News @ M-Media

Tag: Myanmar Military

  • တရုတ်စောင့်ကြည့်ကင်မရာများဖြင့် စစ်ကောင်စီက ပြည်သူများကို စောင့်ကြည့် ထိန်းချုပ်မည်

    တရုတ်စောင့်ကြည့်ကင်မရာများဖြင့် စစ်ကောင်စီက ပြည်သူများကို စောင့်ကြည့် ထိန်းချုပ်မည်

    ဇူလိုင် ၁၂၊ ၂၀၂၂
    M-Media

    -မျက်နှာပုံရိပ်တွေကို ဖမ်းယူခွဲခြားဖော်ထုတ်နိုင်မယ့် တရုတ်ထုတ် စောင့်ကြည့်ကင်မရာတွေကို မြို့ကြီးတွေမှာ စစ်ကောင်စီက တပ်ဆင်ဖို့ စီစဥ်နေတယ်လို့ သတင်းထွက်လာပါတယ်။

    ရှင်ကျန်းနဲ့ တိဘက်က လူမျိုးစုတွေကို စောင့်ကြည့်ကင်မရာတွေတပ်ပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေလုပ်တဲ့အတွက် တရုတ်ကို နိုင်ငံတကာက အကြီးအကျယ် ၀ေဖန်နေကြတာ ဖြစ်ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီကလည်း မြို့ကြီးတွေမှာ ဒီလိုကင်မရာတွေ တပ်ဆင်ဖို့ စီစဥ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။

    လက်ရှိမှာ နည်းပညာကုမ္ပဏီ ၃ ခုဖြစ်တဲ့ Huawei, Zhejiang Dahua Technology (Dahua) နဲ့ Hikvision ထံကနေ စောင့်ကြည့်ကင်မရာတွေ ၀ယ်ယူဖို့အတွက် ရန်ကုန်အခြေစိုက် ကုမ္ပဏီ ၂ ခု (Fisca Security & Communication၊ Naung Yoe Technologies Co)က တင်ဒါရထားပါတယ်။

    စစ်ကောင်စီဖက်ကလူတွေကတော့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မော်လမြိုင်အပါအ၀င် မြို့ကြီး ၅ ခုမှာ စောင့်ကြည့်ကင်မရာတွေ ပိုမိုတပ်ဆင်လာတာပါ။

    အခုအစီအစဥ်ကတော့ တိုင်းနဲ့ ပြည်နယ်မြို့တော်တိုင်းမှာ တပ်ဆင်ဖို့ ဖြစ်ပါတယ်။

    ဒီစီမံကိန်းမှာ ပါ၀င်နေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ တရုတ်နည်းပညာ ကုမ္ပဏီတွေကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မပြုပါဘူး။

    Hikvision က သူတို့ရဲ့ နည်းပညာနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်အစိုးရထံ တိုက်ရိုက်ရောင်းချတာမျိုး မရှိသလို၊ မျက်နှာစောင့်ကြည့်ခွဲခြားဖော်ထုတ်နိုင်မယ့် နည်းပညာမျိုး မြန်မာနိုင်ငံကို ရောင်းချတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

    တရုတ် ကုမ္ပဏီထုတ် ဆော့ဖ်၀ဲတွေ စျေးကြီးတာကြောင့် တင်ဒါရတဲ့ ကုမ္ပဏီတွေဟာ ပြည်တွင်းနဲ့ ဒေသတွင်းက နည်းပညာတွေ အသုံးပြုတာမျိုး ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆော့ဖ်၀ဲ ကုမ္ပဏီတွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    စစ်ကောင်စီရဲ့ အခုအစီအစဥ်သစ်ဟာ တက်ကြွလှုပ်ရှားသူတွေ၊ အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထား စောင့်ကြည့်ဖိနှိပ်မယ့် အန္တရာယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

