News @ M-Media

Tag: US

  • အီရန်အရေးတွင် အမေရိကန် လေသံပျော့လာ

    အီရန်အရေးတွင် အမေရိကန် လေသံပျော့လာ

    ဇန်နဝါရီ ၉၊ ၂၀၂၀
    M-Media

    -အီရန်ဟာ မာန်ကျသွားပြီး၊ အီရန်အစိုးရရဲ့ အပြုအမူတွေ ပြောင်းလဲတဲ့အထိ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရတ်က အမေရိကန် လေတပ်စခန်းနဲ့ အခြားစစ်စခန်းတစ်ခုတို့ကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ထရမ့်ဟာ မနေ့က အိမ်ဖြူတော်မှာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

    အီရန်က တိုက်ခိုက်လာမယ်ဆိုရင် ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Twitter စာမျက်နှာမှာ ထရမ့်က ရေးသားခဲ့ပေမယ့် မနေ့က ရှင်းလင်းပွဲမှာ စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ ပြောကြားမှုမျိုး မပါဝင်ခဲ့ပါဘူး။

    ဇန်နဝါရီလ ၃ ရက်နေ့က အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အီရတ်မှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    အီရန်က ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ တတုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ၁၉၇၉ ခုနှစ်က တီဟီရန်မှာရှိတဲ့ အမေရိကန်သံရုံးကို အီရန်ပြည်သူတွေ ဝင်စီးမှု နောက်ပိုင်း အမေရိကန်ကို အီရန်က ပထမဆုံး တိုက်ရိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ထရမ့်က တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သားတွေ ထိခိုက်သေဆုံးတာမျိုးမရှိဘဲ၊ ပျက်ဆီးဆုံးရှုံးမှုလည်း အနည်းဆုံးသာရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်အရေးမှာ နေတိုးအဖွဲ့နဲ့ ဥရောပနိုင်ငံတွေ ပိုမိုပါဝင်နိုင်ရေး တိုက်တွန်းသွားမယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    ဆွေးနွေးဖို့ အဆင်သင့်ရှိ

    ကုလဆိုင်ရာ အမေရိကန်သံအမတ် ကီလီ ခရက်ဖ်က ကုလကို ပေးပို့တဲစာမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် အီရန်နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

    IRGC က ဗိုလ်ချုပ် ဆိုလိုင်မာနီကို လုပ်ကြံသတ်ဖြတ်မှုဟာ မိမိကိုယ်ကို ကာကွယ်ရေးဆိုတဲ့ ကုလရဲ့ ပဋိဉာဉ် အပိုဒ် ၅၁ အရ လုပ်ဆောင်တာဖြစ်လို့ တရားကြောင်း၊ တပ်ဖွဲ့ဝင်တွေနဲ့ မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဒီစာက ဆိုပါတယ်။

    ကုလဆိုင်ရာ အီရန်သံအမတ် မဂျစ် တက်ခ် ရာဗန်ချီက အီရန်အပေါ် ပိတ်ဆို့မှုတွေ လုပ်ဆောင်မယ်လို့ ကြေငြာထားပြီးတဲ့နောက် ဆွေးနွေးမယ်လို့ ကမ်းလှမ်းတာဟာ ယုံကြည်လောက်စရာမရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    သမ္မထရမ့်ဟာ ကြိုတင်သတ်မှတ်ချက်တွေ မရှိဘဲ ဆွေးနွေးဖို့အတွက် အီရန်ကို အရင်က ကမ်းလှမ်းခဲ့ပေမယ့် အီရန်ကတော့ ဒါဟာ ဖိအားပေးဖို့သက်သက်ဖြစ်တာကြောင့် လက်မခံဘူးလို့ ငြင်းဆိုထားတာပါ။

    ထရမ့်အာဏာကို ကန့်သတ်မယ်

    အီရန်ကိစ္စနဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်မယ့် ဆုံးဖြတ်ချက်တစ်ခုကို အမေရိကန်အောက်လွှတ်တော်က ကြာသာပတေးနေ့မှာ မဲခွဲဖို့ ရှိနေပါတယ်။

    လွှတ်တော်ရဲ့ အတည်ပြုချက်မရရင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုတွေမလုပ်ဆောင်ရဆိုတဲ့ ကန့်သတ်ချက်မျိုး ဒီဆုံးဖြချက်မှာ ပါဝင်မှာပါ။

    အစိုးရက အီရန်အပေါ် ရန်လိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာ၊ မဟာဗျူဟာမချဘဲ လုပ်ဆောင်တာတွေနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေက စိုးရိမ်လာတဲ့အတွက် ဒီလိုဆုံးဖြတ်ချက်ကို မဲခွဲရတာ ဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌ နန်စီ ပီလိုစီက ပြောကြားခဲ့ပါတယ်။

