News @ M-Media

Tag: US

  • ကိုယ်အင်္ဂါအစားထိုးကုသမှုအတွက် ဒရုန်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ အသုံးပြုနိုင်

    ကိုယ်အင်္ဂါအစားထိုးကုသမှုအတွက် ဒရုန်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ အသုံးပြုနိုင်

    မေ ၂၊ ၂၀၁၉
    M-Media

    ကျောက်ကပ်ပို့ဆောင်သည့် မြင်ကွင်း

    – အမေရိကန်ပြည်ထောင်စု မေရီလန်းတက္ကသိုလ်က ဆေးရုံမှာ လူနာတစ်ဦး ကျောက်ကပ် အစားထိုးကုသမှုအတွင်း ဒရုန်းနဲ့ ကျောက်ကပ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ ဆေးပညာသမိုင်းမှာ အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုအတွက် ပထမဆုံးအကြိမ် လူမဲ့ယာဉ်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီအောင်မြင်မှုကို မေရီလန်းတက္ကသိုလ်က ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အစားထိုးမယ့်ကျောက်ကပ်ကို ဘယ်လောက်ဝေးတဲ့နေရာက၊ အချိန်ဘယ်လောက်အတွင်း ဒရုန်းနဲ့ ပို့ဆောင်ခဲ့လဲဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

    ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသရမှာ တစ်ချို့အစိတ်အပိုင်းတွေဟာ အချိန်အနည်းငယ်သာ အထားခံတာကြောင့် ခွဲစိပ်ခန်းကို အချိန်မီရောက်အောင်
    ပို့ဆောင်နိုင်ရေးဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ဒရုန်းတွေကို အသုံးပြုခြင်းအားဖြင့် ပို့ဆောင်ရာမှာ အချိန်ကြန့်ကြာမှုနဲ့ အခြား ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒရုန်းတွေဟာ အပူချိန်လို ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအတွက် အရေးပါတဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ပါတယ်။ မေရီလန်းတက္ကသိုလ်က အသုံးပြုခဲ့တဲ့ ဒရုန်းဟာ ပန်ကာနဲ့ ဘတ္တရီအပိုတွေ ပါဝင်သလို မတော်တဆ ပြုတ်ကျတာမျိုးဖြစ်ရင် အသုံးပြုနိုင်မယ့် လေထီးငယ်တစ်ခုလည်း ပါဝင်ပါတယ်။

    ခွဲစိပ်မှုမှာ ပါဝင်ခဲ့တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုးဆက်ပ် စကာလီယာက အခုလို ဒရုန်းတွေကို အသုံးပြုနိုင်ခြင်းအားဖြင့် အပြင်မှာ ကြာကြာထားလို့မရတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ အစားထိုးကုသမှုကို ပိုမိုလုပ်ဆောင်လာနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ အင်္ဂါအစိတ်ပိုင်းတွေအတွက် Uber ပါပဲ”

    အမှန်တကယ် အသုံးမပြုခင် ၄၄ ကြိမ်၊ နာရီပေါင်း ၇၀၀ ကျော် စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

    ကျောက်ကပ်အစားထိုးကုသူဟာ ဘာလ်တီမိုးမြို့က သူနာပြုတစ်ဦးဖြစ်ပြီး ပုံမှန် ကျောက်ကပ်ဆေးမှုကို ၈ နှစ်တာ ပြုလုပ်ခဲ့ရပြီးတဲ့နောက် အစားထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Business Insider

  • အမေရိကန်ရှိ ဂျူးဘုရားကျောင်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရ

    အမေရိကန်ရှိ ဂျူးဘုရားကျောင်းတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရ

    ဧပြီ ၂၈၊ ၂၀၁၉
    M-Media

    တိုက်ခိုက်ခံရည့် ဂျူးဘုရားကျောင်း

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ဂျူးဘုရားကျောင်းတစ်ခုကို သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကာ အာဏာပိုင်တွေကတော့ ဒါဟာ အမုန်းဆောင်ရာဇ၀တ်မှုလို့ ထုတ်ပြန်ထားပါတယ်။

    ပိုဝေမြို့ Chabad of Poway ဆိုတဲ့ ဂျူးဘုရားကျောင်းမှာ မနေ့က ၀တ်ပြုဆုတောင်းသူနေစဉ် အသက် ၁၉ နှစ်အရွယ် လူဖြူအမျိုးသား ဂျွန်အန်းနက်စ်ဆိုသူက ချေမှုန်းရေးရိုင်ဖယ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိ ၀ီလီယံဂိုရီက သေနတ်ဟာ ပစ်ခတ်နေစဉ် ဂျမ်းဖြစ်သွားတဲ့လက္ခဏာ ရှိခဲ့တယ်လို့ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

    အန်းနက်စ်ဟာ ပစ်ခတ်မှုပြုလုပ်ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးသွားပေမယ့် နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ထံ လက်နက်ချ  အဖမ်းခံခဲ့ပါတယ်။

    သမ္မတ ဒေါ်နယ်ထရမ့်အပါအ၀င် အမေရိကန်အစိုးရအရာရှိတွေက ဒီပစ်ခတ်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ဂျူးမုန်းတီးရေး တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူ ၄ ဦး ထိခိုက်ခဲ့ပြီး အဲဒီအထဲက အဘွားအိုတစ်ဦးဟာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။

    ပိုဝေးမြို့တော်ဝန် စတီဗ် ဗက်စ်က သေနတ်သမား ဘုရားကျောင်းထဲ ၀င်ရောက်လာစဉ်အချိန်မှာ ဟစ်အော်ခဲ့တဲ့ စကားတွေကြောင့် ဒီတိုက်ခိုက်မှုဟာ အမုန်းရာဇ၀တ်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘာ့ကြောင့် ဒီလိုပစ်ခတ်ရလဲဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ရဲတပ်ဖွဲ့အကြီးအကဲ ဂိုရီကတော့  စုံစမ်းစစ်ဆေးသူတွေဟာ အန်းနက်စ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ သူ့ရဲ့ ‘ကြေငြာစာတမ်း’ တို့ကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်းနက်စ်ဟာ ရာဇ၀တ်မှုမှတ်တမ်းမရှိပေမယ့် ပိုဝေးမြို့အနီး အက်စ်ကွန်ဒီဒိုမြို့မှာ ပြီးခဲ့တဲ့လက ဗလီတစ်လုံးကို မီးရှို့ခဲ့တယ်လို့ သူကိုယ်တိုင် ၀န်ခံထားတဲ့ ကိစ္စကို တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။ ဗလီမီးလောင်မှုမှာ ပျက်ဆီးမှုတွေ ရှိခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က Tree of Life ဂျူးဘုရားကျောင်းကို လူဖြူအစွန်းရောက် အသက် ၄၆ နှစ်အရွယ် ရောဘတ် ဂရီဂိုရီ ဘောင်ဝါဆိုသူက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ၁၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ သမိုင်းမှာ ဂျူးလူမျိုးတွေကို ပစ်မှတ်ထားတဲ့ အကြီးမားဆုံး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပါတယ်။

    သမ္မတဒေါ်နယ်ထရမ့် အာဏာရပြီးနောက်ပိုင်း အမေရိကန်မှာ လူဖြအစွန်းရောက် ၀ါဒနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး သမ္မတရဲ့ လူမျိုးရေးခွဲခြားတဲ့စကားတွေ၊ အပြုအမူတွေက လူဖြူအစွန်းရောက်တွေကို အားပေးသလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • အခွန်စာရင်းတင်ပြရန် သမ္မတထရမ့် နှောင့်နှေးနေမှု အမေရိကန်လွှတ်တော် သတိပေး

    အခွန်စာရင်းတင်ပြရန် သမ္မတထရမ့် နှောင့်နှေးနေမှု အမေရိကန်လွှတ်တော် သတိပေး

    ဧပြီ ၁၄၊ ၂၀၁၉
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စာရွက်စာတမ်းတွေကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထား လွှဲပြောင်းပေးအပ်သွားဖို့ အမေရိကန် လွှတ်တ်ာအမတ်တွေက ပြည်တွင်း အခွန်ဌာနကို မနေ့မှာ တောင်းဆိုလိုက်ပြီး သမ္မတရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွား ပွတ်တိုက်မှု ရှိ၊ မရှိ စစ်ဆေးမယ့်ကိစ္စရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    အမေရိကန်လွှတ်တော်မှာ အခွန်ကိစ္စကို ကြီးကြပ်ဆောင်ရွက်တဲ့ Ways and Means ကော်မတီ ဥက္ကဌ ရစ်ချက်နီးလ်ရဲ့ စနေနေ့ကစာမှာ IRS အနေနဲ့ ထရမ့်ရဲ့ ၆ နှစ်စာ စီးပွားရေး၊ ပုဂ္ဂိုလ်ရေး အခွန်စာရွက်စာတမ်းတွေကို ပေးပို့ဖို့ ပျက်ကွက်မှုအတွက် သတိပေးထားပါတယ်။ အခွန်စာရင်းတွေကို ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ လွှတ်တော်က တောင်းဆိုထားပေမယ့် ထရမ့်အစိုးရက ပျက်ကွက်ခဲ့ပါတယ်။

    အမေရိကန်လွှတ်တော်က ဒီမိုရက်တစ်အမတ်တွေဟာ ဘီလီယံနာ စီးပွားရေးသမား သမ္မတထရမ့်ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွား ပွတ်တိုက်မှု ရှိ၊ မရှိကို စစ်ဆေးနေတာဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမှာ ထရမ့်ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ အခွန်စာရင်းတွေကို ပြည်သူထံ ချပြဖို့ ပျက်ကွက်ခဲ့ပြီး ဒီလိုပျက်ကွက်တဲ့ ပထမဆုံး အမေရိကန်သမ္မတလည်းဖြစ်ပါတယ်။ ဒီစာရင်းတွေကို စာရင်းစစ်တွေက စစ်ဆေးနေတဲ့အတွက် မထုတ်ပြန်နိုင်တာလို့ ထရမ့်က ပြောပါတယ်။

    ပြည်တွင်းအခွန်ဌာန IRS က သူတို့ဟာ စာရင်းကို မထုတ်ပြန်ချင်တာမဟုတ်ဘဲ Ways and Means ကော်မတီဥက္ကဌ နီးလ်က ထုတ်ပြန်ရမယ့် နောက်ဆုံးရက်ကို စိတ်ထဲရှိရာ သတ်မှတ်နေကြောင်း၊ နိုင်ငံရေးအငြင်းပွားမှုမှာ မိမိတို့ဌာန အသုံးချခံမဖြစ်အောင် မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးရှေ့နေဟောင်းတစ်ဦးဖြစ်သူ မီခေးလ် ကိုဟင်က အခွန်စာရွက်စာတမ်းတွေကို စာရင်းစစ်က စစ်နေတယ်လို့ ထရမ့်ရဲ့ ပြောကြားမှုကို မယုံကြည်ကြောင်း၊ IRS က သူ့ ၀င်ငွေထွက်ငွေကို စာရင်းစစ်မှာနဲ့ အခွန်ရှောင်မှုအတွင် ဒဏ်ရိုက်မှာကို ထရမ့်က ကြောက်ရွံ့နေတာဖြစ်ကြောင်း ဖေဖော်ဝါရီလက ပြောကြားခဲ့ဖူးပါတယ်။

    Ref : Aljazeera

  • ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

    ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်း

    ဧပြီ ၁၄၊ ၂၀၁၉
    M-Media

    – ဂြိုဟ်တုတွေကို မြေပြင်ကထက် ဝေဟင်ကနေ လွှတ်တင်နိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံကို မနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

    Roc လို့ အမည်ပေးထားတဲ့ အဲဒီ ဧရာမ လေယာဉ်ပျံကြီးဟာ ကိုယ်ထည်နှစ်ခုပါဝင်ပြီး တောင်ပံနှစ်ဖက် အကွာအဝေးက အမေရိကန်ဘောလုံးအားကစားနည်း ကစားတဲ့ ကွင်းလောက် ရှိပါတယ်။ အင်ဂျင် ၆ လုံး တပ်ဆင်ထားပြီး ကယ်လီဖိုးနီးယားပြည်နယ် မိုဂျာဗီ သဲကန္တရာကနေ စမ်းသပ်ပျံတက်ခဲ့တာ ဖြစ်ပါတယ်။

    လေပေါ်မှာ နှစ်နာရီ ကြာမြင့်ခဲ့တဲ့ အဲဒီလေယာဉ်ပျံဟာ အမြင့် ၅၁၈၂ မီတာအထိ ရောက်ခဲ့ပြီး အမြင့်ဆုံးမြန်နှုန်းဖြစ်တဲ့ တစ်နာရီကို ၃၀၄ ကီလိုမီတာနဲ့ မောင်းနှင်ခဲ့ပါတယ်။ မိုဂျာဗီလေကြောင်းနဲ့ အာကာသစခန်းမှာ ပြန်လည်ဆင်းသက်ခဲ့ပြီး ရာနဲ့ချီတဲ့ လူတွေက စောင့်ကြို သြဘာပေးခဲ့ပါတယ်။

    လေယာဉ်ကို တည်ဆောက်ခဲ့တဲ့ Stratolaunch လုပ်ငန်းကို မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ပေါလ်အလန်က ၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပေါလ်အလန်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဂြိုဟ်တုတွေကို မြေပြင်က လွှတ်တင်တာထက် ဝေဟင်ကနေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် လွှတ်တင်နိုင်ဖို့ ရည်ရွယ်ကာ ဒီလေယာဉ်ကို တည်ဆောက်ခဲ့တာပါ။

    ဒီလေယာဉ်ကြောင့် ဂြိုဟ်တုတွေ လွှတ်တင်တဲ့အခါမှာ ဒုံးပျံ အသုံးပြုစရာမလိုတော့သလို ရာသီဥတုကောင်းအောင်လည်း စောင့်စရာမလိုတော့ဘဲ တိမ်တွေအပေါ် ရာသီဥတု ကောင်းတဲ့နေရာအထိ တက်နိုင်မှာ ဖြစ်ပါတယ်။ အမှန်တကယ် အသုံးပြုတဲ့အချိန်ကျရင် စမ်းသပ်ပျံသန်းတဲ့ အမြင့်ထက် နှစ်ဆ ၁၀၉၇၀ မီတာအထိ တက်နိုင်မှာပါ။ ဘယ်ဖက်ကိုယ်ထည်က လေယာဉ်ပျံသန်းမှု အချက်အလက် သိမ်းဆည်းရာနေရာဖြစ်ပြီး ညာဖက်ကိုယ်ထယ်မှာ ၀န်တင်နိုင်မှာ ဖြစ်ပါတယ်။ Roc ဟာ ၀န်တန်ချိန် ၂၅၀ တန်လောက် သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

     

    Ref: Aljazeera

  • ကလေးများသေဆုံးမှုကြောင့် အမေရိကန်တွင် ကလေးပုခက်တစ်မျိုးကို ဈေးကွက်မှ ပြန်သိမ်းမည်

    ကလေးများသေဆုံးမှုကြောင့် အမေရိကန်တွင် ကလေးပုခက်တစ်မျိုးကို ဈေးကွက်မှ ပြန်သိမ်းမည်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – နာမည်ကြီး ကလေးကစားစရာ ကုမ္ပဏီ Fisher-Price က ထုတ်လုပ်တဲ့ Rock ‘n Play ကလေးပုခက်တွေမှာ ၁၀ နှစ်အတွင်း အနည်းဆုံး လသားကလေးငယ် ၃၀ လောက် သေဆုံးတယ်ဆိုတဲ့ သတင်းတွေကြောင့် ကုမ္ပဏီက ဒီပုခက်တွေကို ဈေးကွက်ကနေ ပြန်သိမ်းတော့မှာ ဖြစ်ပါတယ်။

    ပုခက်တွေကို ပြန်သိမ်းဖို့ အမေရိကန် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မရှင် (CPSC) က သောကြာနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။

    ၂၀၀၉ ခုနှစ်ကနေစပြီး ဒီပုခက်ထဲမှာ သေဆုံးတဲ့ ရင်ခွင်ပိုက် ကလေးငယ်ပေါင်း အနည်းဆုံး ၃၀ လောက် ရှိတယ်လို့ CPSC ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ Rock’n Play ပုခက်တွေမှာ အိပ်ရင်း ခါးပတ်မပတ်ထားတဲ့ ကလေးငယ်တွေဟာ မှောက်ရက်အနေအထား၊ ဘေးစောင်းအနေအထားနဲ့ သေဆုံးမှု ၁၀ ခုလောက်ကို သူတို့ သိရှိခဲ့တယ်လို့လည်း CPSC က ဆိုပါတယ်။

    Fissher-Price ပိုင်ရှင် မက်တဲလ်က ပုခက်တွေကို လိုလိုလားလား ပြန်သိမ်းတာဖြစ်တယ်လို့ အတည်ပြုခဲ့ပေမယ့် ဒီပုခက်တွေက အန္တရာယ်မရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ၀ယ်ယူသူတွေအနေနဲ့ ဒီပုခက်တွေကို မသုံးဖို့လည်း Fisher-Price က သတိပေးထားပါတယ်။

    Fisher-Price ဟာ ဆိုင်တွေက ဒီပုခက်ပေါင်း ၄.၇ သန်းလောက် ပြန်သိမ်းရဖို့ရှိနေပြီး၊ ၀ယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းမှာ ဖြစ်ပါတယ်။

    အမေရိကန် ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ AAP က ဒီပုခက်တွေကို မရဏပုခက်တွေလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပြီး ဒီပုခက်ကြောင့် သေဆုံးခဲ့တဲ့ ရင်ခွင်ပိုက်ကလေးငယ် အရေအတွက်ဟာ ၃၂ ဦး ရှိတယ်လို့ အမေရိကန်မဂ္ဂဇင်း Consumer Reports ရဲ့ ဖော်ပြမှုကို ကိုးကား ထုတ်ပြန်ခဲ့ပါတယ်။

    Ref: BBC