News @ M-Media

Blog

  • ဟားမက်စ်အား  တရားဝင် အသိအမှတ်ပြုရမည်ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဆို

    ဟားမက်စ်အား တရားဝင် အသိအမှတ်ပြုရမည်ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဆို

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media

    ဟားမက်စ်အား နိုင်ငံရေး အဖွဲ့အစည်းအဖြစ် တရားဝင် အသိအမှတ်ပြုရမည်ဟု အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဆို

    jimmy-carter

    – ဂါဇာအားကျူးကျော်တိုက်ခိုက်မှုအတွက် ကမ္ဘာတစ်ဝှမ်းမှ ရှုတ်ချမှုများ ပြုလုပ်နေချိန်တွင် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် အိုင်ယာလန် သမ္မတဟောင်း မေရီ ရော်ဘင်ဆင်တို့ကလည်း အစ္စရေး၏ လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ဟားမက်စ် အဖွဲ့အား နိုင်ငံရေးအဖွဲ့အဖြစ် တရားဝင်အသိအမှတ်ပြုရန် တောင်းဆိုလိုက်သည်။

    “အစ္စရေးစစ်တပ်က ဒီစစ်ပွဲမှာ ပြုမူဆောင်ရွက်နေတဲ့ နည်းလမ်းဟာ ကျိုးကြောင်း ခိုင်လုံ တရားနည်းလမ်းကျမှုနဲ့ လူသားဆန်မှုတွေ ဘာမှ မရှိပါဘူး။ ဟားမက်စ်ကို ဖယ်ထုတ်ဖို့၊ ဒါမှမဟုတ် သူတို့အဖွဲ့ ပျက်သွားအောင် သူတို့နဲ့ပူးပေါင်းပြီး လုပ်ချင်နေလို့တော့ မရပါဘူး။ ပါလက်စတိုင်း ပြည်သူအချိ့ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့ အဖြစ် ဟားမက်စ်ကို တရားဝင်အသိအမှတ်ပြုဖို့ပဲ ရှိပါတယ်။ ဒီလို ဆောင်ရွက်မှသာ သူတို့ရဲ့ လက်နက်ကို စွန့်ဖို့နဲ့ ဟားမက်စ်အတွက် မှန်ကန်တဲ့ အကျိုးတရားတွေကို အနောက်နိုင်ငံတွေက ပေးနိုင်မှာပါ” ဟု Foreign Policy မဂ္ဂဇင်းတွင် ကာတာနှင့် ရော်ဘင်ဆင်တို့က ပူးတွဲရေးသားသော ဆောင်းပါးတွင် ဖော်ပြထားသည်။

    ထို့ပြင် ဟားမက်စ်နှင့် ဖာတာတို့ ပူးပေါင်းကာ ညီညွတ်သော ပါလက်စတိုင်းအစိုးရ ဖွဲ့စည်းခြင်းကို အစ္စရေးက ပျက်ပြားအောင် ဆောင်ရွက်နေပြီး၊ ပါလက်စတိုင်းဒေသ ကိုလည်း ချည့်နဲ့သွားစေရန် လုပ်ဆောင်နေသည်ဟု ၎င်းတို့က ထည့်သွင်းရေသားခဲ့သည်။

    အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသ လူမှုအခြေအနေများ ဆိုးရွားနေမှုကိုလည်း ရှုတ်ချခဲ့ပြီး စစ်ရာဇ၀တ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “ပဋိပက္ခမှာ အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်တာတွေအတွက် ဆင်ခြေဆင်လက်တွေ ဘယ်တော့မှ မရှိရပါဘူး။ ဒါတွေဟာ စစ်ရာဇ၀တ်မှုတွေပါပဲ” ဟု ၎င်းတို့က ဆိုသည်။

    ဂျင်မီကာတာ ဦးဆောင်မှုဖြင့် ၁၉၇၈ ခုနှစ်တွင် အီဂျစ်သမ္မတဟောင်း အန်န၀ါရ် အလ်-အာဆတ်၊ အစ္စရေးဝန်ကြီးချုပ်ဟောင်း မီနာရှန် ဘေဂင်တို့က Camp David Accords ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်ကြောင့် ပါလက်စတိုင်း မိသားစုများမှာ ရာဖာဒေသ တစ်ဝှမ်း ပြန့်နှံ့သွားခဲ့သည်။

    ဂါဇာဒေသအား အစ္စရေးက ပိတ်ဆို့ထားမှု အတွက်လည်း ကာတာနှင့် ရော်ဘင်ဆင်တို့က ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ရေး၊ လွတ်လပ်စွာ ကုန်စည် စီးဆင်းနိုင်ရေးတို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ဖိအားပေးဆောင်ရွက်ရန် အတွက်လည်း တိုက်တွန်းခဲ့သည်။

    ဟားမက်စ်က ဒုံးကျည်များနှင့် ပစ်ခတ်သည်ဟုဆိုကာ Operation Protect Edge အမည်ဖြင့် စစ်ဆင်ရေးတစ်ခုကို အစ္စရေက စတင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် ဂါဇာဒေသအား ကျူးကျော် တိုက်ခိုက်ခဲ့သည်။

    လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံး၊ ကယ်ဆယ်ရေးစခန်း၊ ဘောလုံးကွင်း စသည့်နေရားများကို အစ္စရေးက တမင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်လနီးပါးကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်း ၁၈၆၈ ဦး သေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများဖြစ်ကြသည်။

    ဒဏ်ရာရရှိသူများမှာလည်း တစ်သောင်းနီးပါးရှိနေပြီ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများမှာ သန်းဝက်ခန့် ရှိနေသည်။

    Ref:Forbes

  • ၂၆ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားအား ပြည်သူများမှ ပြုလုပ်ကျင်းပ

    ၂၆ နှစ်မြောက် ၈ လေးလုံး အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားအား ပြည်သူများမှ ပြုလုပ်ကျင်းပ

    သြဂုတ် ၈၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ လမင်း

    DSC03954
    ရန်ကုန်။      ။ ယနေ့ ၈.၈.၂၀၁၄ တွင်ကျရောက်သော ၂၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြည်သူများက ၈.၈.၈၈ တွင်ကျဆုံးသွားသော ပြည်သူများအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ပြုလုပ်ကျင်းပခဲ့ပါသည်။

    အရေးတော်ပုံကာလက ကျဆုံးခဲ့ကြတဲ့ ကျောင်းသား /သူ ရဟန်း ရှင်လူများသွေးမြေကျခဲ့သည့် အမှတ်သရုပ်အနေနဲ့ အနီရောင် ဆေးခြယ်ထားသည့် အနီရောင်အကွက် ရင်ပြင်နီကြီးကို မြို့တော်ခန်းမရှေ့တွင် ပြည်သူများမှ အမှတ်တရ ရေးဆွဲခဲ့ကြပါသည်။

    “ပြည်သူတွေက အခုချိန်ထိအကြောက်တရားနဲ့အသက်ရှင်နေရတုန်းပါပဲ။ ၈၈တုန်း က အမှန်တရားအတွက် ပေးဆပ်ခဲ့ကြတဲ့သူတွေအတွက်၊ ကျေးဇူးတရားအတွက် အခုလို ရင်ပြင်နီကို ဒီနေ့ အမှတ်တရရေးဆွဲခဲ့ရခြင်းဖြစ်ပါတယ်” ဟု ရင်ပြင်နီရေးဆွဲရခြင်းနှင့် ပတ်သက်ပြီး ကိုဗိုလ်ဗိုလ်က ရှင်းလင်းပြောကြားခဲ့သည်။

    သွေးစွန်းခဲ့တဲ့သမိုင်း ၂၆ နှစ်ရှိခဲ့ပြီး ပြည်သူလူထုမပါဝင်ဘဲ တိုင်းပြည်အရေးကိုဆောင်ရွက်လို့မရဘူးဆိုတာ ၈ လေးလုံးအရေးတော်ပုံကြီးက ပြသခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူရဲ့အင်အားသည် တိုင်းပြည်အတွက် အများကြီးပြောင်းလဲစေခဲ့တယ်ဆိုသည်ကို မမေ့လျော့ပဲ ဒီမိုကရေစီအရေးကို ပြည်သူ့အားနဲ့ဆက်လက်ကြိုးပမ်းရမှာဖြစ်ပါတယ် လို့ တ.က.သ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစည်သူမောင်က သုံးသပ်ပြောကြားခဲ့သည်။

    ရဟန်းသံဃာတော်များနှင့် ဘာသာအသီးသီးမှ ကျဆုံးသွားခဲ့သော ရဟန်းရှင်လူများအတွက် ဆုမွန်ကောင်းများတောင်းပေးခဲ့ကြပြီး ပြည်သူများမှ မဟာဗန္ဓုလပန်းခြံသို့တစ်ပတ်လှည့်လည်ပြီး ကျဆုံးသွားသော ရဲဘော်ရဲဘက်များအတွက် လွမ်းသူ့ပန်းခွေချ အလေးပြုကာ ဂုဏ်ပြုခဲ့ကြသည်။

    “ဒီနေရာဟာ ကျွန်တော့သူငယ်ချင်းတွေရဲ့သွေးမြေကျခဲ့တဲ့နေရာပါ။ အဲ့ဒီအချိန်က သွေးမြေတွေကျခဲ့ရသောလည်း အခုထိ ရည်မှန်းထားတဲ့အရာတွေကတော့ အခုထိဖြစ်မလာခဲ့သေးပါဘူး။ မှုန်ဝါးဝါးနဲ့ဖြစ်နေတယ်။ အာဏာပိုင်ကိုပြောချင်တာက သွေးမြေကျခဲ့တဲ့အရေးအခင်းဆိုတာမရှိရင် လွှတ်တော်ဆိုတာ ဦးသိန်းစိန်ဆိုတာရှိလာစရာမရှိပါဘူး။သွေးနဲ့ရေးခဲ့တဲ့သမိုင်းတွေကို ကျေးဇူးမသိရင်နေပါ။ ပြည်သူတွေကိုတော့ငဲ့ညာပေးသင့်ပါတယ်” လို့ ၈လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဆန်းတင်ကျော် မှ ပြောဆိုခဲ့သည်။

    ရှစ်လေးလုံးနေ့အတွက် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်များမှ ပေးပို့ခဲ့ကြသော သ၀ဏ်လွာများကို ဖတ်ကြားခဲ့ကြပြီး ကမ္ဘာမကြေဘူး တေးသီချင်းဖြင့် ကျဆုံးသွားခဲ့သော ရဟန်းရှင်လူ ပြည်သူများကို ဂုဏ်ပြုခဲ့ကြသည်။

  • အမေရိကန်နှင့် ဥရောပတို့မှ စားသောက်ကုန်များ တင်သွင်းခြင်းကို ရုရှားပိတ်ပင်

    အမေရိကန်နှင့် ဥရောပတို့မှ စားသောက်ကုန်များ တင်သွင်းခြင်းကို ရုရှားပိတ်ပင်

    သြဂုတ် ၉ ၊ ၂၀၁၄
    M-Media
    russia-bans-food-imports-from-west
    – ယူကရိန်းပြဿနာကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ပြန်လည်တုံ့ပြန်သောအားဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တင်သွင်းသော စားသောက်ကုန်များစုကို တစ်နှစ် ပိတ်ပင်လိုက်သည်ဟု ရုရှားက ကြေညာခဲ့သည်။

    ထိုပိတ်ပင်မှုတွင် ဥရောပနိုင်ငံများ၊ အမေရိကန်၊ သြစတေးလျ၊ ကနေဒါနှင့် နော်ဝေနိုင်ငံတို့မှ တင်သွင်းသော အသား၊ ငါး၊ ကြက်၊ ကြက်ဥ၊ ၀က်သား၊ ချီစ်၊ နို့နှင့် နို့ထွက်ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

    ရုရှား ပြည်တွင်းစားသောက်ကုန်များ၏ ၃၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး ယုခုကဲ့သို ပိတ်ပင်မှုက စားသောက်ကုန်ဈေးနှုန်းများ တက်လာဖွယ်ရှိနေသည်။

    ကလေးငယ်များအတွက် အစားအသောက်များကို ချွင်းချက်အဖြစ် ခွင့်ပြုထားပြီး၊ ရုရှားအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများနှင့်ပတ်သက်၍ မိတ်ဖက်နိုင်ငံများမှ  အပြုသဘောဆောင်သော ချဉ်းကပ်မှုမပြုပါက ပိတ်ဆို့မှုမှာ တစ်နှစ်အထိ ကြာမြင့်မည်ဟု  ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယူကရိန်းပိုင် ခရိုင်းမီးယားအား ရုရှားက သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများတွင်လည်း ရုရှားက ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမေရိကန်နှင့် ဥရောပနိုင်ငံများက ပထမအဆင့်အနေဖြင့် ရုရှားတာဝန်ရှိသူတစ်ချို့၏ ပိုင်ဆိုင်မှုနှင့် ခရီးသွားခွင့်များကို ပိတ်ပင်ခဲ့သည်။

    ထို့နောက်မကြာသေးမီကာလအတွင်း ရုရှား၏ ဓာတ်ငွေ့လုပ်ငန်းနှင့် ပတ်သက်၍ ပိတ်ပင်မှုအချို့ပြုလုပ်ခဲ့သောကြောင့် ရုရှားက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့ သွင်းကုန်များ ပိတ်ပင်ခြင်းအပြင် အာရှသို့ပျံသန်းနေသည့် အနောက်နိုင်ငံမှ လေကြောင်းလိုင်းများအတွက် ရုရှားလေပိုင်နက်အား အသုံးပြုခွင့်ကို ပိတ်ပင်သွားရန် စဉ်းစားနေသည်ဟု မက်ဗီဒက်က ထည့်သွင်း ပြောကြားခဲ့သည်။

    Al Jazeera and agencies

  • ၇၂ နာရီ အပစ်ရပ်ပြိးနောက် ဂါဇာကို အစ္စရေး တိုက်ခိုက်၊ ဟားမက်စ်မှလဲ ဒုံးကျည်များပစ်လွှတ်

    သြဂုတ် ၈ ၊ ၂၀၁၄
    M-Media
    gaza-ceasefire
    – ဂါဇာကမ်းမြှောင် သုံးရက်ကြာအပစ်ရပ်ရေး ယနေ့တွင် ပြည့်သွားခဲ့ပြီးနောက် အစ္စရေးမှာ ဒုံးကျည်များ အဝေးပစ် အမြှောက်များဖြင့် ယနေ့တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

    ဂါဇာစီးတီးသို့ တိုက်ခိုက်မှုအတွင်း ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

    လနှင်ချီ၍ ကြာမြင့်နေပြီဖြစ်သည့် တိုက်ခိုက်မှုအတွက် ရေရှည်ခံမည့် အဖြေတစ်ခု ရရှိရန် အီဂျစ်မှ ကြားဝင်ကာ ကိုင်ရိုတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် တိုးတက်မှုမရသောကြောင့် ယခုကဲ့သို့ အပစ်ရပ်ရေး ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းဖွဲ့များနှင့် ဆွေးနွေးမှုကို ယနေ့နံနက်အထိ ပြုလုပ်နေသော်လည်း အပစ်ရပ်ရေးသက်တမ်းမကုန်ဆုံးမီအချိန်တွင် အစ္စရေးမှာ ဆွေးနွေးပွဲမှ ထွက်သွားခဲ့သည်။ ဂါဇာအား ၈ နှစ်ကြာ ပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်၊ အစ္စရေးက မတရားဖမ်းဆီးထားသည် ပါလက်စတိုင်း အကျဉ်းသား ၁၂၅ ဦးကို ပြန်လည် လွှတ်ပေးရန်တို့ အပါအ၀င် ဟားမက်စ်တို့၏ တောင်းဆိုမှုများကို အစ္စရေးက လက်ခံခြင်းမရှိခဲ့ပေ။

    ဟားမက်စ်တို့ကလည်း အစ္စရေးဘက်သို့ ဒုံးကျည် ၃၀ ကျော်ပစ်လွှတ်ခဲ့ပြီး ၃ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကာ အစ္စရေးနှစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု အစ္စရေး စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

    အစ္စရေးက ပြန်လည်တိုက်ခိုက်မှုများကြောင့် ဂါဇာစီးတီးအရှေ့ပိုင်းရှိ ဒေသခံ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    အပစ်ရပ်ရေးစတင်ခဲ့သည့် အင်္ဂါနေ့တွင် အစ္စရေးစစ်တပ်များအားလုံး ဂါဇာမှ ဆုတ်ခွာခဲ့သော်လည်း နယ်စပ်တွင် ရှိနေကာ ဂါဇာသို့ ကျူးကျော်ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေသည်။

    သီတင်းပတ် လေးပတ်တာ ကြာမြင့်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်မှာ ၁၈၉၃ ဦးရှိပြီး ၇၃ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ကြကာ အများစုမှာ ကလေးများဖြစ်ကြသည်ဟု ကုလမှ သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးဘက်ကမူ ၆၇ ဦးသေဆုံးခဲ့ပြီး ထိုအထဲမှ ၆၄ ဦးမှာ ဂါဇာသို့ ကျူးကျော်တိုက်ခိုက်ခဲ့သည့် စစ်သားများဖြစ်ကြသည်။

    Al Jazeera and agencies

  • ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု ဘင်နီတက်ဇ်ဆို

    ဘာစီလိုနာအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သော ရလဒ်ဖြစ်သည်ဟု ဘင်နီတက်ဇ်ဆို

    သြဂုတ် ၈ ၊ ၂၀၁၄
    M-Media
    442371_heroa
    – ရာသီကြိုခြေစမ်းပွဲများတွင် အသင်း၏ တိုးတက်မှုအတွက် ပျော်ရွှင်မိပြီး၊ စပိန်ထိပ်သီး ဘာစီလိုနာအသင်းအား အနိုင်ရခဲ့ခြင်းမှာ ကောင်းမွန်သည့် နိုင်ပွဲဖြစ်သည်ဟု နာပိုလီအသင်း နည်းပြဖြစ်သူ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။

    ယခုတစ်ပတ်အတွင်း ဗီယင်နာတွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် နာပိုလီအသင်းမှာ ပွဲပြီးကာနီး ၁၀ မိနစ်အလို ဘလာရင် ဇီမိုင်လီ၏ ဝေးကန်ချက်ဖြင့် ဘာစီလိုနာအသင်းအား အနိုင်ရရှိခဲ့သည်။

    ထိုပွဲ ဒုတိယပိုင်းတွင် ဘင်နီတက်ဇ်မှာ ၁၀ ယောက်တိတိ လူစားလဲခဲ့ပြီး ရာသီသစ်အတွက် အသင်း၏ ပုံစံကို အားရကျေနပ်သည်ဟု ပြောကြားခဲ့သည်။

    “ဘာစီလိုနာအကို အနိုင်ရတာဟာ အမြဲတမ်းအတွက် ကောင်းသွားပါတယ်။ အခု ကောင်းလေးတွေ(ကစားသမားတွေဟာ) ချီးကျူးခံထိုက်နေပါပြီ။ ကျွန်တော်တို့ အလုပ်ကောင်းကောင်းလုပ်ပြီး ဒီလိုဆက်သွားရမယ်ဆို အာရုံထဲမှာ ရှိနေပါတယ်။ အသင်းမှာ ပိုကောင်းတဲ့ အစီအစဉ်လုပ်ဖို့ လိုပြီး တိုးတက်နိုင်မလားဆိုတာကို ကြည့်ရပါမယ်” ဟု ဘင်နီတက်ဇ်က အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ဘင်နီတက်ဇ်၏ ဦးဆောင်မှုဖြင့် နာပိုလီအသင်းမှာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း စီးရီးအေ၌ ခြေစွမ်းပြနိုင်ခဲ့သည်။