    ဆိုလိုင်မာနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို အသေးစိတ်ထုတ်မပြောတာနဲ့ပတ်သက်လို့ ထရမ့်နဲ့ လုံခြုံရေးအကြံပေးတွေကို ထိပ်တန်း လွှတ်တော်အမတ်တွေက ဝေဖန်မှုတွေရှိနေပြီး၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ ခုစလုံးမှာ အစိုးရတာဝန်ရှိသူတွေ လာရောက်တင်ပြဖို့လည်း တောင်းဆိုထားပါတယ်။

    Ref: BBC, CNN

  • အီရတ်ရှိ အမေရိကန်စစ်စခန်း ၂ ခုကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

    အီရတ်ရှိ အမေရိကန်စစ်စခန်း ၂ ခုကို အီရန်က လက်တုန့်ပြန် တိုက်ခိုက်

    ဇန်နဝါရီ ၈၊ ၂၀၂၀
    M-Media

    -အီရတ်နိုင်ငံက အမေရိကန် စစ်အခြေစိုက်စခန်း ၂ ခုကို အီရန်က ဒီကနေ့မနက် အစောပိုင်းမှာ ဒုံးကျည် ၂၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိပ်တန်းဗိုလ်ချုပ် ကာစင်ဆူလိုင်မာနီ လုပ်ကြံခံရမှုကို တုန့်ပြန်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အန်ဘာရ်ပြည်နယ်က အလ်-‌အာဆဒ် လေတပ်စခန်း၊ အီရ်ဘီလ်က စစ်စခန်းတွေ တိုက်ခိုက်ခံခဲ့ရတာပါ။

    အီရန်နိုင်ငံပိုင်သတင်းဌာနက တိုက်ခိုက်မှုကြောင့် အမေရိကန်အကြမ်းဖက်သမား ၈၀ ထက်မနည်း သေဆုံးခဲ့ပြီး၊ အမေရိကန် ရဟတ်ယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ကာ၊ ဒုံးကျည်တစ်စင်းမှ ကြားဖြတ်ပစ်ချခံရခြင်းမရှိဘူးလို့ ကြေငြာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို သတင်းဌာနတွေက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    အမေရိကန်က ထပ်မံတိုက်ခိုက်မယ်ဆိုရင် အရှေ့အလယ်ပိုင်းက အမေရိကန်ပစ်မှတ် ၁၀၀ လောက်ကို တန်ပြန်တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ပြောကြားမှုကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းပြည်ကို မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အားလုံးအဆင်ပြေတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ မိန့်ခွန်းပြောမယ်လို့ ဆိုပါတယ်။

    ‌အီရန်နိုင်ငံခြားရေးဝန်ကြီ ဂျာဗဒ်ဇာရစ်ဖ်ရဲ့ Twitter မှတ်ချက်မှာတော့ မိမိတို့နိုင်ငံသားတွေနဲ့ အာဏာပိုင်တွေအပေါ် သွေးကြောင်စွာ တိုက်ခိုက်မှုအတွက် သင့်လျော်တဲ့ လက်တုန့်ပြန်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ဖြစ်ဖို့ မလိုလားဘူးလို့ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့ သောကြာနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်အနီးမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှု မြင့်တက်လာတာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • အီရန်ယဉ်ကျေးမှုနေရာများ ပစ်မှတ်ထားမည်ဆိုသည့် ထရမ့်စကားကို ကန်ကာကွယ်ရေးဝန်ကြီး ပယ်ချ

    အီရန်ယဉ်ကျေးမှုနေရာများ ပစ်မှတ်ထားမည်ဆိုသည့် ထရမ့်စကားကို ကန်ကာကွယ်ရေးဝန်ကြီး ပယ်ချ

    ‌ဇန်နဝါရီ ၇၊ ၂၀၂၀
    M-Media

    အီရန်နိုင်ငံမှ ရှေးဟောင်းမြို့တော်တစ်ခု

    -အီရန်က ယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို တိုက်ခိုက်မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ စောစောပိုင်း ‌ပြောကြားမှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပယ်ချလိုက်ပါတယ်။

