News @ M-Media

Tag: US

  • ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်မှ အရှေ့အလယ်ပိုင်းပြဿနာ ပြေလည်မည်ဟု ဂျော်ဒန်ဘုရင် သတိပေး

    ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်မှ အရှေ့အလယ်ပိုင်းပြဿနာ ပြေလည်မည်ဟု ဂျော်ဒန်ဘုရင် သတိပေး

    မေ ၃၁၊ ၂၀၁၉
    M-Media

    ဂျော်ဒန်ဘုရင်နှင့် ကက်ရှ်နာတို့ တွေ့ဆုံစဉ်

    -အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေးဟာ မပါမဖြစ် ပါဝင်ရမယ့် အရာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အကြံပေး ဂျာရဒ် ကက်ရှ်နာကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက ပြောကြားလိုက်ပါတယ်။

    ထရမ့်ရဲ့ သားမက်လည်းဖြစ်တဲ့ ကက်ရှ်နာဟာ ပါလက်စတိုင်း-အစ္စရေး ပြဿနာဖြေရှင်းရေး အဓိကထား ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ အမေရိကန်ဟာ လာမယ့်လအတွင်း ဒီကိစ္စအတွက် အဆိုပြုချက်တစ်ခု ထုတ်ပြန်ဖို့ရှိနေပြီး အဲဒီအထဲမှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ရေးကိစ္စ ပါဝင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

    ကက်ရှ်နာဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဗုဒ္ဓဟူးနေ့က လက်ခံတွေ့ဆုံစဉ် ဘုရင် အဘ်ဒူလာက မထုတ်ပြန်သေးတဲ့ အမေရိကန်ရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိကြောင်း ပြောကြားခဲ့သလို၊ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေကနေ တပ်တွေ ရုပ်သိမ်းပေးရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

    “အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး၊ ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက်နေ့မတိုင်ခင် ရှိခဲ့တဲ့ နယ်မိတ်အတိုင်း လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာစေမယ့် နှစ်နိုင်ငံတည်ရှိရေးကို အခြေခံ ဆောင်ရွက်မှသာလျှင် ပြီးပြည့်စုံပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်ကြောင်း ဘုရင်မင်းမြတ်က အလေးထား ပြောကြားခဲ့ပါတယ်” လို့ ဂျော်ဒန်နန်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အရှေ့ဂျေရုစလင်၊ ဂါဇာနဲ့ အနောက်ဖက်ကမ်းတို့ ပါဝင်တဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဟာ အစ္စရေးနဲ့အတူ ယှဉ်တွဲတည်ရှိရေးမူကို ကမ္ဘာ့နိုင်ငံတွေနဲ့အတူ အမေရိကန်က အစဉ်တစ်စိုက် လက်ခံလာပေမယ့် ထရမ့်လက်ထက် ပြီးခဲ့တဲ့နှစ်မှာတော့ ပါလက်စတိုင်းကို အစ္စရေးအောက်မှာ
    သွင်းပြီး ပြဿနာပြေလည်အောင် လုပ်လို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    လာမယ့်လ ဘာရိန်းနိုင်ငံ မာနာမာမှာလုပ်မယ့် စီးပွားရေးဖိုရမ်မှာ အမေရိကန်ရဲ့ ပါလက်စတိုင်း-အစ္စရေးပြဿနာ ဖြေရှင်းရေး အဆိုပြုချက် ပထမပိုင်းကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

    ဂျော်ဒန်ဘုရင် အဘ်ဒူလာက အဲဒီအဆိုပြုချက်ဟာ ကာလကြာရှည် ရှိခဲ့တဲ့ နှစ်နိုင်ငံတည်ရှိရေးမူကို ငြင်းပယ်မှာ စိုးရိမ်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ထရမ့်ဟာ ပြီးခဲ့တဲ့နှစ်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ပါလက်စတိုင်းနဲ့ ကမ္ဘာ့နိုင်ငံတွေက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ လာမယ့်လထုတ်ပြန်မယ့် အဆိုပြုချက်ဟာလည်း မျှတမမှုရှိမှာမဟုတ်တဲ့အတွက် လက်မခံဘူးလို့ ပါလက်စတိုင်းတွေက ပြောကြားထားပါတယ်။

    Ref: Aljazeera

  • သမ္မထရမ့်၏ နျူကိစ္စမှတ်ချက် ဒေသတွင်းမတည်ငြိမ်အောင်လုပ်ခြင်းဟု အီရန်တုန့်ပြန်

    သမ္မထရမ့်၏ နျူကိစ္စမှတ်ချက် ဒေသတွင်းမတည်ငြိမ်အောင်လုပ်ခြင်းဟု အီရန်တုန့်ပြန်

    မေ ၂၈၊ ၂၀၁၉
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နျူလက်နက်နဲ့ပတ်သက်တဲ့ မှတ်ချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်တဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

    ဂျပန်ကိုရောက်ရှိနေတဲ့ ထရမ့်က အမေရိကန်ဟာ အီရန်အစိုးရ ပြုတ်ကျဖို့ ဆောင်ရွက်နေတာမဟုတ်ဘဲ နျူလက်နက် မရအောင် တားဆီးနေတာ ဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အီရန်အနေနဲ့ သဘောတူညီချက်တစ်ခု ရရှိအောင်လုပ်မယ်လို့ ယုံကြည်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မိမိတို့အနေနဲ့ နျူလက်နက်ရရှိအောင် လုပ်ဆောင်နေတာမျိုး မရှိဘဲ အမေရိကန်ဟာ ဒေသတွင်း တင်းမာမှု မြင့်တက်ဖို့၊ အီရန်ပြည်သူတွေကို နာကျင်စေဖို့ စွပ်စွဲပြောဆိုနေတာသာ ဖြစ်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက နျူလက်နက်ပိတ်ပင်တဲ့ ဖသ်ဝါဓမ္မသတ်ကို အရင်ကတည်းက ထုတ်ပြန်ကာ အီရန်ဟာ နျူလက်နက် ဖန်တီးမှာမဟုတ်ဘူးလို့ ပြောထားပြီးသားပါ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ်မေလမှာ ကြေငြာပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။ အခုလမှာတော့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ လေယာဉ်တင်သင်္ဘောတစ်စီးကို စေလွှတ်ကာ၊ ဗုံးကြဲလေယာဉ်အုပ်နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေကို တပ်တိုး ချထားခဲ့ပါတယ်။

    ဒါ့အပြင် နောက်ထပ် တပ်ဖွဲ့ဝင် ၁၅၀၀ ကို ထပ်မံ စေလွှတ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို တပ်တွေ ထပ်တိုးချထားရတာဟာ အီရန်ရဲ့ တိုက်ခိုက်နိုင်မှုကို ကာကွယ်ဖို့ ဖြစ်တယ်လို့လည်း အမေရိကန် ပြောကြားထားပါတယ်။

    Ref: Aljazeera

  • အမေရိကန်စစ်သင်္ဘောအား လျှို့ဝှက်လက်နက်ဖြင့် မြှုပ်နိုင်သည်ဟု အီရန် စစ်ဖက်အကြီးအကဲ ပြော

    အမေရိကန်စစ်သင်္ဘောအား လျှို့ဝှက်လက်နက်ဖြင့် မြှုပ်နိုင်သည်ဟု အီရန် စစ်ဖက်အကြီးအကဲ ပြော

