News @ M-Media
Tag: India
  • အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုကြောင့် နှစ် ၄၀ ကျော် ကိုမားရောဂါခံစားနေရသည့် အိန္ဒိယအမျိုးသမီး ကွယ်လွန်
    အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုကြောင့် နှစ် ၄၀ ကျော် ကိုမားရောဂါခံစားနေရသည့် အိန္ဒိယအမျိုးသမီး ကွယ်လွန်
    မေ ၁၈၊ ၂၀၁၅
    M-Media
    india
    – လွန်ခဲ့သည့် နှစ် ၄၀ ကျော်က အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်း ခံခဲ့ရပြီးနောက် ကိုးမားရောဂါခံစားခဲ့ရသည့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ သူနာပြုတစ်ဦးမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
    အသက် ၆၈ နှစ်အရွယ် အာရူနာ ရှန်ဘောက်ဆိုသူဖြစ်ပြီး သူမအလုပ်လုပ်သည့် KEM ဆေးရုံတွင် ၁၉၇၃ ခုနှစ်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ကာ ထိုအဖြစ်အပျက်အတွင်း တိုက်ခိုက်မှုကြောင့် ဦးနှောက်ပျက်ဆီး၍ ကိုးမားရောဂါ ခံစားခဲ့ရခြင်းဖြစ်သည်။
    အဆိုပါ အဓမ္မပြုကျင့်မှုအတွက် မည်သူ့ကိုမျ တရားမစွဲနိုင်ခဲ့ဘဲ တိုက်ခိုက်မှုတွင် ပါဝင်သူကို ဓားပြတိုက်မှုဖြင့်သာ တရားစွဲဆိုခဲ့သည်။
    ရှန်ဘောက်အား ကုသနေသည့်ဆေးရုံမှ ၀န်ထမ်းများက ရှန်ဘောက်ကို အတင်း အစာကျွေးမှုအား ရပ်တန့်ရန် စာရေးဆရာမ ပင်ကီ ဗီရာနီက အသနားခံခဲ့သော်လည်း အိန္ဒိယတရားရုံးချုပ်က ၂၀၁၁ ခုနှစ်တွင် ပယ်ချခဲ့သည်။ ဗီရာနီမှာ ဝေဒနာခံစားနေရသော ရှန်ဘောက်အား ဆေးထိုး၍ အဆုံးစီရင်ရန်အတွက်လည်း အခြေအတင် ပြောဆိုခဲ့သည်။
    အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ကာဗီတာ ကရစ်ရှ်နန်က ရှန်ဘောက်၏ အဆိုပါအဖြစ်အပျက်က ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှု ရှိခဲ့သော်လည်း အိန္ဒိယအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ လျော့ကျ၍ မသွားဟု
    ပြောကြားခဲ့သည်။
    “ဒီအဖြစ်အပျက်က အလုပ်မှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်ပြီး တော်တော်လေး စကားပြောပါတယ်။ မုဒိမ်းကျင့်တဲ့ယဉ်ကျေးမှုက ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး ပိုလည်း ဆိုးလာပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုခံရဖို့အတွက် တော်တော်လေး အားနည်းသူတွေ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုကို ပြောင်းလဲဖို့အတွက် လုပ်စရာတွေအများကြီး ရှိနေတုန်းပါပဲ” ဟု သူက ဆိုသည်။
    ရှန်ဘောက်ကွယ်လွန်မှုအတွက် ဆိုရှယ်မီဒီယာအသုံးပြုသူများက ၀မ်းနည်းကြောင်း၊ လေးစားကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ကြသည်။
    Ref: Aljazeera
  • နှစ်နိုင်ငံ ယုံကြည်မှုတည်ဆောက်ရမည်ဟု အိန္ဒိယ၀န်ကြီးချုပ်ကို တရုတ်သမ္မတပြော
    နှစ်နိုင်ငံ ယုံကြည်မှုတည်ဆောက်ရမည်ဟု အိန္ဒိယ၀န်ကြီးချုပ်ကို တရုတ်သမ္မတပြော
    မေ ၁၅၊ ၂၀၁၅
    M-Media
    modi
    – အာရှ၏ အင်အားကြီးနိုင်ငံများဖြစ်သည့် မိမိတို့ နှစ်နိုင်ငံအနေဖြင့် မတူညီမှုများကို ထိန်းချုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ရမည်ဟု တရုတ် သမ္မတ ဇီဂျင်ပင်းက အိန္ဒိယ ၀န်ကြီးချုပ် မိုဒီအား ပြောကြားလိုက်သည်။
