ဒီဇင်ဘာ ၁၀ ၊ ၂၀၁၅
M-Media
သတင်း- ညီညီဇော်

မူရင်းပိုစ်- Link
– ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၁၀ ရပ်ကွက် ၄၈ လမ်း ဗလီတွင် တရားမ၀င် ၀င်ရောက်လာသည့် လူစိမ်း ၁၀၀ ကျော်ကို တွေ့ရှိရသည်ဆိုသည့် အွန်လိုင်းသတင်းမှာ လုပ်ကြံသတင်းသာဖြစ်ပြီး အမှန်တကယ် မဟုတ်ကြောင်း စုံးစမ်းသိရှိရသည်။
အဆိုပါ လုပ်ကြံသတင်းကို လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းတရားများကို ပုံမှန်ဖြန့်ဖြူးနေသော Wira Mos Sess ဟု အမည်ရသည့် Facebook စာမျက်နှာတွင် အွန်လိုင်းမှ ရရှိသော ပုံတစ်ပုံဖြင့်တွဲ၍ လွှင့်တင်ထားခြင်းဖြစ်သည်။
အဆိုပါပို့စ်တွင် “ဗိုလ်တစ်ထောင် ၄၈ လမ်း ဗလီသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရှောင်တခင် ၀င်ရောက်စစ်ဆေးရာတွင် မှတ်ပုံတင်မရှိ ဧည့်စာရင်းဖြင့်နေထိုင်သည့် မွတ်စလင် လူစိမ်း ၁၀၀ ကျော် ကိုတွေ့ရှိပြီး၊ သက်ဆိုင်ရာသို့ အကြောင်းကြားသော်လည်း သတင်း မပေါက်ကြားရန်သာ ပြောဆိုပြီး အရေးယူဆောင်ရွက်ခြင်းမရှိ” ဟု ဖော်ပြထားသည်။
အဆိုပါ ဝါဒဖြန့်လှုံဆော်သည့် သတင်းအမှားကို ၁၂ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ (၁၅,၀၀၀) ကျော်ရှိသွားပြီဖြစ်သည်။
M-Media ၏ ဆက်သွယ်မေးမြန်းမှုများအရ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း၊ မိမိတို့ဗလီဝတ်ကျောင်းနှင့် ပူးတွဲရှိသည့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွင် လာရောက်သင်ယူနေသော အနယ်နယ်အရပ်ရပ်မှ မိဘမဲ့ ကျောင်းသားများသာရှိပြီး ထိုကျောင်းသားများ စာရင်းကိုလည်း သက်ဆိုင်ရာသို့ ပုံမှန်သွားရောက် သတင်းပို့ကြောင်း ဗလီနှင့် နီးစပ်သည့် ရင်းမြစ် မှ တဆင့် စုံစမ်းသိရှိရပါသည်။
ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်နေ့(ယနေ့) မနက်ပိုင်းကလည်း ရပ်ကွက်၊ မြို့နယ်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ၉ ယောက်ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှာ စာသင်ကျောင်းသို့ လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။ ထိုကြည့်ရှုမှုမှာ ပုံမှန်လာရောက်ကြည့်မှုသာဖြစ်သည်ဟု ဆိုသည်။
Wira Mos Sess ၏ ပို့စ်တွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်မှ ခိုးဝင်လာသည့် မွတ်စလင်များအား ဗလီများက ဗမာစကားသင်ပေးကာ မြို့နယ်နှင့် ရပ်ကွက်များသို့ ဖြန့်ကျက်ကြောင်း၊ ၎င်းတို့အား မွတ်စလင် လုပ်ငန်းများတွင် အလုပ်ပေးကြောင်း၊ လမ်းခရီးတွင် ဖမ်းမိခဲ့ပါက ဆော်ဒီနှင့် အာရပ်နိုင်ငံများမှ ငွေများဖြင့် လိုက်လံဖြေရှင်းပေးသည်ဟုလည်း လုပ်ကြံရေးသားထားသည်။
ဆိုရှယ်မီယာမှ တဆင့် အစ္စလာမ်ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ၂၀၁၂ ခုနှစ် စတင်ကြီးထွားလာပြီး ယခု ၃ နှစ်ကျော်ကာလ အချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်စွာ ကိုင်တွယ် အရေးယူဆောင်ရွက်မှု အားနည်းလျက်ရှိသည်။
Comments