    မေ ၂၅၊ ၂၀၁၉
    M-Media

    လေယာဉ်တင်သင်္ဘော ပါဝင်သည့် အမေရိကန် ရေတပ်သင်္ဘော အုပ်စု

    -ပင်လယ်ကွေ့မှာ တပ်ဖြန့်ချထားတဲ့ အမေရိကန် စစ်သင်္ဘောတွေကို ဒုံးကျည်တွေ၊ လျှို့ဝှက်လက်နက်တွေ အသုံးပြုပြီး ပစ်မြှုပ်နိုင်တယ်လို့ အီရန်စစ်တပ် ထိပ်တန်းအကြီးအကဲတစ်ဦးက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    နှစ်ဖက် တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အမေရိကန်ဟာ အခုလအစောပိုင်းမှာ ပင်လယ်ကွေ့ဒေသကို လေယာဉ်တင်သင်္ဘော၊ ဗုံးကြဲလေယာဉ်နဲ့ ဒုံးခွင်းစနစ်တွေ ပို့ဆောင်ခဲ့သလို့ နောက်ထပ် စစ်သည် ၁၅၀၀ လောက် ပို့ဆောင်ဖို့လည်း ရှိနေပါတယ်။ ဒါဟာ အီရန်ရဲ့ရန်ကို
    ကာကွယ်ဖို့ဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

    အီရပ်စစ်တပ်ရဲ့ အကြံပေးတစ်ဦးဖြစ်သူ ဗိုလ်ချုပ် မော်တီဇာ ကုရ်ဘာနီက အမေရိကန်ကို သတိပေးခဲ့ပါတယ်။

    “အမေရိကန်ဟာ ဒေသတွင်းကို ရေတပ်သင်္ဘော ၂ စီး လွှတ်ထားတယ်။ နည်းနည်းလေး မိုက်ရူးရဲ ဆန်လိုက်တာနဲ့ ကျွန်တော်တို့ဟာ ဒုံးကျည်နှစ်လုံး၊ လျှို့ဝှက်လက်နက်သစ် ၂ ခုနဲ့ အဲဒီသင်္ဘောတွေကို ရေအောက် မြှုပ်ပစ်လိုက်မှာပါ”

    မေလ ၁၂ ရက်နေ့က ယူအေအီးနိုင်ငံ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံရမှုဟာ အီရန်ရဲ့လက်ချက် ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က အရှေ့အလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ထပ်တိုးချထားမယ့် အစီအစဉ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အလွန် အန္တရာယ်ကြီးတဲ့လုပ်ရပ် ဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

    Ref: The Star

  • အရှေ့အလယ်ပိုင်းတွင် တပ်ထပ်ချမည့် အမေရိကန်၏ အစီအစဉ် အလွန်အန္တရာယ်ရှိဟု အီရန်ပြော

    အရှေ့အလယ်ပိုင်းတွင် တပ်ထပ်ချမည့် အမေရိကန်၏ အစီအစဉ် အလွန်အန္တရာယ်ရှိဟု အီရန်ပြော

    မေ ၂၅၊ ၂၀၁၉
    M-Media

    ပင်လယ်ကွေ့ရှိ အမေရိကန် လေယာဉ်တင်သင်္ဘော

    -အရှေ့အလယ်ပိုင်းမှာ တပ်တွေ ထပ်တိုးချမယ့် အမေရိကန်ရဲ့ အစီအစဉ်ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် အလွန် အန္တရာယ်များတဲ့လုပ်ရပ် ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ် တပ်ဖွဲ့ဝင် ၁၅၀၀ ချထားမယ်လို့ မနေ့က ထုတ်ပြန်ပြောကြားခဲ့ပြီး အီရန်ရဲ့ ရန်ကနေ ကာကွယ်ဖို့ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

    ဇာရစ်ဖ်ကတော့ အမေရိကန်ရဲ့ တပ်တွေ ထပ်တိုးချထားမယ့် အစီအစဉ်ကို ဝေဖန်ခဲ့ပါတယ်။

    “ကျွန်တော်တို့ ဒေသအတွင်းမှာ အမေရိကန်ရဲ့ တည်ရှိမှုကို တိုးချဲ့တာဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တော်တော်လေးကို အန္တရာယ်ရှိပြီး ဒါကို ဖြေရှင်းရပါမယ်”

    တပ်တွေ ထပ်တိုးချထားဖို့ အမေရိကန်က အကြောင်းပြချက် ပေးရာမှာ မေလ ၁၂ ရက်နေ့က ယူအေအီးနိုင်ငံ ဖူဂျိုင်ရာ ကမ်းလွန်မှာ ရေနံတင်သင်္ဘော ၄ စင်း တိုက်ခိုက်ခံရမှုလည်း ပါဝင်ပါတယ်။ တိုက်ခိုက်မှုအတွင်း သူတို့ သင်္ဘော ၂ စီးဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ထားပါတယ်။

