News @ M-Media

Blog

  • အသင်းပြောင်းရွှေ့ရန် ဒီမာရီယာ ကိုယ်တိုင်က တောင်းဆိုခဲ့သည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

    အသင်းပြောင်းရွှေ့ရန် ဒီမာရီယာ ကိုယ်တိုင်က တောင်းဆိုခဲ့သည်ဟု အန်ဆယ်လော့တီ ဖွင့်ဟ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    446124_heroa
    – ကွင်းလယ်လူ ဒီမာရီယာမှာ အသင်းမှ ထွက်ခွာချင်သည်ဟု မိမိအား ပြောကြားထားပြီး အပြောင်းအရွှေ့ရာသီ မပြီးခင် အဖြေတစ်ခု ရှာဖွေသွားမည်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ရီးယဲလ်မက်ဒရစ်အသင်းတွင် ပုံမှန်နေရာပျောက်ဆုံးနေသည့် ဒီမာရီယာအား ကလပ်အသင်းအများအပြားက ခေါ်ယူရန် စိတ်ဝင်စားနေပြီး၊ နည်းပြသစ် ဗန်ဂါးလ်၏ မန်ယူအသင်းသို့ ရောက်ရှိတော့မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    “ဒီနွေရာသီမှာ ပြောင်းရွှေ့ဖို့ သူက တောင်းဆိုထားပါတယ်။ အသင်းမှာဆက်နေဖို့ ကမ်းလှမ်းမှုကို သူ ငြင်းပယ်ခဲ့တာကြောင့် သူအတွက် အပြောင်းအရွှေ့မပိတ်ခင် အဖြေတစ်ခု ရှာရပါတော့မယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ ရီးယဲလ်ကစားသမားအဖြစ် ဆက်ရှိနေမှာပါ” ဟု အန်ဆယ်လော့တီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒီမာရီယာမှာ ၂၀၁၀ ခုနှစ်က ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ယူရို သန်း ၆၀ ၀န်းကျင်ဖြင့် ပြောင်းရွှေ့နိုင်ဖွယ်ရှိနေသည်။

    အာဆင်နယ်၊ ချယ်ဆီးနှင့် ဘိုင်ယန်မြူးနစ်တို့မှ စိတ်ဝင်စားနေသည့် အခြားကွင်လယ်လူ ခီဒီရာ၏ အခြေအနေမှာ ဒီမာရီယာနှင့် ခြားနားကြောင်း ၎င်းအတွက် ကမ်းလှမ်းမှုများ မရှိသေးသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း အန်ဆယ်လော့တီက ထပ်လောင်း ပြောကြားခဲ့သည်။

  • အခြားဘာသာတရားများ အပေါ် အစ္စလာမ့်အမြင်

    အခြားဘာသာတရားများ အပေါ် အစ္စလာမ့်အမြင်

    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media

    Islam and Other Religions
        (အသင် တမန်တော်) ပြောလေလော့။ ကျွန်ုပ်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် ကျွန်ုပ်တို့ပေါ် ထုတ်ပြန်ချမှတ်ခံရသည့် အရာ(ကုရ်အာန်ကျမ်းတော်မြတ်)ကို လည်းကောင်း၊ (တမန်တော်) အစ်ဗ်ရာဟီမ်၊ (တမန်တော်) အစ္စမာအီလ်၊ (တမန်တော်) အစ္စဟာ့က်၊ (တမန်တော်)ယအ်ကူးဗ်နှင့် (၎င်း၏)သားမြေးမြစ်တို့ အပေါ် ထုတ်ပြန်ချမှတ်ခံရသည့်အရာ(တရားတော်)ကိုလည်းကောင်း၊ (တမန်တော်)မူစာ၊ (တမန်တော်)အီစာနှင့် အခြားတမန်တော်တို့အပေါ် ၎င်းတို့၏ ဖန်ဆင်းရှင်မြတ် အထံတော်မှ ပေးအပ်ခြင်းခံရသည့်အရာ(ကျမ်းတော်)များကိုလည်းကောင်း သက်ဝင်ယုံကြည်ကြပါ၏။ ကျွန်ုပ်တို့သည် နဗီတမန်တော်များအကြား အချင်းချင်း ခွဲခြား(သေးသိမ်စေ)မှု ပြုလုပ်ကြမည် မဟုတ်ပါ။ ထို့ပြင် ကျွန်ုပ်တို့သည် အသျှင့်အမိန့်တော်ကို နာခံကြသူများ(မွတ်စ်လင်မ်များ) ဖြစ်ကြပါသည်။
              ကျမ်းမြတ်ကုရ်အာန်၊ ကဏ္ဍစဉ်(၃) အားလိအင်မ်ရာန်၊ ပါဒစဉ်(၈၄) – (၃း၈၄)

        ကျမ်းမြတ်ကုရ်အာန်ရှိ ဤအမိန့်တော်မှ အသိပေးနေသည်မှာ မွတ်စ်လင်မ်တို့သည် တစ်ချိန်က လူသားထုထံ စေလွှတ်ခဲ့သော နဗီတမန်တော်အပေါင်းကို သက်ဝင်ယုံကြည်ကြရမည် ဖြစ်သည်။ တမန်တော်တစ်ပါးပါးကိုသော်လည်းကောင်း၊ သူမှ သူ့နောက်လိုက်တို့အား သွန်သင်ခဲ့သည့် မည်သည့်ဘာသာတရား လမ်းစဉ်ကိုမျှ လည်းကောင်း  မလေးမစားပြုလုပ်ခွင့် မရှိကြောင်း ဆိုလိုထားပါသည်။ မွတ်စ်လင်မ်တစ်ဦးအဖို့ ဘာသာရေးဆိုင်ရာယုံကြည်ချက်ဟူသည် မိမိ၏ လွတ်လပ်စွာရွေးချယ်ခွင့်မှ ထွက်ပေါ်လာရပေမည်။ သာသနာရေးရာများတွင်လည်း မလွန့်သာ မလူးသာအောင် အတင်းအကြပ်ဆောင်ရွက်မှုမျိုး အသုံးမပြုရန် ဖန်ဆင်းတော်ရှင်မြတ်ကလည်း အမိန့်ပေးထားပြီးဖြစ်၏။

        သာသနာ့လမ်းစဉ်၌ အတင်းအကြပ်(စနစ်)ဟူသည်မရှိ၊ သစ္စာတရား(လမ်းစဉ်မှန်)သည် မိစ္ဆာတရား(လမ်းစဉ်မှား)မှ ထင်ရှားပြီးဖြစ်ချေသည်။
            ကျမ်းမြတ်ကုရ်အာန်၊ ကဏ္ဍစဉ်(၂) အလ် ဗကရဟ်၊ ပါဒစဉ်(၂၅၆) – (၂း၂၅၆)

