News @ M-Media

Blog

  • အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    အီတလီဘောလုံး မင်းသား ဘာလော့တယ်လီ လီဗာပူးလ်သို့ ရောက်ပြီ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    443828_heroa
    – မိမိတို့အသင်း၏ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား လီဗာပူးလ်အသင်းက ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု  အေစီမီလန်အသင်းက ကြေညာခဲ့သည်။

    ယမန်နေ့က အေစီမီလန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့သည့် ဘာလော့တယ်လီမှာ အေစီမီလန်ဂျာစီကို နောက်ဆုံးဝတ်ဆင်ခြင်းဖြစ်သည်ဟု Sky Sports Italia က ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အေစီမီလန်အသင်း ၀ဘ်ဆိုက်ကလည်း ဘာလော့တယ်လီ ထွက်ခွာမှုနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြခဲ့သည်။

    “အသင်းဖော်တွေကို နှုတ်ဆက်ပြီးတဲ့နောက် ဘာလော့တယ်လီဟာ ဒေသစံတော်ချိန် နေ့လည် ၁ နာရီခွဲမှာ Milanello အားကစားစင်တာ (လေ့ကျင့်ရေးကွင်း) ကနေ ထွက်ခွာသွားခဲ့ပါတယ်။ မထွက်ခွာခင်မှာ မီလန် သတင်းအဖွဲ့ရုံးခန်းကိုလည်း လာရောက် နှုတ်ဆက်သွားပါတယ်” ဟု အေစီမီလန်အသင်းက ရေးသားဖော်ပြခဲ့သည်။

    ဘာလော့တယ်လီမှာ အေစီမီအသင်းသို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ၄၃ ပွဲကစားကာ ၂၆ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းအား ယူရို သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု သတင်းများက ဖော်ပြနေကြသည်။

    လီဗာပူးလ်အသင်းမှာ ချယ်ဆီးတိုက်စစ်မှူးဟောင်း အီတူးကိုလည်း တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ချဉ်းကပ်နေသည်။

  • တိုက်စစ်မှူး ဇက်ကိုအား မန်စီးတီး သက်တမ်းတိုး

    သြဂုတ် ၂၂၊ ၂၀၁၄

    M-Media

    439874_heroa
    – အသင်းရှိ ဘော့စနီးယာတိုက်စစ်မှူး ဇက်ကိုအား လေးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်စီးတီးအသင်းက ကြေညာခဲ့သည်။

    အဓိက ကစားသမားများကို ကာလရှည် စာချုပ်ချုပ်ဆိုနေသည့် မန်စီးတီးအသင်းမှာ တိုက်စ.စ်မှူး ဇက်ကိုနှင့် ဂိုးသမားဂျိုးဟတ်တို့ကို သက်တမ်းတိုးသွားမည်ဟု တနင်္ဂနွေနေ့ကတည်းက ပြောကြားခဲ့သည်။

    “မန်စီးတီးမှာရှိနေရတာကို ကျွန်တော် သိပ်ပျော်ပါတယ်။ ဒီနေရာဟာ ကျွန်တော့်အတွက် ဒုတိယအိမ်ပါပဲ။ ဒါ့ကြောင့် ရေရှည်ရှိနေဖို့ဆိုတာ ကျွန်တော့်အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ။ ဒီထက်ပိုကောင်းတဲ့နေရာကို ကျွန်တော် မမြင်မိပါဘူး” ဟု ဇက်ကိုက သက်တမ်းတိုးမှုနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းမှာ သြဂုတ်လအတွင်းမှာပင် အသင်း၏ အဓိက ကစားသမားများ ဖြစ်ကြသည့် ဗင်းဆင့် ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားနှင့် အဂူရိုတို့ကိုလည်း ကာလရှည် သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့သည်။

    ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်း၏ အဓိက တိုက်စစ်မှူးများ ဒဏ်ရာရရှိနေချိန်တွင် ဇက်ကိုမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီပိတ်နောက်ဆုံးသုံးပွဲတွင် ၎င်းသွင်းယူခဲ့သောဂိုးများက မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို သေချာစေခဲ့သည်။

  • တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂျာမနီသို့လည်ပတ်

    တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂျာမနီသို့လည်ပတ်

    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media
    Tibet-Education-Dharamshala-India-2014
    တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား သြဂုတ်လ ၂၀ ရက်နေမှာ အိန္ဒိယနိုင်ငံ ဒါရာမ်ရှာလ ကနေ ဂျာမနီနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ အဲ့ဒီမှာ ငြိမ်းချမ်းရေးဟောပြောမှုတွေနဲ့ သနားကြင်နာခြင်း စတဲ့ လူမှုကျင့်ဝတ် အကြောင်းအရာတွေကို ဟောပြောမှာ ဖြစ်ပါတယ်။

    ဟမ်းဘတ်မြို့ တိဗက်ရေးရာ စင်တာ စီစဉ်တဲ့ ဟမ်းဘတ်မြို့ ခရီးစဉ်မှာ နိုဗယ်ဆုရ ဘုန်းတော်ကြီးဟာ ” ဘဝထဲက လူသားတန်ဖိုး ” ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ သြဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ” ဗောဓိသတ္တ၏ ဘဝလမ်းညွှန်” စာအုပ်ကနေ ပို့ချချက်တွေပေး သွားမှာဖြစ်ပြီး ဒီပို့ချချက်တွေဟာ ဗုဒ္ဓဘာသာဝင်တွေကော ဗုဒ္ဓအတွေးအခေါ်၊ လူနေမှုနဲ့ တရား အားထုတ်မှုကို စိတ်ဝင်စားသူအားလုံးအတွက် ရည်ရွယ်တယ်လို့ စီစဉ်သူတွေကပြောပါတယ်။

    ဓာတ်ပုံအညွှန်း – တိဗက်နည်းပညာကျောင်းရှိ တိဗက်ဆေးပညာနှင့် နက္ခတ်ဗေဒ သင်ကြားနေသောကျောင်းသား ကျောင်းသူများနှင့် ဘုန်းတော်ကြီး ဒလိုင်းလားမား အိန္ဒိယနိုင်ငံ ဒါရာမ်ရှာလ တွင်တွေ့ဆုံစဉ်

    မြတ်ဇော်
    Source : TheTibetPost

  • မာလာဝီ လူ့အဖွဲ့အစည်း တိုးတက်အောင် ကူညီပေးခဲ့သည့် မွတ်စလင်များကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်

    မာလာဝီ လူ့အဖွဲ့အစည်း တိုးတက်အောင် ကူညီပေးခဲ့သည့် မွတ်စလင်များကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်

    သြဂုတ် ၂၁ ၊ ၂၀၁၄
    M-Media

    MalawiMuslims-Fight-Early-Marriages
    မာလာဝီမှ အမျိုးသမီးများ သက်ငယ် အိမ်ထောင်ကျမှု ကျဆင်းရေး ဟောပြောပွဲတခု

    – မာလာဝီနိုင်ငံအတွင်း သာသနာ၏ သွန်သင် ဆုံးမမှုများ ပြန့်ပွားလာရန်နှင့် လူမှုစီးပွား တိုးတက်မှုများ အတွက် ကူညီဆောင်ရွက်ပေး ခဲ့သည့် မွတ်စလင် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များအား မာလာဝီ မွတ်စလင်ဝဘ်ဆိုက်(Malawi Muslim Official Website)မှ ဆုတံဆိပ်များ ချီးမြှင့်မည်ဟု သိရသည်။

    “အစ္စလာမ်သာသနာနဲ့ နိုင်ငံအတွင်းအမှာရှိတဲ့ လူမှုစီးပွား ဖွံဖြိုးတိုးတက်မှုအတွက် မွတ်စလင်တစ်ဦး တစ်ယောက်ချင်းစီနဲ့ မွတ်စလင် အဖွဲ့အစည်းတွေရဲ့ အမျိုးမျိုးသော စွန့်လွှတ်စတေးမှုတွေ၊ ကူညီမှုတွေကို အသိအမှတ်ပြုဖို့ အတွက် ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ” ဟု အဆိုပါ ၀ဘ်ဆိုက်ကို တည်ထောင်သူ မာရှယ်လ် ဒိုင်တန်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ချီးမြှင့်ခြင်းမှာ မာလာဝီမွတ်စလင်လူ့အဖွဲ့အစည်းအတွင်း ပထမဆုံးလည်းဖြစ်သည်။ ဒိုင်တန်ကမူ မာလာဝီနိုင်ငံ အတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် ကူညီမှုမှတစ်ဆင့် အစ္စလာမ်သာသနာ၏ အလှတရားကို မာလာဝီနိုင်ငံနှင့် ကမ္ဘာကြီးက သိရှိ လက်ခံလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “နိုင်ငံတကာ မီဒီယာတွေက အစ္စလာမ်သာသနာကို မကောင်းတဲ့ ပုံစံတွေနဲ့ပဲ ဖော်ပြနေပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေအဖြစ်၊ မကောင်းတဲ့ အရာအားလုံးနဲ့ ပတ်သက် ဆက်နွယ်နေသူတွေအဖြစ် ဖော်ပြခံနေရပါတယ်။ ဒါကြောင့်မို့လို့ မွတ်စလင်၊ အစ္စလာမ်တို့နဲ့ ပတ်သက်ပြီး လူတွေကျေးဇူး တင်သင့်တဲ့ ကောင်းကွက်တွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့က ကမ္ဘာကြီးကို ပြချင်ပါတယ်”

    အာဖရိကန် တောင်ပိုင်း နိုင်ငံတစ်ခုဖြစ်သည့် မာလာဝီနိုင်ငံသို့ အစ္စလာမ်သာသနာမှာ ၁၈၈၀ ခုနှစ်များက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ ယခုလက်ရှိတွင် နိုင်ငံလူဦးရေ၏ ၁၂ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည် ကြသူများဖြစ်သည်။

    မာလာဝီတွင် မွတ်စလင်တို့မှာ ကြွယ်ဝသည့် သမိုင်းရှိပြီး လူ့အဖွဲ့စည်အတွင်း၌လည်းထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ကာ လူ့အဖွဲ့အစည်း တိုးတက်ရန်အတွက် ကူညီမှုများရှိခဲ့သော်လည်း ထိုကူညီမှုများမှာ ပျောက်ပျက် သွားခဲ့သည်ဟု ဒိုင်တန်ကဆိုသည်။

    “မာလာဝီမှာ မွတ်စလင်တွေမပါဘဲနဲ့ တိုးတက်ဖွံ့ဖြိုးခဲ့တဲ့ နယ်ပယ်ကဏ္ဍတွေကို ဆွဲထုတ်ပြဖို့ ခက်ပါတယ်။ လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ကျွန်တော်တို့ဟာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ကြပါတယ်။ အစ္စလာမ် သာသနာနဲ့ နိုင်ငံအတွက် မွတ်စလင်တစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခဲ့ကြတဲ့ စွန့်လွှတ်စတေးမှုတွေကို ကျွန်တော်တို့ အဆင့်သတ်မှတ်ချင်ပါတယ်။ သူတို့ရဲ့ စွန့်လွှတ်စတေးမှုဟာ အချီးအနှီး မဖြစ်စေရပါဘူး”

    မွတ်စလင်တို့၏ ဆောင်ရွက်မှုများအတွက် အသိအမှတ်ပြုမည့် အဆိုပါဆုတံဆိပ် ချီးမြှင့်အရေး အစီအစဉ်ကို နိုင်ငံတ၀ှမ်း မွတ်စလင်ပညာရှင်များကလည်း ကြိုဆိုခဲ့ကြသည်။

  • အစွန်း / အထင်း

    အစွန်း / အထင်း

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    အိမ်ဝေးသူ(KZ)
    10629367_550389565067201_1812935903258270389_o
    ကျွန်တော်သည် အပြစ်အနာအဆာ ကင်းစင်လွန်းသော လူသားတစ်ဦး မဟုတ်ပါ။ သို့သော်…ကျွန်တော်သည် အစွန်းအထင်း များကို ကြောက်ပါသည်။ သေးငယ် ပမွှားလွန်းသော အစွန်းအထင်းတစ်ခုခုကို ကျွန်တော် ကြောက်ပါသည်။ မြင်သာထင်သာလွန်းသော အစွန်းအထင်းတစ်ခုခုကိုလည်း ကျွန်တော် ကြောက်ပါသည်။

    ကျွန်တော့် ဘဝနှင့်ချီသော အတွေ့အကြုံတစ်ခုကို စာဖတ်သူတို့အား မျှဝေပါမည်။

    ကျွန်တော့်ဘဝ သက်တမ်းတစ်လျှောက် အရက်သေစာ သောက်စားမူးယစ်ခဲ့ခြင်း လုံးဝမရှိပါ။

    ဘာသာတရား အဆုံးအမကြောင့် အရက်သည် တားမြစ်ကုန်စည်ဖြစ်ကြောင်း ကျွန်တော် နားလည်ထားပါသည်။ အရက်သောက်လျှင် မူးတတ်ကြောင်း ကျွန်တော်သိထားသည်။

    အရက်သောက်လျှင် မကောင်းမှုများ ကျူးလွန်တတ်ကြောင်း ကျွန်တော် မှတ်သားထားသည်။ ထို့ကြောင့် ထိုအရက်နှင့် အဝေးဆုံးမှာ ကျွန်တော် နေဖြစ်သည်။

    လုပ်ငန်းသဘောအရကြောင့် ဖြစ်စေ၊ မိတ်ရင်းဆွေရင်းများက တိုက်တွန်း၍ ဖြစ်စေ၊ ကျွန်တော့်ထံပါးတွင် သတိနှင့် အသိ ရှိနေသရွေ့  ကျွန်တော် အရက်ခွက်ကို မကိုင်ခဲ့။ အရက်ကို လုံးဝမသောက်ခဲ့။

    အရက်သောက်သည်ဆိုသော ကိစ္စတစ်ခုကြောင့် ကျွန်တော့်ဘဝကို ဘယ်တော့မှ အစွန်းအထင်းမခံ။ အရက်သောက်ခြင်း၊ အရက်ကို ထိတွေ့ ကိုင်တွယ်ခြင်းများကို ရှောင်ကြဉ်သည့် အတွက် ကျွန်တော့်ဘက်က နစ်နာမှုအချို့ ရင်ဆိုင်ရသည်။

    ဥပမာ။။ အလုပ်အကိုင် အခွင့်အရေးနှင့် ပတ်သက်၍ နစ်နာရသည်။ နိုင်ငံခြား ရောက်ခါစက ဟိုတယ်အချို့ နှင့် စားသောက်ဆိုင် အချို့တွင် လုပ်ခငွေကောင်းမွန်သော အခြေအနေများစွာကို ကြုံတွေ့ခဲ့ရသည်။ အခွင့်အရေးကောင်းဟု ဆိုနိုင်သော်လည်း မိမိဆွဲကိုင်ထားသော အယူအဆကြောင့် ထိုငွေကြေး၊ ရာထူးဆိုင်ရာ အခွင့်အရေးများကို ကျေကျေနပ်နပ် လက်လွှတ်ခဲ့သည်။

    “သေးငယ်လွန်းသော အစွန်းအထင်းတစ်ခုသည် ကြီးကျယ်ခမ်းနားလွန်းသော သင့်ဘဝတစ်ခုလုံးကို ထိခိုက် နစ်နာမှုများဖြင့် ပြည့်လျှံ သွားအောင်…  နှစ်မြှုပ် ပစ်နိုင်စွမ်းရှိသည်။”

    ဤနေရာတွင် “သင်၏ ကုလားအုတ်ကိုလည်း ကြိုးဖြင့် တိုင်တွင်မြဲမြံစွာ ချည်နှောင်ပါလေ။ ထိုကုလားအုတ် မပျောက်မပျက် ရှိစေရန် ဘုရားသခင်ထံပါးတွင်လည်း ဆုပန်ပါလေ”  ဟူသော ဘာသာတရား အဆုံးအမတစ်ခုကို လေ့လာမှတ်သားဖူးခဲ့ပါသည်။

    ကုလားအုတ်ကို ကြိုးဖြင့် တိုင်တွင် ချည်နှောင်ခြင်း မပြုဘဲ ဆုတောင်းရုံသက်သက်သည် အချည်းအနှီးဖြစ်သည်။ ထို့အတူ ကုလားအုတ်ကို ချည်နှောင်ထားသော်လည်း ဆုတောင်းခြင်း လုံးဝ ပြုစရမလိုဟု သတ်မှတ်ခြင်းသည်လည်း မပြည့်စုံဟု ဆိုလိုခြင်း ဖြစ်ပေသည်။

    ကျွန်တော့်အနေဖြင့်…

    “ငါ အရက်သောက်တာမှ မဟုတ်တာ၊ အရက်လာသောက်မယ့် Customers ကို ဧည့်ခံတာပဲ၊ ဘာဖြစ်မှာလဲ” ဟူသော အတွေးမျိုး မရှိစေရ။ ကျွန်တော်သည် ထိုအစွန်းအထင်း တစ်ခုကို မကျူးလွန်ချင်သူ အမှန်တကယ် ဖြစ်ပါက ကျွန်တော် ပထမဆုံး လုပ်ရမည့် အလုပ်မှာ “ အရက်များနှင့် ဝေးရာမှာ နေခြင်း၊ အရက်ရှိသည့် နေရများနှင့် ဝေးရာမှာ နေခြင်း” မဟုတ်ပါလား။ အရက် အလွယ်တကူ ရရှိနိုင်သည့် နေရာတွင် နေထိုင်ပြီး “ငါ လုံးဝ အရက်မသောက်ဘူး”ဟု စိတ်ပိုင်းဖြတ် ထားသော်လည်း ထိုဆုံးဖြတ်ချက်သည် မည်မျှ ခိုင်မာတည်တံ့နိုင်ပါမည်နည်း။ ပတ်ဝန်းကျင်က ကျွန်တော့်ကို တွန်းအားပေးလွန်းသည့် တစ်နေ့တွင် ထိုအစွန်းအထင်းကို ကျွန်တော်ကိုယ်တိုင် ကျူးလွန်မိပေလိမ့်မည်။

    အစွန်းအထင်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိသည်။ အရက်သောက်ခြင်း ဟူသော အစွန်းအထင်း တစ်ခုသည် သူတစ်ပါး သားပျိုသမီးပျိုများကို ဖျက်ဆီးခြင်း၊ သူတစ်ပါးအသက်အန္တရာယ်ကို ထိပါးရန်စခြင်း၊ မိမိကိုယ်ကိုယ် မထိန်းသိမ်းနိုင်ဘဲ အသက်ဘေးဖြင့် ကြုံစေနိုင်ခြင်း စသည့် ဆင့်ကဲအစွန်းအထင်းများစွာနှင့် ဆက်စပ်လျက်ရှိသည်။

    ကျွန်တော် အရက်မသောက်သော်လည်း အရက်ဆိုင်မှာ အလုပ်လုပ်မည်ဆိုပါက အချိန်ကာလ ကြာမြင့်သောအခါ ပတ်ဝန်းကျင်၏ တွန်းပို့မှုကြောင့် ကျွန်တော် အရက်သောက်တတ်လာမည်။

    တစ်လမှာ အရက်တစ်ခွက်၊ တစ်ပတ်မှာ အရက်တစ်ခွက်၊ နေ့စဉ် အရက်တစ်ခွက် အစရှိသဖြင့် တစ်ဖြည်းဖြည်း မိမိကိုယ်ကို တစ်ဆင့်စီ လျှော့ချပစ်လိုက်မိမည်။

    အရက်ကိုပါ တွဲရောင်းသည့် စားသောက်ဆိုင်တွင်ပင် အလုပ်မလုပ်နိုင်ဟု သတ်မှတ်ထားခဲ့သည့်အတွက် ထိုခိုင်မာသော စိတ်ဓာတ်က ကျွန်တော့်ကို အရက်မှ ကင်းဝေးအောင် ထိန်းသိမ်းသည်။ အကယ်၍ ကျွန်တော်သာအလွယ်လမ်းကိုလိုက်၍ အရက်ဆိုင်တွင် တစ်လမျှ အလုပ်လုပ်ခဲ့ဖူးသူဖြစ်လျှင် အလုပ်အကိုင် အကျပ်အတည်းဖြင့် ကြုံတွေ့လာပါက “ အရင်တုန်းက ငါ… ဒီအလုပ်ကို လုပ်ခဲ့သေးတာပဲ၊ ဒီတစ်ခါလေး လုပ်တော့လည်း ဘာဖြစ်သွားမှာလဲ” ဟူသော စိတ်က အနိုင်ယူပေလိမ့်မည်။

    မိမိဘဝတွင် အစွန်းအထင်း တစ်ခုမျှ မရှိစေလိုလျှင် မိမိကိုယ်တိုင် ထိုအရာကို ရွံရှာတတ်ရမည်။ ထိုအစွန်းအထင်းမျိုးနှင့် ဝေးကွာစွာနေရမည်။ “တစ်ခါလောက်တော့ စမ်းကြည့်တာပေါ့” ဟူသော စူးစမ်းစိတ်မျိုးကို ရှောင်ကြဉ်ရမည်။ အစွန်းအထင်းတစ်ခု ရှိနေပြီဆိုပါက နောက်ထပ်အစွန်းအထင်းတစ်ခု မိမိဘဝထဲသို့ ဝင်ရောက်ဖို့ လွယ်ကူသည်။ အစွန်းအထင်းများစွာဖြင့် ပြည့်နှက်လာပြီဆိုပါက မိမိဘဝ လူလုံးမလှ ဖြစ်ရပေလိမ့်မည်။

    နိဂုံးချုပ်ပါမည်။

    အစွန်းတစ်ခုသည် သေးငယ်သည် ဖြစ်စေ၊ ကြီးမားသည် ဖြစ်စေ အများအမြင်၌ မတင့်တယ်ဘဲ အထင်းသား ဖြစ်နေပေလိမ့်မည်။

    အိမ်ဝေးသူ(KZ)

    ဝန်ခံချက်။

    {အရက်သောက်ခြင်းဟူသော အစွန်းအထင်း} ကို ဖော်ပြခြင်းမှာ မြင်လွယ်သော ဥပမာတစ်ခု ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ယမကာကို သုံးစွဲနေရသူများကို နစ်နာစေလိုသောစိတ်ဖြင့် တင်ပြခဲ့ခြင်း အလျဉ်းမဟုတ်ပါကြောင်း။