    Ref: Reuters

  • စစ်ကောင်စီကို ဖိအားပေးရန် တရုတ်နှင့် အာဆီယံကို ကန်တိုက်တွန်း

    စစ်ကောင်စီကို ဖိအားပေးရန် တရုတ်နှင့် အာဆီယံကို ကန်တိုက်တွန်း

    ဇူလိုင် ၁၁၊ ၂၀၂၂
    M-Media

    -မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပိုပေးဖို့အတွက် တရုတ်နဲ့ အာဆီယံကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က တိုက်တွန်းလိုက်ပါတယ်။

    ဘလင်ကန်ဟာ အာရှခရီးစဥ်အဖြစ် မနေ့က ထိုင်းနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

    “အရင်ကရှိခဲ့တဲ့ လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်ရေးဟာ တရုတ်ရဲ့ တာ၀န်ဖြစ်သလို၊ တရုတ်ရဲ့အကျိုးစီးပွားလည်း ဖြစ်ပါတယ်”

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူခဲ့တဲ့ အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး တွန်းအားပေးဖို့ အာဆီယံကို ဘလင်ကန်က တိုက်တွန်းခဲ့ပါတယ်။

    “အာဆီယံမှာ သဘောတူထားတဲ့ ကိစ္စကို စစ်ကောင်စီက လိုက်နာဆောင်ရွက်ဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ပံ့ပိုးကူညီဖို့ အရေးကြီးပါတယ်။ ဒါမျိုး မတွေ့ရပါဘူး”

    စစ်ကောင်စီက အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး ဆောင်ရွက်ဖို့ အာဆီယံမှာ တာ၀န်ရှိတယ်လို့လည်း ဘလင်ကန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “စစ်ကောင်စီဖက်က အပြုသဘောဆောင်တဲ့ ဘာလှုပ်ရှားမှုမှ မတွေ့ရပါဘူး”

    ထိုင်းနိုင်ငံဟာ အာရှမှာ အမေရိကန်ရဲ့ သက်တမ်းအရှည်ကြာဆုံး မဟာမိတ်နိုင်ငံဖြစ်ပြီး အခုခရီးစဥ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမယ့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    Ref: Reuters

  • အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးကို စစ်ကောင်စီက တက်ခွင့်မရ

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးကို စစ်ကောင်စီက တက်ခွင့်မရ

    ဇူလိုင် ၈၊ ၂၀၂၂
    M-Media

    -ဇူလိုင်လအကုန်မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီးကို တက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အာဆီယံက ထုတ်ပြန်ပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံ သဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်တဲ့အတွက် ထိပ်သီးအစည်းအ၀ေးတွေမှာ အာဆီယံက စစ်ကောင်စီကို ၀ိုင်းကျဥ်ထားတာ ဖြစ်ပါတယ်။

    အခုနှစ် အာဆီယံဥက္ကဌ ကမ္ဘောဒီယား၀န်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီကို အစည်းအ၀ေးတွေမှာ ဖိတ်ဖို့ ကြိုးစားပေမယ့် ကျန်တဲ့ အာဆီယံနိုင်ငံတွေက လက်မခံပါဘူး။

    ဇူလိုင် ၃၀ ရက်နေ့ကနေ သြဂုတ် ၆ ရက်နေ့အထိ ကျင်းပမယ့် ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးမှာလည်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင် တက်ရောက်ခွင့်ရမှာ မဟုတ်ပါဘူး။

    ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ဆိုခွန်က ဦး၀ဏ္ဏမောင်လွင်ကို ပေးပို့တဲ့စာမှာ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်တာမျိုး မရှိဘူးဆိုရင် အဖွဲ့၀င်နိုင်ငံအားလုံးရဲ့ သဘောဆန္ဒအတိုင်း အစည်းအ၀ေးကို တက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

    နိုင်ငံရေးဖက်ကမဟုတ်တဲ့ စစ်ကောင်စီကိုယ်စားလှယ်တစ်ဦးကိုတော့ အာဆီယံက တက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • အတိုက်အခံများနှင့် ဆွေးနွေးရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း

    အတိုက်အခံများနှင့် ဆွေးနွေးရန် စစ်ကောင်စီကို တရုတ် တိုက်တွန်း

    ဇူလိုင် ၄၊ ၂၀၂၂
    M-Media

    -အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အတိုက်အခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် စစ်ကောင်စီကို တရုတ်က တိုက်တွန်းလိုက်ပါတယ်။

    တရုတ်ဟာ မြန်မာစစ်အာဏာရှင်တွေကို ခေတ်အဆက်ဆက် ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့က နိုင်ငံခြားရေး၀န်ကြီးတွေ ပါ၀င်တဲ့ အစည်းအ၀ေးကို တက်ရောက်ဖို့အတွက် ၀မ်ယီဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ အဆင်မြင့်အကြီးအကဲတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာမှုပါ။

    ၀မ်ယီက မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူတွေအားလုံး လက်တွေ့ကျတဲ့ ဆွေးနွေးအကြံပြုမှုတွေကို နားထောင်ဖို့နဲ့ နိုင်ငံရေးဆိုင်ရာ ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းလုပ်ကိုင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်အေးချမ်းတာကို တရုတ်က လိုလားတယ်လို့လည်း စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံစဥ်မှာ ၀မ်ယီက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပြီး၊ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကလည်း နိုင်ငံရေးမှာ ဒီလိုအနေအထားမျိုး မဖြစ်နိုင်စရာ မရှိဘူးလို့ ၀န်ခံထားပါတယ်။

    Ref: The Guardian

  • စစ်ကောင်စီ တိုက်လေယာဥ် ကျူးကျော်မှု ထိုင်းဘာပြောသလဲ

    စစ်ကောင်စီ တိုက်လေယာဥ် ကျူးကျော်မှု ထိုင်းဘာပြောသလဲ

    ဇူလိုင် ၁၊ ၂၀၂၂
    M-Media

    -မနေ့က စစ်ကောင်စီတိုက်လေယာဥ် လေပိုင်နက် ကျူးကျော်၀င်ရောက်လာမှုအတွက် စစ်သံမှူးကနေတစ်ဆင့် သတိထောက်လွှာ ပေးအပ်သွားမယ်လို့ ထိုင်းဖက်က ထုတ်ပြန်ပါတယ်။

    မြ၀တီမြို့နယ် ၀ေါလေဒသက စစ်ကောင်စီရဲ့ ဥကရစ်ထ အထိုင်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်တဲ့တပ်တွေက တိုက်ခိုက်ရာမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

    စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာမျိုး ရှိခဲ့ပြီး မနေ့ကတော့ တိုက်လေယာဥ်တစ်စင်း တက်ပြည်နယ် ဖော့ဖရာခရိုင်ထဲ ရောက်သွားပါတယ်။

    ထိုင်းလေတပ်ရဲ့ ထုတ်ပြန်မှုမှာ မြန်မာဘက်က MiG-29 တိုက်လေယာဥ်ဟာ ထိုင်းလေပိုင်နက်ထဲ ၅ ကီလိုမီတာလောက် ကျူးကျော်၀င်ရောက်လာတဲ့အတွက် F16 တိုက်လေယာဥ် ၂ စီး အရေးပေါ် ပျံတက် စောင့်ကြည့်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ဒီကိစ္စအတွက် မြန်မာဖက်ကို သတိထောက်လွှာပေးအပ်ဖို့ စစ်သံမှူးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီလေယာဥ် ကျူးကျော်၀င်ရောက်လာတာကို နယ်စပ်က ထိုင်းပြည်သူတွေလည်း တွေ့ခဲ့ရပြီး စာသင်ကျောင်းက ကလေးတွေနဲ့ အခြားပြည်သူတွေဟာ ဘေးလွတ်ရာမှာ ပုန်းရှောင်ခဲ့ရပါတယ်။

    Ref: Bangkok Post