News @ M-Media

Tag: US

  • အာဏာအလွဲသုံးစားမှုဖြင့် ထရမ့်ကို ကန်လွှတ်တော်က စုံစမ်းအရေးယူမည်

    အာဏာအလွဲသုံးစားမှုဖြင့် ထရမ့်ကို ကန်လွှတ်တော်က စုံစမ်းအရေးယူမည်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    -ယူကိန်းနိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာ အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်ကို ဟန့်တားမှုတွေအတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို စုံစမ်းစစ်ဆေး အရေးယူမှု (impeachment) လုပ်‌ဆောင်ဖို့ အမေရိကန်အောက်လွှတ်တော်က မနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

    ထရမ့်ဟာ အမရိကန်သမိုင်းမှာ အောက်လွှတ်တော်က စုံစမ်းစစ်ဆေးအပြစ်ပေးဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခံရတဲ့ တတိယမြောက်သမ္မတ ဖြစ်လာပါတယ်။ ဒီမိုကရက်တွေကြီးစိုးတဲ့ အောက်လွှတ်တော်က ဒီလို ဆုံးဖြတ်လိုက်တာကြောင့် ထရမ့်ဟာ အစောဆုံး ဇန်နဝါရီလကျရင် ရီပက်ဘလစ်ကန်ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ စုံစမ်းမေးမြန်းခံရဖို့ ရှိနေပါတယ်။

    အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီက ထရမ့်ရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် အခုလို စုံစမ်းစစ်ဆေးအပြစ်ပေးဖို့ ဆောင်ရွက်ရတဲ့အထိ ဖြစ်လာတာဖြစ်ကြောင်း မိမိတို့မှာ အခြား ရွေးစရာမရှိကြောင်း မဲမခွဲခင်မှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်က အောက်လွှတ်တော်ဟာ မျိုးချစ်အမေရိကန်တွေရဲ့ သန်းနဲ့ချီတဲ့မဲတွေကို ပယ်ဖျက်တော့မယ်လို့ မဲမခွဲခင် မီချီဂန်က လူထုထောက်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။ ရီပက်ဘလစ်ကန်ပါတီ တာဝန်ရှိသူအချို့ကလည်း အောက်လွှတ်တော်ရဲ့ မဲခွဲမှုဟာ လှည့်စားမှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

    အင်္ဂါနေ့က အောက်လွှတ်တော်ကို ပေးပို့တဲ့ ထရမ့်ရဲ့စာထဲမှာ ဒီလုပ်ရပ်ဟာ အာဏာသိမ်းဖို့ ကြိုးစားမှု၊ အမေရိကန်ဒီမိုကရေစီအပေါ် စစ်ကြေငြာမှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ပြဿနာအစ

    ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ သားဖြစ်သူ ဟန်တာတို့ရဲ့အကြောင်းကို စုံစမ်းကာ သတင်းပေးဖို့အတွက် ထရမ့်က ယူကရိန်းသမ္မတသစ် ဗိုလိုဒီမာ ဇီလန်စကီးကို ဇူလိုင်လမှာ ဖုန်းဆက်ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် ဒီလို စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကန်လွှတ်တော်က ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

    ဘိုင်ဒန်ဟာ ၂၀၂၀ သမ္မရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ ဘိုင်ဒန်နဲ့ သားဖြစ်သူတို့ဟာ ယူကရိန်း ဓာတ်ငွေ့ကုမ္ပဏီတစ်ခုရဲ့ ဘုတ်အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။ အခုအချိန်အထိ သူတို့နှစ်ယောက် ဥပဒေပ လုပ်ဆောင်မှုရှိတယ်ဆိုတဲ့ သတင်းမျိုး ထွက်မလာသေးပါဘူး။

    ယူကရိန်းစစ်တပ်ကို ပေးအပ်မယ့် ကန်ဒေါ်လာ ၃၉၁ သန်း ထောက်ပံ့‌ကြေးကို အခြေခံပြီး သမ္မတ ‌ဇီလန်စကီးထံကနေ ထရမ့်က ကတိကဝတ်‌တောင်းခဲ့ကာ ဒါဟာ အာဏာအလွဲသုံးစားမှုဖြစ်တယ်လို့ ဒီမိုကရက် အမတ်တွေက စွပ်စွဲခဲ့ပါတယ်။

    ဒီကိစ္စအတွက် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက သက်သေ ၁၇ ယောက်ကို ၅ ရက်ကြာ လူသိရှင်ကြား မေးမြန်းမှု လုပ်ဆောင်ခဲ့ပြီး စာမျက်နှာ ၃၀၀ ပါဝင်တဲ့ အစီရင်ခံစာတစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

