နိုဝင်ဘာ ၂၄၊ ၂၀၁၉
M-Media
-ဆင်တူဝတ်စုံဝတ်ထားပြီး အဆောင်အပြင်မှာ ငြိမ်သက်စွာ ရပ်နေကြတဲ့ အကျဉ်းသားတွေထဲက ဦးခေါင်းရိပ်ထားတဲ့ အချောဆုံး ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို အစောင့်တွေက ရွေးထုတ်သွားပါတယ်။ အဲဒီနောက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို ပြောခိုင်းတဲ့အခါ မိန်းကလေးငယ်က သူမဟာ ပြုပြင်ပြောင်းလဲရေးသမားတစ်ယောက် ဖြစ်တယ်လို့ ပြန်ဖြေပါတယ်။ ဒါပေမယ့် အစောင့်တွေက တစ်ကိုယ်လုံးချွတ်ခိုင်းခဲ့ပြီး အကြိမ်ကြိမ်အဓမ္မပြုကျင့်ပါတော့တယ်။ ဒီ စက်ဆုပ်ဖွယ်ရာ အဖြစ်ဆိုးကို အမျိုးသား၊ အမျိုးသမီး ၂၀၀ လောက်ကို မကြည့်မနေရ ကြည့်ခိုင်းပြီး ကျူးလွန်တာဖြစ်ပါတယ်။
ပြင်းထန်တဲ့ ဒုက္ခဝေဒနာကို ခံစားနေရပေမယ့် မိန်းကလေးငယ်ဟာ မအော်ရဲသလို၊ အသံထွက်ပြီးတောင် မငိုရဲပါဘူး။ ဘာတုန့်ပြန်မှုမှမလုပ်ဖို့ သတိပေးခံထားရပြီး အသံတစ်ချက် ထွက်လိုက်တာနဲ့ သူမရဲ့ ဆွေမျိုးတွေ ဒီလိုကံကြမ္မာမျိုး ခံစားရမယ်ဆိုတာကို သူမက သိထားပြီးဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကို ကြည့်နေရသူတွေထဲက မျက်လုံးပိတ်ထားသူတွေ၊ စပ်ဆုပ်ကြောင်း အမူအယာပြသူတွေကတော့ သီးသန့်အခန်းထဲမှာ နှိပ်စက်ညှင်းပမ်ခံရပါတယ်။
“ဘာအသံမှမထွက်ဖို့ သူမကိုပြောထားတယ်။ မကျေနပ်တဲ့အမူအရာပြတဲ့သူတွေ၊ မျက်နှာလွှဲပြီး မကြည့်ဘဲနေသူတွေကို အမိန့်မနာခံရကောင်းလားဆိုပြီး အပြစ်ပေးတယ်။ စိတ်ဓာတ်ကို ချိုးလိုက်တာပါ။ ဒါကိုကြည့်နေရင်းနဲ့ တုန်လှုပ်ပြီး စိတ်နဲ့ကိုယ်နဲ့ မကပ်တာကြောင့် သူမကို လူဘယ်နှစ်ယောက် အဓမ္မကျင့်လဲဆိုတာတောင် ကျွန်မ မမှတ်မိတော့ဘူး။ ညဖက်မှာလည်း ကျွန်မ အိပ်မပျော်ဘူး။ ငူငူငိုင်ငိုင်ကြီး ဖြစ်နေတယ်” လို့ ဒီအရိုင်းအစိုင်းလုပ်ရပ်မျိုးကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရဖူးသူ Sayragul Sauytbay က ပြောကြားခဲ့ပါတယ်။
အခုအချိန်မှာ Sauytbay ဟာ တရုတ်နိုင်ငံက လျှို့ဝှက်တဲ့ အသိပညာပေးစင်တာတစ်ခုက ကြမ်းကြုတ်မှုတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်းက အဲဒီ အသိပညာပေးစခန်းတွေမှာ အစ္စလာမ်ဘာသာဝင် လူမျိုးစု ၃ သန်းလောက်အထိကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
Sauytbay ဟာ စခန်းတစ်ခုမှာ ဆရာမအဖြစ် အဓမ္မ အလုပ်ခိုင်းခံရပြီး အကျဉ်းသားတစ်ယောက်အဖြစ် နေရတော့မယ်ဆိုတာကို သိလာတဲ့နောက် တရုတ်နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ Sauytbay ရဲ့ ထွက်ဆိုမှုတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အကျဉ်းစခန်းထဲက အဖြစ်အပျက်အသေးစိတ်ကို ဖော်ပြနေပါတယ်။
ရှင်ကျန်းပြည်နယ်မှာ ဧရာမအကျဉ်းစခန်းတွေဆောက်၊ လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းထားတာ၊ ဗလီတွေကို ဖျက်ဆီးဖြိုချပစ်တာ၊ ပြည်နယ်တစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်တွေ၊ မျက်နှာစကန်ဖတ်နိုင်နဲ့ စောင့်ကြည့်ကင်မရာတွေတပ်တာ၊ လုံခြုံရေးတပ်ဖွဲ့တွေချထားတာ စတဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို တရုတ်အစိုးရ လုပ်ဆောင်နေတယ်ဆိုတဲ့ စက်ဆုပ်ဖွယ်သတင်းတွေနဲ့အတူ အခု နောက်ထပ်ညှင်းပမ်းမှုသတင်းတစ်ခု ပေါ်ထွက်လာတာပါ။
တာ့က်အနွယ်ဖြစ်ပြီး လူ ဦးရေ ၁၂ သန်းလောက်ရှိတဲ့ ဝီဂါတွေကို ပစ်မှတ်ထားတဲ့ ဒီဖိနှိပ်မှုဟာ အကြမ်းဖက်ဝါဒကို ရှောင်လွှဲဖို့ဖြစ်တယ်လို့ဆိုပေမယ့် ကာဇက်၊ တာဂျစ်နဲ့ ဥဇဘက်လူမျိုးတွေလို အခြား လူနည်းစုမွတ်စလင်တွေလည်း ဒီဒဏ်ကို ခံစားနေရပါတယ်။
ရှင်ကျန်းဒေသက ရိုးရာယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့ တရုတ်အစိုးရရဲ့ ဒီလုပ်ရပ်ကို Sauytbay က ဂျူးတွေကို ရှင်းလင်းသုတ်သင်တဲ့ နာဇီတွေရဲ့လုပ်ရပ်နဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ နာဇီတွေဟာ ဂျူးတွေကို အကြီးအကျယ်ကန့်သတ်ချုပ်ခြယ်တာ၊ အဓမ္မလက်ထပ်စေတာ၊ ဆေးဘက်ဆိုင်ရာ လျှို့ဝှက် စမ်းသပ်မှု ပြုလုပ်တာ၊ မြုံအောင်လုပ်တာ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့တာပါ။
“၂၄ နာရီ စောင့်ကြည်စနစ်လို နောက်ဆုံးပေါ် နည်းပညာတွေပေါင်းစပ်ကာ အဆိုးဝါးဆုံးညှင်းပမ်းမှုတွေကို လုပ်ဆောင်နေတာကြောင့် နာဇီတွေတွေထက်တောင် ဆိုးဝါးတယ်လို့ ပြောလို့ရပါတယ်” လို့ Sauytbay က ပြောကြားခဲ့ပါတယ်။
ညှင်းပမ်းမှုတွေကို အကျဉ်းစခန်းအတွင်းက ‘မရဏအခန်း’ မှာ ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီအခန်းမှာ ဘာစောင့်ကြည့်ကင်မရာမှမရှိဘဲ လျှပ်စစ်တုတ်၊ ကျဉ်စက်၊ အဆူးတွေတပ်ဆင်ထားတဲ့ ထိုင်ခုံစတဲ့ ညှင်းပမ်းရေးကိရိယာတွေလည်း ရှိနေပါတယ်။
အသက် ၈၄ နှစ်အရွယ် အဖွားအိုတစ်ယောက် အကျဉ်းစခန်းထဲ ရောက်လာပြီး သူမကို ငိုယိုသိုင်းဖက်ကာ အကူအညီတောင်းတဲ့ အချိန်တုန်းက Sauytbay တစ်ယောက် ‘မရဏအခန်း’ ကို တစ်ခေါက် အပို့ခံရဖူးပါတယ်။
“နိုင်ငံခြားကလူတွေကို အဆက်အသွယ်လုပ်တယ်ဆိုတဲ့ သံသယနဲ့ အဲဒီအဖွားကြီးကို အကျဉ်းစခန်းထဲ ဖမ်းထည့်တာပါ။ အဲဒီအဖွားအိုဟာ တောင်ပေါ်မှာ သိုးကျောင်းနေတဲ့သူဖြစ်ပြီး မိုဘိုင်းဖုန်းတောင် မရှိပါဘူး။ ကျွန်မကို မရဏအခန်းထဲထည့်ပြီး လျှပ်စစ်တုတ်နဲ့ တစ်ကိုယ်လုံးကို ရိုက်နှက်ကာ ၂ ရက်လောက် အငတ်ထားပါတယ်။ အဖွားအိုကို ဘာပြောလိုက်သလဲဆိုတာကိုပဲ ထပ်ကာတလဲလဲ မေးပါတယ်”
တရုတ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက် တရုတ်ဖက် ပြန်လည်လွှဲပြောင်းမပေးရေး Sauytbay တစ်ယောက် ကာဇက်စတန်မှာ တရားရင်ဆိုင်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ဆွီဒင်နိုင်ငံမှာ ခိုလှုံခွင့်ရခဲ့ပြီး နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့လေးတစ်မြို့မှာ ခင်ပွန်း၊ သားသမီး ၂ ဦးနဲ့အတူ နေထိုင်နေပါတယ်။
Sauytbay ဟာ ထက်မြက်တဲ့ ကာဇက်အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိနှိပ်မှုကို မခံရခင်အချိန်အထိ စာသင်ကျောင်း ၅ ကျောင်းကို ဦးစီးနေသူပါ။ ဆိုးဝါးတဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေက သူမကို အခုအချိန်အထိ ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။
“အဆိုးဝါးဆုံးက အဲဒီလူတွေကို ကျွန်မနဲ့ စကားပြောခွင့်မပေးဘူး။ ဒါပေမယ့် မျက်လုံးတွေကနေတစ်ဆင့် သူတို့ ကျွန်မကို အကူအညီတောင်းနေကြတယ်”
သူမရဲ့ ပြောဆိုချက်တွေဟာ တော်တော်လေးကို စိတ်ထိခိုက်စရာကောင်းပါတယ်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမယ့် အကျဉ်းစခန်းကနေ လွတ်မြောက်လာသူတွေရဲ့ ပြောကြားမှုတွေနဲ့ ကိုက်ညီနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အမျိုးသမီးတစ်ယောက်က အကျဉ်းစခန်းအတွင်း အရိုက်ခံရတာ၊ ဓာတ်တို့ခံရတာ၊ မူးယစ်ဆေးတွေ အဓမ္မတိုက်ကျွေးခံရတာတွေအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကလည်း ညှင်းပမ်းခံရမှု အသေးစိတ်ကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။ အခုလအတွင်း တက်ကြွလှုပ်ရှားသူတွေဟာ ရှင်းကျန်းပြည်နယ်က ထိန်းသိမ်းရေးစခန်းတွေနဲ့ အကျဉ်းထောင် ၅၀၀ လောက်ရဲ့ မြေပုံတည်နေရာတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက အဲဒီအကျဉ်းစခန်းတွေထဲမှာ လူ ၁ သန်းကနေ ၃ သန်းလောက်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
Sauytbay တစ်ယောက် ဆိုးရွားတဲ့အတွေ့အကြုံတွေကို ပြောပြစဉ်အတွင်း မျက်ရည်မဆည်နိုင်ဖြစ်တဲ့ အချိန်မျိုးတွေလည်း ရှိနေပါတယ်။
“တစ်ခါတစ်လေကျရင် အရင်ကအချိန်တွေကို သတိရတယ်။ ဒါပေမယ့် ပြန်မရနိုင်တော့ပါဘူးလေ။ ဒီနေ့လို အဆင့်မြင့်နည်းပညာတွေ မရှိပေမယ့် ဘ၀ဟာ ပျော်စရာကောင်းခဲ့ပါတယ်”
ဖခင်ဖြစ်သူဟာ စာသင်ကျောင်းတစ်ကျောင်းကို ဦးစီးပြီး Sauytbay က သစ်ပင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အပြည့်နဲ့ ကျေးလက်ဒေသမှာ မောင်နှမ ၃ ယောက်နဲ့အတူ ကြီးပြင်းခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်တွေမှာတော့ သူတို့ရဲ့ တောင်ပေါ်ဒေသကို ဟန်တရုတ်တွေ အုံလိုက်ကျင်းလိုက် ရောက်လာပြီး မြေတွေသိမ်းတာ၊ သတ္တုတွင်းလုပ်ကိုင်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
“တစ်ဖြည်းဖြည်းသိမ်းသွားတာပါ။ ရှင်ကျန်းကို ခေတ်မီအောင်လုပ်မယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် ဒီဒေသဟာ ကျွန်မတို့မြေ၊ ကျွန်မတို့ယဉ်ကျေးမှုနဲ့ ကျွန်မတို့ လူမျိုးတွေပါ။ ဥရောပက နိုင်ငံခြားတပ်ဖွဲ့တွေ အာဖရိကမှာရှိတဲ့ နိုင်ငံတစ်ခုကို သိမ်းလိုက်သလိုပါပဲ” လို့ Sauytbay က ပြောပါတယ်။
“အစပိုင်းမှာ ဘာအမုန်းတရားမှ မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ စက်ရုံတွေဆောက်တယ်။ တောင်တွေကိုဖြိုတယ်။ မြစ်ရေစီးဆင်းတာတွေ ရပ်သွားပြီး ရေတစ်ပေါက်ရဖို့ ခြေတိုအောင်လျှောက်ရတယ်။ ဆောင်းတွင်းမှာဆိုရင် နှင်းတွေက အမဲရောင်ပြောင်းသွားတယ်”
တရားဝင်အချက်အလက်တွေအရ တရုတ်အစိုးရဟာ ရှင်ကျန်းဒေသကို လူသန်းချီ ပြောင်းရွှေ့စေပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တာကို တွေ့ရပါတယ်။ အခုအချိန် ရှင်ကျန်းက လူ ၅ ယောက်မှာ ၂ ယောက်က ဟန်တရုတ်လူမျိုး ဖြစ်နေပြီး ၁၉၄၉ ခုနှစ် အဲဒီဒေသကို တရုတ်က သိမ်းပိုက်စဉ်ကထက် ၇ ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။
တိဘက်မှာဆိုရင် သိမ်းပိုက်မှုပြီးတဲ့နောက် ဒေသရဲ့ ယဉ်ကျေးမှု၊ အနုပညာနဲ့ ဘာသာတရား ပျောက်ကွယ်သွားအောင် ကွန်မြူနစ်ပါတီက ဦးဆောင်ပြုလုပ်ပါတယ်။ စာသင်ကျောင်းမှာ အလုပ်လုပ်တာကြောင့် ကလေးတွေကို သူတို့ရဲ့ မိခင် ဘာသာစကားအစား တရုတ်ဘာသာစကားသာပြောအောင် အဓမ္မလုပ်ဆောင်တာကို Sauytbay မြင်တွေ့ခဲ့ရပါတယ်။
ကာဇက်ဘာသာစကား ပြောတာကြောင့် တစ်နေ့လုံး ပါးစပ်ကို တိပ်နဲ့ပိတ်ထားတဲ့အတွက် မူကြိုကျောင်း မသွားချင်ဘူးလို့ ၃ နှစ်အရွယ်သားဖြစ်သူက ပြောကြားတဲ့အခါမှာတော့ Sauytbay တစ်ယောက် တော်တော်လေး တုန်လှုပ်ခဲ့ပါတယ်။
“ကျွန်မသား ကျောင်းမှာ ညှင်းပမ်းခံရတဲ့အတွက် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်”
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် သမ္မတ ရှီကျင့်ဖျင်ဟာ ‘အကြမ်းဖက်ဝါဒ၊ စိမ့်ဝင်မှုနဲ့ ခွဲထွက်ရေးဝါဒ’ တွေကို ‘အညှာအတာမရှိ’ နှိပ်ကွပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ပေါက်ကြားလာတဲ့ တရုတ်အစိုးရ စာရွက်စာတမ်းတွေမှာ တွေ့ခဲ့ရပါတယ်။ ခင်ပွန်းနဲ့ ကလေးတွေ တရုတ်နိုင်ငံက ထွက်သွားပြီးတဲ့နောက် Sauytbay ဟာ အကျဉ်းစခန်းတစ်ခုမှာ စာသင်ပေးဖို့ အဓမ္မခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ သူတို့မိသားစုရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံး သိမ်းဆည်းမခံရခင် သီတင်းပတ်အနည်းငယ်အလိုမှာ ခင်ပွန်းနဲ့ ကလေးတွေ လွတ်မြောက်သွားတာ ဖြစ်ပါတယ်။
တရုတ်အစိုးရဝန်ထမ်းတွေဟာ နိုင်ငံကူးလက်မှတ် အသိမ်းခံထားရတာကြောင့် Sauytbay တစ်ယောက် လိုက်သွားနိုင်ခြင်း မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့တွေက လူတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ DNA နမူနာတွေကောက်ယူတာ၊ နေရာတိုင်းမှာ လုံခြုံရေးကင်မရာတွေကို တပ်ဆင်တာကြောင့် Sauytbay ဟာလည်း သူမရဲ့ အနာဂတ်အတွက် စိုးရိမ်လာပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ Sauytbay ဖမ်းဆီးခံခဲ့ရပြီး မိသားစု အိမ်ပြန်လာအောင်လုပ်ဖို့ အမိန့်ပေးခဲ့သလို၊ စစ်ကြောမေးမြန်းမှုကို အပြင်မပြောဖို့လည်း အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ နောက်ထပ် ၁၀ လအတွင်းမှာ ဒီလို စစ်ကြောမှုမျိုးကို အပတ်စဉ်ပြုလုပ်ပြီး ညဖက်မအိပ်ရတဲ့အနေ အခြေအနေတွေအထိ ရှိခဲ့ပါတယ်။ Sauytbay ဟာ သူမခံစားနေရတာကို မိသားစုအပါအဝင် ဘယ်သူ့ကိုမှ မပြောရဲပါဘူး။
“လမ်းတိုင်းမှာ ကင်မရာတွေ တပ်ထားတယ်။ ဘယ်သူ ဘယ်သူမှ စကားမပြောရဲပါဘူး။ အရာအားလုံးကို စောင့်ကြည့်နေပြီး သံသယဖြစ်စရာရှိရင် သတင်းပေးဖို့လည်း ပြာထားတာကြောင့် အိမ်မှာတောင် ဘာမှ မပြောရဲကြပါဘူး”
တစ်ရက်မှာတော့ လက်နက်ကိုင်ထားသူ ၄ ဦးက သူမကို ခေါင်းစွပ်စွပ်ပြီး ၄ နာရီလောက်ကားမောင်းရတဲ့ တောင်ပေါ်စခန်းတစ်ခုကို ခေါ်ဆောင်သွားပါတယ်။
“ကျွန်မတော်တော်လေး တုန်လှုပ်နေခဲ့တာ။ ဒါဟာ ကျွန်မရဲ့ နောက်ဆုံးစခန်းပဲလို့တောင် ထင်သွားတာ”
စခန်းကိုရောက်တဲ့အခါ Sauytbay ရဲ့ ပိုင်ဆိုင်တာတွေကို သိမ်းဆည်းဟာ စစ်ဝတ်စုံပုံစံ ယူနီဖောင်းတစ်စုံကို ထုတ်ပေးပါတယ်။ ကျောင်းဆရာမတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရမယ်လို့ သူ့ကိုပြောခဲ့ပြီး အကျဉ်းသားတွေနဲ့အတူ ရယ်မောတာ၊ ငိုတာ၊ စကားပြောတာတွေလုပ်ရင် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို လက်ခံကြောင်း စာရွက်တစ်ခုကိုလည်း အဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ Sauytbay ဟောခန်းတစ်ခုမှာ နေထိုင်ရပြီး အိပ်ဖို့အတွက် ပါးလွှာတဲ့ ပလက်စတစ်မွေ့ယာတစ်ခုကိုသာ ပေးထားပါတယ်။ ဒါပေမယ့် ကွန်ကရစ်အခန်းကျဉ်းလေးထဲမှာ လက်ထိပ်ခတ်ခံထားရပြီး ညာဖက်လှည့်ကာ စုပြုံတိုးဝှေ့အိပ်ရတဲ့ အကျဉ်းသားတွေထက်စာရင် ပိုကောင်းတယ်လို့ ပြောရမှာပါ။
“အမိန့်အတိုင်းပဲသွားရတာ။ ဘာ့ကြောင့် ညာဖက်လှည့်ပြီး အိပ်ရလဲဆိုတဲ့ အကြောင်းအရင်းမျိုးမရှိဘူး။ တစ်ဖက်ကိုလှည့်လိုက်တာနဲ့ မရဏအခန်းထဲ ရောက်ပြီမှတ်ပဲ”
နောက်တစ်နေ့မနက်မှာတော့ သူမဟာ အကျဉ်းသား ၆၀ ကို စာသင်ပေးရပါတယ်။ အကျဉ်းသားတွေဟာ တရုတ်နိုင်ငံကို ချီးမွမ်းတာ၊ ကွန်မြူနစ်ပါတီအပေါ် သစ္စာခံတဲ့ သီချင်းတွေ သီဆိုရတာ၊ အပြစ်ကို ဝန်ခံရတာ စတာတွေ လုပ်ဆောင်ရပါတယ်။
“အစိုးရက သံသယရှိတာတွေနဲ့ ကိုက်ညီအောင် သူတို့ ရေးပေးရတယ်။ အစိုးရက သူတို့ကို ဘာသာရေးလိုက်စားသူလို့ပြောရင် မိသားစုကို အလ္လာဟ်အကြောင်း ပြောတယ်လို့ ရေးပေးရပါတယ်”
ဘာသာရေးလိုက်နာတဲ့ မွတ်စလင်တွေကိုတောင် သောကြာနေ့မှာ ဝက်သားအတင်းစားခိုင်းပါတယ်။
“အစားအသောက်က တော်တော် ဆိုးဆိုးဝါးဝါးပဲ။ စားစရာလို့တောင် မသတ်မှတ်ချင်ဘူး။ ရေလုံပြုတ်နဲ့ ပေါင်မုန့်ပဲ။ မစားရင်လည်း မရဏအခန်းထဲမှာ နှိပ်စက်ခံရတယ်” လို့ Sauytbay က ပြောကြားခဲ့ပါတယ်။
ကျောင်းဆရာတွေနဲ့ အကျဉ်းသားတွေက အစောင့်တွေကို အလွန်အမင်းကြောက်ရပြီး အစောင့်တွေဟာ လုပ်ချင်တိုင်း လုပ်လို့ရနေတဲ့ ခွေးရူးတွေလိုပဲလို့လည်း သူမက ဆိုပါတယ်။
“ချောလှတဲ့ကောင်မလေးတွေကို သူတို့က ရွေးခေါ်သွားပြီဆိုရင် ဘာဖြစ်တော့မယ်ဆိုတာ ရှင်တို့ သိကြမှာပေါ့”
အကျဉ်းစခန်းတွေမှာ အဓမ္မဆေးထိုးတာတွေလည်း ရှိတယ်လို့ Sauytbay က ပြောပါတယ်။
“လျို့ဝှက်ပြီး လုပ်တာမျိုး မဟုတ်ပါဘူး။ တစ်ခန်းလုံးကို တစ်ခါတည်း ထိုးတာပါ”
ဆေးသင်တန်းပေးတုန်းက တွေ့ခဲ့ရတဲ့ ဆေးဝါးအကြောင်းတွေကိုလည်း သူမက ပြောပြပါတယ်။
“ဆေးနာမည်တွေကို သူနာပြုက ကျွန်မကိုပြောတယ်။ သူကတော့ AIDS နဲ့ အခြားရောဂါတွေကို ကာကွယ်တဲ့ဆေးလို့ ဆိုတယ်။ ဒါပေမယ့် မြုံဆေးဖြစ်ပြီး ကလေးမရအောင်လုပ်တာလို့ ကျွန်မထင်ပါတယ်”
တုန်လှုပ်ဖွယ်ရာ ဒီပြောကြားမှုတွေကို အတည်မပြုနိုင်ပါဘူး။ Sauytbay ကတော့ အမျိုးသမီးတွေ ဓမ္မတာထိန်အောင် လုပ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အခြားအကျဉ်းစခန်းက အမျိုးသားတစ်ဦးကလည်း ပန်းသေပန်းညှိုးဖြစ်အောင် လုပ်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးဟာ ရှင်ကျန်းပြည်နယ်က သူတို့ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာတွေမှာ လူနည်းစုလူမျိုးတွေက ကလေးတွေကို သွားထားတယ်ဆိုတဲ့ ပြောကြားမှုနဲ့ Sauytbay ရဲ့ ပြောကြားမှုတွေဟာ ကိုက်ညီနေပါတယ်။ ခင်ပွန်းသည် အကျဉ်းချခံထားရတဲ့ အမျိုးသမီးတွေကို ဟန်တရုတ်တွေနဲ့ အဓမ္မ လက်ထပ်ပေးတယ်လို့လည်း Sauytbay က ဆိုပါတယ်။
သူမနေခဲ့တဲ့ အကျဉ်းစခန်းမှာ အသက် ၁၃ နှစ်လောက်အထိ ငယ်ရွယ်တဲ့ လူပေါင်း ၂၅၀၀၀ လောက် ထိန်းသိမ်းထားတယ်လို့ သူမက ခန့်မှန်းပြောကြားခဲ့ပြီး စခန်းတည်ရှိရာနေရာ အတိအကျကို မသိဘူးလို့ ဆိုပါတယ်။ လေးလတာနေထိုင်ခဲ့ရစဉ်အတွင်း သူမကို အပြင်ထွက်ခွင့် မပေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက မြင်ခဲ့ကြားခဲ့တာတွေကို ပြန်မပြောရဆိုတဲ့ ခံဝန်နဲ့ အိမ်ပြန်လွှတ်တဲ့အချိန်မှာ သူမရဲ့ အိပ်မက်ဆိုးက အဆုံးသတ်သွားပါတယ်။ ခေါင်းကို အိတ်အမဲစွပ်ကာ သူမနေထိုင်ရာမြို့ကို ကားနဲ့ မောင်းပို့ခဲ့တာပါ။
ဒါပေမယ့် ရက်အနည်းငယ်အကြာမှာပဲ တန်ပြန်သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြန်အဖမ်းခံရပါတယ်။ မိသားစုတွေက နိုင်ငံခြားမှာ ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ၃ နှစ် ပြုပြင်ရေးလုပ်ဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့က သူမကို ပြောကြားခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို လက်ခံကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။
သူမဦးစီးတဲ့ ကျောင်းအကြောင်း အစီရင်ခံစာရေးဖို့ အိမ်ကို ပထမဆုံး ပြန်ပို့တဲ့အချိန်မှာ Sauytbay တစ်ယောက် တရုတ်နိုင်ငံကနေ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
“အကျဉ်းစခန်းတွေထဲမှာ မြင်ရကြားရတာတွေကြောင့် အသက်ရှင်လျှက် ထွက်လာနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ သေမယ်ဆိုရင်တော့ မိသားစုနဲ့တွေ့ဖို့ ကြိုးစားပြီးတော့ပဲ အသေခံလိုက်မယ် ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်”
စောင့်ကြည့်ခံနေရတယ်ဆိုတာ သိတဲ့အတွက် Sauytbay တစ်ယောက် အိမ်ပြန် ထမင်းချက်ပြီး နောက်ဖွေး ပြတင်းပေါကကနေ ထွက်ပြေးခဲ့ပါတယ်။ အသက်နဲ့ရင်းကာ တက္ကဆီ ၂ ဆင့်စီးပြီးတဲ့နောက် နယ်စပ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
“တရုတ်မှာ ‘နိုင်ငံတစ်ခု လူမျိုးတစ်မျိုး’ ဆိုတဲ့ ပေါ်လစီရှိတယ်။ အဲဒီစီမံကိန်းအောင်မြင်ရေးမှာ ဘယ်လို အတားအဆီးမျိုးကိုမဆို လက်ခံမှာ မဟုတ်ပါဘူး။ လူသားဆန်မှုဆိုတာကိုလည်း သူတို့ ဂရုမစိုက်ပါဘူး။ စီးပွားရေး အခွင့်အလမ်းကိုကျော်ပြီး ဒီစီမံကိန်း၊ ဒီအကြမ်းဖက်မှုနဲ့ ကွန်မြူနစ်ပါတီက လူထုအပေါ် ဖိနှိပ်နေတာကို ကမ္ဘာကြီးက မြင်ဖို့ လိုအပ်ပါတယ်။ တရုတ်အစိုးရမှာရှိတဲ့နေတဲ့ အာဏာရှင်ဝါဒမျိုးအတွက် လွတ်လပ်တဲ့ ကမ္ဘာကြီးက အသံထုတ်ဖို့ လိုအပ်နေပါပြီ” လို့
Sauytbay က တိုက်တွန်းပြောကြားခဲ့ပါတယ်။
Ref: Daily Mail
(Daily Mail သတင်းဌာနတွင် ဖော်ပြထားသည့် Inside China’s concentration camps holding up to three million Muslim prisoners subjected to a regime of modern surveillance and old-fashioned torture – as one survivor recounts how you can be executed for laughing ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
Comments