News @ M-Media

Tesla နှင့် Space X ပိုင်ရှင် အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးရန် တရုတ်ကမ်းလှမ်း

ဇန်န၀ါရီ ၁၁၊ ၂၀၁၉
M-Media

တရုတ်သမ္မတ လီကီကျန်းနှင့်တွေ့ရသည့် အေလွန်မက်စ်

– အမေရိကန်က ထိပ်တန်း နည်းပညာ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ဖြစ်တဲ့ အေလွန်မက်စ်ကို အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ တရုတ်က ကမ်းလှမ်းလိုက်ပါတယ်။

အေလွန်မက်စ်ဟာ သူ့ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားစက်ရုံ ဖွင့်ပွဲအခမ်းအနားအတွက် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး ဗုဒ္ဓဟူးနေ့က တရုတ်ဝန်ကြီးချုပ် လီကီကျန်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

“Tesla က ရှန်ဟိုင်းမှာ စက်ရုံတည်ဆောက်မှုဟာ ကမ္ဘာကြီးအတွက် နမူနာတစ်ခုဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကိုချစ်တယ်။ မကြာခဏ လာလည်ဖို့လည်း စိတ်ကူးရှိပါတယ်” လို့ အေလွန်မက်စ်က ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လျှပ်စစ်ကားဈေးကွက် တည်ရှိရာနိုင်ငံလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် လီကီကျန်းက အေလွန်မက်စ်အနေနဲ့ တကယ်သာနေဖို့ဆန္ဒရှိရင် အမြဲတမ်းနေထိုင်ခွင့် (Green Card) ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ Texsla ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ နိုင်ငံခြားသားတွေ Green Card ရဖို့ဟာ အခက်အခဲဆုံးဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြားသား ထိပ်တန်းပညာရှင်တွေကိုသာ ပေးတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အထိ လူ တစ်သောင်းလောက်ကိုသာ တရုတ်က Green Card ပေးထားပြီး အဲဒီအထဲမှာ ၂၀၁၆ ခုနှစ် ဓာတုဗေဒနိုဘယ်ဆု ရရှိခဲ့တဲ့ တရုတ်သိပ္ပံပညာရှင် ဘားနတ် ဖီရင်ဂါ၊ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ရောဘတ် မွန်ဒဲလ်၊ NBA ကစားသမားဟောင်း မာဘူရီတို့ ပါဝင်ပါတယ်။

တရုတ်နိုင်ငံမှာတည်ဆောက်မယ့် Tesla ရဲ့ စက်ရုံသစ်ဟာ တစ်နှစ်ကို လျှပ်စစ်ကားပေါင်း ၅ သိန်းလောက် ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အေလွန်မက်စ်ဟာ အမေရိန်ကန်က ထိပ်တန်း အာကာသလုပ်ငန်း Space X ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

Ref: CNA