ဇွန် ၇၊ ၂၀၁၅
M-Media
– မိမိတို့နိုင်ငံမှာ အနောက်နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်အတွက်လည်း ယုံကြည်မှုရှိနေဆဲဟု ဆိုသည်။
“ကျွန်တော်ပြောချင်ပါတယ်။ ရုရှားကို ကြောက်စရာမလိုပါဘူး” ဟု အီတလီသတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ပူတင်က ပြောကြားလိုက်ပြီး ရုရှားနှင့် နေတိုးအဖွဲ့ဝင် နိုင်ငံများအကြား ပဋိပက္ခဖြစ်နေသည်ဆိုသည့် သတင်းများကိုလည်း ငြင်းဆိုခဲ့သည်။
“ကမ္ဘာကြီးက တော်တော်လေးပြောင်းလဲ သွားပါပြီ။ စိတ်သဘောထားဖြောင့်မတ်တဲ့သူတွေကတော့ ဒီနေ့မှာ ဒီလို ထုနဲ့ထည်နဲ့ စစ်ရေးပဋိပက္ခကို စဉ်းစားကြမှာ မဟုတ်ပါဘူး” ဟု ပူတင်က ပြောကြားခဲ့သည်။
ပူတင်၏ အဆိုပါမှတ်ချက်များမှာ ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံက ရုရှားစစ်တပ်အား တားဆီးရန် ၎င်းတို့၏ နယ်မြေအတွင်း နေတိုးတပ်ဖွဲ့ဝင်များ အမြဲတမ်းချထားရေးအတွက် တောင်းဆိုရန် ပြင်ဆင်နေစဉ် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ နေတိုးအဖွဲ့က ရုရှားမှာ ယူကရိန်းရှိ သူပုန်များကို ထောက်ပံ့ပေးနေသည်ဟု ပြောဆိုထားပြီး ရုရှားကမူ ငြင်းဆိုဆဲဖြစ်သည်။
“ရုရှားက နေတိုးကို ရုတ်တရက် တိုက်ခိုက်လိမ့်မယ်ဆိုတာ နေမကောင်းတဲ့လူတစ်ယောက် သူ့ရဲ့ အိပ်မက်ထဲမှာသာ စဉ်းစားနိုင်တာမျိုးပါ” ဟု ပူတင်က အဆိုပါအင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပူတင်မှာ လာမည့်သီတင်းပတ်တွင် အီတလီနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ရှိနေပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်မှု၊ ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားသော ပဋိပက္ခများနှင့် ပတ်သက်၍ ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ တင်းမာနေပြီး၊ အမေရိကန်နှင့် ဥရောပနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ထားသလို ရုရှားကလည်း ဥရောပနိုင်ငံများမှ အကြီးတန်းအရာရှိတစ်ချို့ကို အမည်ပျက်စာရင်းထဲ ထည့်သွင်းထားသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.