    စုံစမ်းမှုမှာ သွားရောက်ဖြေကြားခြင်းမပြုဖို့ အိမ်ဖြူတော်ဟာ တာဝန်ရှိသူ ၉ ယောက်ကို ဟန့်တားခဲ့ပြီး ဒါဟာ လွှတ်တော်လုပ်ငန်းကို နှောက်ယှက်မှုဖြစ်တယ်လို့ အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဌ ဂျာရိုလ် နဒ်လာက ပြောကြားခဲ့ပါတယ်။

    မနေ့က မဲခွဲမှုဟာ ထရမ့်ရဲ့ အာဏာအလွဲသုံးစားလုပ်မှု ရှိ၊ မရှိ၊ လွှတ်တော်ရဲ့ လုပ်ငန်းကို နှောက်ယှက်မှု ရှိ၊ မရှိ မဲခွဲတာဖြစ်ပြီး ဒီလိုရှိခဲ့တယ်လို့ လွှတ်တော်အမတ်တွေက မဲပေးခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှု (impeachment) စတင်မှာ ဖြစ်ပါတယ်။

    Impeachment လုပ်ငန်းစဉ်အရ အပြစ်ရှိကြောင်းထင်ရှားရင် ရာထူးကနေ ဆင်းပေးရမှာဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အရင်က သမ္မတ ၂ ဦး ဒီလိုအခြေအနေမျိုး ရင်ဆိုင်ခဲ့ရပေမယ့် ရာထူးက ဆင်းပေးရတာမျိုး မဖြစ်ခဲ့ပါဘူး။

    Ref: Aljazeera

  • တရုတ်က အရှေ့တောင်အာရှနိုင်ငံများအား အနိုင်ကျင့်နေဟု အမေရိကန်ပြော

    တရုတ်က အရှေ့တောင်အာရှနိုင်ငံများအား အနိုင်ကျင့်နေဟု အမေရိကန်ပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၉
    M-Media

    -တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ အရှေ့တောင်အာရှက တစ်ခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှု ဖြစ်နေတယ်လို့ အမေရိကန်ရေတပ်ရဲ့ ပစိဖိတ်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဂျွန် အကီလီနိုက ပြောကြားလိုက်ပါတယ်။

    တရုတ်ဟာ တောင်တရုတ်ပင်လယ်က ဧရိယာအများအပြားကို ပိုင်ဆိုင်တယ်လို့ ပြောကြားထားပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့အပါအဝင် အခြားနိုင်ငံတော်တော်များများနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတာပါ။ အဲဒီ ရေလမ်းကြောင်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသလို၊ သဘာ၀သယံဇာတ ကြွယ်၀တဲ့နေရာလည်း ဖြစ်ပါတယ်။

    သောကြာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာပြုလုပ်တဲ့ အကျဉ်းရုံးသတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် အကီလီနိုက တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ကျွန်းတုတွေတည်ဆောက်ပြီး ဗုံးကြဲလေယာဉ်တွေ အတက်အဆင်းလုပ်တာ၊ ‌လေယာဉ်ပစ်ဒုံးခွင်းစနစ်၊ သင်္ဘောဖျက်ဒုံးခွင်းစနစ်တွေ တပ်ဆင်တာ၊ ရေဒါစနစ်တွေတပ်ဆင်တာ စတဲ့လုပ်ရပ်တွေကို ထောက်ပြခဲ့ပါတယ်။

    ဒီလုပ်ရပ်တွေဟာ ‌စစ်ရေးအင်အားကို မြင်အောင်ပြသပြီး ဒေသတွင်းက အခြားနိုင်ငံတွေအပေါ် ဖိအားပေး၊ အနိုင်ကျင့်တာဖြစ်တယ်လို့လည်း အကီလီနိုက ထည့်သွင်းပြောဆိုပါတယ်။ ‌ဒေသတွင်း နိုင်ငံအားလုံးက နိုင်ငံတကာဥပဒေတွေကို လိုက်နေတဲ့အတိုင်း တရုတ်ကလည်း လိုက်နာဖို့ ဗိုလ်ချုပ်က တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    တရုတ်နဲ့ အခြားနိုင်ငံတွေ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်လမ်းကြောင်းမှာ အမေရိကန်ဟာ မကြာခင်ဆိုသလို ကင်းလှည့်မှုတွေလုပ်ဆောင်နေပြီး လွတ်လပ်‌စွာ ရေကြောင်းသွားလာမှုကို ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    ပစိဖိတ်ရေတပ်ဗိုလ်ချုပ် အကီလီနိုက တောင်တရုတ်ပင်လယ်လုံခြုံရေးအတွက် ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အမေရိကန်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ ရှုမြင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်တွင် ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု စိုးရိမ်စရာကောင်းလာ

    အမေရိကန်တွင် ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု စိုးရိမ်စရာကောင်းလာ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -နယူးဂျာစီပြည်နယ်က ဂျူးစျေးတစ်ခုမှာ အခုတစ်ပတ်အတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန်မှာ ဂျူးတွေအပေါ် မုန်းတီးမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