    ပြီးခဲ့တဲ့သောကြာနေ့က အီရန်ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    အီရန်က တုန့်ပြန်လာရင် ယဉ်ကျေးမှုအမွေအနှစ် နေရာတွေအပါအ၀င် ပစ်မှတ် ၅၂ ခုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ၂ ကြိမ်တိုင်တိုင် ပြောကြားခဲ့ပါတယ်။ ထရမ့်ရဲ့ ဒီပြောကြားမှုကို အမေရိကန်ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ရှုတ်ချခဲ့ကြပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စပါကလည်း အမေရိကန်စစ်တပ်ဟာ လက်နက်ကိုင် ပဋိပက္ခနဲ့သက်ဆိုင်တဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာသွားမှာဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ယဉ်ကျေးမှုဆိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း UNESCO က အမေရိကန်၊ အီရန်တို့အနေနဲ့ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့၊ ယဉ်ကျေးမှုဆိုင်ရာ နေရာတွေကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • နိုင်ငံခြားတပ်ဖွဲ့များ နှင်ထုတ်ရေး အစိုးရကို အီရတ်လွှတ်တော် တိုက်တွန်း

    နိုင်ငံခြားတပ်ဖွဲ့များ နှင်ထုတ်ရေး အစိုးရကို အီရတ်လွှတ်တော် တိုက်တွန်း

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေအားလုံးကို နှင်ထုတ်ရေး အစိုးရကိုတိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အီရတ်လွှတ်တော်က မနေ့မှာ အတည်ပြုခဲ့ပါတယ်။

    အီရန်က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီနဲ့ အီရတ်က အင်အားတောင့်တင်းတဲ့ Hashd al-Shaabi ပြည်သူ့စစ်အဖွဲ့ တပ်မှူးတို့ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာတဲ့အချိန် အီရတ်ရဲ့ ဒီဆောင်ရွက်ချက် ပေါ်ထွက်လာတာပါ။

    နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေအားလုံးကို နှင်ထုတ်ရေးအပြင် IS တိုက်ဖျက်ရေး ကူညီနေတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ထံ အကူအညီတောင်းခံထားမှုကို ရုပ်သိမ်းဖို့လည်း အီရတ်လွှတ်တော်က အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေမဟုတ်တာကြောင့် သဘောထားသက်သက်သာ ဖြစ်ပြီး အကောင်အထည်ဖော်နိုင်ရေး ဥပဒေသစ်တစ်ခု ပြဌာန်းဖို့ လိုအပ်ပါတယ်။

    မဲခွဲမှုမပြုခင် အမတ်တွေက ‘အမေရိကန်အလိုမရှိ…. အီရတ်အဓွန့်ရှည်ပါစေ’ လို့ လွှတ်တော်အတွင်းမှာ ဟစ်အော်ခဲ့ကြပါတယ်။ အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီက နိုင်ငံခြားတပ်ဖွဲ့တွေ တိုင်းပြည်မှာ မရှိရေး ဆောင်ရွက်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

    အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ လောက်ရှိနေပြီး အများစုက အကြံပေးအဖြစ် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ Hashd al-Shaabi နဲ့အတူ IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ခဲ့ပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်က အီရတ်အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို နှင်ထုတ်မယ်ဆိုရင် လျောကြေး ဒေါ်လာ ဘီလီယံချီ ပေးရမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    တင်းမာမှုမြင့်လာသည့် အ‌ရှေ့အလယ်ပိုင်းသို့ အမေရိကန်က တပ်များ ထပ်မံစေလွှတ်မည်

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    -အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတဲ့အတွက် အရှေ့အလယ်ပိုင်းဒသကို နောက်ထပ် တပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး စေလွှတ်သွားမယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်က အင်အားတောင့်တင်းတဲ့ ပြည်သူ့စစ်အဖွဲ့ PMF ရဲ့ အခြေစိုက်စခန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ် နှောင်းပိုင်းက အမေရိကန်က တိုက်ခိုက်ခဲ့တာ၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆူလိုင်မာနီကို မနေ့က အီရတ်မှာ လုပ်ကြံသတ်ဖြတ်တာတွေ ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။

    အခုတစ်ပတ်အစောပိုင်းက ဘဂ္ဂဒတ်က အမေရိကန်သံရုံးကို အီရတ်ပြည်သူတွေ စီးနင်းခဲ့တဲ့အတွက် အမေရိကန်ဟာ အခုသီတင်းပတ် အစောပိုင်းကလည်း ကူဝိတ်က အခြေစိုက်စခန်းကို တပ်ဖွဲ့ဝင် ၇၅၀ စေလွှတ်ခဲ့ကာ ထပ်တိုး ၃၀၀၀ နီးပါးကိုလည်း ကူဝိတ်မှာ ချထားမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် ဆိုလိုင်မာနီ လုပ်ကြံခံရမှုကြောင့် အီရန်ဖက်က တုန့်ပြန်လက်စားချေလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ရန်ကို တုန့်ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ် မေလကစလို့ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀၀၀ လောက်ကို ထပ်မံစေလွှတ်ခဲ့ပါတယ်။

    Ref: Aljazeera