News @ M-Media

Tag: US

  • တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    တရုတ်အတွက် သူလျှိုလုပ်ပေးသည့် CIA အရာရှိဟောင်း ထောင်နှစ် ၂၀ ကျ

    မေ ၁၉၊ ၂၀၁၉
    M-Media

    -တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ CIA အရာရှိဟောင်းကို အမေရိကန်က သောကြာနေ့မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပြီး၊ ဒီကိစ္စဟာ အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀ိုင်းမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ထောင်ဒဏ် ချမှတ်ခံရသူဟာ အသက် ၆၂ နှစ်အရွယ် ကီဗင် မာလိုရီဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လနဲ့ ဧပြီလတွေတုန်းက ရှန်ဟိုင်းမြို့ကို သွားရောက်မှုအတွင်း အမေရိကန် ကာကွယ်ရေးအချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးအေးဂျင့်ထံ ဒေါ်လာ ၂ သောင်းခွဲနဲ့ ရောင်းစားမှုအတွက် သူလျှိုအက်ဥပဒေနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

    တရုတ်စကား ကောင်းကောင်းပြောတတ်တဲ့ မာလိုရီဟာ အရင်က အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အဲဒီနောက် အမေရိကန်အစိုးရ ထောက်လှမ်းရေးအေးဂျင့်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ရဲ့ အသွင်ယူအေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    တရုတ်ထောက်လှမ်းရေးနဲ့ ပတ်သက်ဆယ်နွယ်မှုအတွက် ဖမ်းဆီးခံရတဲ့ အရာရှိတွေဟာ မာလိုရီတစ်ဦးတည်း မဟုတ်ပါဘူး။

    ဧပြီလတုန်းကလည်း သံတမန်ဟောင်း မာရီ ကလိုင်ဘိုနီဟာ အမေရိကန်အစိုးရ စာရွက်စာတမ်းတွေအတွက် တရုတ်ထောက်လှမ်းရေးထံကနေ ငွေကြေးရယူခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ဖွင့်မပြောခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

    တရုတ်အတွက် သူလျှိုလုပ်ပေးမှုမှာ ထင်ရှားတဲ့ အဖြစ်အပျက်ကတော့ CIA အရာရှိဟောင်း ဂျယ်ရီ ချွန် ရှင်းလီက တရုတ်အတွက် သူလျှိုလုပ်ပေးခဲ့ကြောင်း မေလ ၁ ရက်နေ့မှာ ၀န်ခံခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၅၄ နှစ်အရွယ် လီဟာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အတွင်း တရုတ်မှာရှိတဲ့ CIA သတင်းပေး ကွန်ယက်ကို ဖြိုခွဲဖို့ လိုအပ်တဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ပေးအပ်ခဲ့မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိနေပါတယ်။

    အမေရိကန် ဒုတိယရှေ့နေချုပ် ဂျွန် ဒီမာရ်က မာလိုရီရဲ့ အမှုဟာ အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: CNA

  • အမေရိကန်ရှိ ဗလီတစ်လုံး မီးရှို့ခံရ၊ အစိုးရစားရိတ်ဖြင့် ပြင်ဆင်ပေးပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

    အမေရိကန်ရှိ ဗလီတစ်လုံး မီးရှို့ခံရ၊ အစိုးရစားရိတ်ဖြင့် ပြင်ဆင်ပေးပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

    မေ ၁၄၊ ၂၀၁၉
    M-Media


    မီးရှို့ခံခဲ့ရသည့် Diyanet ဗလီဝတ်ကျောင်းတော်

    -အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ် နယူးဟဲဗန်းမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ တနင်္ဂနွေနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    Diyanet ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက် ပျက်ဆီးခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေမှူး နဒ် လာမွန်က ဒီမီးရှို့မှုကို ရှုတ်ချခဲ့ပါတယ်။

    “ဘယ်ဘာသာရဲ့ ဘာသာရေးအဆောက်အဦးကိုပဲဖြစ်ဖြစ် အမုန်းတရားနဲ့ တိုက်ခိုက်တာမျိုးဟာ ရှက်ရွံ့စရာ၊ စက်ဆုပ်ဖွယ်ရာကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုမျိုး မရှိစေရပါဘူး။ နယူးဟဲဗန်းက တာဝန်ရှိသူတွေနဲ့အတူ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမှာဖြစ်ပြီး ကျူးလွန်သူတွေကိုလည်း အရေးယူသွားမှာပါ”

    မြို့နယ် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အော်လန်ဒို မာကာနိုက ဗလီဝတ်ကျောင်းတော်ကို ပြန်လည် ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး၊ ကျူးလွန်သူတွေ ဖမ်းနိုင်ဖို့ သတင်းပေးရင် ကန်ဒေါ်လာ ၂၅၀၀ ဆုငွေပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ထိခိုက်ခံစားရသူတွေနဲ့အတူ ရှိနေကြောင်း ကျွန်တော် ပြောကြားလိုပါတယ်”

    ဒီကိစ္စအတွက် ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးမှုတွေအပြင် FBI နဲ့ Bureau of Alcohol, Tobacco, Firearms and Explosives ဌာနတွေလို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဂျွန် အလက်စ်တန်က ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • အီရန်ကိုတုန့်ပြန်ရန် အမေရိကန်က အရှေ့အလယ်ပိုင်းတွင် ဒုံးခွင်းစနစ်နှင့် စစ်အင်အား တိုးမြှင့်မည်

    အီရန်ကိုတုန့်ပြန်ရန် အမေရိကန်က အရှေ့အလယ်ပိုင်းတွင် ဒုံးခွင်းစနစ်နှင့် စစ်အင်အား တိုးမြှင့်မည်

    မေ ၁၁၊ ၂၀၁၉
    M-Media

    -အရှေ့အလယ်ပိုင်းကို ပက်ထရီယော့ ဒုံးခွင်းစနစ်နဲ့ နောက်ထပ် စစ်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ဖို့ အမေရိကန်အစိုးရက မနေ့မှာ အတည်ပြုလိုက်ပြီး အီရန်ရဲ့ စစ်ရေးအသင့်ဖြစ်နေမှုကို တုန့်ပြန်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ လေယာဉ်တင်သင်္ဘော USS Abraham Lincoln ကို အခုတစ်ပတ် အစောပိုင်းက အရှေ့အလယ်ပိုင်းကို စေလွှတ်ခဲ့ပြီး မနေ့က အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းကနေ ဖြတ်ကျော်ကာ ပင်လယ်နက်ထဲအထိ ဆက်လက် ခုတ်မောင်းနေပါတယ်။

    ပက်ထရီယော့ ဒုံးခွင်းစနစ်နဲ့အတူ အရှေ့အလယ်ပိုင်းကို နောက်ထပ်စေလွှတ်မယ့် စစ်သင်္ဘောက USS Arlington ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ ကုန်းတစ်ပိုင်းရေတစ်ပိုင်း ယာဉ်တွေ၊ ရဟတ်ယာဉ်အငယ်စားတွေကို တင်ဆောင်ထားပြီး မရိန်းတပ်ဖွဲ့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရက ဒီလို စစ်အင်အား ချထားရခြင်းဟာ အီရန်ရဲ့ ထိုးစစ်ဆင်ရေး ပြင်ဆင်ထားမှုကို တုန့်ပြန့်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုတစ်ပတ် အစောပိုင်းမှာလည်း B-52 အပါအ၀င် ဗုံးကြဲလေယာဉ်အုပ်စုကို အမေရိကန်က ကာတာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

    ပက်ထရီယော့ ဒုံးခွင်းစနစ်ဟာ လေယာဉ်တွေ၊ ဒရုန်းတွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပစ်ချနိုင်မှာဖြစ်ပြီး လက်ရှိ ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာတာနဲ့ ယူအေအီးတို့မှာ ချထားပါတယ်။

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်သွားခဲ့တဲ့ ပြီးခဲ့တဲ့နှစ် မေလကတည်းက အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ အီရန်ကတော့ အမေရိကန်ရဲ့ အခုလုပ်ရပ်ဟာ ကြောက်လန့်အောင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် ရေကြောင်း စီမံခန့်ခွဲရေးဌာန MARAD က အီရန်နဲ့ သူလက်သပ်မွေးထားတဲ့ အဖွဲ့တွေဟာ အရှေ့အလယ်ပိုင်းက အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ဟာ မေလအစောပိုင်းကတည်းက မြင့်တက်လာခဲ့တယ်လို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်၏ ဖိအားကို မမှုဘဲ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူမည်ဟု တူရကီ ထပ်ပြော

    အမေရိကန်၏ ဖိအားကို မမှုဘဲ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူမည်ဟု တူရကီ ထပ်ပြော