    အမေရိကန်တာဝန်ရှိသူတွေက တိုက်ခိုက်မှုမှာ အီရန်ပါဝင်တယ်ဆိုတာ ကနဦး သုံးသပ်မှုတွေအရ သိရတယ်လို့ ထုတ်ပြန်ထားပေမယ့် အသေးစိတ်အချက်အလက်တွေကတော့ ထွက်မလာသေးပါဘူး။

    သမ္မတထရမ့်က တပ်တွေ ထပ်တိုးချထားဖို့ စီစဉ်မှုဟာ အရှေ့အလယ်ပိုင်းမှာရှိနေတဲ့ အမေရိကန်တပ်တွေရဲ့ လုံခြုံရေးအတွက် ဖြစ်တယ်လို့ မနေ့က ဂျပန်ကို မသွားရောက်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ ထရမ့်က ပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။ အမေရိကန်ဟာ အီရန်အပေါ် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့သလို အခုလမှာတော့ အရှေ့အလယ်ပိုင်းဒေသမှာ လေယာဉ်တင်သင်္ဘော၊ ဗုံးကြဲလေယာဉ်နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ် ချထားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်မှာ အန္တရာယ်ရှိသော ကစားပွဲကို ကစားနေသည်ဟု အီရန် သတိပေး

    အမေရိကန်မှာ အန္တရာယ်ရှိသော ကစားပွဲကို ကစားနေသည်ဟု အီရန် သတိပေး

    မေ ၂၂၊ ၂၀၁၉
    M-Media

    အမေရိကန်ဗုံးကြဲလေယာဉ် ဆီဖြည့်စဉ်

    – ပင်လယ်ကွေ့ဒေသမှာ စစ်အင်အား ဖြည့်တင်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ အန္တရာယ်ရှိတဲ့ ကစားပွဲတစ်ခုကို ကစားနေတာ ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သတိပေးလိုက်ပါတယ်။

    အမေရိကန်ဟာ အခုလအစောပိုင်းမှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဗုံးကြဲလေယာဉ်နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်တွေကို ပင်လယ်ကွေ့ဒေသမှာ ထပ်မံချထားခဲ့ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    ဇာရစ်ဖ်က ဒီလို ဒေသသေးသေးလေးမှာ စစ်လက်နက်ပစ္စည်းတွေ စုပြုံထားခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားနိုင်တယ်လို့ မနေ့က CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    “သိပ်ကို သတိထားဖို့ လိုပါတယ်။ အမေရိကန်ဟာ အရမ်းအန္တရာယ်ရှိတဲ့ ကစားပွဲကို ကစားနေတာပါ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့တာပါ။ အမေရိကန်ဟာ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့သလို၊ အခုလမှာတော့ ပင်လယ်ကွေ့ဒေသမှာ တပ်အင်အား တိုးချဲ့တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

    ဇာရစ်ဖ်က အီရန်ဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်နဲ့ပတ်သက်လို့ မျှော်လင့်ချက်ကောင်း ထားရှိပြီး ထရမ့်အစိုးရက အီရန်အပေါ် စီးပွားရေးစစ်ပွဲ ဆင်နွှဲနေကြောင်း၊ မိမိတို့တိုင်းပြည်ကို အကျပ်ကိုင် ခြိမ်းခြောက်လို့ မရကြောင်း အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အီရန်သမ္မတ ရူဟာနီကလည်း အမေရိကန်ဟာ အီရန်ကို ခြိမ်းခြောက်တဲ့အချိန်တိုင်း နိုင်ငံတကာနဲ့ ပြည်တွင်းက ဖိအားကြောင့် ၂ နာရီမပြည့်ခင်မှာပဲ နောင်တရသွားတတ်ကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အီရန်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီက အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေကို ဖြေရှင်းပေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့နှစ်ခု စေလွှတ်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera