– ပြီးခဲ့သည့် သီတင်းပတ်က တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ကျောင်းသား ၄၃ ဦးပျောက်ဆုံးသွားခဲ့သည့် မက္ကဆီကိုမြို့တစ်မြို့တွင် လူသေများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ရသည်ဟု သိရသည်။
ဂွာရဲရိုးပြည်နယ်၊ အီဂွါလာမြို့ ဆင်ခြေဖုံးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အလောင်းများမှာ ပျောက်ဆုံးသွားသည့် ကျောင်းသားများ ဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် မှုခင်းဆေးဘက်ဆိုင်ရာ ဌာနသို့ ပေးအပ်ထားသည်ဟု ဂွာရဲရိုး ပြည်နယ်တရားသူကြီးက ပြောကြားခဲ့သည်။
အလောင်းများ၏ အရေအတွက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း Reuters သတင်းဌာနကမူ အလောင်းများမှာ ၂၀ အထိရှိမည်ဟု ဖော်ပြခဲ့သည်။
အလောင်းများကို ကျင်း ၆ ခုတွင်မြှုပ်နှံထားခြင်းဖြစ်ပြီး မက္ကဆီကိုအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးကမူ လူများအား မီးရှို့ကာ တွင်းထဲ၌ မြှုပ်နှံထားခြင်းဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသားများဖြစ်မည်ဟု ပြောကြားခဲ့သည်။
ဂွာရဲရိုးပြည်နယ်မှာ မူးယစ်ဂိုဏ်များအချင်းချင်း တိုခိုက်မှုများကြောင့် မကြာခဏ မတည်ငြိမ်မှုများ ဖြစ်ပွားသည့်ဒေသဖြစ်သည်။ အီဂွာလာမြို့တွင် စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ဆရာများကောလိပ်မှ သင်တန်းသားများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးမှာ ပြန်ပေးဆွဲခံခဲ့ရသည်။
ref_ Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.