News @ M-Media

ပြည်တွင်းရှိ ဗလီတွေ ဖောက်ခွဲဖို့ ကြံစည်ခဲ့သူ ရခိုင်လူမျိုး ၃ ဦး ထောင်(၄)နှစ်စီ ပြစ်ဒဏ်ချ

အောက်တိုဘာ ၂၂ ၊ ၂၀၁၄
M-Media
သီဟ
Bomb-to-masjid
ရန်ကုန်မြို့က ဗလီ ဝတ်ကျောင်းတော်တွေကို ဖောက်ခွဲဖို့ ကြံစည် လုပ်ဆောင်ခဲ့တဲ့ ရခိုင်လူမျိုး (၃) ဦးကို ထောင်ဒဏ်(၄) နှစ်ချမှတ်လိုက်ကြောင်း သိရပါတယ်။

ကိုသိန်းညွှန့်(ခ) ဂျပန်ကြီး၊ ကိုတင်မောင် (ခ) ခိုင်နေမင်း၊ ကိုဘိုဘို(ခ) ဘိုဘိုထွန်းတို့ကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးကနေ စီရင်ချက်ချမှတ်လိုက်တာလို့  ၄င်းတို့ရဲ့ အမှုလိုက်ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို ပြောပါတယ်။

တရားခံများကို  ဖမ်းဆီးခဲ့ပြိး ၁၁ လအကြာမှာ ပြစ်ဒဏ် ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်  နိုဝင်ဘာလ ၁၃ ရက်နေ့ က လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာရှိ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ အသက် ၃၁ နှစ် အရွယ် ကိုခိုင်နေမင်းကို ဖောက်ခွဲရေး ပစ္စည်းများဖြစ်သည့် ယမ်းနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နေစဉ် ဖမ်းမိခဲ့တာဖြစ်ပြီး၊ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ၃၄ နှစ်အရွယ် ကိုသိန်းညွှန့်ကို နေ့လည် ၁၂ နာရီတွင် ဖမ်းမိခဲ့တာဖြစ်ပြီး၊ ယင်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းချက် အရ ရခိုင်ပြည်နယ် စစ်တွေမြို့ တရားသီးစုရပ်ကွက် ကျောင်းလမ်းတွင် အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

ဖောက်ခွဲရန် ကြံစည်သူများ၏ ထွက်ဆိုချက်များအရ ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ၄င်းတို့ကို ဖမ်းဆီးခဲ့စဉ်က  ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများ ရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်း အချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို တရားခံများအား ဖမ်းဆီးခဲ့သည့် အချိန်မှ စပြီး ၁၁ လ ကျော်ကြာသည့် အထိ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကိုးကား_ RFA

Comments

Leave a Reply