News @ M-Media

အာဖဂန်ဆေးရုံကို အမေရိကန်က ဗုံးကြဲမှုအတွက် အိုဘားမား ပြန်လည်တောင်းပန်

အောက်တိုဘာ ၈၊ ၂၀၁၅
M-Media

obama

– အာဖဂန်နစ္စတန်မြောက်ပိုင်း ကန်ဒက်ဇ်မြို့ရှိ ဆေးရုံအား အမေရိကန်စစ်တပ်က ဗုံးကြဲခဲ့မှုအတွက် သမ္မတအိုဘားမားမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF နှင့် အာဖဂန်သမ္မတတို့ကို ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

အဆိုပါ ဆေးရုံမှာ MSF အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် ဆေးရုံဖြစ်ပြီး အိုဘားမားမှာ ယမန်နေ့က MSF ဥက္ကဌ ဂျိုအန်နီလွီနှင့် အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂါနီတို့အား ဖုန်းခေါ်ကာ တိုက်ခိုက်မှုတွင် အသက်များ ဆုံးရှုံးခဲ့ရမှုအတွက် ကြေကွဲဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း MSF မှ ဆရာဝန်များ၊ ၀န်ထမ်းများနှင့် လူနာများအပါအ၀င် လူပေါင်း ၂၂ ဦးသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန် အားန်နက်စ်ကမူ အိုဘားမားမှာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ၀န်ထမ်းများကို ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး၊ ထိုအဖြစ်အပျက်အတွက် ပြည့်စုံ၍ ဓမ္မဓိဌာန်ကျသည့် စီရင်မှုကို ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ထိုကဲ့သို့ နောက်ထပ်မဖြစ်ပွားရန် လိုအပ်ပါက မိမိတို့မှာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ အာဖဂန်အစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အိုဘားမားက ကတိပေးခဲ့ကြောင်း အိမ်ဖြူတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ကန်ဒက်ဇ်မြို့အား သိမ်းပိုက်ထားသော တာလီဘန်တို့ကို ပြန်လည်တိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့ပြီး စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ရသည့် ဆေးရုံ ဗုံးကြဲခံရမှုကို စုံစမ်းရန်အတွက် လွတ်လပ်သည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းပေးရန် MSF က တောင်းဆိုခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply