ဒီဇင်ဘာ ၁၂၊ ၂၀၂၆
M-Media
ကမ္ဘာတစ်၀ှမ်းက လက်နက်ကိုင်ပဋိပက္ခတွေမှာ ဆန့်ကျင်ဘက်အဖွဲ့နဲ့ သက်ဆိုက်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။ တိုက်ခိုက်မှုတစ်ချို့ဟာ ဆေးရုံတွေ၊ ဆေးပေးခန်းတွေကို ပစ်မှတ်ထားတာပါ။ ကျန်းမာရေးဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇ၀တ်မှုမြောက်ပြီး ကမ္ဘာ့အဆိုးရွားဆုံး စစ်ရာဇ၀တ်မှု ၄ ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ဂါဇာ၊ ပါလက်စတိုင်း

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က ဂါဇာကမ်းမြှောင် ဂါဇာစီးတီးမြို့မှာ ရှိတဲ့ Al-Ahli Arab ဆေးရုံကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံက လူနာတွေ၊ ဆေး၀န်ထမ်းတွေအပြင် ဆေးရုံ၀န်းထဲ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ ၄၇၁ ဦး သေဆုံးခဲ့ပြီး ၃၄၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အစ္စရေးက ဒီတိုက်ခိုက်မှုဟာ ဟားမက်စ်က ပြုလုပ်တာလို့ စွပ်စွဲခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လေ့လာသုတေသနပြုနေတဲ့ နိုင်ငံတကာအဖွဲ့အစည်း Forensic Architecture က ဒုံးကျည်လမ်းကြောင်းတွေကို လေ့လာဆန်းစစ်မှုအရ ဆေးရုံကို ထိမှန်တဲ့ ဒုံးကျည်တွေဟာ ဂါဇာကမ်းမြှောင် အပြင်က အစ္စရေးဒုံးပစ်စင်တွေရှိရာ နေရာကနေ လာတာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။
၂။ အလ်-ဖရှာ၊ ဆူဒန်

ဆူဒန်အစိုးရ တပ်တွေနဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ RSF ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း အလ်-ဖရှာမြို့က ဆေးရုံကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း လူနာတွေ၊ ဆေးရုံ၀န်ထမ်းတွေအပါအ၀င် နည်းဆုံး လူပေါင်း ၄၆၀ လောက် သတ်ဖြတ်ခံခဲ့ရပါတယ်။ RSF အဖွဲ့က ဆေရုံဟာ ဆူဒန်စစ်တပ်က စစ်သားတွေ ဆေးကုရာနေရာဖြစ်တယ်လို့ အစပိုင်းမှာ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဦးဆောင်ခဲ့သူ တပ်မှုးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
၃။ ကွန်ဒွဇ်၊ အာဖဂန်နစ္စတန်

၂၀၁၅ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတ်နမြောက်ပိုင်း ကွန်ဒွဇ်မြို့က စိတ်ကျန်းမာရေးဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဒီဆေးရုံဟာ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့ MSF က စီမံနေတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် MSF အဖွဲ့၀င်တွေအပါအ၀င် ၄၂ ဦးသေဆုံးကာ ၃၀ ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်စစ်တပ်က ဒီတိုက်ခိုက်မှုအတွက် ၃ ကြိမ် ထုတ်ပြန်ပါတယ်။ ပထမတစ်ကြိမ်မှာ တိုက်ခိုက်ခံနေရတဲ့ မြေပြင်အမေရိကန်အဖွဲ့၀င်တွေကို ကာပစ်ပေးတာလို့ဆိုပြီး၊ ဒုတိယတစ်ကြိမ်မှာတော့ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အာဖဂန်နစ္စတန်အစိုးရက စစ်ကူတောင်းလို့ ပစ်ပေးတာလို့ ဆိုပါတယ်။ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပထမနှစ်ခုစလုံးကို ပယ်ချခဲ့ပြီး တိုက်ခိုက်မှုကို အမေရိကန်စစ်တပ် တစ်ဖွဲ့တည်းကသာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မှားယွင်းတိုက်ခိုက်မှုလို့ သုံးနှုန်းခဲ့ပါတယ်။
၄။ မြောက်ဦး၊ ရခိုင်ပြည်နယ်

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကို မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုတဲ့သူတွေ၊ စေတနာ့၀န်ထမ်းတွေအပါအ၀င် စုစုပေါင်း သေဆုံးသူ ၃၄ ဦးရှိခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြည်တွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မထုတ်ပြန်ပါဘူး။ ရခိုင်လွတ်မြောက်ရေးအဖွဲ့ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က ဒေသတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။