    ဤသည်မှာ သာသနာကိုင်းရှိုင်းသူတစ်ဦး၏ အသိတရားပင် ဖြစ်၏။ တစ်ပါးသူတို့အပေါ် အဓမ္မသတ်မှတ်လိုက်နာစေရမည် မဟုတ်။ ကမ္ဘာမြေပေါ်တွင် ထိုအချက်က စာရိတ္တစွမ်းအင်ကို တည်ဆောက်ပေး၏။ ဤသည်ကား တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းသာယာမှု ခ,ညောင်းပါစေသား)၏ ဘ၀နှင့်ဓလေ့များ၌ အလွန်ထင်ရှားသော စည်းမျဉ်းတစ်ရပ်အဖြစ် တွေ့ကြရပါမည်။ သို့သာမက ယင်းအချက်သည် လူမျိုး၊ အယူဝါဒ၊ ယဉ်ကျေးမှုပေါင်းစုံရှိသော မဒီနဟ်လူ့အဖွဲ့အစည်းနှင့် အတူ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ဖြစ်ခဲ့ပေသည်။ ၎င်းက ဘာသာခြား လူ့အဖွဲ့အစည်းအားလုံး၏ လွတ်လပ်စွာ ၀တ်ပြုကိုးကွယ်ခွင့်ကို အာမခံချက်ပေးထား၏။ ဤအချက်က ကျမ်းဂန်အား နမော်နမဲ့ဖတ်ရှုသူအပေါင်း၏ နှလုံးသားကို လင်းဝင်းသွားစေသော ကုရ်အာန့်ဝိဥာဉ်၊ သဘောထားကြီးမှုနှင့် နားလည်မှုဆိုင်ရာ အနှစ်သာရတစ်ရပ် ဖြစ်ခဲ့၏။ လူသားတို့အား လူမျိုးအသွယ်သွယ်အဖြစ် ဖန်ဆင်းခြင်းမှာ အချင်းချင်းမှတ်မိသိရှိရန်၊ တစ်ဦးနှင့်တစ်ဦး စာနာနားလည်ဆက်ဆံတတ်စေရန်ဖြစ်ကြောင်း အလ္လာဟ်အသျှင်မြတ်က ကျမ်းမြတ်ကုရ်အာန်၌ မိန့်တော်မူထားပေသည်။

        အို – လူသားအပေါင်းတို့ ! ငါအသျှင်မြတ်သည် အသင်တို့အား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအသျှင်မြတ်သည် အသင်တို့ တစ်ဦးကိုတစ်ဦး (မုန်းတီးခွဲခြားဆက်ဆံစေရန် မဟုတ်မူဘဲ) သိမြင်မှတ်မိစေအံ့သောငှာ လူမျိုးစု/မျိုးနွယ်များအဖြစ် ဖန်တီးတော်မူခဲ့၏။ ဧကန်စင်စစ် အသျှင်မြတ်၏ထံတော်ပါးတွင် အသင်တို့အနက် အမြတ်ဆုံးသောသူမှာ အသင်တို့အနက်မှ (အသျှင့်ပေါ်ထားရှိသည့် အကြောက်တရားဖြင့်) အဖြောင့်မတ်ဆုံးသူသာ ဖြစ်သည်။ မုချမလွဲ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့သိမြင်တော်မူသော၊ ကြားသိတော်မူသော အသျှင်သခင်ဖြစ်တော်မူ၏။
             ကျမ်းမြတ်ကုရ်အာန်၊ ကဏ္ဍစဉ်(၄၉) အလ် ဟုဂျုရသ်၊ ပါဒစဉ်(၁၃) – (၄၉း၁၃)

    အထက်ပါဒတော်မှ အချက်တစ်ရပ်အား အထူးပြုဖော်ညွှန်းထားပါသည်။ အစ္စလာမ်၌ သဘောထားသေးသိမ်မှု၊ တစ်ဖက်စောင်းနင်း အတ္တစွဲအတွက်သော် လည်းကောင်း၊ အသားအရောင်၊ လူမျိုး၊ နိုင်ငံသားနှင့် အလားတူအတွေးအမြင်မျိုးပေါ် အခြေခံထားသော ဘ၀င်ရူးမာန်ထောင်ပလွှားမှု အတွက်သော်လည်းကောင်း နေရာမရှိချေ။ အစ္စလာမ်၏ သဘောထားကြီးမြင့်မှုအပေါင်း ပါဝင်နေသည့် ဤအချက်က ဘ၀အရေးအရာအားလုံးနှင့် မွတ်စ်လင်မ့်အရေးအရာအားလုံးအပေါ် သက်ရောက်လျက်ရှိသည်။

    ရှေးကျမ်းရပုဂ္ဂိုလ်များအဖြစ် ရည်ညွှန်းထားသော ဂျူးနှင့် ခရစ်ယာန်တို့အား ခိုင်မာသည့် ဘာသာရေးလူ့အဖွဲ့အစည်းများအဖြစ် မွတ်စ်လင်မ်တို့က လက်ခံရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ကျူးထားပေသည်။

    ထို့ပြင် အသင်တို့သည် ရှေးကျမ်းရသူများကို (ယုံကြည်မှုအကွဲအလွဲကိစ္စများတွင် ငြင်းခုံခြင်းထက်) ကောင်းမွန်(သိမ်မွေ့)သည့်နည်းလမ်းဖြင့်သာ အပြန်အလှန်ပြောဆိုလော့။ သို့ရာတွင် ထိုသူတို့အနက်မှ မတရားသူများကိုမူ (ပြတ်သားစွာ ဆက်ဆံပါလေ)။ …..
    ကျမ်းမြတ်ကုရ်အာန်၊ ကဏ္ဍစဉ်(၂၉) အလ် အန့်ကဘူးသ်၊ ပါဒစဉ်(၄၆) – (၂၉း၄၆)

    မွတ်စ်လင်မ်တို့အနေနှင့် မိမိတို့အချင်းချင်းအကြားတွင်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ အချေအတင်အငြင်းပွားခြင်း၊ အမျက်ဒေါသ (၀ါ) အဆိုးမြင်ခံစားချက်များမှ တတ်စွမ်းသမျှ ရှောင်ကြဉ်ကြရန် ဤပါဒတော်မှ သွန်သင်ထားပါသည်။

    သမိုင်းခြေရာ
    —————
    More in Common Than You Think : Bridge Between Islam and Christianity စာအုပ်တွင် စာရေးသူ ဒေါက်တာ ၀ီလျံဘေကာ Dr. William Baker က မွတ်စ်လင်မ်တို့သည် တိုရာကျမ်းနှင့် ဓမ္မသစ်ကျမ်းများအား ဖန်ဆင်းရှင်၏ဗျာဒိတ်အသိပေးချက်များအဖြစ် အမြင်ထားရှိပုံ၊ ဂျူးနှင့် ဂျူးအယူဝါဒအပေါ် အစ္စလာမ်မှ ပစ်မှတ်ထားခြင်း မရှိပုံကို ရှင်းလင်းတင်ပြထားသည်။

    အုမိုင်ယဒ်မင်းဆက် လက်ထက် စပိန်နိုင်ငံတွင်လည်းကောင်း၊ အဘ္ဘာစစ် ခလီဖာများ လက်ထက် ဘဂ္ဂဒက်တွင်လည်းကောင်း ခရစ်ယာန်နှင့်ဂျူးတို့သည် မွတ်စ်လင်မ်များနှင့် လက်ရည်တစ်ပြင်တည်း ကျောင်းနှင့် တက္ကသိုလ်များ တက်ခွင့်ရခဲ့ကြသည်။ သို့သာမက အဆောင်လခ၊ ကျောင်းလခများကိုလည်း နိုင်ငံတော် စားရိတ်ဖြင့် တန်းတူညီမျှ အကုန်ကျခံပေးခဲ့သည်။ စပိန်ကို အုပ်ချုပ်ခဲ့သည့် မူးရ်တို့ နိုင်ငံပြင်ပသို့ မောင်းထုတ်ခံရသောအခါ ကျူးကျော်အုပ်ချုပ်သူ ခရစ်ယာန်များက ဂျူးတို့အပေါ် ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းကြသည်။ ကံကောင်းထောက်မစွာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သူများအနက် အချို့မှာ မော်ရိုကိုသို့လည်းကောင်း၊ အချို့သည် တူရကီအင်ပါယာသို့လည်းကောင်း ရာနှင့်ချီ၍ ရောက်ရှိခဲ့ကြ၏။

    ထိုဒေသများဝယ် သူတို့၏မျိုးဆက်များသည် သီးခြားလူ့အဖွဲ့ အစည်းအသွင်ဖြင့် နေထိုင်လျက်ရှိပြီး၊ သူတို့အချင်းချင်း အကြား ရှေးဟောင်း စပိန်စကားကို ပြောဆိုကြ ဆဲဖြစ်သည်။ မတရားအုပ်ချုပ်မှုမှ အလွတ် ရုန်းထွက်လာသော ထိုသူအားလုံး အတွက် တစ်ခုတည်းသော ခိုကိုးရာသည်ကား မွတ်စ်လင်မ် အင်ပါယာ တစ်ခုတည်းသာ ဖြစ်ခဲ့ပေသည်။ စာပေခေတ်ဖြစ်သော (၁၈)ရာစုနှစ်အထိ အနောက်တိုင်း ခရစ်ယာန်တို့သည် မွတ်စ်လင်မ်တို့၏ ယုံကြည်မှုများကို မသိရှိခဲ့၊ သိရှိဖို့လည်း အရေးမစိုက်ခဲ့ပေ။ သို့သာမကသေး အရှေ့တိုင်း ခရစ်ယာန်တို့၏အမြင်ကိုလည်း အရေးတယူဖြင့် သိနားလည်အောင် မကြိုးစားခဲ့ကြ။ ခရစ်ယာန်ကျောင်းတော် ၀ါဒမှာ နှစ်ခြမ်းကွဲခဲ့ရသည်။ အဆုံးသတ်တွင်တော့ မိမိတို့၏ကိုယ်ပိုင် သာသနာ့ပုံဟန်ကို ကျင့်သုံးခွင့်ပြုပြီး ကွဲပြားမှုကို လက်ခံပေးခဲ့ကြသည့် မွတ်စ်လင်မ်တို့၏ အုပ်ချုပ်မှုကို နှစ်သက်လိုလားသူ ခရစ်ယာန်များမှာ ရိုမန်ကက်သလစ်ဝါဒသို့ လုံးလုံးလျားလျား အဓမ္မသွတ်သွင်းခံလိုက်ရသည်။

    အကယ်၍သာ ထိုအခါကာလများ၌ ခရစ်ယာန်အယူဝါဒအား မွတ်စ်လင်မ်တို့မှ နားလည်သလို ဥရောပသားတို့ အစ္စလာမ်အကြောင်း များများစားစား သိရှိခဲ့ပါလျှင် အကျည်းတန်လှစွာသော ခရူးဆိတ်စစ်ပွဲများ ဖြစ်ပွားခဲ့မည် မဟုတ်ချေ။ ၎င်းတို့သည် အယူအဆအမှားအယွင်းပေါ် အကြွင်းမဲ့ အခြေခံ ခဲ့ခြင်းကြောင့်သာ ဖြစ်ခဲ့ရကြောင်း ဂစ်ဘင်က ရှင်းပြထား၏။

    တမန်တော်၏ ဗဟုဝါဒအခြေတည် ဖွဲ့စည်းပုံဥပဒေ
    ——————————————————-
    သာသနာအသစ်တစ်ရပ်ထူထောင်ရန် ကုရ်အာန်ကျမ်းက မည်သည့်အခါမျှ မကြွေးကြော်ခဲ့။ တမန်တော် မုဟမ္မဒ်သည် တမန်တော်အားလုံးအနက် အလ္လာဟ်အသျှင်မြတ် ထံတော်မှ အဆုံးသတ် ဗျာဒိတ်တော်ကို သယ်ဆောင်ပို့ချသူ၊ ကနဦးရှေးကျမ်းဂန်များ၏ သစ္စာတရားတို့ကို အတည်ပြုခြင်းဟုသာ တစိုက်မတ်မတ် ဖော်ညွှန်းလျက်ရှိ၏၏။ ဤသို့ အလျဉ်မပြတ် ရှေ့ဆက်သယ်ဆောင်လာမှုက အခြားဘာသာဝင်များအပေါ် တမန်တော်၏ ဂါရ၀တရားကို ရှင်းလင်းစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။

    တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမေတ္တာ သက်ရောက်စေသား)၏ တာဝန်မှာ နူးဟ်(Noah)၊ အစ်ဗ်ရာဟီမ်(Abraham)၊ မူဆာ(Moses)၊ ဒါဝူးဒ်(David) နှင့် အီစာ(Jesus)တို့၏ သာသနာ့လမ်းစဉ် အစစ်အမှန်အား ပြန်လည်ထိန်းသိမ်းဖော်ဆောင်ရန် ဖြစ်၏။ ပေါ်ထွန်းခဲ့ပြီးသော ဘာသာတရားများအပေါ် အစ္စလာမ်၏ ရှုထောင့်ကို အောက်ပါ ကုရ်အာန့်ပါဒတော်များက ပိုမို ရှင်းလင်းသွားစေပေမည်။

    အသျှင်မြတ်သည် အသင်တို့အတွက် အကြင်သာသနာတော်ကိုပင် သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထိုသာသနာတော်ပကိုပင် လိုက်နာရန် အသျှင်မြတ်က (တမန်တော်)နူးဟ် ကို အမိန့်ပေးတော်မူခဲ့သည်။ ထို့ပြင် ငါအသျှင်မြတ်သည် ထိုသာသာနာတော်ကိုပင် အသင်(မုဟမ္မဒ်)ထံသို့ ထုန်ပြန်တော်မူခဲ့သည်။ ထို့ပြင် ငါအသျှင်မြတ်သည် ထိုသာသနာကိုသာ လိုက်နာရန် (တမန်တော်)အစ်ဗရာဟီမ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)အီစာတို့အားလည်း အမိန့်ပေးတော်မူခဲ့သည်။
                          ကျမ်းမြတ်ကုရ်အာန်၊ ကဏ္ဍစဉ်(၄၂) အရှ် ယှူးရာ၊ ပါဒစဉ်(၁၃) – (၄၂း၁၃)

        သို့ဖြစ်လေရာ အသင်သည် ဖိတ်ခေါ်လျက်ရှိနေပါလေ။ အသင့်အား ပညတ်သည့်အတိုင်း မြဲမြံစွာ ရပ်တည်ပါလေ။ ၎င်းတို့၏ အချည်းနှီးအလိုဆန္ဒများကို မလိုက်နာလေနှင့်။ သို့ရာတွင် ဤသို့ပြောလော့။ “ငါသည် အလ္လာဟ်အသျှင်မြတ် ပို့လွှတ်ပေးတော်မူသော ကျမ်းဂန်မှန်သမျှ သက်ဝင်ယုံကြည်ပါ၏။ ငါသည် အသင်တို့အကြားတွင် သမာသမတ်ကျစွာ စီရင်ဆောင်ရွက်ရန် အမိန့်ပေးခြင်းခံရ၏။ အလ္လာဟ်အသျှင်မြတ်သည် ငါတို့၏ဖန်ဆင်းရှင်ဖြစ်သလို အသင်တို့၏ ဖန်ဆင်းရှင်လည်း ဖြစ်တော်မူ၏။ ငါတို့၏လုပ်ရပ်များသည် ငါတို့အတွက်ဖြစ်ပြီး၊ အသင်တို့၏လုပ်ရပ်များသည် အသင်တို့အတွက်ဖြစ်သည်။ ငါတို့နှင့်အသင်တို့ အကြားဝယ် ပြိုင်ဆိုင်ငြင်းခုံစရာ ဘာမျှမရှိချေ။ အလ္လာဟ်အသျှင်မြတ်သည် ငါတို့အားလုံးကို စုရုံးလျက် ထိုအသျှင်ထံပါးသို့ (အဆုံးသတ်တွင်) ဆောင်ယူခြင်းကို ခံကြရပေအံ့”။
                   ကျမ်းမြတ်ကုရ်အာန်၊ ကဏ္ဍစဉ်(၄၂) အရှ် ယှူးရာ၊ ပါဒစဉ်(၁၅) – (၄၂း၁၅)

    ယင်းပါဒတော်နှင့်သက်ဆိုင်သည့်ဖြစ်စဉ်မှာ ခရစ်သက္ကရာဇ် (၆၂၂)ခုနှစ်တွင် ဖြစ်ခဲ့သည်။ မက္ကဟ်မြို့တွင် (၁၃)နှစ်တိုင်တိုင် အစ္စလာမ့် အဆုံးအမများကို ဟောကြား သွန်သင်ပြီးနောက် တမန်တော်မြတ်သည် မဒီနဟ်မြို့သို့ ကြွတော်မူသည်။ ထိုနေရာဝယ် များစွာသောသူတို့သည် မိမိအား လက်ခံကြိုဆိုခြင်း၊ မိမိ၏ တာဝန်ဝတ္တရားများနှင့် စပ်လျဉ်း၍ မိမိအားကူညီရန် အသင့်ရှိနေခြင်းအား တွေ့ရ၏။ ထိုစဉ်က မဒီနဟ်မြို့နှင့် ၎င်းဝန်းကျင်ဒေသ၌ အာရဗ်မျိုးနွယ်စုများနှင့် ဂျူးအနွယ်များ အများအပြား အခြေစိုက်နေထိုင်လျက်ရှိသည်။ ထို့အပြင် လူမျိုးအသီးသီးနှင့် ရောမ၊ ပါးရှင်း၊ အီသီယိုးပီးယားဇာတိသားတို့လည်း မဒီနဟ်တွင် ရှိနေခဲ့ကြသည်။

    လူမျိုး၊ အယူဝါဒကွဲပြားစုံလင်သည့် ကျောထောက်နောက်ခံရှိ ဤလူ့အဖွဲ့အစည်းကြီး၏ အနာဂတ် ရေရှည်ကောင်းကျိုးအလို့ငှာ တမန်တော်မုဟမ္မဒ်သည် ဗဟုဝါဒအခြေတည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းတစ်ရပ်ကို ရေးဆွဲခဲ့သည်။ ဆက်လက်၍ ယင်းဥပဒေအရ လူထုအားလုံးအတွက် တန်းတူအခွင့်အရေးနှင့် ၀တ္တရားများကိုလည်းကောင်း၊ ဘာသာရေး ဟောပြောကျင့်သုံးမှုဆိုင်ရာနှင့် ကုန်သွယ်ရေးဆိုင်ရာ လွတ်လပ်မှုကိုလည်းကောင်း ချမှတ်သည်။ သို့သာမက မိမိတို့လူ့အဖွဲ့အစည်းလုံခြုံရေးဆိုင်ရာ အန္တရာယ်မှန်သမျှမှ ကာကွယ်ရန် ဂျူးဘာသာဝင်များနှင့် မွတ်စ်လင်မ်များ နှစ်ဖက်စလုံး၌ တန်းတူအခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ရှိကြောင်း၊ အပြန်အလှန်နားလည်မှုနှင့်တစ်ကွ တရားမျှတစွာဆက်ဆံကြရမည့်အကြောင်း ထည့်သွင်းဖော်ပြထား၏။ အဆိုပါ ကြေငြာစာတမ်းမှ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအနက် အစိပ်အပိုင်းတစ်ရပ်လေးအား ရှုပါလေ။

    အောင်းဖ် မျိုးနွယ်စုဝင် ဂျူးတို့သည် မွတ်စ်လင်မ်တို့နှင့် တစ်နိုင်ငံတည်းသားများ ဖြစ်ကြသည်။ ဂျူးတို့ထံ သက်ဆိုင်ရာ ဘာသာတရား ရှိသလို မွတ်စ်လင်မ်တို့ထံလည်း သက်ဆိုင်ရာဘာသာတရား ရှိနေကြသည်။ မိမိတို့အချင်းချင်းပေါ်ဖြစ်စေ တစ်ပါးသူတို့အပေါ်ဖြစ်စေ ပြစ်မှုကျူးလွန်သူများ၊ မတရားသူများမှအပ ၎င်းတို့၏ ခေါင်းဆောင်နှင့်နောက်လိုက်များကို အကာအကွယ်ပေးကြရမည်။ အလားတူစွာပင် အန် နဂ်ျဂျားရ်၊ အလ် ဟာရိဆ်၊ စအီဒဟ်၊ ဂျုရှမ်၊ အလ်အောင်းစ်၊ ဆအ်လဘဟ်၊ ဂျဖ်နဟ် မျိုးနွယ်စုများ၊ ဆအ်လဘဟ်နှင့် အလ် ယှုအိုင်းဘဟ်၏ မိသားစုဝင်များမှ ဂျူးတို့သည်လည်း ဤဥပဒေအောက်တွင် အကျုံးဝင်သည်။ ကောင်းရာပြု ကျင့်ခြင်းသည် ပြစ်မှုများအား ကာကွယ်မှုတစ်ရပ်ဖြစ်သည်။ မိမိ၏လုပ်ရပ်သည် မိမိအပေါ်၌သာ တာဝန်ရှိ၏။ ဤစည်းမျဉ်းသည် မည်သည့် မတရားသူ (၀ါ) ဒုစရိုက်သားအတွက်မျှ အကာအကွယ်ပေးရန် မဖြစ်စေရ။ မတရားမှု သို့မဟုတ် ပြစ်မှုဒုစရိုက် ကျူးလွန်သူမဟုတ်လေလျှင် (ပြည်ပရန်အား ကာကွယ်ရင်ဆိုင်ရန်) စစ်ထွက်တိုက်သူဖြစ်စေ၊ နေအိမ်တွင်း ချန်ရစ်သူဖြစ်စေ မြို့တွင်း၌ ဘေးကင်းလုံခြုံမှု ရှိစေရမည်။ ဤစည်းမျဉ်းစာတမ်းအား လေးစားလိုက်နာသူတိုင်းကို လည်းကောင်း၊ အသျှင်မြတ်အပေါ် အကြောက်တရားရှိသူတိုင်းကိုလည်းကောင်း၊ အသျှင့်စေတမန်တော် မုဟမ္မဒ်ကိုလည်းကောင်း အလ္လာဟ်အသျှင်မြတ်မှ ကာကွယ်စောင့်ရှောက်တော်မူပါစေ။                     (အိဘ်နု ဟိရှာမ်)

    မဒီနဟ် ဖွဲ့စည်းပုံစည်းမျဉ်းသည် တမန်တော်မုဟမ္မဒ် ရေးဆွဲပြဋ္ဌာန်းတော်မူသည့် ဂန္ထ၀င်စာချုပ်စာတမ်းတစ်ရပ်ဖြစ်သည့်အပြင် မတူကွဲပြားသောလူ့အဖွဲ့အစည်းတို့ စုပေါင်းနေထိုင်သောနယ်မြေ၏ ဥပဒေသကြီး ဖြစ်ခဲ့သည်။

    ** မှတ်ချက် ** ထိုစဉ်ကာလ မဒီနဟ်မြို့တွင် (လူအင်အားထက်) သြဇာအင်အား အကြီးမားဆုံး အယူဝါဒဆိုင်ရာအုပ်စုမှာ ဂျူး နှင့် မွတ်စ်လင်မ်များ ဖြစ်ကြသည်။ ခရစ်ယာန်၊ နတ်ဘုရားကိုးကွယ်သူ၊ ဘာသာမဲ့ စသည်များ အတန်အသင့်ရှိနေကြသော်လည်း သြဇာလွှမ်းမိုးမှု မကြီးမားခဲ့ပါ။ ထို့ကြောင့် ဂျူးနှင့်မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့ဖြင့် အဓိက ဦးတည်ဖော်ညွှန်းထားကြောင်း သိရပေမည်။ (ဘာသာပြန်ဆိုသူ)

    လူသားဝါဒ
    ————
    မဒီနဟ်တွင် ဥပဒေပြုပြဋ္ဌာန်းခြင်းအား ကျော်လွန်ပြီးကြည့်ရှုလိုက်သော် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်စေသား)သည် မိမိ၏နေ့တစ်ဓူဝ ဘ၀အတွင်း မိမိတို့နှင့် မတူကွဲပြားသူများအပေါ် ယှဉ်တွဲနေထိုင်မှုကိုလက်ခံခြင်းနှင့် လေးစားခြင်းစိတ်ဓာတ်ကိုလည်း လက်တွေ့ကျင့်ဆောင်တော်မူခဲ့သည်။ တမန်တော်မြတ်သည် ဂျူးဖြစ်စေ၊ မွတ်စ်လင်မ်ဖြစ်စေ နာမကျန်းသူများထံ သွားရောက်တွေ့ဆုံလေ့ရှိသည်။ တစ်ခါသော် မိမိ၏ရှေ့တော်မှောက်တွင် ဂျူးလူမျိုးတစ်ဦး၏ ဈာပနသယ်ဆောင်သွားရာ ကိုယ်တော်မြတ်သည် သူသေအပေါ် လေးစားသမှုကို ပြသသည့်အနေဖြင့် မတ်တပ်ရပ်တော်မူခဲ့သည်။ “ သူသေ ဂျူးတစ်ဦးအတွက် အဘယ်ကြောင့် ကိုယ်တော်မြတ်မှ မတ်တပ်ရပ်တော်မူပါသနည်း ” ဟု မေးမြန်းသည်၌ တမန်တော်မြတ်က “ သူသည်လည်း လူသားတစ်ဦး မဟုတ်ပေသလော ” ဟု ပြန်လည်ဖြေကြားတော်မူခဲ့လေသည်။
    (အလ် ဗုခါရီကျမ်း)

    မွတ်စ်လင်မ်တို့အပေါ် ဦးတည်ပြီး လူမျိုးရေးတံဆိပ်ကပ်ခြင်း နှင့် ပစ်မှတ်ထားသတ်ဖြတ်ခြင်း ပြုလုပ်နေသော ခေတ်သမယ၌ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာ သက်ရောက်စေသား)၏ သဘောထားများက လက်တွေ့ကျသည့် (အစ္စလာမ့်) ဘ၀ပုံဟန်အား အတင့်တယ်ဆုံး ဖော်ကျူးနေပါသတည်း။

    xxxxxxxxxxxx

    (ကျမ်းကိုး)
    ၁။ “The Prophet of Islam and the Jews: Basis of Conduct, Acceptance, Respect and Cooperation” ( March 26, 2006 ) By : Burhan, Fysal
    ၂။ “Madras Lectures on Islam” ( 1927 ) By : Pickthall, Marmaduke Muhammad

    စာရေးသူ Shahul Hameed သည် Reading Islam ၀က်ဘ်ဆိုဒ်၏ အတိုင်ပင်ခံတစ်ဦး၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမှ Kerala Islamic Mission ၏ ဥက္ကဌ ဖြစ်သည်။ ဘာသာတရားဆိုင်ရာ နှိုင်းယှဉ်သုံးသပ်ချက်များ၊ အမျိုးသမီးတို့၏အခန်းကဏ္ဍ၊ သိပ္ပံနှင့်လူ့တန်ဖိုး စာအုပ်များကို ရေးသားခဲ့သည်။ သူ၏ Islam and Other Religions ရေးသားချက်အား “ဂျူလိုင်ရဲရင့်” မှ ဆီလျော်အောင်ပြန်ဆိုရေးသားထားခြင်းဖြစ်သည်။

  • အစ္စရေး၏ စစ်ရာဇဝတ်မှု  စုံစမ်းမည့် ကိစ္စ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အနောက်ကမ္ဘာက ဖိအားပေးနေပြီလား

    အစ္စရေး၏ စစ်ရာဇဝတ်မှု စုံစမ်းမည့် ကိစ္စ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အနောက်ကမ္ဘာက ဖိအားပေးနေပြီလား

    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media
    .လေးမောင် မြန်မာမှုပြုသည်။

    international-criminal-court-2

    – အမေရိကန်နှင့် အနောက်နိုင်ငံများမှ ဖိအားပေးမှုကြောင့် ဂါဇာ ကမ်းမြှောင်အတွင်း စစ်ရာဇ၀တ်မှုများ ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ရှောင်နေသည်ဟု ယခင် ICC ၀န်ထမ်းဟောင်းများနှင့် ရှေ့နေများက ဆိုသည်။

    မကြာသေးမီနေ့များကပင် ဂါဇာအတွင်း အစ္စရေးစစ်တပ်နှင့် ဟားမက်စ်တို့၏ လုပ်ရပ်များအတွက် ICC မှ ပြုလုပ်ဖွယ်ရှိသည့် စုံစမ်းစစ်ဆေးမှုမှာ ဗျာများသော နိုင်ငံရေးတိုက်ပွဲ ဖြစ်လာခဲ့ပြီး ကိုင်ရိုတွင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်မူ အဓိကအချက် ဖြစ်လာလေသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ရမည်လား၊ ပြုလုပ်သင့်လားဆိုသည်ကို ICC ကိုယ်တိုင်ကပင် ဝေခွဲ၍ မရသေး။

    ICC ၏ စုံစမ်းစစ်ဆေးမှုက တာသွားနိုင်သည်။ ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုမှာ ဂါဇာကမ်းမြှောင် အတွင်း အမျိုးသမီးများ၊ ကလေးများအပါအ၀င် အရပ်သား ၂၀၀၀ ကျော်သေဆုံးခဲ့ရမှု၌ အစ္စရေးစစ်တပ်၊ ဟားမက်စ်နှင့် အခြားသောသူများ ကျူးလွန်ခဲ့ဖွယ်ရှိသော စစ်ရာဇ၀တ်မှုအား စစ်ဆေးရုံမျှသာ မဟုတ်။ အစ္စရေးခေါင်းဆောင်ပိုင်းက တာဝန်ယူရမည့် ပါလက်စတိုင်း ပိုင်နက်များအတွင်း တရားမ၀င် အိမ်ရာ ဆောက်လုပ်မှုများကိုလည်း ဖြေရှင်းနိုင်ပေလိမ့်မည်။

    ICC ကို ဖန်တီးပေးခဲ့သည့် ၁၉၉၈ ရောမသဘောတူညီချက်တွင် စစ်ရာဇ၀တ်မှုအား ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

    “ဒေသတစ်ခုကို သိမ်းပိုက်ထားသည့် အဖွဲ့က ၎င်းတို့ လူဦးရေမှ တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ သိမ်းပိုက်ထားသည့် ပိုင်နက်အတွင်းသို့ တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ ပြောင်းရွှေ့စေခြင်း”

    ထိုစုံစမ်းစစ်ဆေးမှုက နိုင်ငံတကာနှင့်ဆိုင်သည့် တရားမျှတမှုအတွက် အထိမခံသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး ICC ၏ အနာဂတ်လည်းဖြစ်သည်။ ICC မှာ စူပါ ပါဝါနိုင်ငံများ၏ ထောက်ခံမှုကို မရခဲ့။ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့က ရောမ သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့ကြ။ ၂၀၀၀ ခုနှစ်တွင် အမေရိကန်နှင့် အစ္စရေးတို့က လက်မှတ်ရေးထိုး ခဲ့သော်လည်း နောက်ပိုင်းတွင် ထွက်သွားခဲ့ကြလေသည်။

    ဂါဇာကမ်းမြှောင် စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုကို ခေါင်းရှောင်ပါက ICC အနေဖြင့် “နိုင်ငံတကာ အသိုင်းအ၀ိုင်း တစ်ခုလုံးအတွက် စိုးရိမ်ဖွယ်ရာ အဆိုးရွားဆုံး ရာဇတ်မှုများကို အပြစ်မပေးဘဲ လစ်လျူရှု၍ မရ” ဆိုသည့် ရောမ သဘောတူညီချက်နှင့် ကိုက်ညီတော့မည် မဟုတ်ဟု နိုင်ငံတကာမှ ရှေ့နေ အချို့က စောဒကတက်ကြလေသည်။

    “ICC တရားသူကြီးက တရားစီရင်ရေးကို လွယ်လွယ်ကူကူပဲ ကျင့်သုံးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဥပဒေဆိုတာ ရွေးချယ်မှုတစ်ခုပါပဲ။ ဥပဒေရေးရာ ဆွေးနွေးငြင်းခုံမှုတွေ အပြိုင်အဆိုင် ရှိလာမှာဖြစ်ပေမယ့် ဒီတရားရုံးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရာဇ၀တ်မှုတွေအတွက် အရေးယူမခံရဘဲ လွတ်မြောက်နေတာတွေကို တာဆီးဖို့ဆိုတဲ့ ICC စာတမ်းရဲ့ နိဒါန်းကို သူမ(တရားသူကြီး) အနေနဲ့ ပြန်ကြည့်ရပါလိမ့်မယ်”

    အစ္စရေး၏ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကို နှစ်ပေါင်းများစွာ စောကြောမှုများ ပြုလုပ်နေသည့် ဟော်လန်နိုင်ငံ လီဒန်တက္ကသိုလ် နိုင်ငံတကာဥပဒေရေးရာ ပါမောက္ခ ဂျွန် ဒူဂတ်က ပြောခြင်းဖြစ်သည်။

    လွန်ခဲ့သည့် ရက်များအတွင်း အပြန်အလှန်ပေးပို့သောစာများတွင် ပါလက်စတိုင်းပြည်သူများ၏ ရှေ့နေများက စုံးစမ်းစစ်ဆေးမှုကို ပြုလုပ်ရန်အတွက် လိုအပ်သောအခွင့်အာဏာမှာ ၂၀၀၉ ခုနှစ် ပါလက်စတိုင်းတို့၏ မေတ္တာရပ်ခံမှုကို အခြေခံကာ ICC တရားသူကြီး ဖာတူ ဘန်ဆူဒါတွင် ရှိသည်ဟု ဖော်ပြ ထားလေသည်။ သို့သော်လည်း ဘန်ဆူဒါကမူ ဟားမက်စ်ကဲ့သို့သော နိုင်ငံရေး အဖွဲ့များအကြား တွေ့ရခဲသည့် အများသဘောတူမှုရှိသော ပါလက်စတိုင်းတို့၏ ကြေညချက်အသစ် ပေါ်ထွက်ရေးကိုပင် မလျှော့တမ်း ပြောနေလေ၏။ ပါလက်စတိုင်းပိုင်နက်များအတွင်း စစ်ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု မပြုလုပ်ရန်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူဒ် အဘတ်စ်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ကလည်း ဖိအားပေးထား၏။

    ထိုကိစ္စအတွက် ဝေးဝေးမှနေရန် အနောက်နိုင်ငံများက ICC အပေါ် ဖိအားပေးထားမှုကြောင့် ICC ရှိ တရားသူကြီးများအကြား သိသာသည့် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ပါလက်စတိုင်းတို့မှာ ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်ခဲ့သည့် အစ္စရေးတို့၏ Cast Lead စစ်ဆင်ရေးအပြီး ၂၀၀၉ ခုနှစ်တွင် ဂါဇာဒေသအတွင်း စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ရေးရန် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှုကြောင့် ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ကုလ၏ အတည်ပြုချက်ကို နှောင့်နှေးစေခဲ့သည်။

    ပါလက်စတိုင်းတို့မှာ လှည့်ဖျားခြင်းခံလိုက်ရသည်ဟု ICC တရားသူကြီးဟောင်းများက ဆိုကြသည်။

    စစ်ရာဇ၀တ်မှုအတွက် စုံစမ်းရန် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုကို အကြောင်းပြု၍ ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ကုလ၏တည်ပြုချက်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာမှ ရရှိခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ UNGA က ပါလက်စတိုင်းအား အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံအဖြစ် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုကတော့ ဖြစ်မလာခဲ့ချေ။

    ဘန်ဆူဒါမှာ စောစောပိုင်းတွင် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုကို ပြန်လည် ဆန်းစစ်မည်ဟု ဆိုခဲ့သေးသည်။ သို့သော်လည်း နောက်တစ်နှစ်တွင် အငြင်းပွားဖွယ် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကာ UNGA ၏ မဲပေးရွေးချယ်မှုမှာ ၂၀၀၉ ခုနှစ် ပါလက်စတိုင်းတို့၏ တောင်းဆိုအတွက် “ဥပဒေအရ မခိုင်လုံမှု” ကို မည်သို့မှ အထောက်အကူမပြုဟု ပြောကြားခဲ့လေသည်။

    ပါလက်စတိုင်းတို့ ၂၀၀၉ ခုနှစ် ကြေညာချက် ထုတ်ပြန်စဉ်က တရားသူကြီးဖြစ်ခဲ့သည့် လူးဝစ် မိုရီနို အိုကမ်ပိုကလည်း ဘန်ဆူဒါကို ထောက်ခံ၏။ ဂါးဒီးယန်း သတင်းစာသို့ ပေးပို့သော အီးမေးလ်တွင် “ပါလက်စတိုင်အနေဖြင့် တရားစီရင်မှုကို လက်ခံလိုပါက၊ ကြေညာချက်အသစ် ထပ်မံထုတ်ပြန်ရမည်” ဟု ရေးသားထားသည်။

    ICC တရားသူကြီးများရုံးမှ ပါလက်စတိုင်း၏ ကြေညာချက်နှင့် သက်ဆိုင်နေသည့် တရားသူကြီးတစ်ဦးကမူ အိုကမ်ပိုနှင့် သဘောထားခြင်း လုံးဝကွဲပြား၏။

    “နိုင်ငံရေဒဆုံးဖြတ်ချက်တစ်ခုကို ရုပ်ဖျက်ဖို့၊ လုပ်ပိုင်ခွင့်အဏာကို ငြင်းပယ်ဖို့နဲ့ ပါဝင်ဆောင်ရွက်ခြင်း မပြုဖို့ သူတို့ဟာ ဥပဒေစကားရပ်ဆိုတာကို အသုံးချပြီး နောက်ကွယ်မှာ ဖုံးကွယ်ဖို့ ကြိုးစားနေကြတာပါ” ဟု ဆိုလေသည်။

    ဘန်ဆူဒါမှာ အမေရိကန်နှင့် ဥရောပ မဟာမိတ်နိုင်ငံများ၏ ကြီးမားသော ဖိအားအောက်တွင် ရှိနေသည်ဟု ဒူဂတ်က ဆိုသည်။

    “သူမအတွက်တော့ ရွေးရခက်နေမှာပါ။ ပြီးတော့ သူဟာ မပြင်ဆင်ထားပါဘူး။ ဒါပေမယ့် ဒါဟာ ICC ရဲ့ ယုံကြည်စိတ်ချရမှုကိုတော့ ထိခိုက်ပါတယ်။ သူမအနေနဲ့ အာဖရိကမှာဆိုရင်တော့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ရှက်နေမှာမဟုတ်ဘူးလို့ အာဖရိကန်တွေက ပြောကြပါတယ်”

    စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ပါလက်စတိုင်းတို့၏ တောင်းဆိုမှုအတွက် ဆုံးဖြတ်ချက်ချရန် တရားသူကြီးဟောင်း အိုကမ်ပိုက သုံးနှစ် အချိန်ယူခဲ့သည်။ ထိုအချိန်အတွင်း အရေိကန်နှင့် အစ္စရေးတို့က ထိုကိစ္စဖြစ်မလာရန် လော်ဘီလုပ်လေသည်။ ယခုနှစ်အတွင်း ICC မှ ထုတ်ပြန်သော စာအုပ်၌ တရားရုံး၏ အနာဂတ်မှာ မသေမချာဖြစ်မည်ဟု အမေရိကန်အာဏာပိုင်များက တရားသူကြီးကို သတိပေးခဲ့သည်ဟု ဖော်ပြထားလေသည်။

    ဒေးဗစ်ဘို့စ်ကို ရေးသားသည့် Rough Justice: the International Criminal Court in a World of Power Politics စာအုပ်ဖြစ်ပြီး ပါလက်စတိုင်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုက ICC ထမ်းရမည့် အလွန်ကြီးလေးသော နိုင်ငံရေး ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်ကြောင်း၊ ထိုအမှုအတွက် အစီရင်ခံစာ ထုတ်ပြန်မှုကလည်း ICC အတွက် အဓိက ထိခိုက်မှုမျိုး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များက ICC အား ပြတ်ပြတ်သားသားပင် သတိပေးခဲ့သည်ဟု ဖော်ပြထားသည်။

    ICC ကို အမေရိကန်တို့က ရန်ပုံငွေ ထောက်ပံ့ထားခြင်း မရှိသော်လည်း “ICC ၏ လုပ်ဆောင်မှုများကို ရံဖန်ရံခါ အမေရိကန်က ထောက်ခံသည့်အခါ ၀ါရှင်တန်၏ ကြီးမားသည့် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးပါဝါများကြောင့် ICC အတွက် တန်ဖိုးရှိသည့် အကူအညီဖြစ်လာလေသည်။ ” ဟု အမေရိကန် တက္ကသိုလ်တစ်ခုမှ နိုင်ငံတကာ နိုင်ငံရေးဆိုင်ရာ လက်ထောက် ပါမောက္ခဖြစ်သူ ဘို့စ်ကိုက ရေးသားထားသည်။

    ထို့ပြင် အစ္စရေး အာဏာပိုင်များအနေဖြင့် ICC တည်ရှိရာ ဟေ့ဂ်မြို့တွင် ထိုစဉ်က တရားသူကြီးဖြစ်ခဲ့သည် အိုကမ်ပိုနှင့် လျှို့ဝှက်တွေ့ဆုံမှုများစွာ ပြုလုပ်ခဲ့သည်ဟု ဘို့စ်ကိုက ၎င်း၏ စာအုပ်တွင် ဖော်ထုတ်ထား၏။ ထိုတွေ့ဆုံမှုများမှာ စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်၍ လော်ဘီလုပ်ရန်ဖြစ်ပြီး အစ္စရေးသံအမတ်၏ အိမ်တွင် ညစာစားပွဲ ပြုလုပ်သည်အထိ အနီးကပ်ဆွေးနွေးခဲ့သည်ဟု ဆိုလေသည်။

    ပါလက်စတိုင်းတို့၏ အမှုတွဲအတွင်း ပါဝင်ဆောင်ရွက်ခဲ့သူ ICC တာဝန်ရှိသူဟောင်း တစ်ဦးကလည်း

    “အစထဲက အိုကမ်ပိုဟာ ဒီကိစ္စမှာ မပါဝင်ချင်ဘူးဆိုတာ ရှင်းနေပါတယ်။ ပါလက်စတိုင်းတွေက စုံစမ်းစစ်ဆေးမှုကို အမှန်တကယ် မဆောင်ရွက်ချင်ဘူးလို့ သူကပြောပါတယ်။ ၂၀၁၀ သြဂုတ်လမှာ ပါလက်စတိုင်းတွေဟာ ၀န်ကြီးနှစ်ဦးနဲ့ ရှေ့နေတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ICC ကို ရောက်လာခဲ့ပါတယ်။ သူတို့ ၂ ရက်လောက်နေပြီး ဆွေးနွေးခဲ့ကြပေမယ့် ဒီကိစ္စမှာ ဘယ်လိုပါဝင်မှုမျိုးမဆို အမေရိကန်နဲ့ နီးနီးကပ်ကပ်ရှိနေတာကို ပျက်စီးစေလိမ့်မယ်ဆိုတာ အိုကမ်ပိုက သတိပြုမိပါတယ်” ဟု ပြေကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်၏ဖိအားက မိမိအားလွှမ်းမိုးနေသည်ဆိုသည့် သတင်းကို အိုကမ်ပိုက ငြင်းဆန်လေသည်။

    “ဒီကိစ္စကို ဘက်လိုက်မှုမရှိဘဲ ကျွန်တော် ရပ်တည်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဥပဒေအရ ကန့်သတ်မှုတွေကို လေးစားခဲ့ပါတယ်” ဟု တနင်္ဂနွေနေ့က ပေးပို့သော အီးမေးလ်တွင် ၎င်းက ရေးသားခဲ့သည်။

    “ငြင်းခုံမှုတွေအားလုံးကို ကျွန်တော်ကြားပါတယ်။ မတူညီမှုတွေကို ရှင်းပြတဲ့ အောက်စဖို့ဒ်က ပါမောက္ခတွေနဲ့ ကျွန်တော်တွေ့ခဲ့ပြီး အချိန်တော်တော် များများ ဆွေးနွေး ငြင်းခုံ ခဲ့ကြရပြီး ဒီဖြစ်စဉ်ကို ကုလကို အရင်ပို့ရမယ်လို့ ကျွန်တော် နောက်ဆုံးပြောခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံ သတ်မှတ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့က ဆုံးဖြတ်ရပါမယ်”

    “အစ္စရေးနဲ့ဆွေးနွေးရာမှာ တရားစီရင်ရေးကို လက်ခံဖို့ ပါလက်စတိုင်းတို့က ခြိမ်းခြောက်နေပါတယ်။ ရန်သူ ၉ ယောက်က ၀ိုင်းနေပြီး ကျည်ဆံ တစ်တောင့်ပဲရှိရင် မပစ်ဘဲ ဒီကျည်ဆံကို ပိုကောင်းအောင် အသုံးချလိမ့်မယ်လို့ တစ်ယောက်က ပြောခဲ့ပါတယ်” ဟု အိုကမ်ပိုက ၎င်း၏ အီးမေးလ်တွင် ထည့်သွင်းရေးသားခဲ့လေသည်။

    အိုကမ်ပို၏နေရာကို ဆက်ခံသည့် ဘန်ဆူဒါကလည်း စုံးစမ်းစစ်ဆေးမှုများအတွက် တရားသူကြီး၏ ရွေးချယ်မှုတွင် ဘက်လိုက်မှုရှိသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆန်ခဲ့သည်။

    “ICC ကို ရောမကြေညာစာတန်းက လမ်းညွှန်ပေးထားတာပါ။ တစ်ခြားဘာမှမရှိပါဘူး။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ICC ဟာ ဘယ်လိုနေရာမျိုးတွေ၊ ဘယ်လိုအချိန်မျိုးတွေမှာ ကြားဝင်နိုင်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေကို တမင်သက်သက် မှားယွင်းဖော်ပြထားတာမျိုးတော့ မဟုတ်ပါဘူး။ ပထ၀ီအနေအထားဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားရတာတွေက တရားရုံး ဆုံးဖြတ်ချက်အပေါ် တစ်စိတ်တစ်ပိုင်းတောင် သက်ရောက်လို့မရပါဘူး”

    ပါလက်စတိုင်းပြည်သူများကို ကိုယ်စားပြုသည့် ပြင်သစ်ရှေ့နေ ဂီလက်စ် ဒီဗာက ပါလက်စတိုင်း ပိုင်နက်များတွင် တရားရုံး၏ တရားစီရင်ခြင်းအပေါ် ဆုံးဖြတ်ရမည်မှာ ICC မှ တရားသူကြီးများမဟုတ်ဟု ဆုလေသည်။

    စုံစမ်းစစ်ဆေးရေးအတွက် တောင်းဆိုမှုအသစ် ပြုလုပ်ရမည်လားဆိုသည့် အချက်အပေါ် ပါလက်စတိုင်းရှိ ပါတီများအကြား ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေသည် ဟု ဒီဗာက ထည့်သွင်းပြောကြားခဲ့သည်။

    “စုံစမ်းစစ်ဆေးမှုကို မပြုလုပ်ဖို့ ဖိအား ကြီးကြီးမားမား ရှိနေပါတယ်။ ဒီဖိအားဟာ ဖာတာနဲ့ ဟားမက်စ်အဖွဲ့တွေမှာသာမက ICC က တရားသူကြီးမှာလည်း ရှိနေပါတယ်။ ဖြစ်စဉ် ဒီပြဿနာတွေမှာ ဘဏ္ဍာရေးထောက်ပံ့မှုတွေ၊ ပါလက်စတိုင်းနဲ့ ICC တို့အပေါ် ငြိမ်းခြောက်တဲ့ ပုံစံမျိုးတွေ ဖြစ်လာပါလိမ့်မယ်”

    ICC အား အကြီးဆုံးထောက်ပံ့နေသူများတွင် ယူကေနှင့် ပြင်သစ်တို့ပါဝင်ပြီး ထိုနှစ်နိုင်ငံစလုံးကလည်း စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုကို စွန့်လွှတ်ရန် ပါလက်စတိုင်းအား ဖျောင်းဖြ ကြပေဦးမည်။

    ref_ The Guardian

  • MH 17 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ ရုပ်ကြွင်း မလေးရှားသို့ ပထမအသုတ်  ရောက်ရှိ

    MH 17 လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများ ရုပ်ကြွင်း မလေးရှားသို့ ပထမအသုတ် ရောက်ရှိ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    First_batch_of_remains_of_MH17_dead_arrive_in_Malaysia
    – ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် MH 17 လေယာဉ်တွင် လိုက်ပါသွားကြသူများ၏ အလောင်းများ ပထမအသုတ်အဖြစ် မလေးရှားနိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    သေဆုံးသူ ၂၀ ၏ ရုပ်ကလပ်များကို မလေးရှား အထူးလေကြောင်းလိုင်းဖြင့် သယ်ဆောင်ကာ အမ်စတာဒမ်မြို့မှာ ကွာလာလမ်ပူသို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

    ထိုအခမ်းအနားသို့ မလေးရှားဘုရင်ကြီး အဘ်ဒူလ် ဟာလင်မ် မူအဒ်ဇမ်ရှားနှင့် မိဖုရား ဟာဂျာဟာမီနာ၊ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်နှင် ဇနီးတို့အပါအ၀င် အစိုးရ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သေဆုံးသူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီး ယနေ့ကိုလည်း နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် မလေးအစိုးရက သတ်မှတ်ခဲ့သည်။

    ရုပ်ကြွင်းများကို သယ်ဆောင်ရာ လမ်းတစ်လျှောက်တွင်လည်း ပြည်သူများက သေဆုံးသူများကို ဂုဏ်ပြုခဲ့ကြပြီး မလေးရှားရုပ်သံများကလည်း သေဆုံးသွားသူများ၏ ဓာတ်ပုံများနှင့်အတူ ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များကို ထုတ်လွှင့်ပြသခဲ့သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၉၈ ဦး တင်ဆောင်လာသည့် အဆိုပါ MH 17 လေယာဉ်မှာ အမ်စတာဒမ်မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းစဉ် ယူကရိန်း အရှေ့ပိုင်း လေပိုင်နက်အတွင်း ပစ်ချခြင်းခံခဲ့ရပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ရသည်။ အဆိုပါလေယာဉ်ပေါ်တွင် မလေးရှားနိုင်ငံသား ၃၀ ဦး ပါဝင်သည်။

    သေဆုံးသူများ၏ ရုပ်ကလပ်များကို ၎င်းတို့နေထိုင်ရာ နေရပ်များသို့ ရဟတ်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ပြီး၊ သေဆုံးသူများ၏ အယူဝါဒအတိုင်း သင်္ဂြိုဟ်ခွင့်ရမည်ဖြစ်သည်။

    Agencies

  • ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    NYHQ2014-0901
    – အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရသည့် ဂါဇာဒေသတွင် ပါလက်စတိုင်း ကလေးငယ် ၄ သိန်းနီးပါးမှာ ကနဦး စိတ်ပိုင်းဆိုင်ရာ အကူအညီများကို ချက်ခြင်း လိုအပ်နေသည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    “(အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှု၏) ဆိုးကျိုးတွေက ရုပ်ပိုင်းဆိုင်ရာမှာ တော်တော်လေးကို များပြားပြီး သေဆုံးဒဏ်ရာရသူတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်ဆီးတာတွေ ရှိနေပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဘယ်သူမှမသိတဲ့ ခံစားမှုပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်မှုတွေပါပဲ။ ဂါဇာမှာ ဘယ်နေရာမှ လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားမှုမျိုးက ကောင်းမွန်တဲ့ ဖီလင်မျိုးတော့ မဟုတ်ပါဘူး” ဟု
    ဂါဇာဒေသ ဆိုင်ရာ ယူနီဆက်ဖ် အကြီးအကဲ ပါနီလာ အိုင်းရင်းဆိုက်က ကုလသမဂ္ဂ ရုံးချုပ်တည်ရှိရာ နယူးယောက်တွင် ယမန်နေ့ကပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဂါဇာတွင် ကလေးငယ် ၉ ဦး သေဆုံးခဲ့ပြီး ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့သည့် ဇူလိုင်လအစောပိုင်းမှစ၍ သေဆုံးခဲ့သည့် ကလေးငယ် အရေအတွက် ၄၉၆ ဦး ရှိလာခဲ့ပြီဖြစ်သည်။

    ယာယီအပစ်ရပ်ရေး ပျက်ပြယ်သွားခဲ့ပြီးနောက် အင်္ဂါနေ့မှ စတင်ကာ အစ္စရေးက ဂါဇာဒေသအား လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ယမန်နေ့ တိုက်ခိုက်မှုအတွင်းမှာပင် ကလေငယ်များအပါအ၀င် ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့ည်။

    ထို့ကြောင့် ၁ လကျော်ကြာ ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၂၀၉၀ ရှိလာပြီဖြစ်ပြီး၊ ဒဏ်ရာရသူ သောင်းနှင့်ချီ၍ ရှိနေကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သန်းချီရှိနေသည်။