ဇွန် ၇၊၂၀၁၃
M-Media
ငါးနှစ်အောက် ကလေးငယ်များ၏ သေဆုံးမှု ၄၅% သည် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သည်ဟု Lancet ဆေးပညာဂျာနယ်ပါ သုတေသနပြုချက်တွင် ဖော်ပြထားပါသည်။
၎င်းသုတေသနအရ အာဟာရချို့တဲ့ခြင်းကြောင့် ငါးနှစ်အောက် ကလေးငယ်ပေါင်း ၃.၁သန်းခန့် နှစ်စဉ် သေဆုံးနေကြရသည်။
နိုင်ငံတကာအသင်းအဖွဲ့တစ်ခုမှ အမိဝမ်းတွင်းနှင့် ကလေးငယ်ဘ၀တွင် အာဟာရချို့တဲ့ခြင်းဖြစ်စေသော အကြောင်းများကို လေ့လာခဲ့ကြသည်။
ဘ၀၏ ပထမဦးဆုံး ရက်ပေါင်း တစ်ထောင်(သန္ဓေသားစဖြစ်တည်ချိန်မှ နှစ်နှစ်သားအထိ)သည် ကျန်းမာရေးအပေါ်တွင် ရေရှည်နောက်ဆက်တွဲအကျိုးများ သက်ရောက်နိုင်သည့် အရေးကြီးသော အချိန်ပိုင်းဖြစ်ကြောင်း တွေ့ရှိကြသည်။
အာဟာရပုံမှန်မဟုတ်ခြင်း(malnutrition)တွင် အာဟာရချို့တဲ့ခြင်းသာမက အ၀လွန်ခြင်း ပြဿနာလည်း အပါအ၀င်ဖြစ်သည့်အပြင် စီးပွားရေးအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။
ကုလသမဂ္ဂ၏ လတ်တလော အစီရင်ခံစာတစ်ခုအရ အာဟာရချို့တဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထုတ်ကုန်လုပ်အားဆုံးရှုံးမှုအတိုင်းအတာအရ ဒေါ်လာ သန်းထရီလံပေါင်း ၃.၅ ဆုံးရှုံးခဲ့ရသည်။
အမေရိကန်မှ ကမ္ဘာကျော် Johns Hopkins တက္ကသိုလ်၏ Bloomberg ပြည်သူ့ကျန်းမာရေးကျောင်း မှ ပါမောက္ခ Robert Blackဦးဆောင်သော အဖွဲ့သည် အလယ်အလတ်နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံများမှ မိခင်နှင့် ကလေး အာဟာရချို့တဲ့ခြင်းနှင့် အ၀လွန်ခြင်း အထောက်အထားများကို ၂၀၀၈ခုနှစ်ကတည်းကစပြီး လေ့လာခဲ့ကြသည်။
ထိုအဖွဲ့သည် နိုင်ငံတွင်းနှင့် နိုင်ငံတကာ အာဟာရ စီမံကိန်းများ၏ တိုးတက်မှုကိုလည်း လေ့လာခဲ့ကြသည်။
ပါမောက္ခ Blackနှင့် အဖွဲ့သားများ၏ ခန့်မှန်းချက်အရ ယခုနှစ်များအတွင်း တိုးတက်မှုအချို့ရှိခဲ့သော်လည်း ၂၀၁၁ခုနှစ်တွင် အသက်နှင့်ယှဉ်လျှင် အရပ်ဖွံ့ထွားမှုနှေးသော ကလေးငယ်ပေါင်း ၁၆၅သန်းကျော်ရှိပြီး အရပ်နှင့်ယှဉ်လျှင် ကိုယ်အလေးချိန်နည်းနေသော ကလေးငယ်ပေါင်း သန်း၅၀ကျော် ရှိသည်။
အာဟာရဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး သက်သေသာဓကရှိပြီး ဆောင်ရွက်ချက် ၁၀ခုကို ကမ္ဘာ့ ၉၀%အထိ အရှိန်မြှင့်တင်ပါက နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် ခန့်မှန်းချေ အသက်ပေါင်း ၉သိန်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း အဖွဲ့မှ လေ့လာတွေ့ရှိသည်။
`အမိဝမ်းတွင်းကာလက အာဟာရ အကျိုးဆက်တွေနဲ့ သက်တမ်းရဲ့ ပထမဦးဆုံး နှစ်နှစ်တွင်း အခြေအနေတွေက အရွယ်ရောက်လာတဲ့အခါ နာတာရှည်ရောဂါဆိုးများခံစားရခြင်းနဲ့ အသက်သေဆုံးရခြင်းတွေနဲ့ပတ်သက်ပြီး တော့တော့ကို အရေးကြီးတယ်ဗျ။´
ဟု ပါမောက္ခ Blackက BBC သတင်းဌာနကို ရှင်းပြခဲ့ပါသည်။
`အစောပိုင်းကာလ အာဟာရချို့တဲ့မှုတွေက တစ်ဦးခြင်းအတွက် ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးဆက်တွေကို ဖြစ်စေတာပဲ။ ကျောင်းသားဘ၀မှာသာမက အဆုံးစွန်ဆုံးအနေနဲ့ လူမှုအသိုင်းအ၀န်းထဲမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေလုပ်နိုင်မယ့် သူတို့ရဲ့စွမ်းဆောင်မှုတွေကိုပါ ထိခိုက်စေပါတယ်။´
အာဟာရအရေး ကမ္ဘာ့ဦးစားပေးမဖြစ်လာသမျှ နိုင်ငံများအနေဖြင့် ဆင်းရဲခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်ကြောင်းကို ထိုသုတေသနပညာရှင်များက သတိပေးလိုက်ပါသည်။
`အကယ်၍ မိခင်နှင့် ကလေး အာဟာရပြည့်ဝရေးကို ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီကောင်းကျိုးရလဒ်တွေဟာ နောက်မျိုးဆက်ပေါင်းများစွာအထိ အကျိုးဖြစ်ထွန်းစေမှာပါ။ ဒါကြောင့် ဒီအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ဖို့ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ကြရမယ်။´
ဟု Lancet ဂျာနယ်၏ အယ်ဒီတာချုပ် Dr Richard Horton က ပြောကြားခဲ့ပါသည်။
ဖွံ့ဖြိုးရေးဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် ယူကေနှင့် ဘရာဇီးအစိုးရများမှ တာဝန်ယူစီစဉ်သော အာဟာရရေးရာ အစည်းအဝေးသို့ လာမည့်စနေ၊တနင်္ဂနွေတွင် တက်ရောက်ရန် လန်ဒန်မြို့တွင် စုစည်းရောက်ရှိနေကြသည်။
ထိုအစည်းအဝေးပြီးလျှင် G8နိုင်ငံများမှ ခေါင်းဆောင်များ၏ အစည်းအဝေးလည်း ရှိပေသည်။
`လူတိုင်းအတွက် လုံလောက်သော အစားအစာ IF´လှုပ်ရှားမှုမှ ၂၀၁၅ပြည့်နှစ်တွင် အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန် တစ်နှစ်လျှင် ဒေါ်လာ ၁ဘီလီယံ နောက်ထပ် အကူငွေအဖြစ်သုံးစွဲရန် ဆော်သြလျက်ရှိသည်။
`လူတိုင်းအတွက် လုံလောက်သော အစားအစာ IF´၏ ပြောရေးဆိုခွင့်ရှိသူ Anita Tiessenက ပြောပြခဲ့သည်။
`ဒီကိန်းဂဏန်းအသစ်တွေက အာဟာရချို့တဲ့ခြင်းကြောင့် ကျွန်မတို့အရင်တုန်းက ထင်ထားတာထက်ကို ကလေးငယ် ထောင်ရာပေါင်းများစွာပိုသေနေကြရတယ်ဆိုတဲ့ ကျွန်မတို့ အကြောက်ဆုံး စိုးရွံ့မှုတွေကို သေချာသွားစေတာပေါ့။´
`ကမ္ဘာနဲ့အ၀ှမ်း ကလေးငယ်တွေရဲ့ သေဆုံးမှုကို ဖြေရှင်းဖို့ ဖြစ်နိုင်ဖို့ အလွန်ခက်ခဲတဲ့ တိုးတက်မှုတွေကို ကျွန်မတို့ လုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် နှစ်စဉ် မလိုအပ်ဘဲ သန်းပေါင်းများစွာ အသက်ဆုံးရှုံးရခြင်းတွေကို တားဆီးဖို့ ကျွန်မတို့ရဲ့ အားထုတ်မှုမှာ အာဟာရချို့တဲ့ခြင်းကတော့ အားနည်းချက်အဖြစ် ကျန်ရှိနေပါတယ်။ ကျွန်မတို့လုပ်ထားတဲ့ တိုးတက်မှုတွေကို ဆက်စေချင်တယ်ဆိုရင် ငတ်မွတ်ခြင်းပြဿနာကို ဖြေရှင်းဖို့ အလျင်အမြန်ကိုပဲ ဦးစားပေးရပါမယ်။´
Ref:BBC
Leave a Reply
You must be logged in to post a comment.