    မိုဒီ၏ ၃ ရက်ကြာ အလည်အပတ်ခရီးစဉ် ပထမဆုံးနေ့ဖြစ်သော ယမန်နေ့က တွေ့ဆုံဧည့်ခံမှုအတွင်း ဇီဂျင်ပင်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
    “အပြန်အလှန် ယုံကြည်မှုတိုးတက်ဖို့အတွက် ကျွန်တော်တို့ဟာ အတူအကွ လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ မတူညီမှုတွေ၊ ပြဿနာတွေက နှစ်နိုင်ငံဆက်ဆံရေးမှာ ၀င်ရောက်စွက်ဖက်တာ မရှိဖို့လည်း ထိန်းချုပ်ရပါမယ်” ဟု ဇီက မိုဒီအား ပြောကြားခဲ့ကြောင်း
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
    တရုတ်နှင့် အိန္ဒိယတို့မှာ ဆယ်စုနှစ်နှင့်ချီ၍ မယုံကြည်မှုများ ရှိခဲ့သော်လည်း စီးပွားရေးတွင်မူ တိုးမြှင့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဖြစ်သော အဆိုပါ နှစ်နိုင်ငံ အချင်းချင်း ကြုံတွေ့နေရသည့် ပြဿနာများမှာ အရေးပါပြီး နယ်စပ်ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများမှ ခါးသီးသော ရန်ဘက်ဖြစ်သည့် ပါကစ္စတန်အား တရုတ်နိုင်ငံက ထောက်ပံ့ပေးမှုအထိ ပါဝင်သည်။
    ဇီကမူ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာစေရန်နှင့် နိုင်ငံတကာရေးရာများတွင် တရားမျှတမှု လမ်းကြောင်းကို ပိုမိုမြှင့်တင်ရေး အတူတကွလုပ်ဆောင်သွားရန် မိုဒီအား တိုက်တွန်းခဲ့သည်။
    ပူးဆောင်ရွက်ရေးတွင် ရထားပို့ဆောင်ရေးကဏ္ဍ၊ စက်မှုဇုန်၊ မြို့ပြတည်ထောင်ရေး၊ အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံစလုံးတွင် နိုင်ငံလုံးဆိုင်ရာအားသစ်လောင်းမှုကို တိုးမြှင့်ရန် လေ့ကျင့်သင်ကြားပေးရေးတို့တွင် ဆောင်ရွက်ရန်ဖြစ်သည်ဟု ဇီက တိုက်တွန်းခဲ့သည်။ ထို့ပြင် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ကုမ္ပဏီများကို တိုက်တွန်းသွားမည်ဟုလည်း ဇီက ကတိပြုခဲ့သည်။
    မိုဒီမှာ သောကြာနေ့တွင် တရုတ်ဝန်ကြီးချုပ် လီကီကွီယန်နှင့် ဘေဂျင်း၌ တွေ့ဆုံမည်ဖြစ်ပြီး၊ ရှန်ဟိုင်းတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
    Ref: Channelnewsasia
  • ဘောလီးဝုဒ်မင်းသား ဆလ်မန်းခန်း ကားတိုက်မှုဖြင့် ထောင် ၅ နှစ်ကျ
    ဘောလီးဝုဒ်မင်းသား ဆလ်မန်းခန်း ကားတိုက်မှုဖြင့် ထောင် ၅ နှစ်ကျ
    မေ ၇၊ ၂၀၁၅
    M-Media
    ZA5_salman-khan
    – ဘောလီးဝုဒ် နာမည်ကြီး ရုပ်ရှင်မင်းသားဖြစ်သူ ဆလ်မန်းခန်းအား လွန်ခဲ့သည့် ၁၂ ခန့်က အမျိုးသားတစ်ဦးကို ကားဖြင့်တိုက်မိမှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် မွမ်ဘိုင်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
    ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဆလ်မန်းခန်းမှာ ၂၀၀၂ ခုနှစ်က ဘားမှအပြန် မွမ်ဘိုင်းမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ၎င်းမောင်းလာသည့်ကား အရှိန်များသွားရာမှ လမ်းပေါ်တွင် အိမ်နေသော အမျိုးသား ၅ ဦးကို တိုက်မိခဲ့သည်ဟု တရားသူကြီးများက ပြောကြားခဲ့သည်။
    ထိုတိုက်မိမှုအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြား ၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဆလ်မန်းခန်းက ကားမောင်းသူမှာ ၎င်း၏ ဒရိုင်ဘာဖြစ်သည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။ သို့သော်လည်း ဆလ်မန်းခန်း မောင်းနှင်သည်ကို တွေ့မြင်ခဲ့သော မျက်မြင်သက်သေများ ရှိနေခဲ့ပြီး တရားသူကြီးများကလည်း အခင်းဖြစ်ပွားချိန်တွင် ဆလ်မန်းခန်းမှာ အရက်မူးနေသည်ဟု ဆိုသည်။
    ၎င်းမှာ လူသတ်မှုနှင့် အခြားသော စွဲချက် ၇ ခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး အများဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်သော်လည်း တရားသူကြီးများက ၅ နှစ်သာ ချမှတ်ခဲ့သည်။ လက်ရှိအချိန်တွင် အယူခံဝင်ထားပြီး ဆလ်မန်းခန်းမှာ အာမခံဖြင့် လွတ်မြောက်နေသည်။
    ဆလ်မန်းခန်းမှာ ဘောလီးဝုဒ် ရုပ်ရှင်လောကတွင် တွမ်ခရုဇ်၊ ဘရက်ပစ်နှင့် ဂျော့ဂ်ျကူလ်နေးတို့ကဲ့သို့ အဆင့်ရှိပြီး၊ People Magazine မှ ရွေးချယ်သည့် ကမ္ဘာ့ရုပ်အဖြောင့်ဆုံး အမျိုးသားများ စာရင်းတွင်လည်း အဆင့် ၇ နေရာကို ရရှိထားသူဖြစ်သည်။ ရုပ်ရှင်ဆိုင်ရာ ကျွမ်းကျင်သူများကမူ ဆလ်မန်းခန်း ဘောလီးဝုဒ်တွင် မရှိခြင်းက အိန္ဒိယရုပ်ရှင်လောကအတွက် ကန်ဒေါ်လာ ၃၁ သန်းခန့်
    ဆုံးရှုံးနိုင်မည်ဟု ခန့်မှန်းထားသည်။
    Ref: CNN
  • မိုဒီ၏ လယ်ယာဥပဒေကို အိန္ဒိယလယ်သမားများ ဆန္ဒပြ
    မိုဒီ၏ လယ်ယာဥပဒေကို အိန္ဒိယလယ်သမားများ ဆန္ဒပြ
    ဧပြီ ၁၉၊ ၂၀၁၅
    M-Media
    india farmars
    – မြေယာဝယ်ယူခွင့် ဥပဒေများအား ပြင်ဆင်ထားသည့် သမ္မတမိုဒီ၏ ဥပေဒမူကြမ်းများကို ဆန့်ကျင်သောအားဖြင့် အတိုက်အခံခေါင်ေးဆာင် ရာဟူးလ် ဂန္ဒီဦးဆောင်သည့် လယ်သမားများမှာ ယနေ့တွင် နယူးဒေလီ၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    အဆိုပါ ဆန္ဒပြမှုကို ကွန်ဂရက်ပါတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါတီခေါင်းဆောင် ဂန္ဒီက မိုဒီမှာ ရုန်းကန်နေရသည့် လယ်သမားများ၏ ကုန်ကျမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ကျေးဇူးပြုနေသည်ဟု စွပ်စွဲခဲ့သည်။
    “လယ်သမားတွေဟာ အကူအညီမဲ့ကာ သူတို့ရဲ့ လယ်တွေကို ထိုးရောင်းလာတဲ့ အဲဒီလို ပုံစံမျိုးတွေဖြစ်ပြီး လယ်သမားတွေ အားနည်းသွားတာမျိုး မိုဒီအစိုးရက ဖြစ်စေချင်နေပါတယ်” ဟု ဂန္ဒီက ဆန္ဒပြသူများအား ပြောကြားခဲ့သည်။
    အ၀တ်ဖြူများဝင်ဆင်ကာ ကွန်ဂရက်ပါတီ၏ အလံများကိုဝှေ့ယမ်းခဲ့ကြသည့် ထောင်ပေါင်းများစွာသော လယ်သမားများမှာ မိုဒီ၏ မူကြမ်းကို ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုများ ပြုလုပ်ရန် မြို့တော်ဒေလီသို့ ရောက်ရှိလာခဲ့ကြသည်။ အဆိုပါ မူကြမ်းက စီးပွားရေးသမားများ လယ်ယာမြေများကို ၀ယ်ယူရန် ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးထားသည်။
    အဆိုပါဆန္ဒပြမှု မလုပ်ခင်လေးတွင် မိုဒီက ၎င်း၏ ထိုမူကြမ်းမှာ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကို နိမ့်ကျစေရေး အပါအ၀င် အိန္ဒိယရှိ သန်းဆယ်နှင့်ချီသော ဆင်းရဲသားများအား ကူညီရန်ဆောင်ရွက်ရန်ဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။
    နိုင်ငံ၏ စီးပွားရေးအား ပြုပြင်ပြောင်းလဲမည်ဟူသော ကတိက၀တ်ဖြင့် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရခဲ့သည့် မိုဒီက စက်ရုံများ၊ စက်မှုဇုန်များနှင့် အခြားသော ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် မြေယာဝယ်ယူမှုကို အဆင်ချောစေရေး လိုအပ်သည့် ဥပဒေဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    သို့သော်လည်း ထိုဆောင်ရွက်မှုက ကျေးလက်ဒေသရှိ တောင်သူလယ်သမားများကို ဒေါသထွက်စေပြီး ထို ဥပဒေမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို မျက်နှာသာပေးကာ မိုဒီ၏ BJP ပါတီအား ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြသော အကြွေးဖြင့် နစ်နေသည့် လယ်သမားများအတွက် ပို၍ဆိုးရွားစေသည်ဟု ရှုမြင်ကြသည်။ အိန္ဒိယရှိ လယ်သမားအမျာစုမှာ ရာသီချိန်မဟုတ်သော မိုးရွာသွန်းမှုကြောင့် ဆောင်းရာသီ သီးနှံများ ပျက်ဆီးမှုနှင့်လည်း ကြုံတွေ့ထားရသည်။
    Ref: Channelnewsasia
  • မွမ်ဘိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု တိုက်ခိုက်ခံရပြန်
    မွမ်ဘိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု တိုက်ခိုက်ခံရပြန်
    မတ် ၂၂၊ ၂၀၁၅
    M-Media
    India Shooting
    – အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ယမန်နေ့က မျက်နှာဖုံးစွပ်လူများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဟိန္ဒူအများစုရှိရာ အိန္ဒိယတွင် ခရစ်ယာန်ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ၏ နောက်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။
    လုံခြုံရေးကင်မရာအရ မျက်နှာဖုံးစွပ် အမျိုးသား ၃ ဦးမှာ စနေနေ့နံနက်အစောပိုင်းတွင် ဘုရားကျောင်းအား ခဲဖြင့်ပစ်ပေါက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
    “လူဆိုးသုံးယောက်က လမ်းဘက်ကနေပြီး ဘုရားကျောင်းရဲ့ဝင်ပေါက်ကို ခဲတွေနဲ့ပစ်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီနေရာကနေ ပြေးသွားခဲ့ကြပါတယ်။ ဆက်လက်စုံစမ်းမေးမြန်းဖို့အတွက် ဒီအမှုကို လက်ခံထားပါတယ်” ဟု မွမ်ဘိုင်းမြို့ အကြီးတန်း ရဲအရာရှိ ဆူရ်ယာဗန်ရှီက The Times of Inida သို့ ပြောကြားခဲ့သည်။ သို့သော်လည်း ဖမ်းဆီးမှုများ ပြုလုပ်ရခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
    ဟိန္ဒို အမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း အိန္ဒိယတွင် ဘာသာရေးလူနည်းစုများအား တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွက် ခရစ်ယာန်ဘာသာဝင်များနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများမှ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။
    ပြီးခဲ့သည့်သီတင်းပတ်ကလည်း နိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါလ်ပြည်နယ်ရှိ ခရစ်ယာန်သီလရှင်ကျောင်းတစ်ခုကို လူတစ်စုက ၀င်ရောက်လုယက်ခဲ့ပြီး သက်ကြီးရွယ်အို သီလရှင်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့ကြသည်။
    ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် အခြားသော ခရစ်ယာန်ခေါင်းဆောင်များကမူ ထိုတိုက်ခိုက်မှုများအတွက်ပြီးခဲ့သည့်နှစ်မေလ မိုဒီဝန်ကြီးချုပ်ဖြစ်ကတည်းက ထကြွလာခဲ့သည့် ဟိန္ဒိယအမျိုးသားရေး သဘောထားတင်းမာသူများအပေါ် ပြစ်တင်ပြောဆိုခဲ့သည်။
    အိန္ဒိယ၏ သန်းပေါင်း ၁၂၀၀ ကျော်သော လူဦးရေတွင် ဟိန္ဒိုဘာသာ ကိုးကွယ်ကြသူများမှာ ၈၀ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် အစ္စလာမ်သာသာတို့ကို ယုံကြည်ကိုးကွယ်သည့်သူများမှာလည်း ထုနှင့်ထည်နှင့် ရှိနေသည်။
    Ref: Alarabiya