဲခန်းမှာ ပြုလုပ်တာ၊ တရိစ္ဆာန်‌တွေနဲ့ စမ်းသပ်တာမျိုးလို ကနဦး လေ့လာမှုတွေဖြစ်ပြီး နောက်ဆက်တွဲ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။

    Ref: CNN