ဧပြီ ၁၈၊ ၂၀၂၀
M-Media
-ကမ္ဘာတစ်ဝှမ်း Covid-19 ပြန့်နှံ့နေတဲ့အချိန် အီဂျစ်နိုင်ငံမှာတော့ ကိုရိုနာအမည်နဲ့ စွန်ပလွံသီး စျေးကွက်ဝင်လာပါတယ်။
အီဂျစ်က လယ်သမားတွေဟာ နှစ်စဉ် စွန်ပလွံသီးတွေကို နာမည်ဆန်းဆန်းပေးကာ စျေးကွက်မှာ ရောင်းလေ့ရှိပြီး ပြီးခဲ့တဲ့ ၂ နှစ်တုန်းကဆိုရင် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အမည်နဲ့ စွန်ပလွံသီးက စျေးကွက်မှာ ရောင်းအားကောင်းခဲ့ပါတယ်။
ဒီနှစ်မှာတော့ စွန်ပလွံသီးတစ်မျိုးကို ကိုရိုနာလို့ အမည်ပေးကာ တစ်ကီလိုကို အီဂျစ်ပေါင် ၂၅ ပေါင် (ကန်ဒေါ်လာ ၁.၅၈) နဲ့ ရောင်းချနေပါတယ်။
“နှစ်တိုင်း စွန်ပလွံသီးတွေကို နာမည်အမျိုးမျိုး ပေးကြပါတယ်။ အီဂျစ်ရဲ့ နာမည်ကျော် ဘောလုံးသမားဟောင်း အဘူတ်ရီကာရဲ့အမည်ကို တစ်နှစ်ပေးဖူးပြီး ရောင်းအားကောင်းကာ စျေးအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်မင်းသား မိုဟာမက် ရမ်မဒန်ရဲ့ စွန်ပလွံသီးလည်း ရောင်းအားသွက်ခဲ့တယ်။ အကမယ် ဆိုဖီနာနဲ့ အဆိုတော် ရှာကီးရားတို့ရဲ့ အမည်တွေလည်း ပေးခဲ့ဖူးပါတယ်” လို့ လက်ကားလုပ်ငန်းရှင် အဟ်မဒ် အေမင်က ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုရိုနာအမည်ဟာ အီဂျစ်မှာတင်မကဘဲ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များနေကြောင်း၊ ဝယ်သူတွေဟာ စွန်ပလွံသီးအမည်ကို ကြားတဲ့အတွက် ပြုံးကြကြောင်း အေမင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Arab News
Comments