ဒီဇင်ဘာ ၁၃၊ ၂၀၂၁
M-Media
-အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ သမိုင်းဝင် အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံ့ခေါင်းဆောင်တစ်ဦး ယူအေအီးကို ပထမဆုံး လာရောက်မှုပါ။
ဘန်းနက်ဟာ ဒီကနေ့မှာ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုုင်းဖို့ အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ၊ နည်းပညာတို့အပါအဝင် စီးပွားရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာခဲ့ပါတယ်။
မနေ့က ဘန်းနက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်၊ မွတ်စလင်နိုင်ငံ ၅ နိုင်ငံ ရှိပြီး ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နဲ့ အိုမန်တို့ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ရှုတ်ချခဲ့ပါတယ်။
Ref: Aljazeera
Comments