    နယူးဂျာစီစီးတီးက ဂျူးအသားစျေးကို ဇနီးမောင်နှံလို့ ယူဆရတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စျေးဆိုင်ထဲက လူ ၃ ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမား ၂ ဦးကိုတော့ ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။

    သေနတ်သမားတွေဟာ လူဖြူတွေနဲ့ ဂျူးတွေအပေါ် မလိုမုန်းထားတဲ့ Black Hebrew Israelites လှုပ်ရှားမှုက အဖွဲ့ဝင်တွေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ နယူးဂျာစီစီးတီး မြို့တော်ဝန် စတီဗ် ဖူလော့ပ်ကလည်း သေနတ်သမား ၂ ဦးဟာ ဗန်ကားခိုးပြီး ဂျူးအသားစျေးကို အတိအကျ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ဒါဟာ ဂျူးတွေအပေါ် အမုန်းရာဇဝတ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြည်နယ်နဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်မှုနောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ဆက်စက်ပြီး Black Hebrew အဖွဲ့ရဲ့ ရုံးချုပ်ဖြစ်တဲ့ နယူး‌ယောက်ဆင်ခြေဖုံးက Israelite Church of God in Jesus Christ ခရစ်ယာန်အသင်းကို FBI က ဝင်ရောက် ရှာဖွေခဲ့ကြပါတယ်။

    နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက နယူးယောက်မှာရှိတဲ့ ဂျူးဘုရားကျောင်းတွေနဲ့ ဂျူးအသင်းအဖွဲ့တွေ ပိုမို ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ် အောက်တိုဘာလက ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့ ဂျူးဘုရားကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်မှုဟာ အမေရိကန်သမိုင်းမှာ ဂျူးတွေကို ပစ်မှတ်ထားတဲ့ အဆိုးဝါးဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်း လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလကလည်း ဆန်ဒီယေဂို‌မြို့မြောက်ဖက်က ဂျူးဘုရားကျောင်းတစ်ခုကို သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ဂျူးဘုန်းကြီးနဲ့ အခြား ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

    Ref: AP

  • ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    နိုဝင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို မြင်ရစဉ်

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဆောက်လုပ်ထားတဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့အချက်ကို လက်မခံတော့ဘူးလို့ အမေရိကန်အစိုးရက ကြေငြာလိုက်ပြီး ပါလက်စတိုင်းနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

    အရှေ့ဂျေရုစလင်အပါအဝင် ပါလက်စတိုင်းပိုင် နောက်ဖက်ကမ်းဒေသမှာ အစ္စရေးဟာ တရားမဝင်အိမ်ယာ အမြောက်အများ ဆောက်လုပ်ထားပြီး ဂျူး ၆ သိန်းလောက် နေထိုင်နေတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ကုလရဲ့ ဂျီနီဗာသဘောတူညီချက်နဲ့ လုံး၀ ဆန့်ကျင်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ဒီတရားမဝင်အိမ်ယာတွေကို အသိအမှတ်မပြုပါဘူး။

    ၁၉၇၈ ခုနှစ် အမေရိကန်အစိုးရရဲ့ ဥပဒေပိုင်းဆိုင်ရာ သဘောထားမှာလည်း ဒီတရားမဝင်အိမ်ယာတွေဟာ ‘နိုင်ငံတကာ ဥပဒေနဲ့ မညီဘူး’ လို့ သတ်မှတ်ထားတာပါ။

    ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အဖက်ဖက်ကနေ ဥပဒေပိုင်းဆိုင်ရာ လေ့လာ သုံးသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အနောက်ဖက်ကမ်း‌ဒေသမှာရှိတဲ့ အစ္စရေးရဲ့ လူနေအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးဆိုတဲ့ သဘောထားမျိုး ဆက်လက်ထားရှိသွားတော့မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၈ ခုနှစ် သဘောထားကိုလည်း ထရမ့်အစိုးရက လိုက်နာမှာမဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

    ပါလက်စတိုင်းပိုင်နက်အတွင်းမှာရှိတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဒီလိုလုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်အမြောက်အများ ထုတ်ပြန်ထားပါတယ်။

