ဇူလိုင်-၁၆၊ ၂၀၁၃
M-Media
မြတ်ဇော် ဘာသာပြန်သည်။
အစ္စလာမ်နှင့် ဆက်ဆံ ရင်းနှီးမှု တိုးတက်စေခြင်း
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝဝ ခန့်အရင်ကတည်းက အစ္စလာမ်ဟာ ကမ္ဘာအနှံ့ပျံ့နှံ့နေခဲ့တာပါ။အစ္စလာမ်သာသနာကို ကမ္ဘာ့တိုက်ကြီးအားလုံး(အာရှ၊ဥရောပ၊ အမေရိက၊ အာဖရိက၊ သြစတြေးလျှ စသဖြင့်) တို့မှာ တွေ့ရပြီးနုပျိုတဲ့ စွမ်းအားတွေရှိနေဆဲပါ။ အရှေ့အလယ်ပိုင်း အစ္စလာမ်သာသနာ စတင်ခဲ့တဲ့ နေရာထက်ပြင်ပမှာ အစ္စလာမ်သာသနာဝင် မွတ်စလင်တွေကို သာပြီးတော့ တွေ့ရပါတယ်။ ကမ္ဘာ့အစ္စလာမ် လူဦးရေအများဆုံးနေရာကတော့ အာရှတိုက်ပဲဖြစ်ပါတယ်။ ၂ဝ ရာစုသတင်းအချက်အလက်နဲ့ ပို့ဆောင်ဆက်သွယ်ရေးတွေ တိုးတက်လာတာနဲ့အတူ အစ္စလာမ့် သတင်းစကားဟာလည်း သိသိသာသာတိုးတက်ပျံ့နှံ့ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး အစ္စလာမ်ဟာ ခရိယာန်သာသနာကို ကျော်လွန်ပြီး ကမ္ဘာမှာအထင်ကရ အဖြစ်ဆုံး ဘာသာ တစ်ခုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
အစ္စလာမ်ဟာ အရှေ့အလယ်ပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ဂျူးနဲ့ ခရိယာန်ဘာသာများနဲ့ အလွန်အမင်း နီးစပ် ဆက်စပ်လျှက်ရှိပါတယ်။ အခြားဘာသာတွေနဲ့ မိတ်ဆွေအသစ်တစ်ဦးဖြစ်တဲ့ အစ္စလာမ်ဘာသာမှာ ဗုဒ္ဓဘာသာအပါအဝင် အရင်ကိုးကွယ်ယုံကြည်မှုတွေရဲ့ အသိဉာဏ်ပညာတွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာဟာ ရိုးရှင်းတဲ့ ကျင့်စဉ်တွေသာပါဝင်ပြီး အထူးအဆန်း ပြာဋိဟာတွေ မပါသလောက်ပါပဲ။ ဒီအချက်တွေက လူငယ်မျိုးဆက်သစ်တွေကို ခေတ်မီနည်းပညာတွေမှာ စိတ်ဝင်စားတစားလုပ်ကိုင်လိုမှုတွေ ဦးမော့လာစေပါတယ်။ ကျွန်မရဲ့ အင်္ဂလန်နဲ့ ဂျပန်အတွေ့အကြုံအရ ပညာတတ် လူငယ် အများအပြားဟာ အစ္စလာမ်သာသနာထဲ ကူးပြောင်းသက်ဝင်လာကြတာကိုတွေ့ရပါတယ်။
အစ္စလာမ်မှာ ဘာသာရေးနဲ့ နိုင်ငံရေးမှာ ကူးလူးဆက်ဆံမှုတွေရှိပါတယ်။ နောက်တခြားဘာသာတွေလို လူ့သား ကယ်တင် လွတ်မြောက်မှုအတွက် ရှုပ်ထွေးတဲ့ နည်းစနစ်တွေ မထားရှိပါဘူး။ အစ္စလာမ်က လူကိုပဲဗဟိုပြုပါတယ်။ အဲ့ဒီနောက် ဘာသာရေးကို နေ့စဉ်ဘဝမှာ အသုံးချစေပါတယ်။ တစ်ခါတစ်လေမှာ အစ္စလာမ်ကို ဘာသာရေးထက် လူနေမှုပုံစံလို့ပြောရင်ရနိုင်ပါတယ်။ ဥပုသ်သီလဆောက်တည်ခြင်းကို ဂျူးဘာသာ၊ခရိယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာတွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းအနေနဲ့ရှိနေပေမယ့်လည်း ၂၁ ရာစုမှာ သာမန်လူတွေတက်ကြွလုံ့လရှိစွာနဲ့တစ်နှစ်မှာတစ်လ ဥပုသ်သတင်းဆောက်တည်ကြတဲ့ တစ်ခုတည်းသော သာသနာဟာ အစ္စလာမ်ပဲဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာအပြုအမူတွေကပဲ ကျွန်မတို့အမြင်အပြုအမူတွေကို ဦးဆောင်နေတာထက် ကျွန်မတို့ဟာ သိမ်မွေ့စွာ စူးစမ်းသိရှိလိုမှုနဲ့ အစ္စလာမ်သာသနာဝင်တွေရဲ့ အဲ့ဒီလိုနေ့စဉ်ဘဝလုပ်ဆောင်မှုတွေကိုကြည့်ရှုကြရပါမယ်။
ဂျပန်တွေဟာ အာဃာတရှိတယ်၊ အခြားယဉ်ကျေးမှုတွေကို စိတ်မဝင်စားဘူးလို့ပြောလို့ရပေမယ့် အခုအချိန်အထိ အစ္စလာမ်သာသနာရေးရာ ဆောင်ရွက်မှုတွေကို ဟန့်တားတာမျိုး၊ မွတ်စလင်တွေကို ပယ်ထုတ်တာမျိုး လုံးဝမရှိပါဘူး။ ဒါဟာ အနောက်တိုင်းနဲ့မတူတဲ့ ဂျပန်ရဲ့သဘောထားအမြင်ပဲဖြစ်ပါတယ်။ အနောက်နိုင်ငံ အချို့နေရာတွေမှာတော့ အစ္စလာမ့် ခေါင်းဆောင်း ပဝါဟာ နိုင်ငံရေးကိစ္စရပ် သဖွယ်ဖြစ်နေတယ်။ တစ်ချို့နိုင်ငံရေး သုတေသီတွေက ဂျပန်ဟာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကို ခံစားရတဲ့အထဲမှာ ပါဝင်တယ်လို့ဆိုပေမယ့် အစ္စလာမ်ဆန့်ကျင်ရေး မကျေနပ်မှုလှုပ်ရှားတဲ့ လှိုင်းတွေ ဂျပန်မှာ မရှိခဲ့ပါဘူး။ ဂျပန်က ဘယ်သတင်းစာကမှ အစ္စလာမ်သာသနာကို နောက်ပြောင်စော်ကားတဲ့ ကာတွန်းတွေကိုလည်း ပုံနှိပ်ခဲ့ခြင်း မရှိပါဘူး။

ဂျပန်မွတ်စလင် အရေအတွက်ဟာ သိသိသာသာတိုးတက်နေပေမယ့် အနီးအနားနေထိုင်သူတွေဟာ ဗလီလို သာသနိက အဆောက်အဦးတွေတည်ဆောက်မှုအတွက် ကန့်ကွက်တာမျိုးလည်းမရှိကြပါဘူး။ သာမန်စူးစမ်းလိုစိတ်တော့ရှိကြပါတယ်။ မူရင်းနေထိုင်သူတွေအနားမှာ လူတစ်ချို့တော့ အဆောက်အဦးတစ်ခု ဆောက်နေပြီ သူတို့ဘယ်လိုလူမျိုးတွေပါလိမ့် ဆိုတာမျိုးလောက်ပါပဲ။ ဒါပေမယ့် ဂျပန်တွေရဲ့ အိမ်နီးနားချင်းအသစ်တွေပြောင်းလာတဲ့အခါ ရှည်ကြာစွာချစ်ခင်သွားမယ့် အမှတ်လက္ခဏာအဖြစ် “ဆိုဗာခေါက်ဆွဲရှည်” နဲ့ အိမ်နီးချင်းအသစ်တွေကို တည်ခင်းကျွေးမွေးမှုကတစ်ဆင့် ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြတာပါပဲ။
ဂျပန်စာသင်ကျောင်းတွေနဲ့ အလုပ်နေရာတွေဟာ မွတ်စလင် အမျိုးသမီးတွေရဲ့ခေါင်းစီး ပဝါနဲ့ပတ်သက်လို့ ပြဿနာလုပ် ငြိုငြင်ကြတာမျိုး မရှိပါဘူး။ ကျွန်မအလုပ်လုပ်ခဲ့တဲ့ ဂျပန်သင်ယူမှုဆိုင်ရာ နိုင်ငံတကာ သုတေသန စင်တာ မှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ဒေါက်တာဘွဲ့အပြီးမှာ မွတ်စလင်တစ်ဦး (အစ္စလာမ်ဘာသာဝင်) ဖြစ်လာပါတယ်။ အဲ့ဒီမတိုင်ခင်က သူမဟာ ကောလိပ်တစ်ခုမှာ ဆရာမလုပ်ပါတယ်။ အခုတော့ သူမဟာ ကျွန်မရဲ့ အတွင်းရေးမှုးဖြစ်ပါတယ်။ သူမဟာ သူမသွားချင်တဲ့နေရာကို ခေါင်းစီးပဝါနဲ့ ခန္ဓာကိုယ်အလှကို ဖုံးအုပ်ထားတဲ့အစ္စလာမ့်ခြုံလွှာကို ဝတ်ဆင်ထားပါတယ်။ သူမဟာ ဘယ်လိုခွဲခြားမှုမျိုးမှ မကြူံခဲ့ရသလို လမ်းနဲ့အလုပ်အကိုင်တွေမှာလည်း မနှစ်မြို့တဲ့ အမူအရာတွေပြတာမျိုး မခံစားခဲ့ရပါဘူး။
ဆမ်မြူရယ် ဖီးလစ် ဟပ်တင်တန်က ယဉ်ကျေးမှုတွေဟာ တိုင်းနိုင်ငံတစ်ခုကိုကျော်ဖြတ်သွားတယ် ဆိုတာထက် တိုင်းနိုင်ငံတစ်ခုအပေါ်အခြေပြုတဲ့ “ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း” လို့အမြင်တစ်ခုနဲ့အခိုင်အမာဆိုခဲ့ဖူးပါတယ်။ အရင် အီရန်ဝန်ကြီးချုပ်ဟောင်း မိုဟမ္မဒ် ခါတမီကတော့ “ယဉ်ကျေးမှုများအပြန်အလှန်ကူးလူးခြင်း” ဆိုတဲ့ဆွေးနွေးတဲ့ စကားရပ်တစ်ခုကို ပိုကောင်းမွန်တဲ့အမြင်နဲ့တင်ပြပြောဆိုခဲ့ပါတယ်။မိုဟမ္မဒ် ခါတာမီရဲ့အမြင်ကို ကုလသမဂ္ဂက နောက်ပိုင်းမှာ ၂ဝဝ၁ ခုနှစ်ရဲ့ “ယဉ်ကျေးမှုတွေအကြောင်း နှစ်တစ်နှစ်ရဲ့ ထူးခြားတဲ့ စကားရပ်အဖြစ်” သတ်မှတ်ခဲ့ပါတယ်။
စကားပြောဆိုမှုတွေကတော့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ပြောဆိုမှုတွေကနေ နိုင်ငံနှစ်ခုကြားမှာ ရန်လိုမှုတွေ ပေါက်ပွားလာတတ်ပါတယ်။ ဒီပြောဆိုမှုတွေကနေအားလုံးလက်ခံနိုင်မယ့် ဘုံသဘောတရား တစ်ခုပေါ်ပေါက်လာဖို့ နိုင်ငံတွေ အများအပြား ဝင်ရောက်ဆွေးနွေးကြမယ်ဆိုရင် တကယ်ပဲအကျိုးရှိနိုင်ပါတယ်။
ကျွန်မကတော့ စကားအချီအချပြောတယ်ဆိုတာထက် ဆွေးနွေးကြတယ်ဆိုတဲ့ စကားလုံးကိုပိုသုံးချင်ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ သာမန်လူတွေအမြောက်အများဆီမှာ လ္ဘက်ရည်သောက်ရင်းဆွေးနွေးကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကျွန်မအနေနဲ့တော့ သာမန်လူတွေကြားမှာ လိုက်လျောညီထွေရှိပြီး လွတ်လွတ်လပ်လပ်ဖြစ်တဲ့ သတင်းအချက်အလက်ဖလှယ်မှုတွေတဆင့် ကမ္ဘာအနှံ့ကိုရောက်ရှိစေမယ့် အပြန်အလှန်နားလည်မှုနဲ့ချစ်ကြည်ရင်းနှီးမှု တည်ဆောက်တာမျိုးတွေဖြစ်လာဖို့ဆိုတဲ့အမြင်ပါပဲ။
စာရေးသူအကြောင်း

အကြောင်းအရာရေးသားသူ မစ္စ မိုတိုကို ကာတာကူရာ ဟာ ကျိုတိုမှာရှိတဲ့ ဂျပန်သင်ယူမှုဆိုင်ရာ နိုင်ငံတကာ သုတေသနစင်တာရဲ့ ဒါရိုက်တာဖြစ်ပါတယ်။ဒီတက္ကသိုလ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အမျိုးသားတက္ကသိုလ်လည်းဖြစ်ပြီး တက္ကသိုလ်များဆိုင်ရာ သုတေသနကော်ပိုရေးရှင်းလက်အောက်မှာရှိပါတယ်။ သူမဟာ မျိုးနွယ်စုများဆိုင်ရာ အမျိုးသားပြတိုက်နဲ့ ဘွဲ့ရများအဆင်ြ့မင့်လေ့လာမှုဆိုင်ရာ တက္ကသိုလ်တွေမှာလည်း ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်ပါတယ်။
သူမဟာ တိုကျိုမှာရှိတဲ့ ဆူဒါကောလိပ်ကဘွဲ့ရခဲ့ပြီး၊ တိုကျိုတက္ကသိုလ်ကနေ သိပ္ပံဆိုင်ရာ ဒေါက်တာဘွဲ့ရခဲ့ပါတယ်။
၁၉၈၅ ခုနှစ် တိုးတက်သည့်နိုင်ငံများ၏ ယဉ်ကျေးမှုသုတေသနမှာ သူမဟာ အကောင်းဆုံးဆုကိုရရှိခဲ့ပါတယ်။၁၉၈၆ ခုနှစ်ရဲ့ တိုကျို ကိုက်ဂျို ကာဂါမိ အမှတ်တရ ဖောင်ဒေးရှင်းရဲ့အကောင်းဆုံး စာရေးဆရာဆုကိုလည်းရရှိခဲ့ပါတယ်။
Ref:http://www.mofa.go.jp/
Leave a Reply
You must be logged in to post a comment.