ဇန်နဝါရီ ၁၂၊ ၂၀၁၄
M-Media
တရုတ်နိုင်ငံအနောက် တောင်ဘက် ဒီကွင်ပြည်နယ် ရှန်ဂရီလာကောင်တီရှိ ရှေးဟောင်း သမိုင်းဝင် တီဘက်မြို့ဟောင်း တစ်ခုမှာ ယမန်နေ့က မီးလောင်ခဲ့မှုကြောင့် လုံးဝ ပျက်ဆီးသွား ခဲ့သည်ဟု သိရသည်။
အဆိုပါမြို့ဟောင်းရှိ ဒူကီဇွန် ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းမြို့၏ ကျဉ်းမြောင်းသော လမ်းများကြောင့် မီးသတ်ကားများမှာ ၀င်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ၊ မီးလောင်မှုမျာ ၁၀ နာရီ နီးပါးကြာမြင့်ခဲ့သည်။
နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါမြို့တွင် ရှေးဟောင်း အဆောက်အဦးများနှင့် တိဘက်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများဖြင့် ထုံမွှမ်ထားသော လှပသည့် မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ အလွန်စိတ်ဝင်စားသော မြို့လည်းဖြစ်သည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို သိရှိရခြင်း မရှိသေးဘဲ မည်သည့် အကြောင်းကြောင့် မီးလောင်ခဲ့သည်ကိုလည်း စုံစမ်း စစ်ဆေးနေကြောင်း၊ ထိုမြို့ အတွင်းရှိ တည်းခိုခန်း တစ်ခုမှ မတော်တဆ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
Ref: aljazeera

Leave a Reply
You must be logged in to post a comment.