    ဆန့်ကျင်ရှုတ်ချ

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာက အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ လုံး၀ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာဥပဒေ ဆုံးဖြတ်ချက်တွေကို ပယ်ချဖို့ အမေရိကန်မှာ အာဏာ မရှိသလို၊ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေကို တရာဝင်ကြောင်း အာမခံဖို့ အခွင့်လည်းမရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အမေရိကန်အနေနဲ့ ဒီလိုရပ်တည်ချက်ပြောင်းလဲမှုကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်သန်ရေးမှာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ ‌သတိပေးခဲ့ပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာရုံး OHCHR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလ်က အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ကုလရဲ့ ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂကလည်း မိမိတို့အနေနဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆောက်လုပ်ထားတဲ့ အစ္စရေးရဲ့ တရားမဝင် အိမ်ယာတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ဆန့်ကျင်ပြီး ရေရှည်ငြိမ်းချမ်းရေး ရည်မှန်းချက်ကို ပျက်ဆီးစေမယ်ဆိုတဲ့ သဘောထားအတိုင်း ဆက်ရှိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကန်နသ် ရို့သ်က ပွမ်ပီယိုရဲ့ ထုတ်ပြန်ချက်ကြောင့် ဘာပြောင်းလဲမှုမှ ဖြစ်လာမှာမဟုတ်ဘဲ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာဥပဒေအရ ကြေငြာချက်တွေကို ထရမ့်ကလည်း ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရေပန်းစားနေတဲ့ ဘာနီ ဆန်းဒါးစ်ကလည်း ပါလက်စတိုင်းက အစ္စရေးရဲ့အိမ်ယာတွေဟာ တရားမဝင်ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အစ္စရေးဘက်လိုက်

    ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော် သိမ်းပိုက်ထားပြီး တရားမဝင်အိမ်ယာ ဆောက်လုပ်မှုဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကိစ္စမှာ အဖုအထစ်တစ်ခု ဖြစ်နေတာပါ။

    အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးမှာ ကြားဝင်ဆွေးနွေးသူအဖြစ် ရှိခဲ့ပေမယ့် ထရမ့်အစိုးရ လက်ထက်မှာတော့ အစ္စရေးဘက်လိုက်တဲ့ မူဝါဒတွေကို ချမှတ်ခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်ထားပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု တည်ထောင်ချင်နေတာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာတော့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလရဲ့ UNRWA အဖွဲ့ကို ရန်ပုံငွေ ဖြတ်တောက်ကြောင်း အမေရိကန်က ကြေငြာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် မတ်လမှာလည်း ထရမ့်ဟာ ၁၉၈၁ ခုနှစ်မှာ အစ္စရေးက ဆီးရီးယားထံကနေ ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မိုက်ပွမ်ပီယိုရဲ့ မနေ့ကထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဒါဟာ သမိုင်းဆိုင်ရာ အမှားတစ်ခုကို ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • အမေရိကန် အထက်တန်းကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး

    အမေရိကန် အထက်တန်းကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ် ၂ ဦးသေဆုံး

    နိုဝင်ဘာ ၁၅၊ ၂၀၁၉
    M-Media

    Students are escorted outside of Saugus High School after reports of a shooting on Thursday, Nov. 14, 2019, in Santa Clarita, Calif. (AP Photo/Marcio Jose Sanchez)

    -အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က အထက်တန်းကျောင်းတစ်ခုမှာ မနေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အခုနှစ်အတွင်း ၈၅ ကြိမ်မြောက် ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ပါတယ်။

    လော့စ်အိန်ဂျလိစ်နဲ့ သိပ်မဝေးတဲ့ ဆန်တာ ကလာရီတာမြို့ Saugus အထက်တန်းကျောင်းမှာ အသက် ၁၆ နှစ်အရွယ်ကျောင်းသားတစ်ဦးက ပစ္စတိုသေနတ်နဲ့ အတန်းဖော်တွေကို ပစ်ခတ်ခဲ့တာပါ။ သေနတ်သမားဟာ နောက်ပိုင်းမှာ သူ့ရဲ့ခေါင်းကို ပစ်ခတ်ခဲ့ပေမယ့် မသေဘဲ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    သေဆုံးသွားသူတွေဟာ အသက် ၁၆ နှစ်အရွယ် ကျောင်းသူနဲ့ ၁၄ နှစ်အရွယ် ကျောင်းသားတို့ ဖြစ်ပါတယ်။ အသက် ၁၄ နဲ့ ၁၅ နှစ်အရွယ် ကျောင်းသူ ၂ ဦး၊ ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးတို့လည်း အခုအဖြစ်အပျက်မှာ ဒဏ်ရာရခဲ့ပါတယ်။

    သေနတ်သမားဟာ တစ်ယောက်တည်းကျူးလွန်ခဲ့တာဖြစ်ပြီး ဘာ့ကြောင့် ကျူးလွန်ရတယ်ဆိုတဲ့ နောက်ကွယ်ကအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက စာသင်ကျောင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုတွေဟာ ၈၅ ခုအထိ ရှိလာခဲ့ပါတယ်။ နိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုတွေမြင့်တက်လာတာကြောင့် သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် တက်ကြွလှုပ်ရှားသူတွေက အစိုးရကို ပိုမိုတွန်းအားပေးလာကြပါတယ်။

    Ref: Aljazeera