မေ ၃၀ ၊ ၂၀၁၄
M-Media
ကိုင်ရို။ ။ Forbes ဖို့ဘ်စ် မဂ္ဂဇင်းမှ နှစ်စဉ် တင်ဆက်နေသော ကမ္ဘာ့သြဇာ အကြီးမားဆုံး စွမ်းဆောင်ရှင် အမျိုးသမီးစာရင်း၌ မွတ်စ်လင်မ် အမျိုးသမီး ငါးဦး ပါဝင်ခဲ့ရာ ၂၀၁၄ စာအုပ် ထွက်လာပြီးနောက် မေလ ၂၈ ရက် ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်ကြေငြာခဲ့သည်။
ကုဋေကြွယ်များ၊ လုပ်ငန်းရှင်များ၊ ကျော်ကြားသူများ၊ ငွေကြေး စီမံခန့်ခွဲမှု၊ မီဒီယာ၊ ထောက်ပံ့ ဒါနပြုခြင်းနှင့် အဲန်ဂျီအိုများ၊ နိုင်ငံရေးနှင့် နည်းပညာ စသည့် အခန်းကဏ္ဍ (၀ါ) ဦးတည်စွမ်းဆောင်ချက် အမျိုးအစား ၈ ခုမှ ကမ္ဘာတစ်ဝှမ်း စွမ်းဆောင်ရှင် အမျိုးသမီးပေါင်း ၂၅၀ အနက် ၁၀၀ ဦးကို ဆန်ကာတင် ရွေးချယ်ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိုက်ခ် ဟာစီနာ ၀ါဂျစ်သည် အဆင့် ၄၇ ၀င်ခဲ့ပြီး ယင်းမွတ်စ်လင်မ်အမျိုးသမီးငါးဦးတွင် အဆင့်အမြင့်ဆုံးဖြစ်သည်။
သူမ၏နောက်တွင် ယူအေအီးနိုင်ငံ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ရှိုက်ခါ လုဗ်နာ အလ်ကာစီမီ ဖြစ်ပြီး အမှတ်စဉ် ၅၅ တွင် တွေ့ရသည်။
စီးပွားလောကမှ ဆော်ဒီအာရေဗျရှိ အူလာယန် ငွေကြေးစီမံခန့်ခွဲမှု ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် လုဗ်နာ အက်စ် အူလာယန်သည် ကမ္ဘာ့အကြီးမားဆုံး စွမ်းဆောင်ရှင် အမျိုးသမီးများစာရင်း၌ အဆင့် ၈၆ ၀င်ခဲ့သည်။
စတုတ္ထမြောက် မွတ်စ်လင်မ်အမျိုးသမီးမှာ ကာတာပြတိုက်များရေးရာဥက္ကဌ ဖြစ်သူ ကာတာတော်ဝင်မိသားစု၏သမီးပျို ရှိုက်ခါ မယတ်စာ အလ်ဆာနီ ဖြစ်၍ အဆင့်မှာ ၉၁ ၀င်ရောက်သည်။
ပဉ္စမမြောက် မွတ်စ်လင်မ် အမျိုးသမီးအဖြစ် အဆင့် ၉၄ တွင် ဖာသွိမဟ် အလ်ဂျဗီးရ် ကို မြင်ကြရမည်ဖြစ်၏။ သူမသည် ယူအေအီးနိုင်ငံ၊ အဘူဒါဘီရှိ အလ်ဂျဗီးရ် ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်အုပ်စု၏ စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သည်။
ထိပ်ဆုံးအဆင့်၌ လေးနှစ်ဆက်တိုက် သတ်မှတ်ဖော်ပြခံရသူမှာ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာကဲလ် ဖြစ်သည်။
Federal Reserve ၏ ပထမဆုံး အမျိုးသမီး ဥက္ကဌအဖြစ် ရှေ့တန်းသို့ရဲရဲဝံ့ဝံ့ထွက်လာသူ ဂျက်နက် ယဲလင်အား ဒုတိယအဆင့်တွင် တွေ့ရှိကြရသည်။
ဤနှစ်၏စာရင်း၌ တိုင်းပြည်ခေါင်းဆောင် ၉ ဦး၊ စီအီးအို ၂၈ ဦး၊ စွန့်ဦးလုပ်ငန်းရှင် ၁၈ ဦး၊ ကုဋေကြွယ် ၁၃ ဦး၊ ကျော်ကြားသူစာရင်းဝင် ၉ ဦး ပါဝင်သည်ဟု စီးပွားရေးလုပ်ငန်းမဂ္ဂဇင်းမှ ကောက်နှုတ်ဖော်ပြထားသည်။
ဖို့ဘ်စ်မဂ္ဂဇင်း၏အဆိုအရ ထိုဦးဆောင်သူအမျိုးသမီးများထံတွင် ဆိုရှယ်မီဒီယာ followers နှင့် fans ၈၁၂ သန်းထက်မက ရှိနေကြောင်း သိရသည်။
အစ္စလာမ်သာသနာက အမျိုးသားများ၏၀တ္တရား နှင့် အမျိုးသမီးတို့၏အခွင့်အရေးများအကြား ချိန်ခွင်လျှာထိန်းညှိစေသော စည်းမျဉ်းများကို ချမှတ်ထားသည်။ အမျိုးသမီးကို အမျိုးသား၏ ပြည့်ဝသောသာ တူညီမျှဖြစ်သော လက်တွဲဖော် အဖြစ် အစ္စလာမ်က အသိအမှတ်ပြုထားသည်။
ဤသည်အားဖြင့် အမျိုးသမီးသည် ကဏ္ဍတိုင်းတွင် တန်းတူ ခံစားခွင့်ရှိသလို တန်းတူတာဝန် ထမ်းဆောင်နိုင်ပေသည်။ စွမ်းရည်နှင့် လူသားဆန်မှုများတွင်လည်း အမျိုးသားများကဲ့သို့ပင် များမြောင်စွာ ရှိနေပါသည်။
Ref: OnIslam
Leave a Reply
You must be logged in to post a comment.