    မေ ၅၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေး သဘောတူညီချက်အတွက် အမေရိကန်ရဲ့ ဖိအားပေးမှုကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူးလို့ တူရကီ ဒုတိယသမ္မတ ဖောက် အော့ကတေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    S-400 ဒုံးခွင်းစနစ်တွေကို ၀ယ်ရင် မိမိတို့ထံက F-35 တိုက်လေယာဉ် ၀ယ်ယူမှုမှာ အဟန့်အတားဖြစ်လိမ့်မယ်လို့ အမေရိကန်က တူရကီကို သတိပေးထားပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ တူရကီက S-400 နဲ့ F-35 ၀ယူယ်မှု သဘောတူညီချက်တွေဟာ တစ်ခုနဲ့တစ်ခု ဘာမှမဆိုင်တာကြောင့် ဒုံးခွင်းစနစ် ၀ယ်ယူရေးကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားတာပါ။

    ဒီကနေ့ Kanal 7 သတင်းဌာနနဲ့ အင်တာဗျူးမှာ တူရကီဒုတိယသမ္မတက အမေရိကန်ရဲ့ ဒီစိုးရိမ်မှုတွေဟာ ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ မိမိတို့ဖက်ကလည်း နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် ခေတ္တ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က တူရကီအနေနဲ့ ရုရှားထံကနေ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူမယ်ဆိုရင် F-35 တိုက်လေယာဉ်တွေအတွက် တူရကီမှာ အပိုပစ္စည်း ထုတ်လုပ်နေမှုကို ရပ်ဆိုင်းသွားမယ်လို့ သောကြာနေ့မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

    ‘နေတိုး’ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီဟာ F-35 တိုက်လေယာဉ် အစီး ၁၀၀ လောက် ၀ယ်ယူဖို့ ရှိနေပြီး အဖွဲ့ဝင်နိုင်ငံတွေမှာ အသုံးပြုနိုင်ရေးအတွက် လေယာဉ်အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပူးပေါင်းထုတ်လုပ်မှု တစ်ချို့ကို အမေရိကန်က ရပ်ဆိုင်းထားပြီး S-400 မ၀ယ်ရင် မိမိတို့ရဲ့ ဒုံးခွင်းစနစ်ကို ရောင်းပေးမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။

    တူရကီသမ္မတ အာဒိုဂန်ကတော့ ရုရှားထံကနေ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူသွားမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။ ရုရှားနိုင်ငံရဲ့ နာမည်ကျော် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဒုံးခွင်းစနစ်တွေထဲမှာ ပါဝင်ပြီး နိုင်ငံတော်တော်များများက ၀ယ်ယူဖို့ စီစဉ်နေပါတယ်။

    Ref: Aljazeera

  • အမေရိကန်တွင် ခရီးသည်တင်လေယာဉ်တစ်စီး မြစ်ထဲထိုးကျ

    အမေရိကန်တွင် ခရီးသည်တင်လေယာဉ်တစ်စီး မြစ်ထဲထိုးကျ

    မေ ၄၊ ၂၀၁၉
    M-Media

    -အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ကာ မြစ်ထဲထိုးကျမှု ဖြစ်ပွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ သေဆုံး၊ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၄၃ ဦးကို တင်ဆောင်လာတဲ့ ဘိုးအင်း 737 လေယာဉ်ဟာ ကျူးဘားက ဂွာတာနာမို ရေတပ်အခြေစိုက်စခန်းကနေ ပျံသန်းလာပြီး ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီးလ်က လေတပ်စခန်းလေယာဉ်ကွင်းမှာ ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး စိန့်ဂျွန်းမြစ်ထဲ ထိုးကျခဲ့တာ ဖြစ်ပါတယ်။

    လေယာဉ်ဟာ ရေတိမ်ပိုင်းကို ကျဆင်းခဲ့တဲ့အတွက် ရေမမြုပ်ခဲဘဲ ခရီးသည်တွေကိုလည်း မရိန်းတပ်ဖွဲ့တစ်ခုက ကယ်တယ်ခဲ့တယ်လို့ ဂျက်ဆန်ဗီးလ်အုပ်ချုပ်ရေးမှူးရုံးရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်မှာ သေဆုံးသူတွေ မရှိခဲ့ဘဲ၊ အသေးစားဒဏ်ရာရသူတစ်ချို့သာ ရှိခဲ့ပါတယ်။

    ဘာ့ကြောင့် ဒီလိုဖြစ်ပွားရတယ်ဆိုတဲ့တာကို အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

    ဂျက်ဆန်ဗီးလ် မီးသတ်ဌာနနဲ့ အမေရိကန် ရေတပ်တို့ကလည်း ဒီအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း သူတို့အဖွဲ့ဝင်တွေ သွားရောက်ကယ်ဆယ်မှုတွေ လုပ်နေတယ်လို့ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera